“နှုတ်ကပါဌ်တော်ကို အရေးတကြီးဟောပြောလော့”
၁ “အရေးတကြီး” ဟူ၍မှတ်သားထားသည့်အရာတစ်ခု သင်ရရှိမည်ဆိုလျှင် ယင်းကို သင်မည်သို့ရှုမြင်မည်နည်း။ “အရေးတကြီး” ဟူသောစကားလုံးသည် “ချက်ချင်းအရေးယူလုပ်ဆောင်ရန်လိုခြင်း” ဟူ၍အဓိပ္ပာယ်ရသည်။ ခိုင်လုံသောအကြောင်းရှိ၍ တမန်တော်ပေါလုက “နှုတ်ကပါဌ်တော်ကို အရေးတကြီးဟော” ရန် ခရစ်ယာန်များကို သွန်သင်ခဲ့သည်။ (၂ တိ. ၄:၂၊ ကဘ) ယင်းလုပ်ငန်းကို ချက်ချင်းအရေးယူလုပ်ဆောင်ခြင်းဖြင့် သင်တုံ့ပြန်ပါသလော။
၂ မိမိ၏ညီအစ်ကိုအချို့သည် ခရစ်ယာန်များအနေနှင့် ‘အလုပ်တွင် ဖင့်နွှဲဆိုင်းတွ’ သည့်သဘောကိုပြနေကြကြောင်း ပေါလုသတင်းရခဲ့ပေမည်။ (ရော. ၁၂:၁၁၊ ကဘ) ယင်းက သူတို့ကြိုးစားလုပ်ဆောင်မှု၏အကျိုးများကိုသာမက အခြားသူများကိုကူညီခြင်းမှ တစ်နည်းနည်းဖြင့်ရရှိနိုင်သည့် ရွှင်လန်းမှုကိုပါ လျော့နည်းစေသည်။
၃ ဓမ္မအမှုအပေါ် ယေရှု၏ရှုမြင်ပုံ– ယေရှုသည် ဓမ္မအမှုကိုထမ်းဆောင်ရာတွင် အလွန်နှစ်ခြိုက်ပျော်မွေ့ခဲ့သည်တကား! ကိုယ်တော်က ဤသို့ဆိုသည်– “ငါ့ကိုစေလွှတ်တော်မူသောသူ၏အလိုတော်ကိုဆောင်ခြင်း၊ သူ၏အမှုတော်ကိုပြီးစီးခြင်းအမှုသည် ငါ့စားစရာဖြစ်၏။” ယေရှု၏ပုံသက်သေက “စပါးရိတ်ခြင်းအလိုငှာ လယ်ပြင်တို့သည် ယခုပင်ဝင်းဝင်းရှိသည်” ဟုပြောခြင်းဖြင့် ကိုယ်တော်အားပေးခဲ့သည့် တပည့်တော်များကို လှုံ့ဆော်မှုဖြစ်စေသည်။ (ယော. ၄:၃၄၊ ၃၅) ဓမ္မအမှုထမ်းဆောင်ရာတစ်လျှောက်လုံးတွင် ကိုယ်တော်ပြသခဲ့သည့် အရေးတကြီးသဘောထားသည် “လုပ်ဆောင်သောသူတို့ကို စပါးရိတ်စေခြင်းငှာ စေလွှတ်တော်မူမည်အကြောင်း၊ စပါးရှင်ကိုဆုတောင်းကြလော့” ဟူ၍တပည့်တော်များကို မိန့်ကြားသည့်အခါတွင်ထင်ရှားသည်။ (မ. ၉:၃၈) မိမိ၏တာဝန်သည် ဟောပြောရန်ဖြစ်ကြောင်း ယေရှုသဘောပေါက်ကာ ထိုသို့လုပ်ဆောင်ခြင်းကို ဘာကမျှမဆီးတားဖို့ ကိုယ်တော်သန္နိဋ္ဌာန်ချခဲ့သည်။
၄ ကျွန်ုပ်တို့ကောမည်သို့နည်း– ယနေ့ ဟောပြောခြင်းလုပ်ငန်းကို ဆက်လက်လုပ်ဆောင်ရန် ယခင်ကထက် သာ၍အရေးကြီးနေသည်။ ကမ္ဘာ့ဒေသများစွာတွင် လယ်ကွင်းများသည် ရိတ်သိမ်းရန် ဝင်းမှည့်နေသည်။ နှံ့စပ်စွာသက်သေခံပြီးပုံပေါက်သည့်နိုင်ငံများတွင်ပင် နှစ်စဉ် ထောင်နှင့်ချီသောသူများ နှစ်ခြင်းခံနေကြသည်။ ဤအစီအစဉ်စနစ်၏အဆုံးသည် အလျင်အမြန်ချဉ်းကပ်လာနေရာ “သခင်အရှင်၏လုပ်ငန်း၌ လုပ်စရာများစွာရှိ” နေသည်။ (၁ ကော. ၁၅:၅၈၊ ကဘ) ကျွန်ုပ်တို့သည် အခြားသူများအား နိုင်ငံတော်သတင်းဝေမျှခြင်းတွင် အားတက်သရောကြိုးစားလုပ်ဆောင်ကြရန် အခြားမည်သည့်အချိန်ကထက်မဆို ပို၍အရေးကြီးနေသည်။
၅ တစ်အိမ်မှတစ်အိမ်၌သာမက ရပ်ကွက်တွင် လူတို့ကိုတွေ့နိုင်သည့် မည်သည့်နေရာ၌မဆို အခြားသူတို့ထံ သတင်းကောင်းရောက်ရှိရေးတွင် အာရုံနစ်မြုပ်ထားကြစို့။ ကျွန်ုပ်တို့သည် ဟောပြောခြင်းလုပ်ငန်းတွင် အတတ်နိုင်ဆုံး အပြည့်အဝပါဝင်ခြင်းဖြင့် ကျွန်ုပ်တို့၏အသက်တာတွင် နိုင်ငံတော်ကိုရှေးဦးထားကြောင်း ရှင်းလင်းစွာတင်ပြကြသည်။ (မ. ၆:၃၃) နှုတ်ကပါဌ်တော်ကို အရေးတကြီးဟောပြောရာတွင် ကျွန်ုပ်တို့၏သစ္စာရှိမှုက များစွာသောရွှင်လန်းမှုကိုခံစားရစေပါလိမ့်မည်။