ခိုင်မာသောခံယူချက်ဖြင့် သတင်းကောင်းဟောပြောခြင်း
၁ ပထမရာစုနှစ်အစောပိုင်းတွင် ယေရှုခရစ်သည် တပည့်တော်များကို နိုင်ငံတော်သတင်းကောင်းဟောပြောရန်နှင့် ‘လူမျိုးတကာမှလူတို့ကိုတပည့်ဖြစ်စေ’ ရန်တာဝန်အပ်နှင်းခဲ့သည်။ (မ. ၂၄:၁၄; ၂၈:၁၉၊ ၂၀) ယေဟောဝါသက်သေများသည် ကိုယ်တော့်ညွှန်ကြားချက်ကို အလေးအနက်ထားခဲ့ကြရာ ၂၀ ရာစုအကုန်တွင် ကျွန်ုပ်တို့၏ခရစ်ယာန်ညီအစ်ကိုအသင်းအပင်းသည် ၂၃၄ နိုင်ငံတွင် တပည့် ၅,၉၀၀,၀၀၀ ထက်မကတိုးတက်လာသည်။ ကျွန်ုပ်တို့၏ကောင်းကင်ခမည်းတော်အား ချီးမွမ်းသည့်အသံမှာ အလွန်ကျယ်လောင်လှသည်တကား!
၂ ယခု ၂၁ ရာစုထဲသို့ဝင်လာပြီ။ ကျွန်ုပ်တို့၏ရန်သူသည် ကျွန်ုပ်တို့၏အဓိကလုပ်ငန်းဖြစ်သော နိုင်ငံတော်အကြောင်းဟောပြောခြင်းနှင့် တပည့်ဖြစ်စေခြင်းလုပ်ငန်းကိုနှောင့်ယှက်ရန် မသိမသာကြိုးစားသည်။ သူသည် ကျွန်ုပ်တို့၏အာရုံကိုပြောင်းသွားစေရန်၊ အချိန်ကိုကုန်ခန်းစေရန်၊ မလိုအပ်သောအရေးပေးမှုများနှင့် စိတ်ဝင်စားရာများစွာကြောင့် ကျွန်ုပ်တို့၏အားအင်များကုန်ခန်းစေရန် ကြိုးပမ်းရာတွင် ဤအစီအစဉ်စနစ်မှဖိစီးမှုများကို အသုံးပြုသည်။ ဘဝတွင်အရေးကြီးသည့်အရာသည် အဘယ်အရာဖြစ်သည်ကို ဤစနစ်အား သတ်မှတ်ပြဋ္ဌာန်းစေမည့်အစား အရေးအကြီးဆုံးအရာသည် ယေဟောဝါ၏အလိုတော်ဆောင်ခြင်းဖြစ်ကြောင်း ဘုရားသခင့်နှုတ်ကပါဌ်တော်မှ ကျွန်ုပ်တို့ကိုယ်ကိုသက်သေထူကြသည်။ (ရော. ၁၂:၂) ယင်းသည် ‘အဆင်သင့်သည်ဖြစ်စေ၊ မသင့်သည်ဖြစ်စေ နှုတ်ကပါဌ်တော်ကိုဟောပြော၍ ကျွန်ုပ်တို့၏ဓမ္မအမှုကို ပြည့်ပြည့်ဝဝပြီးမြောက်စေ’ ရန်ဟူသော ကျမ်းစာတိုက်တွန်းချက်နာခံခြင်းကို ဆိုလိုသည်။—၂ တိ. ၄:၂၊ ၅၊ ကဘ။
၃ ခိုင်မာသောခံယူချက်ကိုတိုးပွားစေပါ– ခရစ်ယာန်များသည် “ဘုရားသခင်အလိုတော်ရှိသမျှ၌ စုံလင်၍ စိတ်ချစွာ [“ခိုင်မာသောခံယူချက်ဖြင့်၊” ကဘ] တည်နေ” ရန်လိုသည်။ (ကော. ၄:၁၂၊ သမ) “ခံယူချက်” ဟူသောစကားလုံးကို “ခိုင်မာသောလက်ခံယုံကြည်မှု သို့မဟုတ် ခိုင်မာသောယုံကြည်မှု; လက်ခံယုံကြည်ထားသည့်အခြေအနေ” ဟူ၍အနက်ဖွင့်ထားသည်။ ခရစ်ယာန်များအနေနှင့် ဘုရားသခင့်ပရောဖက်ပြုချက်စကားသည် သေချာကြောင်းနှင့် ယခု ကျွန်ုပ်တို့သည် ဆုံးခန်းကာလ၏အဆုံးပိုင်းတွင် ရောက်ရှိနေကြောင်းတို့ကို ကျွန်ုပ်တို့လက်ခံယုံကြည်ထားရမည်။ သတင်းကောင်းသည် “ယုံကြည်သမျှသောသူအပေါင်းတို့ကို ကယ်တင်စေသော ဘုရားသခင်၏တန်ခိုးတော်” ဖြစ်သည်ဟုဆိုခဲ့သူ တမန်တော်ပေါလုကဲ့သို့သော ခိုင်မာသည့်ယုံကြည်ခြင်းရှိရမည်ဖြစ်သည်။—ရော. ၁:၁၆။
၄ မာရ်နတ်သည် အခြားသူများကို ဩဇာလွှမ်းမိုးရန်နှင့် လှည့်ဖြားရန် ကိုယ်တိုင်လှည့်ဖြားခံနေရသည့် ဆိုးညစ်သူများနှင့် လှည့်စားသူများကိုအသုံးပြုသည်။ (၂ တိ. ၃:၁၃) ယင်းကိုကြိုတင်သတိပေးခံရခြင်းကြောင့် မိမိတို့တွင်သမ္မာတရားရှိသည်ဟူသောခံယူချက်ကို ခိုင်မာစေရန် ကျွန်ုပ်တို့လုပ်ဆောင်ကြသည်။ ဘဝ၏စိုးရိမ်ပူပန်မှုများကြောင့် ကျွန်ုပ်တို့၏ဇွဲကိုလျော့နည်းသွားစေမည့်အစား နိုင်ငံတော်အကျိုးစီးပွားကို ကျွန်ုပ်တို့ ဆက်ရှေးဦးထားကြသည်။ (မ. ၆:၃၃၊ ၃၄) ဤစနစ်၏အဆုံးသည် ဝေးပါသေးသည်ဟုယူမှတ်ကောင်းယူမှတ်ခြင်းဖြင့် အချိန်ကာလ၏အရေးတကြီးဖြစ်မှုကို ကျွန်ုပ်တို့မျက်ခြည်မပြတ်သွားလိုကြပါ။ ၎င်းသည် နီးသည်ထက်နီးကပ်လာနေသည်။ (၁ ပေ. ၄:၇) ကျွန်ုပ်တို့သည် သက်သေခံခဲ့ပြီးသည်ကိုထောက်ရှု၍ အချို့နိုင်ငံများတွင် သတင်းကောင်းဖြန့်ချိခြင်းသည် ထိရောက်မှုသိပ်မရှိဟူ၍ ယူဆမည်ဖြစ်သော်လည်း သတိပေးခြင်းလုပ်ငန်းကို ဆက်၍လုပ်နေရမည်ဖြစ်သည်။—ယေဇ. ၃၃:၇-၉။
၅ ဤနှောင်းခေတ်ပိုင်းတွင် မေးရမည့်အဓိကမေးခွန်းများမှာ ဤသို့– ‘တပည့်ဖြစ်စေရန်ဟူသော ယေရှုအပ်နှင်းထားသည့်တာဝန်ကို ကျွန်ုပ်အလေးအနက်ထားသလော။ သတင်းကောင်းဟောပြောသည့်အခါ နိုင်ငံတော်သည် အမှန်တကယ်ဖြစ်သည်ဟူသော ခိုင်မာသည့်ခံယူချက်ကို ကျွန်ုပ်တင်ပြသလော။ ဤအသက်ကယ်ဆယ်ရေးဓမ္မအမှုတွင် တတ်နိုင်သရွေ့များများပါဝင်ဖို့ ကျွန်ုပ်သန္နိဋ္ဌာန်ချထားသလော။’ ကျွန်ုပ်တို့သည် ဆုံးခန်းကာလအတွင်းရောက်နေသည်မှာ မည်မျှကြာနေပြီဖြစ်ကြောင်းကို အသိအမှတ်ပြုကာ ကိုယ်ကိုယ်တိုင်နှင့် ကျွန်ုပ်တို့၏ဟောပြောသွန်သင်ခြင်းတာဝန်ကို အာရုံစိုက်ရမည်ဖြစ်သည်။ ယင်းသို့လုပ်ဆောင်ခြင်းသည် ကျွန်ုပ်တို့ကိုယ်တိုင်နှင့် နားထောင်သူများကိုပါ ကယ်တင်ခြင်းရရှိစေမည်ဖြစ်သည်။ (၁ တိ. ၄:၁၆) ကျွန်ုပ်တို့အားလုံးသည် ဓမ္မအမှုဆောင်များအဖြစ် ကျွန်ုပ်တို့၏ခံယူချက်ကို မည်သို့ခိုင်ခံ့စေနိုင်သနည်း။
၆ သက်သာလောနိတ်မြို့သားများကိုတုပပါ– တမန်တော်ပေါလုသည် သက်သာလောနိတ်မြို့ရှိ ညီအစ်ကိုများ၏ကြိုးစားမှုကိုသတိရလျက် ဤသို့ဆိုသည်– “ငါတို့သည် သခင်ယေရှုအကြောင်းသတင်းကောင်းကို စကားသက်သက်ဖြင့်သာမဟုတ်ဘဲ သန့်ရှင်းသောဝိညာဉ်တော်၏တန်ခိုးနှင့်လည်းကောင်း၊ ထိုသတင်းကောင်းမှန်ကန်ကြောင်းကို အကြွင်းမဲ့ယုံကြည်သောစိတ် [“ခိုင်မာသောခံယူချက်၊” ကဘ] နှင့်လည်းကောင်း သင်တို့အား ကြေညာဟောပြောသောကြောင့်ဖြစ်၏။ ငါတို့သည် သင်တို့နှင့်အတူရှိစဉ်အခါက သင်တို့၏အကျိုးငှာ ငါတို့အဘယ်သို့ ပြုမူနေထိုင်ခဲ့ကြသည်ကို သင်တို့အသိပင်ဖြစ်၏။ သင်တို့သည် ငါတို့၏ပုံသက်သေနှင့် သခင်ဘုရား၏ပုံသက်သေအတိုင်းလိုက်လျှောက်ခဲ့ကြ၏။ သင်တို့သည် သတင်းကောင်းကိုခံယူသဖြင့် များစွာဆင်းရဲဒုက္ခရောက်ကြရသော်လည်း သန့်ရှင်းသောဝိညာဉ်တော်သည် သင်တို့အား ဝမ်းမြောက်စေတော်မူ၏။” (၁ သက်. ၁:၅၊ ၆၊ သတင်းကောင်း) မှန်ပါသည်၊ ဆင်းရဲဒုက္ခများစွာကြုံရသော်လည်း ဇွဲ၊ ခိုင်မာသောခံယူချက်တို့ဖြင့် ဟောပြောကြသောကြောင့် သက်သာလောနိတ်အသင်းတော်ကို ပေါလုချီးမွမ်းခဲ့ခြင်းဖြစ်သည်။ မည်သည့်အရာက သူတို့ကို ထိုသို့လုပ်နိုင်စေခဲ့သနည်း။ တမန်တော်ပေါလုနှင့် သူ၏လုပ်ဖော်ဆောင်ဖက်များတွင် တွေ့ရသည့် ဇွဲနှင့် ခိုင်မာသောခံယူချက်တို့က သူတို့အပေါ် အပြုသဘောပါသောအကျိုးများစွာသက်ရောက်ခဲ့သည်။ မည်သို့အားဖြင့်နည်း။
၇ ပေါလုနှင့် သူ့ခရီးသွားဖော်များ၏အသက်တာသည် သူတို့အပေါ်၌ ဘုရားသခင့်ဝိညာဉ်တော်ရှိကြောင်းနှင့် သူတို့ဟောသည့်အရာကို သူတို့အကြွင်းမဲ့ယုံကြည်ကြကြောင်း သက်သေထူခဲ့သည်။ သက်သာလောနိတ်မြို့သို့မရောက်မီ ပေါလုနှင့်သိလတို့သည် ဖိလိပ္ပိမြို့တွင် ရမ်းရမ်းကားကားပြုမူခံခဲ့ရသည်။ စစ်ဆေးမေးမြန်းခြင်းမရှိဘဲ ရိုက်နှက်ခြင်း၊ ထောင်ချခြင်းနှင့် ထိတ်တုံးခတ်ခြင်းခံခဲ့ရသည်။ သို့သော် ဤခက်ခဲသောတွေ့ကြုံမှုက သတင်းကောင်းအတွက် သူတို့၏ဇွဲကို မလျော့သွားစေခဲ့ပါ။ ဘုရားသခင်ကြားဝင်ဆောင်ရွက်မှုကြောင့် သူတို့လွတ်မြောက်ခဲ့ကြသည်၊ ထောင်မှူးနှင့်သူ၏အိမ်ထောင်သည် ဘာသာပြောင်းဝင်လာကာ ဓမ္မအမှုကိုဆက်လက်ထမ်းဆောင်ရန် ယင်းညီအစ်ကိုများအတွက် လမ်းပွင့်ခဲ့သည်။—တ. ၁၆:၁၉-၃၄။
၈ ဘုရားသခင့်ဝိညာဉ်တော်စွမ်းအားဖြင့် ပေါလုသည် သက်သာလောနိတ်မြို့သို့ရောက်လာခဲ့သည်။ ထိုတွင် သူ၏ကိုယ်ပိုင်လိုအပ်ရာများကိုရရှိရန် ပင်ပင်ပန်းပန်းအလုပ်လုပ်ပြီး သက်သာလောနိတ်မြို့သားများအား သမ္မာတရားသင်ကြားပေးရာ၌ သူ့ကိုယ်သူအပြည့်အဝအသုံးတော်ခံခဲ့သည်။ သူသည် အခွင့်အရေးရတိုင်း သတင်းကောင်းကို မကြေညာဘဲမနေခဲ့ပါ။ (၁ သက်. ၂:၉) ပေါလု၏ ခိုင်မာသောခံယူချက်ဖြင့်ဟောပြောခြင်းက ယခင်ရုပ်တုကိုးကွယ်မှုကိုစွန့်လွှတ်ကာ မှန်သောဘုရားသခင်၊ ယေဟောဝါ၏ကျေးကျွန်များဖြစ်လာကြသော ဒေသခံလူအချို့အပေါ် တန်ခိုးပါစွာအကျိုးသက်ရောက်ခဲ့သည်။—၁ သက်. ၁:၈-၁၀။
၉ နှိပ်စက်ညှဉ်းပန်းခြင်းသည် ယုံကြည်သူလူသစ်များအတွက် သတင်းကောင်းမဟောဘဲနေရန် အဟန့်အတားမဖြစ်စေခဲ့ပါ။ သက်သာလောနိတ်မြို့သားတို့သည် သူတို့အသစ်တွေ့ရှိထားသည့် ယုံကြည်ခြင်းအားဖြင့်လှုံ့ဆော်ခံရကာ ထာဝရကောင်းချီးများကို မိမိတို့ရရှိမည်ဟူ၍ အပြည့်အဝယုံကြည်ထားခြင်းကြောင့် မိမိတို့စိတ်အားထက်သန်စွာခံယူထားသည့် သမ္မာတရားကိုကြွေးကြော်ရန် စေ့ဆော်ခံရကြသည်။ ထိုသို့တက်တက်ကြွကြွလုပ်ဆောင်ခဲ့ခြင်းကြောင့် သူတို့၏ယုံကြည်ခြင်းနှင့်ဇွဲရှိသည့်သတင်းသည် မာကေဒေါနိပြည်၏အချို့အပိုင်းများသာမက အခါယပြည်အထိပင် ပျံ့နှံ့ခဲ့သည်။ ထို့ကြောင့် သက်သာလောနိတ်ပထမစောင်ကို ပေါလုရေးသည့်အချိန်တွင် သူတို့၏လုပ်ရပ်ကောင်းများကို အများသိရှိနေပြီးဖြစ်သည်။ (၁ သက်. ၁:၇) အလွန်ကောင်းသည့်ပုံသက်သေပါတကား!
၁၀ ဘုရားသခင်နှင့်လူတို့ကိုချစ်ခြင်းကလှုံ့ဆော်– ယနေ့ ကျွန်ုပ်တို့သည် သက်သာလောနိတ်မြို့သားများကဲ့သို့ သတင်းကောင်းဟောပြောသည့်အခါ ခိုင်မာသောကိုယ်ပိုင်ခံယူချက်ကို မည်သို့ထိန်းသိမ်းထားနိုင်သနည်း။ သူတို့နှင့်ပတ်သက်၍ ပေါလုကဤသို့ရေးခဲ့သည်– “သင်တို့သည် ယုံကြည်သောစိတ်နှင့်အကျင့်ကိုကျင့်ခြင်း၊ ချစ်သောစိတ်နှင့် ကြိုးစားအားထုတ်ခြင်း . . . တို့ကို ငါတို့သည် အစဉ်မပြတ်အောက်မေ့ [သည်]။” (၁ သက်. ၁:၃၊ ၄) သူတို့သည် ယေဟောဝါဘုရားသခင်နှင့် သူတို့ဟောပြောသည့်လူတို့ကို နှစ်နှစ်ကာကာချစ်ကြောင်းထင်ရှားသည်။ သက်သာလောနိတ်မြို့သားများအား “ဘုရားသခင်၏ဧဝံဂေလိတရားကိုမျှမက ကိုယ်အသက်ကိုပင်” ပေးရန် ပေါလုနှင့်သူ့အဖော်များကို ဤမေတ္တာကပင်လှုံ့ဆော်ပေးခဲ့သည်။—၁ သက်. ၂:၈။
၁၁ အလားတူပင် ယေဟောဝါနှင့် လူသားချင်းကို နှစ်နှစ်ကာကာချစ်ခြင်းက ကျွန်ုပ်တို့ကို ဘုရားသခင်ပေးအပ်ထားသည့် ဟောပြောခြင်းလုပ်ငန်းတွင် အပြည့်အဝပါဝင်လိုစိတ်ရှိရန် လှုံ့ဆော်ပေးသည်။ ထိုသို့သောမေတ္တာကြောင့် ၎င်းသည် ကျွန်ုပ်တို့ကိုယ်တိုင်နှင့်ဆိုင်သော သတင်းကောင်းပျံ့နှံ့ရန် ဘုရားပေးတာဝန်ဖြစ်ကြောင်း ကျွန်ုပ်တို့အသိအမှတ်ပြုကြသည်။ “မှန်သောအသက်” ကို ကျွန်ုပ်တို့အားညွှန်ပြရာတွင် ကျွန်ုပ်တို့အတွက် ယေဟောဝါလုပ်ဆောင်ပေးရာအားလုံးကို အပြုသဘောပါပါလေးမြတ်သည့်သဘောနှင့် တွေးတောဆင်ခြင်ခြင်းအားဖြင့် နှလုံးရှိသမျှနှင့်ကျွန်ုပ်တို့ယုံကြည်သည့် ထိုအံ့ချီးဖွယ်သမ္မာတရားကို အခြားသူများအားပြောပြရန် လှုံ့ဆော်ခံရကြသည်။—၁ တိ. ၆:၁၉။
၁၂ ဟောပြောခြင်းလုပ်ငန်းတွင် အလုပ်များနေစဉ် ယေဟောဝါနှင့်လူတို့အတွက် ကျွန်ုပ်တို့၏မေတ္တာသည် ဆက်၍ကြီးထွားနေရမည်ဖြစ်သည်။ သို့ဖြစ်ပါက တစ်အိမ်မှတစ်အိမ်ဓမ္မအမှုတွင် ကျွန်ုပ်တို့၏ပါဝင်မှုကိုတိုးမြှင့်ရန်နှင့် ကျွန်ုပ်တို့အတွက်ပွင့်နေသည့် အခြားသက်သေခံခြင်းအသွင်အားလုံးကိုလိုက်စားရန် လှုံ့ဆော်ခံရမည်ဖြစ်သည်။ ဆွေမျိုးများ၊ အိမ်နီးချင်းများနှင့် အသိအကျွမ်းများကို အလွတ်သဘောသက်သေခံရန် အခွင့်အရေးများကို အသုံးချမည်ဖြစ်သည်။ လူအများစုသည် ကျွန်ုပ်တို့ဟောသည့်သတင်းကောင်းကို ငြင်းပယ်မည်ဖြစ်ပြီး အချို့သည် နိုင်ငံတော်အကြောင်းကြွေးကြော်ခြင်းကို နှောင့်ယှက်ရန်ကြိုးစားကြမည်ဖြစ်သော်လည်း ကျွန်ုပ်တို့သည် အတွင်းရွှင်လန်းမှုကိုခံစားကြရသည်။ အဘယ်ကြောင့်နည်း။ ကျွန်ုပ်တို့သည် နိုင်ငံတော်အကြောင်းသက်သေခံကာ လူတို့ကိုကယ်တင်ခြင်းရဖို့ကူညီရန် အတတ်နိုင်ဆုံးလုပ်ဆောင်နေကြောင်းကို သိရှိသောကြောင့်ဖြစ်သည်။ ထို့အပြင် စိတ်နှလုံးရိုးဖြောင့်သူများကိုရှာရန် ကျွန်ုပ်တို့၏ကြိုးစားမှုများကို ယေဟောဝါကောင်းချီးပေးမည်ဖြစ်သည်။ ဘဝ၏ဖိစီးမှုများသည် ကျွန်ုပ်တို့ကိုဝန်းရံနေပြီး ကျွန်ုပ်တို့၏ရွှင်လန်းမှုကို ဖြိုဖျက်ရန် စာတန်ကြိုးစားသည့်အချိန်၌ပင် အခြားသူများအားသက်သေခံရာတွင် ကျွန်ုပ်တို့၏ခိုင်မာသောခံယူချက်နှင့် ဇွဲလုံ့လကို ထိန်းသိမ်းထားနိုင်သည်။ ကျွန်ုပ်တို့အားလုံးသည် မိမိတို့၏အပိုင်းကိုလုပ်ဆောင်ကြသောအခါ ယင်းက သက်သာလောနိတ်မြို့ရှိအသင်းတော်ကဲ့သို့ ခိုင်မာပြီးဇွဲရှိသောအသင်းတော်များကို ဖြစ်ပေါ်စေသည်။
၁၃ စုံစမ်းခံရမှုအောက် မည်သည့်အခါမျှလက်မလျှော့နှင့်– စုံစမ်းခြင်းအမျိုးမျိုးကို ကြုံရသည့်အခါ၌လည်း ခံယူချက်ရှိရန်လို၏။ (၁ ပေ. ၁:၆၊ ၇) မိမိနောက်သို့လိုက်လျှင် ‘လူအမျိုးမျိုးတို့၏မုန်းတီးမှုကိုခံရ’ မည်ဟူ၍ တပည့်တော်များကို ယေရှုရှင်းပြခဲ့သည်။ (မ. ၂၄:၉) ပေါလုနှင့်သိလတို့သည် ဖိလိပ္ပိမြို့၌ရှိချိန်တွင် ထိုသို့ခံခဲ့ရသည်။ တမန်တော် အခန်းကြီး ၁၆ ပါမှတ်တမ်းက ပေါလုနှင့်သိလတို့သည် အတွင်းထောင်တွင်ချပစ်ခြင်းခံရကာ ထိတ်တုံးခတ်ခြင်းခံခဲ့ရသည်ဟုဆိုသည်။ ယေဘုယျအားဖြင့် ပင်မအကျဉ်းထောင်သည် အလင်းနှင့်လေရရှိသည့် အခန်းကျဉ်းများဝန်းရံထားသောဝင်းခြံ သို့မဟုတ် အဆောင်တစ်မျိုးဖြစ်သည်။ သို့သော် အတွင်းထောင်သည် အလင်းပေးသည့်အစီအစဉ်မရှိဘဲ လေဝင်လေထွက်အနည်းအကျဉ်းသာရှိသည်။ ပေါလုနှင့်သိလတို့သည် ဤစိတ်မချမ်းမြေ့ဖွယ်အချုပ်ခန်း၏အမှောင်ထု၊ အပူဒဏ်နှင့် အနံ့ဆိုးတို့ကို ရင်ဆိုင်ခဲ့ကြမည်ဖြစ်သည်။ ကျာပွတ်နှင့်ရိုက်ခြင်းကြောင့် သူတို့၏ကျောပြင်များ အသားနီလန်၊ သွေးထွက်ပြီး နာရီပေါင်းများစွာ ထိတ်တုံးခတ်ထားခြင်းခံရစဉ် သူတို့ခံစားခဲ့ရမည့်နာကျင်မှုကို သင်မြင်ယောင်နိုင်ပါသလော။
၁၄ ဤစုံစမ်းခြင်းများကြား ပေါလုနှင့်သိလတို့သည် သစ္စာရှိရှိရပ်တည်ခဲ့ကြသည်။ စမ်းသပ်မှုကိုခံရစေကာမူ ယေဟောဝါ၏အမှုတော်ကိုဆောင်ရန် သူတို့ကိုခွန်အားပေးသည့် လှိုက်လှဲသောခံယူချက်ကို တင်ပြခဲ့ကြသည်။ ပေါလုနှင့်သိလတို့သည် “ပတ္ထနာပြု၍ ဘုရားသခင်ကိုချီးမွမ်းလျက်သီချင်းဆိုလေ၏” ဟုဖော်ပြထားသည့် အခန်းကြီး ၁၆၊ အခန်းငယ် ၂၅ က သူတို့၏ခံယူချက်ကိုပေါ်လွင်စေသည်။ အမှန်မှာ သူတို့သည် ထောင်အတွင်းပိုင်းတွင်ရှိခဲ့သော်လည်း ဘုရားသခင့်မျက်နှာသာတော်ကိုရရှိထားကြောင်း စိတ်ချကာ အခြားအကျဉ်းသားများ ကြားနိုင်လောက်သည့်အသံဖြင့် သီချင်းဆိုခဲ့ကြသည်! ယနေ့ ကျွန်ုပ်တို့သည်လည်း ယုံကြည်ခြင်းစမ်းသပ်မှုများကို ရင်ဆိုင်ရသည့်အခါ ထိုခံယူချက်မျိုးရှိရမည်ဖြစ်သည်။
၁၅ ကျွန်ုပ်တို့ကို မာရ်နတ်ကြုံတွေ့စေသည့်စုံစမ်းခြင်းသည် အလွန်များ၏။ အချို့သူတို့အတွက် ယင်းသည် မိသားစုထံမှလာသည့် နှိပ်စက်ညှဉ်းပန်းမှုဖြစ်နိုင်သည်။ ကျွန်ုပ်တို့၏ညီအစ်ကိုများစွာသည် တရားဥပဒေဆိုင်ရာစိန်ခေါ်ချက်များကို ရင်ဆိုင်ကြရသည်။ အယူဖောက်ပြန်သူတို့ထံမှ အတိုက်အခံပြုမှုကို ကြုံရကောင်းကြုံရမည်။ ငွေကြေးဆိုင်ရာဝန်ထုပ်ဝန်ပိုးများအပြင် အသက်ရှင်နေထိုင်ရေးနှင့်ပတ်သက်၍ စိုးရိမ်စရာများရှိသည်။ လူငယ်များသည် ကျောင်းတွင် ရွယ်တူချင်း၏ဖိစီးမှုကို ရင်ဆိုင်ကြရသည်။ ဤစုံစမ်းခြင်းများကို ကျွန်ုပ်တို့ မည်သို့အောင်မြင်စွာရင်ဆိုင်နိုင်သနည်း။ ခံယူချက်ကိုတင်ပြရန် မည်သည့်အရာလိုသနည်း။
၁၆ ဦးဆုံးအနေနှင့် ကျွန်ုပ်တို့သည် ယေဟောဝါနှင့်ရင်းနှီးသည့်နှစ်ကိုယ်ကြားဆက်ဆံရေးကို ထိန်းသိမ်းထား ရန်လိုသည်။ ပေါလုနှင့်သိလတို့သည် အတွင်းထောင်၌ရှိစဉ်အခါ သူတို့၏အခြေအနေနှင့်ပတ်သက်၍ညည်းညူနေရန် သို့မဟုတ် ကိုယ့်ကိုယ်ကိုသနားနေရန် ထိုအချိန်ကိုအသုံးမပြုခဲ့ပါ။ သူတို့သည် ချက်ချင်းပင် ဘုရားသခင်ကိုဆုတောင်းဆည်းကပ်ကာ သီချင်းဆိုချီးမွမ်းခဲ့ကြသည်။ အဘယ်ကြောင့်နည်း။ သူတို့သည် ကောင်းကင်ခမည်းတော်နှင့် ရင်းနှီးသည့်နှစ်ကိုယ်ကြားဆက်ဆံရေးရရှိထားသောကြောင့်ဖြစ်သည်။ မိမိတို့သည် ဖြောင့်မတ်ခြင်းတရားအတွက် ဆင်းရဲဒုက္ခခံရကြကြောင်းနှင့် မိမိတို့၏ကယ်တင်ခြင်းသည် ယေဟောဝါ၏လက်တော်တွင်တည်ရှိသည်ကို သူတို့သဘောပေါက်ထားကြသည်။—ဆာ. ၃:၈။
၁၇ ယနေ့ စုံစမ်းခြင်းများကိုရင်ဆိုင်ရသည့်အခါ ကျွန်ုပ်တို့သည်လည်း ယေဟောဝါကိုမျှော်ကိုးရမည်။ ခရစ်ယာန်များအနေနှင့် ‘ကျွန်ုပ်တို့တောင်းပန်လိုသောအရာများတို့ကို ဘုရားသခင်အားကြားလျှောက်ကြရန်; ထိုသို့ပြုလျှင် အဘယ်သူမျှကြံ၍မမီနိုင်သော ဘုရားသခင်၏ငြိမ်သက်ခြင်းသည် ကျွန်ုပ်တို့၏စိတ်နှလုံးတို့ကို စောင့်မမည်’ ဖြစ်ကြောင်း ပေါလုက ကျွန်ုပ်တို့ကိုအားပေးသည်။ (ဖိ. ၄:၆၊ ၇) ယေဟောဝါသည် စုံစမ်းခြင်းများကို ကျွန်ုပ်တို့တစ်ဦးတည်းခံစေရန် ခွင့်ပြုမည်မဟုတ်ကြောင်းသိရခြင်းသည် မည်မျှစိတ်သက်သာစရာပါတကား! (ဟေရှာ. ၄၁:၁၀) စစ်မှန်သောခံယူချက်ဖြင့် ကိုယ်တော်၏အမှုတော်ကိုထမ်းဆောင်နေသရွေ့ ကိုယ်တော်သည် ကျွန်ုပ်တို့နှင့်အတူရှိတော်မူသည်။—ဆာ. ၄၆:၇။
၁၈ ခံယူချက်ကိုတင်ပြရာတွင် နောက်အရေးပါသောအကူအညီတစ်ခုမှာ ယေဟောဝါ၏လုပ်ငန်းတွင်အလုပ်များနေခြင်း ဖြစ်သည်။ (၁ ကော. ၁၅:၅၈) ပေါလုနှင့်သိလတို့သည် သတင်းကောင်းဟောပြောခြင်းတွင် အလုပ်များနေခြင်းကြောင့် ထောင်ချခံခဲ့ရသည်။ သူတို့သည် စုံစမ်းခြင်းများကြောင့် ဟောပြောခြင်းကိုရပ်ဆိုင်းခဲ့သလော။ မရပ်ဆိုင်းခဲ့ပါ၊ သူတို့သည် ထောင်ထဲ၌ရှိနေစဉ်ပင် ဆက်၍ဟောပြောခဲ့ကြသည်၊ ထောင်မှလွတ်ပြီးနောက် သက်သာလောနိတ်မြို့သို့ခရီးထွက်ကာ “ကျမ်းစာကိုအမှီပြု၍ ထိုသူတို့နှင့်ဆွေးနွေးနှီးနှော” ရန်ဂျူးတရားဇရပ်သို့သွားကြသည်။ (တ. ၁၇:၁-၃) ကျွန်ုပ်တို့သည် ယေဟောဝါကို အခိုင်အမာသက်ဝင်ယုံကြည်ပြီး ကျွန်ုပ်တို့တွင် သမ္မာတရားရှိသည်ကို ယုံကြည်လက်ခံထားသောအခါ မည်သည့်အရာကမျှ ‘ကျွန်ုပ်တို့၏သခင်ယေရှုခရစ်အားဖြင့်ခံရသော ဘုရားသခင်၏မေတ္တာတော်နှင့် ကျွန်ုပ်တို့ကိုကွာစေနိုင်မည်’ မဟုတ်ပါ။—ရော. ၈:၃၅-၃၉။
၁၉ ခိုင်မာသောခံယူချက်ရှိသည့် မျက်မှောက်ခေတ်ပုံသက်သေများ– ကျွန်ုပ်တို့အချိန်တွင် ပေါလုနှင့်သိလတို့ကဲ့သို့ ခိုင်မာသောခံယူချက်တင်ပြသူများ၏ ထူးခြားသောပုံသက်သေများစွာရှိသည်။ အော့ဇ်ဝစ် ချွေးတပ်စခန်းမှ အသက်ရှင်ကျန်ရစ်ခဲ့သောညီအစ်မတစ်ဦးသည် ထိုတွင် ညီအစ်ကိုညီအစ်မများတင်ပြခဲ့ကြသည့် မယိမ်းယိုင်သောယုံကြည်ခြင်းနှင့်ခံယူချက်အကြောင်းကို ပြောပြသည်။ သူဤသို့ပြောပြသည်– “တစ်ခါက တစ်ခုသောစစ်ဆေးမေးမြန်းချိန်အတွင်း ကျွန်မဆီကို အရာရှိတစ်ဦး လက်သီးကျစ်ကျစ်ပါအောင်ဆုပ်ပြီးလာတယ်။ ‘မင်းတို့ကို ငါတို့ဘာလုပ်ရမလဲ’ လို့သူအော်ပြောတယ်။ ‘မင်းတို့ကိုဖမ်းရင်လည်း ဂရုမစိုက်ကြဘူး။ ထောင်ချရင်လည်း လုံးဝဂရုမစိုက်ကြဘူး။ ချွေးတပ်စခန်းကိုပို့ရင်လည်း မစိုးရိမ်ကြဘူး။ သေဒဏ်ပေးရင်လည်း မဖြုံဘဲရပ်နေကြတယ်။ မင်းတို့ကို ငါတို့ဘာလုပ်ရမလဲ။’” ထိုမနှစ်မြို့ဖွယ်အခြေအနေများအောက်၌ ကျွန်ုပ်တို့၏ညီအစ်ကိုများတွင်ရှိသည့် ယုံကြည်ခြင်းကိုတွေ့ရခြင်းသည် ယုံကြည်ခြင်းကိုအလွန်ခိုင်ခံ့စေပါသည်တကား! သူတို့သည် ခံရပ်နိုင်ဖို့ အကူအညီအတွက် ယေဟောဝါကို အဆက်မပြတ်မျှော်ကိုးခဲ့ကြသည်။
၂၀ ကျွန်ုပ်တို့သည် မကြာသေးမီနှစ်များကပေါ်ပေါက်ခဲ့သော လူမျိုးစုမုန်းတီးမှုကိုရင်ဆိုင်ရသည့် ကျွန်ုပ်တို့ညီအစ်ကိုများစွာ၏ခံယူချက်ကို သတိရကြမည်မှာသေချာသည်။ မိမိတို့ကိုယ်တိုင် အန္တရာယ်ရှိသောအခြေအနေများကြားတွင်ရှိနေသော်လည်း တာဝန်ရှိညီအစ်ကိုများသည် မိမိတို့၏ညီအစ်ကိုညီအစ်မများဝိညာဉ်အစာစားရကြဖို့ အာရုံစိုက်ကြသည်။ အားလုံးသည် ‘မိမိတို့တစ်ဖက်၌လုပ်သောလက်နက်တစ်စုံတစ်ခုမျှ အထမြောက်မည်မဟုတ်’ ဟူသောခိုင်မာသည့်ခံယူချက်ဖြင့် ဆက်၍သစ္စာရှိကြသည်။—ဟေရှာ. ၅၄:၁၇။
၂၁ မယုံကြည်သူအိမ်ထောင်ဖက်များရှိသည့် ကျွန်ုပ်တို့၏ညီအစ်ကိုညီအစ်များစွာတို့သည်လည်း ခိုင်မာသောယုံကြည်ခြင်းနှင့် ခံနိုင်ရည်ကို တင်ပြနေကြသည်။ ဂွာဒါလွတ် ရှိညီအစ်ကိုတစ်ဦးသည် မယုံကြည်သူဇနီးသည်၏ အပြင်းအထန်အတိုက်အခံပြုမှုကို ခံခဲ့ရသည်။ သူ့ကိုစိတ်ဓာတ်ကျစေရန်နှင့် အစည်းအဝေးများမတက်ဖြစ်စေရန် အစားအစာပြင်ဆင်ပေးခြင်း သို့မဟုတ် လျှော်ဖွပ်ပေးခြင်း၊ မီးပူတိုက်ပေးခြင်းနှင့် အဝတ်များဖာထေးပေးခြင်းတစ်ခုကိုမျှမလုပ်ပေးပါ။ သူ့အား အချိန်အတော်ကြာကြာ စကားမပြောဘဲနေသည်။ သို့သော် ဤညီအစ်ကိုသည် ယေဟောဝါ၏အမှုတော်ဆောင်ရာတွင် လှိုက်လှဲသောခံယူချက်ကိုတင်ပြကာ အကူအညီအတွက် ကိုယ်တော်ထံ ဆုတောင်းဆည်းကပ်ခြင်းဖြင့် ယင်းတို့အားလုံးကို ခံရပ်နိုင်ခဲ့သည်။ မည်မျှကြာကြာခံရပ်ခဲ့ရသနည်း။ အနှစ် ၂၀ ခန့်ဖြစ်သည်—၎င်းနောက် သူ၏ဇနီးသည် တဖြည်းဖြည်းစိတ်နှလုံးပြောင်းလဲလာသည်။ နောက်ဆုံးတွင် ဘုရားသခင့်နိုင်ငံတော်မျှော်လင့်ချက်ကို သူမလက်ခံခဲ့သောကြောင့် သူအမှန်ပင်ပျော်နိုင်ခဲ့သည်။
၂၂ နောက်ဆုံးအနေနှင့် နေ့စဉ်ကျောင်းတက်ကာ ရွယ်တူချင်း၏ဖိစီးမှုနှင့် အခြားစိန်ခေါ်ချက်များကို ရင်ဆိုင်နေရသော ညီအစ်ကိုညီအစ်မငယ်များ၏ခိုင်မာသောခံယူချက်ကို ကျွန်ုပ်တို့မေ့၍မရပါ။ ကျောင်းတွင် လိုက်လျောညီထွေဖြစ်ရန်ဟူသည့် ဖိစီးမှုနှင့်ပတ်သက်၍ သက်သေခံမိန်းကလေးငယ်တစ်ဦးက ဤသို့ဆိုသည်– “ကျောင်းမှာဆိုရင် လူတိုင်းက နည်းနည်းလေး ကလန်ကဆန်လုပ်ကြည့်ဖို့ အမြဲတိုက်တွန်းကြတယ်။ အစွန်းရောက်တာတစ်ခုခုလုပ်ရင် လူငယ်တွေကပိုလေးစားတယ်။” ကျွန်ုပ်တို့၏လူငယ်များသည် ဖိစီးမှုကိုခံနေကြရပါသည်တကား! သူတို့သည် သွေးဆောင်မှုကိုတွန်းလှန်ရန် စိတ်နှလုံးထဲတွင် ခိုင်မြဲစွာသန္နိဋ္ဌာန်ချထားကြရမည်ဖြစ်သည်။
၂၃ ကျွန်ုပ်တို့၏လူငယ်များစွာသည် စုံစမ်းမှုများကြား မိမိတို့၏သမာဓိကိုစောင့်ထိန်းရာတွင် ကောင်းစွာလုပ်ဆောင်နေကြသည်။ စံနမူနာတစ်ခုမှာ ပြင်သစ်နိုင်ငံတွင်နေထိုင်သည့် ညီအစ်မငယ်တစ်ဦးဖြစ်သည်။ နေ့လယ်စာစားပြီးတစ်နေ့တွင် ယောက်ျားလေးတချို့သည် သူတို့ကိုနမ်းရန် သူမအား အတင်းအဓမ္မခိုင်းသော်လည်း ဆုတောင်းပြီး အပြင်းအထန်တွန်းလှန်ရာ ယောက်ျားကလေးများသည် သူမအား မနှောင့်ယှက်တော့ချေ။ နောင်တွင် သူတို့ထဲမှတစ်ဦးသည် ပြန်လာ၍ သူမအား သူမ၏ရဲစွမ်းသတ္တိအတွက် နှစ်သက်သဘောကျကြောင်းပြောသည်။ သူမသည် ထိုသူအား နိုင်ငံတော်အကြောင်းကို ကောင်းစွာသက်သေခံနိုင်ခဲ့ကာ ကောင်းချီးခံစားလိုသူတိုင်းအတွက် ယေဟောဝါချမှတ်ထားသည့် မြင့်မားသောစံနှုန်းများကိုရှင်းပြပေးသည်။ ကျောင်းနေချိန်ကာလအတွင်း တစ်တန်းလုံးကိုလည်း သူမ၏ယုံကြည်ချက်များအကြောင်း ရှင်းပြခဲ့သည်။
၂၄ မိမိ၏အလိုတော်အကြောင်းကို ခိုင်မာသောခံယူချက်နှင့်ပြောရန် ယေဟောဝါအသုံးပြုလိုသူများအထဲ ရေတွက်ခံရခြင်းသည် ကျွန်ုပ်တို့အတွက် အလွန်တန်ဖိုးရှိသည့်အခွင့်အရေးပါတကား! (ကော. ၄:၁၂) ထို့အပြင် ခြင်္သေ့ကဲ့သို့သော ကျွန်ုပ်တို့၏ရန်သူစာတန်မာရ်နတ်၏ တိုက်ခိုက်မှုကိုခံနေရချိန်တွင် ကျွန်ုပ်တို့၏သမာဓိကိုသက်သေထူရန် အံ့ချီးဖွယ်အခွင့်အရေးကို ကျွန်ုပ်တို့ရရှိထားသည်။ (၁ ပေ. ၅:၈၊ ၉) ယေဟောဝါသည် ဟောပြောသည့် ကျွန်ုပ်တို့ကိုကော နားထောင်သူများကိုပါ ကယ်တင်ခြင်းရရှိစေရန် နိုင်ငံတော်သတင်းကိုအသုံးပြုနေသည်ကို မည်သည့်အခါမျှမမေ့ပါနှင့်။ ကျွန်ုပ်တို့ချသည့်ဆုံးဖြတ်ချက်များနှင့် ကျွန်ုပ်တို့၏နေ့စဉ်ဘဝလမ်းစဉ်သည် နိုင်ငံတော်ကိုရှေးဦးထားကြောင်း သက်သေထူနိုင်ကြပါစေ။ ခိုင်မာသောခံယူချက်ဖြင့် သတင်းကောင်းကို ဆက်၍ဟောပြောနေကြစို့!