ကျွန်ုပ်တို့အားလုံး ယေဟောဝါနှင့် ကိုယ်တော်၏သားတော်ကို ဂုဏ်တင်ကြစို့
ဧပြီ ၈ ရက်တွင်ကျင်းပမည့် သတိရအောက်မေ့ပွဲ တက်ရောက်သူအားလုံး ပို၍အပြည့်အဝအကျိုးရယူနိုင်ပုံ
၁ ယနေ့ မည်သူများ အထူးဂုဏ်တင်ခြင်းခံရသနည်း။ ဖြစ်မြောက်အောင်မြင်သူများကို လောက,က အလွန်အထင်ကြီးလေးစား၏။ သို့သော် များသောအားဖြင့် သူတို့၏ လုပ်ဆောင်ချက်များကို မကြာမီ မေ့လျော့သွားကြသည်။ သို့တိုင် လူသားအားလုံး အမှန်ပင် အကျိုးရှိသည့် လုပ်ဆောင်ချက်များနှင့်ပတ်သက်၍ကော အသို့နည်း။ ၂၀၀၁၊ ဧပြီ ၈ ရက်နေဝင်ပြီးနောက် သခင့်ညစာစားပွဲ ကျင်းပသောအခါ ယင်းတို့ကို ကျွန်ုပ်တို့ အကြီးအကျယ် အာရုံစိုက်ကြလိမ့်မည်။
၂ ဂုဏ်တင်ခြင်းကို အခံထိုက်ဆုံးသူကား မည်သူနည်း။ သမ္မာကျမ်းစာက ဤသို့အဖြေပေးသည်– “အိုယေဟောဝါ၊ ကိုယ်တော်သည် ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းတော်မူ၍ . . . ကိုယ်တော်သည် ဘုန်းတော်၊ ဂုဏ်တော်၊ တန်ခိုးတော်ကို ခံစားထိုက်တော်မူ၏။” (ဗျာ. ၄:၁၁၊ ကဘ) ဖန်ဆင်းရှင် ယေဟောဝါသည် စကြဝဠာ အချုပ်အခြာ အုပ်စိုးရှင် ဖြစ်တော်မူ၏။ ကိုယ်တော်၏ ဂုဏ်တင်ခံထိုက်ခြင်းသည် ဘယ်သောအခါမျှ ရပ်စဲသွားမည် မဟုတ်ပါ။—၁ တိ. ၁:၁၇။
၃ ဘုရာသခင်၏ သားတော် ယေရှုခရစ်သည် လူသားများအတွက် အဆုံးမဲ့ ကောင်းချီးများ ဆောင်ကြဉ်းပေးမည့် ဂုဏ်တင်အပ်ဖွယ် လုပ်ရပ်များကို လုပ်ဆောင်ပေးခဲ့သည်။ ကိုယ်တော်သည် မိမိ၏ ခမည်းတော်ကို လုံးလုံးလျားလျား တုပတော်မူ၏။ (ယော. ၅:၁၉) ကိုယ်တော်၏ အပြစ်ဆိုဖွယ်မရှိ နာခံခြင်းနှင့် သစ္စာရှိရှိ အမှုတော်ထမ်းဆောင်ခြင်းတို့ကြောင့် ကိုယ်တော်သည် “တန်ခိုး၊ စည်းစိမ်၊ ပညာ၊ အစွမ်းသတ္တိ၊ ဂုဏ်အသရေ၊ ဘုန်းအာနုဘော်၊ ကောင်းချီးမင်္ဂလာကို ခံထိုက်တော်မူ၏။” (ဗျာ. ၅:၁၂) ကိုယ်တော်၏ ခမည်းတော်သည် ကိုယ်တော်အား ဘုရင်အနေနှင့် မင်းမြှောက်ခြင်းဖြင့် ဂုဏ်တင်ခဲ့သည်။ (ဆာ. ၂:၆-၈) ကျွန်ုပ်တို့မူကား ၂၀၀၁၊ ဧပြီ ၈ ရက်နေ့တွင် သခင့်ညစာစားပွဲ ကျင်းပသောအခါ ခမည်းတော်နှင့် သားတော်ကိုပါ ဂုဏ်တင်ခွင့် ရရှိကြပါလိမ့်မည်။
၄ ဝမ်းနည်းစရာမှာ လူ့သမိုင်းတွင် ယေဟောဝါနှင့် ကိုယ်တော်၏ သားတော်ကို ထိုက်တန်စွာ ဂုဏ်ပြုကြသူများ အနည်းငယ်သာ ရှိသည်။ တစ်ခါတစ်ရံ ယေဟောဝါ၏ ရှေးလူမျိုးတော် ဣသရေလများပင် ဘုရာသခင်၏ အမှုတော်ကို စတိလောက်သာ လုပ်ဆောင်ကြသည်။ ယင်းသည် ဗြောင်ကျကျ မလေးမခန့်ပြုခြင်းဖြစ်သည်။ (မာလ. ၁:၆) လျောက်ပတ်သော လေးစားမှုတွင် ချစ်ခြင်းမေတ္တာအပေါ်၊ ကျွန်ုပ်တို့အတွက် ယေဟောဝါနှင့် ကိုယ်တော်၏ သားတော် ပြုလုပ်ပေးသမျှသောအရာကို ကျေးဇူးတင်လေးမြတ်မှုအပေါ် အခြေပြုသည့် သစ္စာရှိရှိ နာခံမှု လိုအပ်သည်။ ဤသို့ဂုဏ်တင်ခြင်းနှင့် လေးစားခြင်းမှာ ကျွန်ုပ်တို့ပြုလေသမျှ၌ ယေဟောဝါနှင့် ယေရှုတို့ကို အသိအမှတ်ပြုကာ ဘုရာသခင်အား ခန့်ညားကြောက်ရွံ့မှုနှင့် ကြည်ညိုလေးမြတ်မှု ပြသခြင်း ဖြစ်သည်။ ခရစ်ယာန် အသင်းတော်သည် အလားတူ လုပ်ရပ်မျိုး လုပ်ဆောင်ရန် အခြားသူများကို ကြိုးစားသွန်သင်ပေးပြီး ကူညီပေးသည်။
၅ ဂုဏ်တင်ခြင်းကို ပြသရန် အထူးအခါသမယ– သတိရအောက်မေ့ပွဲ ကျင်းပခြင်းသည် နှစ်စဉ် ယေဟောဝါလူမျိုးတော်၏ အရေးပါဆုံး စုဝေးမှု ဖြစ်သည်။ ယေဟောဝါ၏ အမှုတော်ကို ထမ်းဆောင်လိုပြီး၊ ကိုယ်တော်အား ဂုဏ်တင်လိုသူတိုင်းသည် ထိုပွဲကို တက်ရောက်သင့်သည်။ (လု. ၂၂:၁၉) တက်ကြွလှုပ်ရှားသော သက်သေခံ ၆ သန်းအပြင် စိတ်ဝင်စားသူ ၁၄ သန်းကျော် တက်ရောက်မည်ဟု ကျွန်ုပ်တို့ မျှော်လင့်ပါသည်။ ကျွန်ုပ်တို့၏ ကောင်းကင်ခမည်းတော်ကို ဂုဏ်တင်ရန် အခွင့်ကောင်းတစ်ခုပါတကား! ပွဲတော်သည် ယေရှုကို အာရုံစိုက်စေသော်လည်း ကိုယ်တော်၏ လုပ်ဆောင်မှုကို ဂုဏ်တင်ခြင်းနှင့်လေးစားခြင်းတို့သည် ကိုယ်တော်ကို စေလွှတ်သော ခမည်းတော်ကို ဘုန်းထင်ရှားစေသည်။—ယော. ၅:၂၃။
၆ အဆိုပါ အထူးအခါသမယကို ထောက်မရန် ကျွန်ုပ်တို့ ဘာပြုလုပ်နိုင်သနည်း။ စိတ်ဝင်စားခါစသူများကို အပြည့်အဝ အကျိုးရယူဖို့ ကူညီပေးနိုင်သည်။ သူတို့ကို တက်ရောက်ရန် တိုက်တွန်းပြီး လိုအပ်လျှင် ထိုတွင် သူတို့ ရောက်ရှိနေရန် ကြင်နာစွာ ကူညီပေးပါ။ ဟောပြောချက်၏ ရည်ရွယ်ချက်ကို ရှင်းပြပါ။ အခြားသူများနှင့် မိတ်ဆက်ပေးပါ။ သူတို့မြင်ရ၊ ကြားရသမျှသည် ယေဟောဝါအား ဂုဏ်တင်ခြင်း၌ ကျွန်ုပ်တို့နှင့်အတူ ကြိုးစားပူးပေါင်းရန် သူတို့ကို လှုံ့ဆော်ပေးနိုင်သည်။
၇ အစီအစဉ်၏ အကျိုးသက်ရောက်မှုကို လျှော့မတွက်ပါနှင့်။ တက္ကသိုလ် ကျောင်းသားတစ်ဦးက ဤသို့တုံ့ပြန်သည်– “ကျွန်တော်ချာ့ချ်မှာ ပွဲတော်ကို ခဏခဏ တက်ဖူးတယ်၊ ဒါပေမဲ့ ဒီပွဲက အတော်လေးကို ထူးခြားတယ်။ ဒီပွဲက ကျမ်းစာပြောထားချက်နဲ့ တစ်ထပ်တည်းပဲ၊ ခင်ဗျားတို့မှာ အမှန်တရား ရှိတယ်လို့ ကျွန်တော် ထင်တယ်။” သူသည် အစည်းအဝေးများကို စတင် မှန်မှန်တက်ရောက်ပြီး မကြာမီ နှစ်ခြင်းခံခဲ့သည်။
၈ လူသစ်များ တိုးတက်လာရန် ကူညီပါ– သတိရအောက်မေ့ပွဲကို တက်ရောက်သည့် လူသစ်များကို မှတ်သားထားကာ မကြာမီ သူတို့ထံ လည်ပတ်၍ သူတို့ သိရှိမှတ်သားထားသည့် လှုံ့ဆော်ပေးသောအရာများကို ပြန်လည်သုံးသပ်ပါ။ ကျမ်းစာအသိပညာ သူတို့ ထပ်တိုးနိုင်သည့် အခြားအစည်းအဝေးများ ရှိကြောင်း သိရှိစေပါ။ အသိပညာ စာအုပ်၏ အခန်းကြီး ၁၇ ပါ “ဘုရာသခင့်လူမျိုးတော်ဘောင်အတွင်း လုံခြုံမှုကို ရှာယူပါလေ” ကို ပြန်လည်သုံးသပ်ခြင်းက သူတို့ အလွယ်တကူ ရရှိနိုင်သည့် အသင်းတော်က ကမ်းလှမ်းပေးသော ဝိညာရေး အစီအစဉ်အမျိုးမျိုးကို ဖော်ပြပေးမည်။ ယေဟောဝါလူမျိုးတော်၏ စည်းလုံးမှု၊ ပျော်ရွှင်မှုနှင့် စိတ်ထက်သန်မှုတို့ကို သူတို့မျက်စိနှင့် မြင်နိုင်ရန် ကျွန်ုပ်တို့၏ ညီအစ်ကို အသင်းအပင်းတစ်ရပ်လုံး ဗီဒီယိုခွေ ကြည့်ရှုဖို့ သူတို့အတွက် စီစဉ်ပါလေ!
၉ ယေဟောဝါအား မိမိတို့ကိုယ်တိုင် ဂုဏ်တင်လေးစားနိုင်ပုံကို စိတ်ဝင်စားသူများ သိရှိစေရန် အရေးကြီးသည်။ နှလုံးပါပါ ဆုတောင်းချက်သည် ယေဟောဝါ၏ စိတ်တော်နှင့် တွေ့စေပြီး ဝိညာရေး လန်းဆန်းမှု အဆက်မပြတ် ရရှိသော ရင်းမြစ်တစ်ခု ဖြစ်ကြောင်း ရှင်းပြပါ။ (၁ ယော. ၅:၁၄) တောင်းဆို ဘရိုရှာ သင်ခန်းစာ ၈ မှ ၁၂ ကို အသုံးပြုကာ ယေဟောဝါအား ဂုဏ်တင်သည့် အပြုအမူကို ဖော်ပြပါ။ ယေဟောဝါသက်သေများ—သူတို့ မည်သူများနည်း။ သူတို့ ဘာကို ယုံကြည်ကြသနည်း။ ဘရိုရှာ စာမျက်နှာ ၃၀-၁ တွင် ဖော်ပြထားချက်ကို ဆွေးနွေး၍ ဟောပြောခြင်းလုပ်ငန်းတွင် မိမိကိုယ်နှိုက် ပါဝင်ခြင်းဖြင့် ယေဟောဝါအား ဂုဏ်တင်နိုင်ခြင်းအကြောင်း စဉ်းစားရန် လူသစ်များကို အားပေးပါ။
၁၀ ယေရှု၏ ယဇ်သကာနှင့် ကိုယ်တော်၏ တပည့်များအဖြစ် ကျွန်ုပ်တို့၏ အမှုထမ်းဆောင်ခွင့်ကို တန်ဖိုးထားလေးမြတ်ခြင်းသည် ခမည်းတော်ကို ဂုဏ်တင်ခြင်း၊ အခြားသူများကို ကောင်းချီးများ ရစေခြင်းပင် ဖြစ်၏။ “ငါ၏ အမှုကို ဆောင်ရွက်သောသူဖြစ်လျှင် ထိုသူကို ခမည်းတော်သည် ချီးမြှောက်တော်မူလတ္တံ့” ဟူ၍ ယေရှု ကတိပြုခဲ့သည်။—ယော. ၁၂:၂၆။