သာ၍လိုအပ်သောနေရာတွင် သင်အမှုဆောင်နိုင်မည်လော
၁ နောက်ထပ်နိုင်ငံတော်ကြွေးကြော်သူများလိုအပ်သည့်နေရာသို့ ပြောင်းရွှေ့ရန် သင်စဉ်းစားဖူးသလော။ “ကူးပါ . . . မစပါ” ဟုဖိတ်ခေါ်ခံရလျှင် တမန်တော်ပေါလုကဲ့သို့ သင်တုံ့ပြန်မည်လော။ (တ. ၁၆:၉၊ ၁၀) အသင်းတော်များစွာတွင် ရပ်ကွက်ပြီးစီးစေရန်အကူအညီပေးဖို့ ဝိညာဉ်ရေးရင့်ကျက်သောမိသားစုများ၊ ရှေ့ဆောင်များနှင့် ဦးစီးဦးဆောင်ရာတွင်အကူအညီပေးရန် အရည်အချင်းပြည့်မီသောအကြီးအကဲများနှင့် ဓမ္မအမှုထမ်းများလိုအပ်နေသည်။ ရပ်ကွက်သည် ကြီးမားသောကျေးလက်ဒေသများတစ်လျှောက် ပြန့်ကျဲတည်ရှိသော သီးခြားမြို့ငယ်များနှင့် ဖွဲ့စည်းထားခြင်းဖြစ်ကောင်းဖြစ်မည်။ အနီးဆုံးနိုင်ငံတော်ခန်းမသည် မိုင်များစွာဝေးကောင်းဝေးမည်။ လောကီလုပ်ငန်းသည် အကန့်အသတ်ရှိပေမည်။ ရာသီဥတုသည် အမြဲကောင်းချင်မှကောင်းမည်။ သင်သည် ထိုသို့သောစိန်ခေါ်ချက်တစ်ခုကို လက်ခံရန်အသင့်ရှိမည်လော။ အောင်မြင်မှုမည်သို့ရရှိနိုင်သနည်း။
၂ ယုံကြည်ကိုးစားမှုလိုအပ်– ဘုရားသခင်ညွှန်ကြားသည့်အတိုင်း အာဗြံသည် မိမိ၏မွေးရပ်မြေ ဥရမြို့ကိုစွန့်ခွာကာ သူ၏ဇနီး၊ တူနှင့် အိုနေပြီဖြစ်သောဖခင်တေရတို့နှင့်အတူ ခါရန်မြို့သို့ မိုင် ၆၀၀ ခရီးဆန့်ခဲ့သည်။ (က. ၁၁:၃၁၊ ၃၂; နေ. ၉:၇) တေရသေဆုံးပြီးနောက် ယေဟောဝါသည် ယခုအသက် ၇၅ နှစ်ရှိသောအာဗြံအား ခါရန်မြို့နှင့် သူ၏ဆွေမျိုးများကိုထားကာ ဘုရားသခင် သူ့ကိုပြမည့်တိုင်းပြည်သို့သွားရန် မိန့်တော်မူခဲ့သည်။ အာဗြံ၊ စာရဲနှင့် လောတတို့သည် “ထွက်သွား” ခဲ့ကြသည်။ (က. ၁၂:၁၊ ၄၊ ၅) အမှန်မှာ အာဗြံသည် ဓမ္မအမှုဆောင်များသာ၍လိုအပ်သည့်နေရာတွင် အမှုဆောင်ရန် ပြောင်းရွှေ့ခဲ့ခြင်းမဟုတ်ပါ။ သို့သော် သူပြောင်းရွှေ့ရန် တစ်စုံတစ်ရာလိုအပ်ခဲ့သည်။ အဘယ်အရာလိုအပ်ခဲ့သနည်း။
၃ အာဗြံသည် ယင်းသို့သောအလုပ်ကိုကြိုးစားလုပ်ဆောင်ရန် ယုံကြည်ကိုးစားမှုရှိဖို့လိုခဲ့သည်။ သူ၏စဉ်းစားတွေးခေါ်ပုံနှင့် ဘဝလမ်းစဉ်ကို ပြောင်းလဲပစ်ရမည်။ သူ့ဆွေမျိုးများ၏လုံခြုံမှုကို စွန့်ရမည်ဖြစ်သည်။ သို့သော် သူသည် သူနှင့်သူ၏အိမ်ထောင်ကိုစောင့်ရှောက်ရန် ယေဟောဝါကို ယုံကြည်ကိုးစားခဲ့သည်။ ယနေ့များစွာသောသူတို့သည် ယေဟောဝါကို မိမိတို့ယုံကြည်ကိုးစားကြောင်း အလားတူတင်ပြခဲ့ကြသည်။
၄ ရေတိုခန့်အပ်ချက်များ– ခန့်အပ်မခံရသေးသောရပ်ကွက်တွင် အမှုဆောင်ခြင်းမှရရှိသည့် ကြွယ်ဝသောကောင်းချီးများကို သင်ခံစားရဖူးသလော။ ယူ.အက်စ်.အေ. တွင် လွန်ခဲ့သည့်နှစ်က နယ်နိမိတ်ချင်းကပ်လျက်ရှိသောပြည်နယ် ၄၈ ခုတွင် ကြေညာသူ ၅,၆၉၉ ယောက်သည် ခန့်အပ်မခံရသေးသောရပ်ကွက် ၁၇၄ ခုအနက် ၁၆၃ ခုကိုပြီးစီးခဲ့ကြသည်။ အခြားကြေညာသူ ၅,၆၇၆ ယောက်မူ ရံဖန်ရံခါသာအမှုဆောင်သည့်ရပ်ကွက်ကိုပြီးစီးရန် အသင်းတော် ၃၈၀ ကိုအကူအညီပေးခဲ့ကြသည်။ အချို့သူတို့အတွက် ထိုသို့ပြုရန် အလွန်ဝေးလံသောနေရာအထိ ခရီးဆန့်ခဲ့ကြရသည်။
၅ မြန်မာနိုင်ငံတွင် သမ္မာတရားမရောက်ရှိသေးသည့်နေရာ ထောင်နှင့်ချီ၍ရှိပါသည်။ မြန်မာနိုင်ငံရှိ သန်းပေါင်းများစွာသောသူတို့သည် ယေဟောဝါ၏နာမတော်ကို တစ်ခါမျှမကြားဖူးကြချေ။ “ဟောပြောသောသူမရှိလျှင် အဘယ်သို့ကြားနိုင်မည်နည်း။” (ရော. ၁၀:၁၄ခ) သင်သည် ဝေးလံသောနေရာတစ်ခုသို့ မပြောင်းရွှေ့နိုင်လျှင် မြို့အတွင်းတွင် ပြောင်းရွှေ့နိုင်မည်လော။ ဥပမာ၊ ရန်ကုန်မြို့တွင် အသင်းတော်တစ်ခုမှ သာ၍လိုအပ်သည့်အခြားအသင်းတော်တစ်ခုသို့ ပြောင်းရွှေ့နိုင်ပါသည်။ ဤသို့ဖြင့် သင်သည် တစ်နေရာမှတစ်နေရာသို့ပြောင်းရွှေ့ရန်မလိုဘဲ အသင်းတော်ပြောင်းရန်သာလိုသည်။
၆ သာ၍လိုအပ်သောနေရာတွင်အမှုဆောင်ရန် ယာယီခန့်အပ်ချက်တစ်ခုကိုလက်ခံခြင်းသည် အခြားသောရည်ရွယ်ချက်တစ်ခုကို လုပ်ဆောင်စေနိုင်သည်။ ထိုသို့ပြုသူများသည် နိုင်ငံ၏အခြားဒေသတစ်ခုသို့ပြောင်းရွှေ့ခြင်း၏ ‘ကုန်ကျစရိတ်ကိုချင့်တွက်’ ရန်အကူအညီဖြစ်စေသည့် အသုံးဝင်သောအချက်အလက်များကို ရရှိနိုင်သည်။—လု. ၁၄:၂၈။
၇ ယဟောဝါသည် အဆုံးမတိုင်မီ သတင်းကောင်းကို “လူနေရာမြေတစ်ပြင်လုံး၌” ကြေညာရန် ဆုံးဖြတ်ထားတော်မူ၏။ (မ. ၂၄:၁၄၊ ကဘ) ယင်းကိုသိရှိလျက် သင်တတ်နိုင်မည်ဆိုလျှင် သာ၍လိုအပ်သည့်နေရာသို့ ပြောင်းရွှေ့ရန် သင်လိုလိုလားလားရှိမည်လော။ ဒေသများစွာတွင် လိုအပ်နေပါသည်။
၈ သာ၍လိုအပ်သောနေရာသို့ပြောင်းရွှေ့ခြင်း– သင်သည် အငြိမ်းစားယူထားသလော။ သင်၌ ပုံမှန်ဝင်ငွေရှိသလော။ မရှိပါက ကိုယ်ပိုင်လုပ်ငန်းအတွက် သင်စီစဉ်နိုင်မည်လော။ သင်သည် မည်သည့်နေရာတွင်မဆို တယ်လီဖုန်း သို့မဟုတ် ကွန်ပျူတာဖြင့် အသက်မွေးဝမ်းကျောင်းပြုနိုင်သလော။ သင်သည် မပြောင်းရွှေ့နိုင်ပါက အခြားတစ်နေရာရာတွင်အမှုဆောင်ရန် မိသားစုဝင်တစ်ဦးကို အကူအညီပေးနိုင်မည်လော။
၉ သင်သည် သာ၍လိုအပ်သည့်နေရာသို့ပြောင်းရွှေ့ရန် လိုအပ်ချက်ကိုပြည့်မီနိုင်မနိုင် ဆုတောင်းသုံးသပ်ပြီးနောက် ယင်းကိစ္စကို သင့်မိသားစုနှင့် သင့်အသင်းတော်ရှိအကြီးအကဲတို့နှင့် ဆွေးနွေးပါ။ ထို့နောက် စာတစ်စောင်ရေးရန်ပြင်ဆင်ကာ ယင်းစာနှင့်အတူ အကြီးအကဲများ၏ရှုမြင်ချက်များနှင့် ထောက်ခံချက်များပါဝင်နိုင်ရန် ၎င်းကို ဌာနခွဲရုံးသို့မပို့မီ အကြီးအကဲများအားပေးပါ။
၁၀ သင့်စာတွင် မည်သည့်အရာများ ပါဝင်သင့်သနည်း။ သင်၏အသက်၊ နှစ်ခြင်းခံသည့်ရက်စွဲ၊ အသင်းတော်တွင်ထမ်းဆောင်သည့်တာဝန်များ၊ အိမ်ထောင်ရေးအခြေအနေနှင့် သင်၌ကလေးငယ်များရှိမရှိ တို့ဖြစ်သည်။ သင်၏ကိုယ်ပိုင်လိုအပ်ချက်များနှင့်အညီ သင်အမှုဆောင်လိုသည့်ပြည်နယ်၏ အမည်ကိုဖော်ပြပါ။ ဥပမာ၊ သင်သည် ပူအိုက်ပြီးစိုထိုင်းသည့်နေရာတွင် နေနိုင်သလော။ ဆောင်းရာသီအအေးဒဏ်ကို ခံနိုင်သလော။ ပင်လယ်ရေမျက်နှာပြင်မြင့်သည့်နေရာတွင် သင်နေနိုင်သလော။ သင်သည် နိုင်ငံခြားဘာသာစကားတစ်ခုခုကို ပြောတတ်သလော။
၁၁ သင်သည် ဇွဲနှင့် ဦးဆောင်မှုစွမ်းရည်ရှိသလော။ သင့်အခြေအနေများက သာ၍လိုအပ်သည့်နေရာတွင် အမှုဆောင်ဖို့ သင့်အားခွင့်ပြုသလော။ ခွင့်ပြုမည်ဆိုလျှင် ကိုယ်တော်ကိုယုံကြည်ကိုးစားသူများ ကိုယ်ကျိုးစွန့်စိတ်ဓာတ်ကို တင်ပြကြစဉ် ယေဟောဝါသည် သူတို့အပေါ် ကြွယ်ဝသောကောင်းချီးများ မည်သို့အဆက်မပြတ်သွန်းလောင်းပေးနေသည်ကို ဆန်းစစ်ကြည့်ရှုပါလေ!—ဆာ. ၃၄:၈; မာလ. ၃:၁၀။