ဘုရားသခင့်သိုးတော်စုကို ထက်သန်စွာထိန်းကျောင်းသည့် “လူ့အသွင်ဆုလာဘ်များ”
၁ ယေဟောဝါသည် မိမိ၏သားတော်မှတစ်ဆင့် “လူ့အသွင်ဆုလာဘ်များ” ပြင်ဆင်ပေးခြင်းဖြင့် မေတ္တာပါသောအစီအစဉ်ကို ပြုလုပ်ပေးပါသည်တကား! (ဧ. ၄:၈၊ ၁၁၊ ၁၂၊ ကဘ) သူတို့၌ ဘုရားသခင့်သိုးတော်စုကို တက်ကြွထက်သန်စွာ ထိန်းကျောင်းခြင်းအပါအဝင် တာဝန်များစွာရှိသည်။ (၁ ပေ. ၅:၂၊ ၃) ကျွန်ုပ်တို့အားလုံး အလွန်လိုအပ်သောဤအစီအစဉ်မှ အကျိုးခံစားကြရသည်။ အချို့သူတို့သည် အခက်အခဲများကြုံနေရသည်ဖြစ်စေ၊ ပေါင်းသင်းခါစလူသစ်ဖြစ်စေ၊ အားနည်းချက်အချို့ရှိသည်ဖြစ်စေ၊ လမ်းလွဲနေသည်ဖြစ်စေ ဤအမျိုးသားတို့သည် အားလုံး၏ဝိညာဏကောင်းကျိုးကို အလွန်စိတ်ဝင်စားကြသည်။—ဖိ. ၂:၄; ၁ သက်. ၅:၁၂-၁၄။
၂ စိတ်အနှောင့်အယှက်ဖြစ်စေသည့် ကမ္ဘာ့ဖြစ်ရပ်များက စိုးရိမ်ပူပန်မှုအတော်အတန်ဖြစ်စေသောအခါ ဤလက်ထောက်သိုးထိန်းတို့သည် “လေလုံ၍ မိုးသက်မုန်တိုင်းကွယ်ရာအရပ်ကဲ့သို့” ဖြစ်ကြောင်းတွေ့ရသည်။ ကျွန်ုပ်တို့ပင်ပန်းနွမ်းလျနေသောအခါ သို့မဟုတ် ဝန်ပိပြီး နှစ်သိမ့်မှုလိုသည်ဟုခံစားရသောအခါ သူတို့သည် “သွေ့ခြောက်သောမြေ၌စီးသော ချောင်းရေကဲ့သို့” သို့မဟုတ် “နေပူသောအရပ်၌ ကျောက်လုံးကြီးအရိပ်ကဲ့သို့” ကျွန်ုပ်တို့ကိုလန်းဆန်းစေကြသည်။—ဟေရှာ. ၃၂:၂။
၃ မလှုပ်ရှားသူများကိုအားပေးခြင်း– အကြီးအကဲများသည် မှန်မှန်မကြေညာသူ သို့မဟုတ် မလှုပ်မရှားဖြစ်လာသူများကို အားပေးကာ အသင်းတော်လုပ်ငန်းအားလုံးတွင် မှန်မှန်ပါဝင်လာရန် ကူညီပေးဖို့ အထူးကြိုးစားကြသည်။ မေတ္တာပါသောသိုးထိန်းလည်ပတ်မှုများသည် လူများစွာအား အသင်းတော်စည်းဝေးများကို မှန်မှန်တက်ရန် ကူညီပေးကာ လယ်ကွင်းဓမ္မအမှုတွင် ပြန်ပါဝင်လာသည်အထိ ဝိညာဉ်ရေးအရ တည်ဆောက်ပေးခဲ့ပြီဖြစ်သည်။ အကြီးအကဲများ၏ ထိုသို့သောကြိုးစားမှုများအားလုံးသည် ယေဟောဝါ၏မေတ္တာပါသောဂရုစိုက်မှုနှင့် ယေရှုခရစ်၏တက်ကြွသောဦးဆောင်မှုကို ထင်ဟပ်စေသည်။ ကိုယ်တော်သည် လေလွင့် သို့မဟုတ် ပျောက်ဆုံးခဲ့ဖွယ်ရှိသည့် မိမိ၏သိုးအားလုံးအတွက် ထိုသို့ဂရုစိုက်မှုပြသည့်စံနမူနာကို ချမှတ်ခဲ့သည်။—မ. ၁၈:၁၂-၁၄; ယော. ၁၀:၁၆၊ ၂၇-၂၉။
၄ လက်ထောက်သိုးထိန်းများသည် အချို့သူတို့ ဝိညာဉ်ရေးအရ ယိမ်းယိုင်လာနိုင်သည့်လက္ခဏာများကို စောင့်ကြည့်ကြသည်။ စိတ်ဓာတ်ကျလက္ခဏာများပြသူ၊ အစည်းအဝေးများမှန်မှန်မတက်သူ သို့မဟုတ် လယ်ကွင်းလုပ်ငန်းတွင် အရှိန်လျော့လာသူမည်သူမဆို ဝိညာဏအကူအညီလိုအပ်နိုင်ခြေရှိသည်။ အကြီးအကဲများသည် လောကဝတ်စားဆင်ယင်မှုဘက် စတင်ယိမ်းယိုင်လာသူ သို့မဟုတ် အသင်းတော်ကိုအပြစ်ရှာတတ်သောသဘောရှိသူ မည်သူ့ကိုမဆို ကူညီပေးရန် စိတ်ထက်သန်ကြသည်။ အမှန်တကယ်စိတ်ဝင်စားမှု၊ ချစ်ခင်တွယ်တာမှုဖြင့် စိုးရိမ်တတ်သောကြီးကြပ်မှူးများသည် ထိုသို့သောသူများအား ယေဟောဝါအပေါ် သူတို့၏မေတ္တာပြန်ရှင်သန်လာရန်ကူညီပေးဖို့အားထုတ်ရာတွင် “ကိုယ်အသက်ကိုပင်” လိုလိုလားလားပေးကြသည်။—၁ သက်. ၂:၈။
၅ ယခင်က ဆက်ကပ်အပ်နှံပြီးသောခရစ်ယာန်အချို့သည် ကျန်းမာရေးပြဿနာ၊ စီးပွားရေးကျဆင်းမှု သို့မဟုတ် မိသားစုဖိစီးမှုများဖြင့် ဖိစီးခံနေရခြင်းကြောင့် ဝိညာဉ်ရေးမလှုပ်မရှားဖြစ်လာကာ အသင်းတော်နှင့်အဆက်အသွယ်ပြတ်ခဲ့ကြသည်။ အပြစ်မရှာဘဲ အကြီးအကဲများသည် ခက်ခဲသည့်ကာလများတစ်လျှောက် ယေဟောဝါသည် မိမိ၏သိုးအားလုံးကို ဂရုစိုက်ကာ ကူညီမစမည်ဖြစ်ကြောင်း ကြင်နာစွာအာမခံချက်ပေးကြသည်။ (ဆာ. ၅၅:၂၂; ၁ ပေ. ၅:၇) သူတို့သည် “ဘုရားသခင်၌ချဉ်းကပ်ကြ” လျှင် ကိုယ်တော်သည် ‘သူတို့၌ချဉ်းကပ်တော်မည်’ ဖြစ်ကာ နှစ်သိမ့်မှုနှင့်လန်းဆန်းမှုပေးမည်ဖြစ်ကြောင်း သဘောပေါက်ရန် သိုးတော်စု၏နိုးကြားသောသိုးထိန်းများ ကူညီပေးနိုင်သည်။—ယာ. ၄:၈; ဆာ. ၂၃:၃၊ ၄။
၆ အိုမင်းမစွမ်းသူများကိုတန်ဖိုးထားခြင်း– မေတ္တာရှိသောလက်ထောက်သိုးထိန်းများသည် လျစ်လျူရှုခံထားရသူများနှင့်ပတ်သက်၍လည်း စိုးရိမ်မကင်းဖြစ်ကြသည်။ အသင်းတော်တိုင်းနှင့်ပေါင်းသင်းနေသူများတွင် အချို့သည် အိုမင်းမစွမ်းဖြစ်၍ ပြုစုရေးဂေဟာတွင်နေကြရသည် သို့မဟုတ် တစ်နည်းနည်းဖြင့် မသန်မစွမ်းများဖြစ်နေကြသည်။ နိုင်ငံတော်သတင်းကြေညာရာတွင် သူတို့၏ပါဝင်မှုသည် သူတို့၏အခြေအနေများကြောင့် အကန့်အသတ်ရှိကြောင်း နားလည်နိုင်သည်။ သူတို့သည် ဧည့်သည်များ၊ အခြားလူနာများ သို့မဟုတ် ပြုစုစောင့်ရှောက်သူများနှင့် တွေ့ဆုံသည့်အခါ၌သာ သက်သေခံရန်အခွင့်အရေးရပေမည်။ သို့သော် သူတို့လုပ်နိုင်သောမည်သည့်အရာမဆို ဟောပြောခြင်းလုပ်ငန်းတစ်ခုလုံးအတွက် တန်ဖိုးရှိသောအထောက်အကူအဖြစ် ရှုမြင်ခံရသည်။ (မ. ၂၅:၁၅) သူတို့သည် ၁၅ မိနစ်မျှသာသက်သေခံသည့်တိုင် ယင်းကိုမှတ်တမ်းသွင်းသင့်ကာ ၎င်းတို့အား မှန်မှန်နိုင်ငံတော်ကြေညာသူများအဖြစ် ဆက်ရေတွက်မည်ဖြစ်သည်။
၇ “လူ့အသွင်ဆုလာဘ်များ” သည် နှစ်၏ဤအချိန်—သတိရအောက်မေ့ပွဲကာလ—တွင် မိမိတို့ညီအစ်ကိုများ၏ ဝိညာဉ်ရေးလိုအပ်ရာများကို အထူးသဖြင့်သတိပြုကြသည်။ လေလွင့်နေသူအားလုံးကို အသင်းတော်နှင့် လှိုက်လှဲစွာပေါင်းသင်းရာမှရရှိသည့် ရွှင်လန်းမှုနှင့် စိတ်ငြိမ်သက်မှုပြန်ခံစားရရန် အကြီးအကဲများ အထူးကြိုးစားကူညီပေးဖို့ အလွန်သင့်လျော်သည့်အချိန်ပါတကား! ထိုသို့သော “ယုံကြည်ခြင်း၏အိမ်သူအိမ်သားတို့” သည် အသင်းတော်စည်းဝေးများတက်၍ ဓမ္မအမှုတွင်ပါဝင်ကာ ရွေးနုတ်ဖိုးပူဇော်သကာအား သူတို့ယုံကြည်ကြောင်း ပြန်တင်ပြလာသည်ကိုတွေ့မြင်ရသောအခါ ကျွန်ုပ်တို့ပျော်ရွှင်ကြသည်။—ဂလ. ၆:၁၀; လု. ၁၅:၄-၇; ယော. ၁၀:၁၁၊ ၁၄။