သစ္စာရှိသက်ကြီးရွယ်အိုများကို သတိရပါ
၁ အသက် ၈၄ နှစ်ရှိသော အန္န သည် မုဆိုးမတစ်ဦးဖြစ်ကာ အိုမင်းနေပြီဖြစ်သော်လည်း “ဗိမာန်တော်နှင့်မခွာဘဲနေ၏။” သူ၏သစ္စာရှိမှုသည် သူ့အား အထူးကောင်းချီးတစ်ခုပေးရန် ယေဟောဝါကိုလှုံ့ဆော်ပေး၏။ (လု. ၂:၃၆-၃၈) ယနေ့ ညီအစ်ကိုညီအစ်မများစွာသည် ခက်ခဲသည့်အခြေအနေများရင်ဆိုင်ရငြား အန္နကဲ့သို့သောစိတ်ဓာတ်ကို တင်ပြကြသည်။ ထိုသို့သောသစ္စာရှိသူများသည် အသက်ကြီးရင့်ခြင်းကြောင့် ကျန်းမာရေးပြဿနာများ သို့မဟုတ် ကန့်သတ်ချက်များနှင့်ရင်ဆိုင်ရသောအခါ ရံဖန်ရံခါ စိတ်ဓာတ်ကျကြပေမည်။ သူတို့ကိုအားပေးကာ ဝိညာဉ်ရေးလုပ်ရိုးလုပ်စဉ်ကောင်းတစ်ခုရှိစေရန် ကျွန်ုပ်တို့ကူညီပေးနိုင်သည့် လက်တွေ့ကျနည်းလမ်းအချို့ကို သုံးသပ်ကြည့်ကြစို့။
၂ အစည်းအဝေးများနှင့် ဓမ္မအမှု– အခြားသူများက သယ်ယူပို့ဆောင်ရေးကို မေတ္တာဖြင့်စီစဉ်ပေးသည့်အခါ သစ္စာရှိသက်ကြီးရွယ်အိုများစွာသည် ခရစ်ယာန်အစည်းအဝေးများကို ပို၍လွယ်ကူစွာမှန်မှန်တက်ရောက်နိုင်သည်။ ယင်းက ဤသစ္စာရှိသက်တမ်းရင့်ကျေးကျွန်များကို ဝိညာဉ်ရေးအရတည်ဆောက်ပေးကာ အသင်းတော်ကိုလည်း အကျိုးရှိစေသည်။ ဤမွန်မြတ်သောအလုပ်တွင် သင်ပါဝင်ဖူးသလော။—ဟေဗြဲ ၁၃:၁၆။
၃ ဓမ္မအမှုတွင် မှန်မှန်ပါဝင်ခြင်းက စစ်မှန်သောခရစ်ယာန်များအား ရွှင်လန်းမှုနှင့် ကျေနပ်မှုရရှိစေသည်။ သို့သော် ထိုသို့လုပ်ဆောင်ခြင်းသည် သက်ကြီးရွယ်အိုများနှင့် အိုမင်းမစွမ်းသူများအတွက် စိန်ခေါ်ချက်ဖြစ်နိုင်သည်။ ဤချစ်ဖွယ်ကောင်းသူများထဲမှတစ်ဦးသည် သက်သေခံခြင်းလုပ်ငန်းကဏ္ဍအချို့တွင် “လုပ်ဖော်ဆောင်ဖက်” တစ်ဦးအဖြစ် သင်နှင့်အတူပါဝင်နိုင်မည်လော။ (ရော. ၁၆:၃၊ ၉၊ ၂၁၊ သမ) တယ်လီဖုန်းဖြင့်သက်သေခံရာတွင် သင်နှင့်အတူပါဝင်ရန် သို့မဟုတ် ပြန်လည်ပတ်မှု၊ ကျမ်းစာသင်အံမှုတစ်ခုကို သင်နှင့်အတူသွားရန် သူ့ကိုဖိတ်ခေါ်နိုင်သည်။ သက်ကြီးရွယ်အိုတစ်ဦးသည် အိမ်တွင်းအောင်းနေရသူဖြစ်ပါက ကျမ်းစာသင်သားတစ်ဦးသည် သင်အံမှုအတွက် ထိုသူ၏အိမ်သို့ လာနိုင်မည်လော။
၄ သင်အံမှုနှင့် ပေါင်းသင်းမှု– အခါအားလျော်စွာ အချို့သူတို့သည် သက်ကြီးရွယ်အို သို့မဟုတ် အိုမင်းမစွမ်းသူတစ်ဦးအား မိမိတို့၏မိသားစုသင်အံမှုတွင်ပါဝင်ရန် ဖိတ်ခေါ်ကြသည်၊ အချို့သည် ထိုသူ၏အိမ်၌ပင် သင်အံမှုကျင်းပကြသည်။ မိခင်တစ်ဦးသည် သက်ကြီးရွယ်အိုညီအစ်မတစ်ဦး၏အိမ်တွင် ကျွန်ုပ်၏ကျမ်းစာပုံပြင် စာအုပ်ဖြင့် သင်အံမှုပြုလုပ်ရန် သူ၏ကလေးငယ်နှစ်ဦးကိုခေါ်သွားရာ အားလုံးသည် ပေါင်းသင်းမှုအားဖြင့် အားပေးမှုရရှိခဲ့ကြသည်။ ထိုသို့သောသူများသည် ထမင်းစားရန် သို့မဟုတ် အခြားပေါင်းသင်းမှုအခါသမယတစ်ခုခုအတွက် ဖိတ်ခေါ်ခံရခြင်းကိုလည်း တန်ဖိုးထားကြသည်။ အိုမင်းမစွမ်းသူများသည် လည်ပတ်မှုတစ်ခုအတွက် အားအင်အလွန်ချည့်နဲ့နေလျှင် သူတို့အတွက် ဖတ်ပြခြင်း၊ သူတို့နှင့်အတူဆုတောင်းခြင်း သို့မဟုတ် တည်ဆောက်မှုဖြစ်စေသည့်တွေ့ကြုံမှုတစ်ခုဝေမျှခြင်းတို့ကို တိုတိုတုတ်တုတ်ပြုလုပ်ပေးနိုင်သည်။—ရော. ၁:၁၁၊ ၁၂။
၅ ယေဟောဝါသည် သစ္စာရှိသက်ကြီးရွယ်အိုများကို တန်ဖိုးထား၏။ (ဟေဗြဲ ၆:၁၀၊ ၁၁) ကျွန်ုပ်တို့သည် သူတို့ကို တန်ဖိုးထားကြောင်းဖော်ပြခြင်းနှင့် ဝိညာဏလုပ်ရိုးလုပ်စဉ်ကောင်းတစ်ခုရှိရန် ကူညီပေးခြင်းတို့ဖြင့် ကိုယ်တော်ကိုတုပနိုင်သည်။