ယေဟောဝါအား ယုံကြည်ကိုးစားသူများကို ကိုယ်တော်ကူညီ
၁ လူအများစုသည် ငွေ၊ အာဏာနှင့် လူ့အစွမ်းအစတို့ကို အောင်မြင်မှုအတွက်သော့ချက်များအဖြစ် ရှုမြင်ကြ၏။ (ဆာ. ၁၂:၄; ၃၃:၁၆၊ ၁၇; ၄၉:၆) သို့သော် ယေဟောဝါအား ကြောက်ရွံ့ကာ ယုံကြည်ကိုးစားသူများတွင် “ကိုယ်တော်သည် သူတို့၏အထောက်အမ၊ သူတို့၏ဒိုင်းလွှားဖြစ်တော်မူ၏” ဟူသော ကျမ်းစာအာမခံချက်ရှိထားသည်။ (ဆာ. ၁၁၅:၁၁၊ ကဘ) ယေဟောဝါအား ကျွန်ုပ်တို့ ယုံကြည်ကိုးစားကြောင်းပြဖို့လိုသည့် ကဏ္ဍနှစ်ခုကို သုံးသပ်ကြည့်ကြစို့။
၂ ခရစ်ယာန်ဓမ္မအမှုဆောင်များအနေနှင့်– ကျွန်ုပ်တို့သည် အသင်းတော်တာဝန်များ ကိုင်တွယ်သည့်အခါတိုင်း သို့မဟုတ် လယ်ကွင်းဓမ္မအမှုတွင် သွန်သင်သည့်အခါတိုင်း ဘုရားသခင်ကို မှီခိုအားထားကြရမည်။ ယေရှု၏ပုံသက်သေကို သုံးသပ်ကြည့်ပါ။ ကိုယ်တော်သည် ဘုရားသခင်၏သားတော်ဖြစ်သော်လည်း မိမိ၏ကိုယ်ပိုင်ဉာဏ် သို့မဟုတ် အစွမ်းအစကို မကိုးစားဘဲ ကောင်းကင်ခမည်းတော်ကို လုံးလုံးမှီခိုအားထားခဲ့သည်။ (ယော. ၁၂:၄၉; ၁၄:၁၀) ကျွန်ုပ်တို့သည် အလားတူမှီခိုအားထားမှုမျိုးရှိရန် သာ၍လိုအပ်သည်မှာအမှန်ပင်! (သု. ၃:၅-၇) ယေဟောဝါ၏ထောက်မမှုဖြင့်သာ ကျွန်ုပ်တို့၏ အကန့်အသတ်ရှိသောကြိုးစားမှုများသည် ကိုယ်တော့်ကို ဂုဏ်တင်ကာ အခြားသူများအား အကျိုးရရှိစေမည်ဖြစ်သည်။—ဆာ. ၁၂၇:၁၊ ၂။
၃ ကျွန်ုပ်တို့သည် ယေဟောဝါ၏လမ်းညွှန်မှုနှင့် သန့်ရှင်းသောဝိညာဉ်တော်အကူအညီရရှိရန် ဆုတောင်းခြင်းဖြင့် ကိုယ်တော်ကို မှီခိုအားထားကြောင်းပြကြသည်။ (ဆာ. ၁၀၅:၄; လု. ၁၁:၁၃) ထို့ပြင် ကျွန်ုပ်တို့၏သွန်သင်ချက်ကို ဘုရားသခင်၏နှုတ်ကပါဌ်တော်၊ သမ္မာကျမ်းစာအပေါ် အခြေပြုခြင်းဖြင့် ကိုယ်တော်အား ယုံကြည်ကိုးစားကြောင်းပြကြသည်။ ၎င်း၏သတင်းတရားသည် နှလုံးကိုထိမိစေကာ အသက်တာများကို ပြောင်းလဲပေးနိုင်စွမ်းရှိ၏။ (ဟေဗြဲ ၄:၁၂) ကျွန်ုပ်တို့သည် “ဘုရားသခင်ပေးသနားတော်မူသော အစွမ်းသတ္တိအတိုင်းဆောင်ရွက်” ကြသောအခါ ယေဟောဝါ၏ဘုန်းတော်ကို ထင်ရှားစေကြသည်။—၁ ပေ. ၄:၁၁။
၄ ပြဿနာများကို ကိုင်တွယ်ဖြေရှင်းခြင်း– ကျွန်ုပ်တို့သည် ဖိစီးမှုများနှင့် ပြဿနာများကို ရင်ဆိုင်ရသောအခါ အကူအညီရရှိရန် ယေဟောဝါအား မျှော်ကိုးဖို့လည်းလို၏။ (ဆာ. ၄၆:၁) ဥပမာ၊ အလုပ်ရှင်တစ်ဦးသည် စည်းဝေးပွဲတစ်ခုကို ကျွန်ုပ်တို့တက်ရန် ခွင့်ပေးဖို့ တွန့်ဆုတ်နေပေမည်၊ သို့မဟုတ် မိသားစုအသက်တာတွင် ခက်ခဲသောအခြေအနေတစ်ခုကို ကျွန်ုပ်တို့ရင်ဆိုင်ရပေမည်။ ကျွန်ုပ်တို့သည် ယေဟောဝါအား ထက်သန်စွာဆုတောင်းကာကိုယ်တော်၏နှုတ်ကပါဌ်တော်နှင့် အဖွဲ့အစည်းမှတစ်ဆင့်ပေးသည့်လမ်းညွှန်မှုကိုလက်တွေ့ကျင့်သုံးခြင်းဖြင့်ကိုယ်တော်အား ယုံကြည်ကိုးစားကြောင်းပြကြသည်။ (ဆာ. ၆၂:၈; ၁၁၉:၁၄၃၊ ၁၇၃) ထိုသို့ပြုခြင်းဖြင့် ယေဟောဝါ၏ကျေးကျွန်များသည် အသက်တာတွင် ကိုယ်တော်၏ကူညီမစမှုရရှိကြသည်။—ဆာ. ၃၇:၅; ၁၁၈:၁၃၊ ၁၆။
၅ ယေဟောဝါကိုယ်တော်တိုင်ဤသို့အာမခံသည်– “ထာဝရဘုရားကို ကိုးစားသောသူ၊ ထာဝရဘုရားကို မိမိကိုးစားရာအကြောင်းဖြစ်စေသောသူသည် ကောင်းချီးမင်္ဂလာကို ခံအပ်သောသူဖြစ်၏။” (ယေ. ၁၇:၇) ကျွန်ုပ်တို့လုပ်ဆောင်လေသမျှ၌ ကိုယ်တော်ကို ယုံကြည်ကိုးစားကြောင်း ပြသနိုင်ကြပါစေ!—ဆာ. ၁၄၆:၅။