ဓမ္မအမှုသင်တန်းကျောင်း—ဆောင်ရွက်စရာလုပ်ငန်းတံခါးကြီး
၁ ယေဟောဝါသည် ပရောဖက်ယေရမိမှတစ်ဆင့် ဤသို့တင်ကူးမိန့်မြွက်ခဲ့သည်– “ထိန်းကျောင်းသောသိုးထိန်းတို့ကိုလည်း [ငါ၏လူမျိုး] အပေါ်တွင် ငါခန့်ထားသဖြင့် နောက်တစ်ဖန်ကြောက်ရွံ့ခြင်း၊ ထိတ်လန့်ခြင်း၊ ပျောက်ဆုံးခြင်းမရှိရကြ။” (ယေ. ၂၃:၄၊ သမ္မာ) ယနေ့ ထိုသို့သောသိုးထိန်းခြင်းလုပ်ငန်းသည် လူမျိုးအသီးသီးမှလူတို့အလယ်တွင် ပြီးမြောက်လျက်ရှိ၏။ ဤလုပ်ငန်းကို အသင်းတော်အကြီးအကဲ ထောင်ပေါင်းများစွာက လုပ်ဆောင်လျက်ရှိသည်။ ထို့ပြင် ဆီးနှင်းပေါက်များပမာ အလွန်များပြားလှသော လူငယ်အုပ်စုသည် ယေဟောဝါ၏လုပ်ငန်းတွင် မိမိတို့ကိုယ်ကို လိုလိုလားလားပေးဆက်ခဲ့ကြသည်။ (ဆာ. ၁၁၀:၃၊ ကဘ) နှိမ့်ချမှုရှိသော ဤညီအစ်ကိုများသည် ဘုရားသခင့်လူမျိုး၏အသင်းတော်များအတွက် တကယ့်ကောင်းချီးတစ်ရပ်ပါတကား! ဝိညာဏစုသိမ်းခြင်းလုပ်ငန်းကို ဆက်လုပ်ဆောင်စဉ် မိမိတို့၏ညီအစ်ကိုများအကျိုးသယ်ပိုးရန် အသုံးတော်ခံဖို့ အရည်အချင်းရှိ အမျိုးသားများလိုအပ်လျက်ရှိ၏။
၂ တိုးများလာသော တာဝန်များအတွက် တစ်ကိုယ်ရေအကြီးအကဲများနှင့် ဓမ္မအမှုထမ်းများကိုလေ့ကျင့်ပေးရန် အစီအစဉ်ကောင်းတစ်ခုမှာ ဓမ္မအမှုသင်တန်းကျောင်းဖြစ်၏။ နိုင်ငံပေါင်း ၁၄၀ ခန့်မှ သင်တန်းသား ၂၂,၀၀၀ ကျော် သည် ၁၉၈၇ ခုနှစ်တွင် ကျောင်းစဖွင့်ကတည်းက ကျင်းပခဲ့သည့်သင်တန်း ၉၉၉ ခုတွင် ဤလေ့ကျင့်မှုကို ရရှိခဲ့ကြပြီ။ ဤညီအစ်ကိုများအတွက် ကျောင်းသည် “ဆောင်ရွက်စရာလုပ်ငန်းတံခါးကြီးတစ်ခု” ဖြစ်ကြောင်းထင်ရှားခဲ့ပြီ။—၁ ကော. ၁၆:၉၊ ကဘ။
၃ ကျောင်း၏ရည်ရွယ်ချက်– ဓမ္မအမှုသင်တန်းကျောင်း၏ရည်ရွယ်ချက်မှာ အဖွဲ့အစည်းတွင် လိုအပ်မည့်နေရာတိုင်း၌ တာဝန်များထမ်းဆောင်ရန် အရည်အချင်းရှိအမျိုးသားများကို လေ့ကျင့်ပြင်ဆင်ပေးရန်ဖြစ်သည်။ ကျောင်းသည် ဧဝံဂေလိလုပ်ငန်းတွင် ဦးဆောင်ခြင်း၊ သိုးတော်စုကိုထိန်းကျောင်းရာတွင် ပါဝင်ခြင်းနှင့် အသင်းတော်တွင် သွန်သင်ခြင်းဆိုင်ရာ သူတို့၏စွမ်းရည်များကို မြှင့်တင်ပေးသည်။ ကျောင်းဆင်းပြီးနောက် သင်တန်းသားအချို့သည် မိမိတို့၏နေရင်းတိုင်းပြည်များတွင် သို့မဟုတ် တိုင်းတစ်ပါးတွင် အထူးရှေ့ဆောင်များအဖြစ် သို့မဟုတ် နယ်လှည့်ကြီးကြပ်မှူးများအဖြစ် ခန့်အပ်ခံကြရသည်။ အခြားသူတို့မူ မိမိတို့၏ဌာနေအသင်းတော်များတွင် သို့မဟုတ် ဌာနခွဲနယ်မြေအတွင်းရှိ သာ၍လိုအပ်သောနေရာများတွင် အမှုဆောင်ရန် တာဝန်များရရှိကြသည်။
၄ ရှစ်ပတ်ကြာသင်တန်းအတွင်း သင်တန်းသားများသည် သမ္မာကျမ်းစာကို အာရုံစူးစိုက်လေ့လာကြသည်။ သူတို့သည် ကျမ်းစာသွန်သင်ချက်များအပြင် သိုးထိန်းခြင်းတာဝန်များနှင့် ခရစ်ယာန်အသက်တာတွင် ပြဿနာများကိုင်တွယ်ရန်အတွက် လမ်းညွှန်ချက်များစွာကို သေသေချာချာသုံးသပ်ကြသည်။ သူတို့သည် စီမံခန့်ခွဲရေး၊ တရားရေး၊ အဖွဲ့အစည်းဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်သည့် ကျမ်းစာသွန်သင်ချက်များကိုလည်း လေ့လာကြသည်။ လူထုရှေ့ဟောပြောခြင်းတွင် အထူးလေ့ကျင့်မှုရရှိကာ သူတို့၏ဝိညာဉ်ရေးတိုးတက်မှု မြန်ဆန်စေရန် ကိုယ်တိုင်ကိုယ်ကျ အကူအညီပေးခံကြရသည်။
၅ တောင်းဆိုချက်များ– ကျောင်းတက်ရန် တောင်းဆိုချက်များစွာရှိသည်ကို နားလည်နိုင်သည်။ လျှောက်ထားသူများသည် အကြီးအကဲ သို့မဟုတ် ဓမ္မအမှုထမ်းအနေနှင့် အနည်းဆုံး နှစ်နှစ်ဆက်တိုက် အမှုဆောင်ခဲ့ပြီးသူများဖြစ်ရမည်။ အားလုံးသည် လူလွတ်ဖြစ်ကာ အသက် ၂၃ နှစ်နှင့် ၅၀ ကြားဖြစ်ရမည်။ လျှောက်ထားသူများသည် ကျောင်းတွင် အသုံးပြုမည့်ဘာသာစကားကို ကျွမ်းကျင်စွာဖတ်နိုင်၊ ရေးနိုင်၊ ပြောဆိုနိုင်ရမည်ဖြစ်ကာ အထူးဂရုစိုက်မှု သို့မဟုတ် သတ်မှတ်အစားအစာမလိုဘဲ ကျန်းမာရေးကောင်းသူများဖြစ်ရမည်။ မှန်မှန်ရှေ့ဆောင်လုပ်သူများကို ဦးစားပေးသည်။
၆ စေတနာ့ဝန်ထမ်းများသည် လိုအပ်သောမည်သည့်နေရာတွင်မဆို လိုလိုလားလား အမှုဆောင်နိုင်သူများဖြစ်ရမည်။ ထိုသို့ဖြစ်ရန် ပရောဖက်ဟေရှာယ၏ စိတ်ဓာတ်မျိုးရှိဖို့လို၏၊ သူက “အကျွန်ုပ်ရှိပါ၏! အကျွန်ုပ်ကိုစေလွှတ်တော်မူပါ” ဟုဆိုကာ အထူးလုပ်ငန်းတစ်ခုလုပ်ဆောင်ဖို့ မိမိကိုယ်ကို စိတ်ထက်သန်စွာပေးဆက်ခဲ့သည်။ (ဟေရှာ. ၆:၈) သူ့ဘဝတစ်လျှောက်လုံးတွင်လည်း နှိမ့်ချမှုပြခဲ့သည်။ ဓမ္မအမှုသင်တန်းကျောင်းတက်ရန် လျှောက်ထားသူများသည် ထင်ပေါ်ကျော်ကြားမှု သို့မဟုတ် အထူးဂုဏ်ဒြပ် ရလို၍မဟုတ်ဘဲ ညီအစ်ကိုများကိုချစ်သည့်မေတ္တာနှင့် ၎င်းတို့အကျိုးသယ်ပိုးလိုသည့်ဆန္ဒကြောင့် ဖြစ်သင့်သည်။ ထိုသို့သောလေ့ကျင့်မှုကောင်းရရှိပြီးနောက် သင်တန်းဆင်းများသည် အခြားသူတို့၏အကျိုးအတွက် မိမိတို့တတ်သိခဲ့ရာများကို လက်တွေ့အသုံးချရန် မျှော်လင့်ခံရသည်။—လု. ၁၂:၄၈။
၇ အကျိုးကျေးဇူးများ– အထူးဂရုစိုက်လေ့ကျင့်မှုခံယူသည့် ရှစ်ပတ်အတွင်း သင်တန်းဆင်းများသည် ‘ယုံကြည်ခြင်းနှင့်ဆိုင်သောစကားများ၊ ကောင်းမြတ်သည့် ဩဝါဒစကားများနှင့် မွေးမြူခြင်းခံရ” ကြသည်။ (၁ တိ. ၄:၆၊ သမ္မာ) ယင်းက သူတို့တာဝန်ကျရာအသင်းတော်နှင့် တိုက်နယ်များအတွင်းရှိ အခြားသူတို့ကို အားပေးကူညီရန် အရည်အချင်းရှိစေသည်။ ဓမ္မအမှုသင်တန်းကျောင်းဆင်းများ တာဝန်ကျသည့်နေရာများစွာတွင် လယ်ကွင်းလုပ်ငန်းသည် တိုးတက်လာခဲ့ပြီ; အထူးသဖြင့် လူငယ်များသည် ရှေ့ဆောင်လုပ်ရန် အားပေးခံခဲ့ကြရသည်; ဘုရားသခင့်လူမျိုးနှင့်ပေါင်းသင်းနေသော လူသစ်များစွာသည် တစ်ဦးချင်း ပို၍အာရုံစိုက်ခံခဲ့ကြရပြီ။
၈ သင်သည် အသက် ၂၃ နှစ်နှင့် ၅၀ ကြားရှိ တစ်ကိုယ်ရေအကြီးအကဲ သို့မဟုတ် ဓမ္မအမှုထမ်းတစ်ဦးလော။ ဓမ္မအမှုသင်တန်းကျောင်းအတွက် လျှောက်လွှာတင်ဖို့ စဉ်းစားပါလေ။ သင်သည် ယေဟောဝါ၏လုပ်ငန်းတွင် ရေရှည်ပန်းတိုင်များချဖို့ စဉ်းစားနေသည့် ညီအစ်ကိုငယ်တစ်ဦးလော။ ဤ “ဆောင်ရွက်စရာလုပ်ငန်းတံခါးကြီး” သို့ဝင်နိုင်ရန် သင့်ဘဝကို ရိုးရှင်းစွာထားကာ အာရုံမထွေပြားစေပါနှင့်။ ယင်းက သင့်အား ပျော်ရွှင်ကျေနပ်မှု များစွာရရှိစေနိုင်သည်။ ဓမ္မအမှုသင်တန်းကျောင်းသည် သင်တန်းဆင်းများအတွက်သာမက ကမ္ဘာတစ်ဝန်းရှိ ဘုရားသခင့်လူမျိုး၏အသင်းတော်များအတွက်ပါ အမှန်ပင်ကောင်းချီးတစ်ရပ်ဖြစ်စေခဲ့ပြီ။
[စာမျက်နှာ ၃ မှလေးထောင့်ကွက်]
သင်တန်းမှ သူတို့အကျိုးခံစားခဲ့ကြရပုံ
“သင်တန်းက ကျွန်တော့်ရဲ့ဓမ္မအမှုကိုသာမက ကျမ်းချက်တွေသုံးပြီး ဉာဏ်ပညာရှိရှိ သိုးတော်စုထိန်းကျောင်းတဲ့ စွမ်းရည်ကိုလည်း အမှန်တကယ်တိုးတက်စေခဲ့တယ်။”
“ကျောင်းက ကျွန်တော့်ရဲ့ အသင်းတော်တာဝန်အသီးသီးကို ကိုင်တွယ်ရာမှာ ယုံကြည်စိတ်ချမှုများစွာ ရရှိစေခဲ့တယ်။”
“ဒီသင်တန်းကျောင်းက သီအိုကရေစီနဲ့ ဘုရားသခင့်အဖွဲ့အစည်းနဲ့ပတ်သက်တဲ့ ကျွန်တော့်ရဲ့ယူဆပုံအပါအဝင် ကျွန်တော့်ရဲ့ဘဝကဏ္ဍတိုင်းလိုလိုကို ပြောင်းလဲစေခဲ့တယ်။”
“ကျွန်တော်ရရှိခဲ့တဲ့လေ့ကျင့်မှုက လိုအပ်တဲ့နေရာမှာအမှုဆောင်ဖို့ အသင့်ရှိနေရမယ်ဆိုတာ သဘောပေါက်စေခဲ့တယ်။”