အရေးတကြီးသဘောထား ဆက်ရှိစေပါ!
၁ ခမည်းတော်၏လုပ်ငန်းပြီးမြောက်စေရန် ကမ္ဘာပေါ်တွင် မိမိနေရမည့်အချိန်သည် အကန့်အသတ်ရှိကြောင်း ယေရှုသိ၏။ (ယော. ၉:၄) ထို့ကြောင့် ကိုယ်တော်သည် မိမိ၏ဓမ္မအမှုကို အရေးတကြီးသဘောထားဖြင့် ထမ်းဆောင်ကာ ထိုအတိုင်းလုပ်ဆောင်ရန် တပည့်တော်များကို လေ့ကျင့်ပေးခဲ့သည်။ (လု. ၄:၄၂-၄၄; ၈:၁; ၁၀:၂-၄) စည်းစိမ်ဥစ္စာသည် ကိုယ်တော့်အတွက် အဓိကမဟုတ်ခဲ့ချေ။ (မ. ၈:၂၀) ထို့ကြောင့် မိမိအား ယေဟောဝါပေးအပ်ထားသောလုပ်ငန်းကို ကိုယ်တော် ပြီးမြောက်စေနိုင်ခဲ့သည်။—ယော. ၁၇:၄။
၂ အကန့်အသတ်ရှိသောအချိန်– “လူနေရာမြေတစ်ပြင်လုံး” တွင် သတင်းကောင်းဟောပြောရန်အချိန်သည်လည်း အကန့်အသတ်ရှိ၏။ (မ. ၂၄:၁၄၊ ကဘ) ကျွန်ုပ်တို့သည် ဆုံးခန်းကာလ၏အဆုံးစွန်ပိုင်းတွင် အသက်ရှင်နေကြသည်ဟု ကျမ်းစာပရောဖက်ပြုချက်ကဖော်ပြ၏။ မကြာမီ ‘ဘုရားသခင်ကိုမသိသောသူ၊ ငါတို့သခင်ယေရှုခရစ်၏ဧဝံဂေလိတရားကို နားမထောင်သောသူတို့သည် . . . ထာဝရပျက်စီးခြင်းတည်းဟူသောအပြစ်ဒဏ်ကို ခံရကြမည်။’ (၂ သက်. ၁:၆-၁၀) ထိုတရားစီရင်ခြင်းသည် ထူးခြားစွာ ရုတ်တရက်ရောက်ရှိလာမည်။ (လု. ၂၁:၃၄၊ ၃၅; ၁ သက်. ၅:၂၊ ၃) လူတို့သည် မိမိတို့၏ အန္တရာယ်ရှိသောအခြေအနေကို သတိမူမိဖို့လို၏။ အချိန်ရှိနေစဉ် ယေဟောဝါ၏မျက်နှာသာရရှိရန် သူတို့ကို ကူညီပေးခြင်းသည် ကျွန်ုပ်တို့၏တာဝန်ဖြစ်၏။—ဇေ. ၂:၂၊ ၃။
၃ အတတ်နိုင်ဆုံးလုပ်ဆောင်ခြင်း– “ကာလအချိန်တိုလာပြီ” ဖြစ်ကြောင်းအသိအမှတ်ပြုကာ ဘုရားကျေးကျွန်များသည် ဟောပြောခြင်းလုပ်ငန်းကို ဦးစားထားကြသည်။ (၁ ကော. ၇:၂၉-၃၁၊ သမ္မာ; မ. ၆:၃၃) အချို့သူတို့သည် ဓမ္မအမှုအတွင် တိုး၍ပါဝင်ရန် စီးပွားရေးအခွင့်အလမ်းများ သို့မဟုတ် အခြားကိုယ်ရေးကိုယ်တာလိုက်စားမှုများကို စွန့်လွှတ်ခဲ့ကြပြီ။ (မာ. ၁၀:၂၉၊ ၃၀) အခြားသူတို့မူ စုံစမ်းမှုများခံနေရသည့်ကြားမှ ဆက်လက်၍ “သခင်၏အမှုတော်၌ လုပ်ကိုင်စရာများစွာ” ရှိကြသည်။ (၁ ကော. ၁၅:၅၈၊ ကဘ) များစွာသောသူတို့သည် မယိမ်းမယိုင်ဘဲ ဆယ်စုနှစ်နှင့်ချီ၍ သတင်းကောင်းကို လူသိရှင်ကြားကြေညာခဲ့ကြသည်။ (ဟေဗြဲ ၁၀:၂၃) နိုင်ငံတော်အကျိုးစီးပွားကို ထောက်ပံ့ကူညီရာတွင် ထိုသို့သော ကိုယ်ကျိုးစွန့်မှုအားလုံးကို ယေဟောဝါ အလွန်တန်ဖိုးထားသည်။—ဟေဗြဲ ၆:၁၀။
၄ ကျွန်ုပ်တို့၏အသက်တာကို ဟောပြောခြင်းလုပ်ငန်းအပါအဝင် ယေဟောဝါအား ဝတ်ပြုရေးအတွက် အဓိကထားခြင်းက ယေဟောဝါ၏နေ့ကို ကျွန်ုပ်တို့၏စိတ်တွင် စွဲမှတ်ထားစေ၏။ ယင်းက စာတန့်လောကကြောင့် အာရုံမပျံ့လွင့်စေရန် ကာကွယ်ပေးကာ၊ သန့်ရှင်းသောအမူအကျင့်ကို ထိန်းသိမ်းထားရန်ဟူသော ကျွန်ုပ်တို့၏သန္နိဋ္ဌာန်ကို ခိုင်မာစေ၏။ (၂ ပေ. ၃:၁၁-၁၄) မှန်ပါသည်၊ ကျွန်ုပ်တို့၏ဓမ္မအမှုကို အရေးတကြီးသဘောထားဖြင့် ထမ်းဆောင်ခြင်းက ကျွန်ုပ်တို့ကိုယ်တိုင်နှင့် ကျွန်ုပ်တို့ကိုနားထောင်သူများ နှစ်ဦးစလုံးအတွက် အသက်ကယ်တင်ပေးနိုင်သည်။—၁ တိ. ၄:၁၆။