ယေဟောဝါ၏ဝတ်ပြုရေးကို လေးစားကြောင်း သင်တင်ပြသလော
ယေဟောဝါ၏လူမျိုးသည် ကိုယ်တော်အားဝတ်ပြုရန် ပတ်စဉ်မှန်မှန် စည်းဝေးကြသည်။ အစည်းအဝေးများသည် ကျွန်ုပ်တို့၏ဝိညာဏကောင်းစားရေးအတွက် အရေးပါကြောင်း ကျွန်ုပ်တို့သိရှိကြသည်။ ထို့ကြောင့် ယေဟောဝါ၏ဝတ်ပြုရေးကို လေးစားမှုပြလိုသူတိုင်းသည် အစည်းအဝေးများကို လေးစားမှုပြရမည်ဖြစ်သည်။ အစည်းအဝေးများကို လေးစားကြောင်း ကျွန်ုပ်တို့ မည်သို့တင်ပြကြမည်နည်း။
အစည်းအဝေးများတွင် အားပါးတရသီဆိုခြင်းအားဖြင့်ဖြစ်သည်။ ရှေးဟေဗြဲလူမျိုးများအတွက် သီချင်းဆိုခြင်းသည် ဝတ်ပြုရေး၏အရေးပါသောအစိတ်အပိုင်းတစ်ခုဖြစ်၏။ ယင်းက ယေဟောဝါကိုချီးမွမ်းရာတွင် သူတို့၏အပြုသဘောစိတ်ခံစားချက်ကို ဖော်ပြခွင့်ရစေသည်။ သီချင်းဆိုခြင်းသည် ပထမရာစုခရစ်ယာန်များ၏ဝတ်ပြုမှုတွင် ပုံမှန်အသွင်အပြင်တစ်ခုဖြစ်ခဲ့ကြောင်းကိုလည်း ကျွန်ုပ်တို့တွေ့ရသည်။ (၁ ကော. ၁၄:၁၅) အစည်းအဝေးများတွင် ကိုယ်တိုင် အားပါးတရသီဆိုခြင်းက ယေဟောဝါအား ချီးမွမ်းခွင့်ရစေသည်။ ထို့ကြောင့် ယေဟောဝါ၏ဝတ်ပြုရေးကို လေးစားမှုပြလိုသူတိုင်းသည် အစည်းအဝေးများတွင် နိုင်ငံတော်သီချင်းသီဆိုနေစဉ် အိမ်သာသွားခြင်း၊ ရေထသောက်ခြင်း၊ အခြားကိုယ်ရေးကိုယ်တာကိစ္စများ အစရှိသည်တို့ကို လုပ်ဆောင်ကြမည်မဟုတ်ချေ။
ယေဟောဝါ၏ဝတ်ပြုရေးကို လေးစားမှုပြနိုင်သည့်နောက်တစ်နည်းမှာ အသင်းတော်နှင့်အတူ ဆုတောင်းခြင်းတွင် ပါဝင်ခြင်းအားဖြင့်ဖြစ်၏။ အစည်းအဝေးအစီအစဉ်ကို ဆုတောင်းချက်ဖြင့်အစပြုသောကြောင့် ကျွန်ုပ်တို့သည် ယင်းအစီအစဉ်တွင်ပါဝင်ရန် အစည်းအဝေးမစတင်မီ မိမိတို့၏ထိုင်ခုံတွင် ရှိနေသင့်သည်။ မမျှော်လင့်သောအကြောင်းတစ်ခုခုကြောင့် အနည်းငယ်နောက်ကျပြီး ဆုတောင်းနေချိန်တွင် ရောက်လာလျှင်ကောအသို့နည်း။ ထိုအချိန်အခါမျိုးတွင် ယေဟောဝါအား နှလုံးပါပါဆုတောင်းခြင်းတွင် ပါဝင်နေသည့် ခန်းမထဲရောက်နှင့်နေပြီးသူများအား ကျွန်ုပ်တို့၏ခြေသံ၊ တံခါးဖွင့်သံ အစရှိသည်များဖြင့် အာရုံပျံ့လွင့်စေလိုကြမည်မဟုတ်ချေ။ သို့အစား ဆုတောင်းပြီးသည့်အထိ ခန်းမတံခါးဝတွင် လေးစားစွာ ရပ်နေမည်ဖြစ်သည်။ အစည်းအဝေးတက်ရောက်သူများသည် အများအားဖြင့် ဟောပြောသူများ၏ တင်ဆက်မှုများကို ထိုင်၍ နားထောင်လေ့ရှိကြသည်။ အစီအစဉ်ပါ မေးဖြေဆွေးနွေးသည့်အပိုင်းများ၌ ပါဝင်ခြင်းဖြင့်လည်း ယေဟောဝါအား ကျွန်ုပ်တို့ကိုယ်တိုင် ချီးမွမ်းခွင့်ရကြသည်။—ဆာ. ၂၆:၁၂။
အစည်းအဝေးများတွင် အားပါးတရသီဆိုခြင်း၊ ဆုတောင်းခြင်းတွင်ပါဝင်ခြင်း သို့မဟုတ် ဆုတောင်းနေစဉ် တံခါးဝတွင် ငြိမ်သက်စွာရပ်နေခြင်းနှင့် အစည်းအဝေးအစီအစဉ်ကို အာရုံစူးစိုက်နေခြင်းတို့ဖြင့် ယေဟောဝါ၏ဝတ်ပြုရေးကို လေးစားကြောင်း ကျွန်ုပ်တို့အားလုံး ပြကြစို့။