အခြားသူများအပေါ် ကျွန်ုပ်တို့အကြွေးတင်နေ
၁ တမန်တော်ပေါလုသည် လူတို့ကိုဟောပြောရန် တာဝန်ရှိသည်ဟု ခံစားခဲ့ရသည်။ မိမိသားတော်၏ အသွေးတော်မြတ်အားဖြင့် လူမျိုးအပေါင်း ကယ်တင်ခြင်းရရှိနိုင်ရန် ယေဟောဝါ ပြုလုပ်ပေးခဲ့ကြောင်း သူသိထားသည်။ (၁ တိ. ၂:၃-၆) ထို့ကြောင့် ပေါလုက “ဟေလသလူဖြစ်စေ၊ လူရိုင်းဖြစ်စေ၊ ပညာရှိဖြစ်စေ၊ ပညာမဲ့ဖြစ်စေ၊ လူအမျိုးမျိုးတို့၏ကြွေးသည် ငါ၌တင်လျက်ရှိ၏” ဟုဖော်ပြခဲ့သည်။ သူသည် သတင်းကောင်းဝေမျှခြင်းဖြင့် လူသားချင်းအပေါ် မိမိတင်နေသည့်အကြွေးကိုဆပ်ရန် စိတ်အားထက်ထက်သန်သန် မမောနိုင်မပန်းနိုင် ကြိုးစားလုပ်ဆောင်ခဲ့သည်။—ရော. ၁:၁၄၊ ၁၅။
၂ ပေါလုနည်းတူ ယနေ့ ခရစ်ယာန်များလည်း အခွင့်အရေးရတိုင်း မိမိတို့၏အိမ်နီးချင်းများအား သတင်းကောင်းကို ကြိုးစားဝေမျှကြသည်။ “ကြီးစွာသောဒုက္ခ” သည် အလျင်အမြန်ချဉ်းကပ်လာနေရာ နှလုံးရိုးဖြောင့်သူများကို ရှာဖွေဖို့ အရေးတကြီးလိုအပ်နေသည်။ လူတို့ကိုချစ်သည့် မေတ္တာစစ်က ဤအသက်ကယ်ဆယ်ရေးလုပ်ငန်းတွင် ဝီရိယရှိရန် ကျွန်ုပ်တို့ကို လှုံ့ဆော်ပေးနိုင်ပါစေ။—မ. ၂၄:၂၁; ယေဇ. ၃၃:၈။
၃ ကျွန်ုပ်တို့၏အကြွေးကိုဆပ်ခြင်း– လူတို့ထံ ကျွန်ုပ်တို့ရောက်ရှိရန် အဓိကနည်းမှာ တစ်အိမ်မှတစ်အိမ် ဟောပြောခြင်းဖြင့်ဖြစ်သည်။ လူမရှိသည့်အိမ်များသော ရပ်ကွက်များ၌ တိကျသောမှတ်တမ်းများထားပြီး အခြားအချိန်များတွင် ပြန်သွားခြင်းက လူများများနှင့် တွေ့နိုင်စေမည်ဖြစ်သည်။ (၁ ကော. ၁၀:၃၃) စီးပွားရေးရပ်ကွက်တွင်၊ လမ်းများပေါ်တွင်၊ ပန်းခြံများတွင်၊ ကားရပ်ရန်နေရာများတွင်သာမက တယ်လီဖုန်းသုံး၍ သက်သေခံခြင်းဖြင့်လည်း တစ်ဦးချင်းစီထံ ရောက်ရှိနိုင်သည်။ ‘အသက်ပေးသတင်းဝေမျှတဲ့အခါ ဟောပြောနည်းအသွယ်သွယ်ကို စမ်းကြည့်ဖို့ ငါ အစွမ်းကုန်ကြိုးစားနေသလား’ ဟု ကျွန်ုပ်တို့ကိုယ်ကို မေးနိုင်သည်။—မ. ၁၀:၁၁။
၄ မိမိ၏ရပ်ကွက်ရှိ လူတိုင်းထံရောက်ဖို့ဟူသော အထူးတာဝန်တစ်ခုရှိသည်ဟု ရှေ့ဆောင်တစ်ဦး ခံစားခဲ့ရသည်။ အိမ်တစ်အိမ်သည် ပြတင်းပေါက် အမြဲပိတ်ထားပြီး တစ်ခါမျှ လူမတွေ့ရချေ။ သို့သော် ထိုရှေ့ဆောင်သည် အမှုဆောင်မထွက်သည့်နေ့တစ်နေ့တွင် လူအမြဲမရှိသည့် ထိုအိမ်ရှေ့၌ ကားတစ်စီးရှိသည်ကို သတိပြုမိသည်။ အခွင့်အရေးကို လက်လွတ်မခံလို၍ တံခါးခေါင်းလောင်းကို နှိပ်လိုက်သည်။ အမျိုးသားတစ်ဦး တံခါးလာဖွင့်ပေးပြီး ဦးဆုံးအကြိမ် စကားစမြည်ပြောဆိုရာမှ ဤညီအစ်မနှင့် သူ၏ခင်ပွန်းသည် ကြိမ်ဖန်များစွာ ပြန်လည်ပတ်ခွင့်ရခဲ့သည်။ နောက်ဆုံးတွင် ထိုအမျိုးသားသည် ကျမ်းစာသင်အံမှုလက်ခံခဲ့ရာ ယခု နှစ်ခြင်းခံပြီးသော ညီအစ်ကိုတစ်ဦးဖြစ်နေပြီ။ သူသည် အခြားသူများအား ဟောပြောရန်တာဝန်ရှိသည်ဟု ဤညီအစ်မ ခံစားခဲ့ရသည့်အတွက် ကျေးဇူးတင်သည်။
၅ အချိန်ကုန်လုပြီဖြစ်ရာ ယခုအချိန်သည် ဟောပြောခြင်းလုပ်ငန်းတွင် အားတက်သရောပါဝင်ခြင်းဖြင့် လူသားချင်းတို့အပေါ် ကျွန်ုပ်တို့တင်နေသောအကြွေးကို ဆပ်ရမည့်အချိန်ဖြစ်သည်။—၂ ကော. ၆:၁၊ ၂။