စေတနာ့ဝန်ထမ်းစိတ်ဓာတ်က ကောင်းချီးများရရှိစေ
၁။ ဒါဝိဒ်နှင့်နေဟမိတို့သည် အဘယ်နည်းဖြင့် စေတနာ့ဝန်ထမ်းစိတ်ဓာတ် တင်ပြခဲ့ကြသနည်း။
၁ ဣသရေလလူတို့၏ ရှေ့တန်းထွက်စစ်သည်များကို ဂေါလျတ်က မခံချင်အောင်စိန်ခေါ်သည့်အခါ စစ်သည်တစ်ဦးမျှ ထွက်မတိုက်ဝံ့ပေ။ သို့သော် စစ်တိုက်အတွေ့အကြုံမရှိသော သိုးကျောင်းသားတစ်ဦးမူ စေတနာ့ဝန်ထမ်းခဲ့သည်။ (၁ ရာ. ၁၇:၃၂) ယေရုရှလင်မြို့သို့ ပြန်ရောက်လာသည့် နယ်နှင်ခံဂျူးများသည် မြို့ရိုးပြန်လည်တည်ဆောက်ရာတွင် မအောင်မြင်ပေ။ ထိုအခါ ပါရှားဘုရင်၏ဖလားတော်ဝန်သည် စေတနာ့ဝန်ထမ်းစိတ်ဓာတ်ရှိသောကြောင့် မိမိရာထူးကိုစွန့်ပြီး လုပ်ငန်းကိုစီစဉ်ဖွဲ့စည်းရန် ယေရုရှလင်သို့ ခရီးထွက်ခဲ့သည်။ (နေ. ၂:၅) ထိုစိတ်ဓာတ်ကြောင့် ဒါဝိဒ်နှင့်နေဟမိကို ယေဟောဝါကောင်းချီးပေးခဲ့သည်။—၁ ရာ. ၁၇:၄၅၊ ၅၀; နေ. ၆:၁၅၊ ၁၆။
၂။ ခရစ်ယာန်များသည် အဘယ်ကြောင့် စေတနာ့ဝန်ထမ်းစိတ်ဓာတ် တင်ပြသင့်သနည်း။
၂ ယနေ့ လောကတွင် စေတနာ့ဝန်ထမ်းစိတ်ဓာတ် မရှိသလောက်ပင်။ ဤ ‘နောက်ဆုံးကာလ’ တွင် လူတို့သည် အလွန်ဗျာများနေကြပြီး များစွာမှာ “ကိုယ်ကိုကိုယ်ချစ်သောသူ” များဖြစ်ကြသည်။ (၂ တိ. ၃:၁၊ ၂) အခြားသူတို့အား စေတနာ့ဝန်ထမ်း ကူညီနိုင်မည့် အခွင့်အရေးများကို လျစ်လျူရှုသည့်အထိ ကိုယ်ရေးကိုယ်တာတွင်သာ အလွယ်တကူ အာရုံနစ်မြုပ်သွားနိုင်သည်။ သို့သော် ခရစ်ယာန်များအနေနှင့် ကျွန်ုပ်တို့သည် အခြားသူများ၏အကျိုးအတွက် အစပြုလုပ်ဆောင်ခဲ့သော ယေရှုကို တုပလိုကြသည်။ (ယော. ၅:၅-၉; ၁၃:၁၂-၁၅; ၁ ပေ. ၂:၂၁) စေတနာ့ဝန်ထမ်းစိတ်ဓာတ်ကို မည်သို့တင်ပြနိုင်မည်နည်း။ အဘယ်ကောင်းချီးများ ခံစားရမည်နည်း။
၃။ အသင်းတော်အစည်းအဝေးများတွင် အဘယ်နည်းများဖြင့် စေတနာ့ဝန်ထမ်းနိုင်သနည်း။
၃ ညီအစ်ကိုများ၏အကျိုးအတွက်– အစည်းအဝေးများတွင် မှတ်ချက်ပေးကာ စေတနာ့ဝန်ထမ်းစိတ်ဓာတ် တင်ပြခြင်းဖြင့် အခြားသူများကို “ဝိညာဉ်ဆုကျေးဇူး” ပေးကမ်းနိုင်ပါသည်။ (ရော. ၁:၁၁) မှတ်ချက်ပေးခြင်းက ယေဟောဝါကို ဂုဏ်တင်ရာရောက်ပြီး ကျွန်ုပ်တို့၏စိတ်နှလုံးတွင် သမ္မာတရားကို အမြစ်စွဲစေကာ အစည်းအဝေးတက်ရသည်ကို ပို၍ပျော်ရွှင်စေသည်။ (ဆာ. ၂၆:၁၂) သီအိုကရက်တစ်ဓမ္မအမှုကျောင်းတွင် အစားထိုးဖို့လိုလာသည့်အခါတွင်လည်း စေတနာ့ဝန်ထမ်း ပြုလုပ်ပေးနိုင်သည်။ ယင်းက ကျွန်ုပ်တို့၏ သွန်သင်ခြင်းစွမ်းရည်ကို တိုးတက်စေပါသည်။
၄။ စေတနာ့ဝန်ထမ်းစိတ်ဓာတ် တင်ပြနိုင်သည့် နည်းလမ်းအချို့ကား အဘယ်နည်း။
၄ ညီအစ်ကိုများသည် အသင်းတော်တာဝန်များ ထမ်းဆောင်နိုင်ရန် ကြိုးစားခြင်းဖြင့် စေတနာ့ဝန်ထမ်းစိတ်ဓာတ် တင်ပြနိုင်သည်။ (ဟေရှာ. ၃၂:၂; ၁ တိ. ၃:၁) စည်းဝေးပွဲများနှင့် စည်းဝေးကြီးများ အဆင်ပြေချောမွေ့စေရန် ဌာနအသီးသီးတွင် စေတနာ့ဝန်ထမ်းခြင်းဖြင့် ကျွန်ုပ်တို့အားလုံး ကူညီနိုင်ပါသည်။ ဓမ္မအမှုတွင် နယ်လှည့်ကြီးကြပ်မှူးနှင့်အတူ အမှုဆောင်ခြင်း၊ ထမင်းဖိတ်ကျွေးခြင်းဖြင့် စေတနာ့ဝန်ထမ်းစိတ်ဓာတ်တင်ပြသည့်အခါ “အချင်းချင်းအားရသက်သာခြင်းသို့ရောက်” နိုင်သည်။ (ရော. ၁:၁၂) အသင်းတော်ရှိ ဖတဆိုးကလေးများ၊ မုဆိုးမများ၊ အိုမင်းမစွမ်းသူများ၊ ကလေးငယ်ရှိသည့် မိခင်များနှင့် အခြားသူများကို လက်တွေ့ကျကျကူညီသည့်အခါ ပျော်ရွှင်မှုနှင့် ယေဟောဝါ၏မျက်နှာသာ ခံစားရကြသည်။—သု. ၁၉:၁၇; တ. ၂၀:၃၅။
၅။ နိုင်ငံတော်ခန်းမနှင့်ပတ်သက်၍ အဘယ်ကဏ္ဍများတွင် စေတနာ့ဝန်ထမ်းရန် လိုအပ်သနည်း။
၅ နိုင်ငံတော်ခန်းမ သန့်ရှင်းရေးနှင့် ပြုပြင်ထိန်းသိမ်းရေးတွင် အချိန်နှင့်ခွန်အား စိုက်ထုတ်ခြင်းဖြင့်လည်း စေတနာ့ဝန်ထမ်းနိုင်ကြသည်။ ထို့ပြင် သမ္မာတရားသို့ လူသစ်များစွာ ရောက်ရှိလာနေသောကြောင့် နိုင်ငံတော်ခန်းမအသစ်များနှင့် ယင်းတို့ကိုဆောက်လုပ်ရန် စေတနာ့ဝန်ထမ်းများ ပို၍လိုအပ်လာနေသည်။ မောင်နှံတစ်စုံသည် ဆောက်လုပ်ရေးမကျွမ်းကျင်သော်လည်း ဒေသန္တရဆောက်လုပ်ရေးကော်မတီကို ကူညီရန်အသင့်ရှိခဲ့သည်။ ထိုမောင်နှံကို လေ့ကျင့်ပေးခဲ့ရာ ယခု အုတ်စီရာတွင် သူတို့ကူညီပေးနေသည်။ ဇနီးဖြစ်သူ ဤသို့ပြောခဲ့၏– “အခြားသူတွေနဲ့လက်တွဲလုပ်ဆောင်ရတဲ့အတွက် ပိုပြီးချစ်ခင်ရင်းနှီးလာတယ်။ တစ်နေ့တာကုန်သွားတဲ့အခါ ကာယရေးအရ မောပန်းနေပေမဲ့ ဝိညာဉ်ရေးအရ လန်းဆန်းနေပါတယ်။”
၆။ ဓမ္မအမှုလုပ်ငန်းသည် အဘယ်ကြောင့် အရေးကြီးဆုံး စေတနာ့ဝန်ထမ်းလုပ်ငန်းဖြစ်သနည်း။
၆ ဟောပြောခြင်းဖြင့်– ယနေ့ ကျွန်ုပ်တို့လုပ်ဆောင်နိုင်သည့် အရေးကြီးဆုံးစေတနာ့ဝန်ထမ်းလုပ်ငန်းမှာ နိုင်ငံတော်သတင်းဟောပြောခြင်းလုပ်ငန်းဖြစ်သည်။ လူတို့သည် ကျမ်းစာသွန်သင်ချက်များကို နားလည်ကာ လက်တွေ့ကျင့်သုံးလာသည်နှင့်အမျှ ဘဝအဓိပ္ပာယ်ရှိလာပြီး အကျင့်ဆိုးများကို တွန်းလှန်နိုင်သည့်ခွန်အား ရှိလာသည်။ ကျမ်းစာပါ အနာဂတ်မျှော်လင့်ချက်အကြောင်းလည်း သိရှိလာကြသည်။ ကျွန်ုပ်တို့သည် ထာဝရအကျိုးကျေးဇူးများရရှိစေမည့် ကျမ်းစာပညာပေးလုပ်ငန်းတွင် ပါဝင်ခြင်းဖြင့် ပျော်ရွှင်စွာ စေတနာ့ဝန်ထမ်းနိုင်ကြသည်။ (ယော. ၁၇:၃; ၁ တိ. ၄:၁၆) ကျွန်ုပ်တို့၏အခြေအနေအရ အရန်ရှေ့ဆောင် သို့မဟုတ် မှန်မှန်ရှေ့ဆောင်လုပ်ခြင်း၊ သာ၍လိုအပ်သောနေရာများသို့ ပြောင်းရွှေ့ခြင်း၊ ဘာသာခြားစကားသင်ယူခြင်းတို့ဖြင့် ဤလုပ်ငန်းတွင် ပို၍ပါဝင်နိုင်ပေမည်။
၇ မေရှိယစတင်အုပ်စိုးချိန်တွင် ဘုရားသခင့်လူတို့သည် “စေတနာစိတ်” ဖြင့် မိမိတို့ကိုယ်ကိုပေးဆပ်ကြလိမ့်မည်ဟု ဘုရင်ဒါဝိဒ် ပရောဖက်ပြုခဲ့သည်။ (ဆာ. ၁၁၀:၃) ယေဟောဝါသည် ဝိညာဏရိတ်သိမ်းခြင်းကို အပြီးသတ်ရန် အရှိန်မြှင့်လုပ်ဆောင်နေစဉ် စေတနာ့ဝန်ထမ်းလုပ်ဆောင်စရာများစွာရှိသည်။ (ဟေရှာ. ၆၀:၂၂) “အကျွန်ုပ်ရှိပါ၏။ အကျွန်ုပ်ကိုစေလွှတ်တော်မူပါ” ဟုသင်ဆိုနေပါသလော။ (ဟေရှာ. ၆:၈) စေတနာ့ဝန်ထမ်းစိတ်ဓာတ်တင်ပြခြင်းဖြင့် ယေဟောဝါကို စိတ်ရွှင်လန်းစေပြီး ကောင်းချီးများစွာ ရိတ်သိမ်းရပေမည်။
၇။ ယနေ့ စေတနာ့ဝန်ထမ်းစိတ်ဓာတ်သည် အဘယ်ကြောင့် အထူးအရေးကြီးသနည်း။