မေးခွန်းသေတ္တာ
◼ ဘာသာရေးအဖွဲ့အစည်းတစ်ခုက ဦးစီးဆောင်ရွက်သော ဆေးရုံ သို့မဟုတ် ပြုစုရေးဂေဟာတွင် ကုသစောင့်ရှောက်မှုခံယူခြင်းသည် ယေဟောဝါသက်သေတစ်ဦးအတွက် သင့်လျော်သလော။
ဘာသာရေးအဖွဲ့အစည်းအသီးသီးသည် ဆေးကုသပေးရန်နှင့် နာတာရှည်ရောဂါသည်များကို ပြုစုစောင့်ရှောက်ရန် ဆေးရုံများ၊ ပြုစုရေးဂေဟာများ တည်ထောင်ကြသည်။ အများအားဖြင့် ယင်းတို့ကို မဟာဗာဗုလုန်၏အကျိုးစီးပွား တိုးမြှင့်ရေးအတွက် တည်ထောင်ထားခြင်းမဟုတ်ပေ။ (ဗျာ. ၁၈:၂၊ ၄) ဘာသာရေးအဖွဲ့အစည်းတစ်ခုသည် ယင်းကို ဝင်ငွေရစေသောစီးပွားရေးလုပ်ငန်းတစ်ခုအဖြစ် တည်ထောင်ခဲ့ခြင်းဖြစ်ပေမည်။ ယနေ့၊ ဆေးရုံအချို့သည် ဘာသာရေးအဖွဲ့အစည်းတစ်ခုက တည်ထောင်ခဲ့သောကြောင့် ဘာသာရေးအမည်ခံရုံမျှသာဖြစ်ပြီး အချို့ဆေးရုံများတွင်မူ ဘာသာရေးအဖွဲ့ဝင်ဝန်ထမ်းများ ရှိနေဆဲဖြစ်ပေမည်။
ယေဟောဝါသက်သေတစ်ဦးသည် ဆေးရုံ သို့မဟုတ် ပြုစုရေးဂေဟာတွင် ဆေးကုသမှုခံယူရန် လိုအပ်လာပါက ဘာသာရေးအဖွဲ့အစည်းနှင့်ဆက်နွှယ်နိုင်သော ကျန်းမာရေးဌာနတစ်ခုသို့ သွားမည်မသွားမည်ကို ကိုယ်ပိုင်ဆုံးဖြတ်ရမည်။ လူတစ်ဦး၏သြတ္တပ္ပစိတ်က ထိုသို့သွားရန် ခွင့်ပြုနိုင်သော်လည်း အခြားသူတစ်ဦး၏သြတ္တပ္ပစိတ်မူ ထို့သို့ခွင့်ပြုချင်မှခွင့်ပြုပေမည်။ (၁ တိ. ၁:၅) လူတစ်ဦး၏ဆုံးဖြတ်ချက်ကို အကျိုးသက်ရောက်နိုင်သော အခြေအနေအချို့ရှိပြီး ယင်းတို့ကိုထည့်သွင်းစဉ်းစားခြင်းက ကောင်းပါသည်။
ဥပမာ၊ ဘာသာရေးအမည်တစ်ခုဖြင့် ဖွင့်လှစ်ထားသော ဆေးရုံ သို့မဟုတ် ပြုစုရေးဂေဟာတစ်ခုသည် အနီးအနားတွင်ရှိသည့် တစ်ခုတည်းသောဆေးရုံဖြစ်ပေမည်။ သို့မဟုတ် အနီးအနားတွင် အခြားဆေးရုံတစ်ခုရှိသော်လည်း ဘာသာရေးနှင့်ဆက်နွှယ်နေသောဆေးရုံ၏ ဆေးကုသမှုက ပိုကောင်းပေမည်။ ဘာသာရေးအမည်ဖြင့် ဖွင့်လှစ်ထားသောဆေးရုံတွင်သာ လိုအပ်သောဆေးကုသမှုပေးနိုင်သည့် ပစ္စည်းကိရိယာများရှိပေမည်၊ ယင်းဆေးရုံသည် သင့်ဆရာဝန် သို့မဟုတ် သင့်ခွဲစိတ်ဆရာဝန် ဆေးကုသပိုင်ခွင့်ရှိသော တစ်ခုတည်းသော ဆေးရုံဖြစ်ပေမည်။ ထို့ပြင် ဘာသာရေးနှင့်ဆက်နွှယ်နေသော ဆေးရုံများသည် ခရစ်ယာန်တစ်ဦးအနေဖြင့် သွေးနှင့်ပတ်သက်သော သင့်ရှုမြင်ချက်ကိုလေးစားပြီး အခြားပုဂ္ဂလိကနှင့် အစိုးရဆေးရုံများကမူ ထိုသို့လေးစားချင်မှလေးစားပေမည်။ ထို့ကြောင့် မည်သည့်ဆေးရုံသို့သွားမည်ကို ဆုံးဖြတ်ရာတွင် ယင်းအချက်အချို့ကို ထည့်သွင်းစဉ်းစားနိုင်သည်။
သင်သည် ဘာသာရေးနှင့်ဆက်နွှယ်နေသော ဆေးရုံ သို့မဟုတ် ပြုစုရေးဂေဟာသို့သွားမည်ဟု ဆုံးဖြတ်ပါက ဝန်ဆောင်မှုအတွက် အခပေးခြင်းအဖြစ်သာ ရှုမြင်ကောင်းရှုမြင်ပေမည်။ ယင်းသည် ဘာသာရေးအဖွဲ့အစည်းတစ်ခု၏ စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်ပြီး ဝန်ဆောင်မှုအတွက် အဖိုးအခပေးခြင်းမှာ မှောက်မှားသောဘာသာကိုထောက်ပံ့ရန် တိုက်ရိုက်နည်းဖြင့် အလှူငွေထည့်ဝင်နေခြင်းမဟုတ်ဟု သင်ရှုမြင်ပေမည်။ ယင်းသည် ဆေးပစ္စည်း သို့မဟုတ် ဝန်ဆောင်မှုတစ်ခုအတွက် ငွေပေးချေခြင်းမျှသာဖြစ်သည်။
ထိုအခြေအနေမျိုးတွင် ခရစ်ယာန်တစ်ဦးအနေဖြင့် သင်သည် မှောက်မှားသောဘာသာ၏အဘယ်ကဏ္ဍတွင်မျှ မပါဝင်ကြောင်း သေချာစေရမည်။ ထို့ပြင် ဆေးရုံတွင်အလုပ်လုပ်သူ၊ ဆေးရုံသို့လာလည်ပတ်သူအချို့ကို “ဖာသာ၊” “စစ္စတာ” စသော ဘာသာရေးဂုဏ်ပုဒ်များဖြင့် သင်ခေါ်ဆိုမည်မဟုတ်ပါ။ (မ. ၂၃:၉) ဆေးကုသမှုနှင့်ဝန်ဆောင်မှုပေးသော စီးပွားရေးလုပ်ငန်းတစ်ရပ်အဖြစ်သာ သင်ရှုမြင်ပေမည်။
ဆေးရုံတက်နေစဉ် သင်သည် ယေဟောဝါသက်သေတစ်ဦးဖြစ်ကြောင်း၊ ဒေသခံအကြီးအကဲများ၏ လာရောက်လည်ပတ်မှုကို လိုလားကြောင်း အသိပေးပြောဆိုနိုင်သည်။ ယင်းက သင်ဆေးရုံတက်နေစဉ် အကြီးအကဲများ၏ထောက်မမှုကို ရရှိစေနိုင်သည်။—၁ သက်. ၅:၁၄။
ယုံကြည်သူမိသားစုဝင်များ၊ ဒေသခံအကြီးအကဲများနှင့် အသင်းတော်ရှိအခြားသူများသည် အထူးသဖြင့် ဘာသာရေးအဖွဲ့တစ်ခုက တည်ထောင်ထားသော ဘိုးဘွားရိပ်သာတွင်နေထိုင်သည့် သက်ကြီးရွယ်အိုညီအစ်ကိုညီအစ်မများ၏ ဝိညာဉ်ရေးလိုအပ်ရာများကို ဖြည့်ဆည်းပေးရန် တာဝန်ယူသင့်သည်။ ထိုကိစ္စတွင် ဇွဲလုံ့လရှိခြင်းက သက်ကြီးရွယ်အိုများအတွက် အလွန်ပင်အားရှိစေ၍ ထိုတွင်ကျင်းပသော ဘာသာရေးအခမ်းအနားများ၊ ပွဲနေ့နှင့် အခြားထပ်တူလုပ်ဆောင်မှုများတွင် အမှတ်တမဲ့မပါဝင်မိစေရန် တားဆီးပေးနိုင်သည်။
ယင်းအချက်များကိုစိတ်စွဲမှတ်လျက် တစ်ဦးစီသည် ပါဝင်ပတ်သက်နေသောအခြေအနေအားလုံးကို ထည့်သွင်းစဉ်းစားရမည်ဖြစ်ပြီး မည်သည့်ဆေးရုံ၊ မည်သည့်ပြုစုရေးဂေဟာအား ရွေးချယ်မည်ကို ကိုယ်ပိုင်ဆုံးဖြတ်ရပေမည်။—ဂလ. ၆:၅။