အခိုင်အမာ အမြစ်စွဲနေသောအရာများကို ကျွန်ုပ်တို့ ဖြိုဖျက်နေ
၁ စာတန်သည် မှားယွင်းသောသွန်သင်ချက်များနှင့် လှည့်ဖြားမှုများဖြင့် လူများစွာ၏စိတ်နှလုံးကို လမ်းလွဲစေခဲ့သည်မှာ ရာစုနှစ်များစွာရှိပေပြီ။ သုံးပါးပေါင်းတစ်ဆူ၊ မသေနိုင်သောဝိညာဉ်၊ မီးငရဲစသောအယူဝါဒတို့ကို သူဖြန့်ခဲ့သည်။ ဖန်ဆင်းရှင်တစ်ပါးရှိကြောင်းကို မယုံကြည်စေရန်၊ ကျမ်းစာသည် ဘုရားထံမှဖြစ်ကြောင်းကို သံသယဝင်စေရန် သူပြုလုပ်နေသည်။ လူမျိုးရေးစိတ်၊ နိုင်ငံရေးစိတ်တို့ဖြင့်လည်း အမှန်တရားကို လူတို့လက်မခံစေရန် တားဆီးနေသည်။ (၂ ကော. ၄:၄) ထိုသို့ အခိုင်အမာ အမြစ်စွဲနေသောယုံကြည်ချက်များကို ကျွန်ုပ်တို့ မည်သို့ဖြိုဖျက်နိုင်သနည်း။—၂ ကော. ၁၀:၄၊ ၅၊ ကဘ။
၂ ခံစားချက်များ ပါဝင်ပတ်သက်– ကြာရှည်စွာအမြစ်စွဲနေသော ဘာသာရေးယုံကြည်ချက်များတွင် လူတစ်ဦး၏အတွင်းကျဆုံးခံစားချက်လည်း ပါဝင်လေ့ရှိသည်။ အချို့သည် မှားယွင်းသောယုံကြည်ချက်များကို ကလေးဘဝကတည်းက ယုံကြည်လက်ခံခဲ့ခြင်းဖြစ်သည်။ ထိုသို့သောသူတို့ကို ကူညီပေးရန် သူတို့၏သဘောထားကို လေးစားသောပုံစံဖြင့် ပြောဆိုရန် လိုအပ်သည်။—၁ ပေ. ၃:၁၅။
၃ သူတို့ အဘယ်အရာယုံကြည်သည်၊ အဘယ်ကြောင့် ယုံကြည်သည်ကို ရှင်းပြခွင့်ပေးခြင်းဖြင့် သူတို့ကိုလေးစားကြောင်း တင်ပြနိုင်သည်။ (ယာ. ၁:၁၉) သူတို့ချစ်မြတ်နိုးရသူများ သေဆုံးသွားပြီး သူတို့ကို ပြန်တွေ့လိုသောကြောင့် ဝိညာဉ်မသေဟူသော အယူအဆကို ယုံကြည်လက်ခံခြင်းဖြစ်ပေမည်။ သို့မဟုတ် အခါကြီးရက်ကြီးများ ကျင်းပချိန်တွင် မိသားစုနှင့် စုဆုံပေါင်းသင်းခွင့်ရသည်ကို နှစ်သက်သောကြောင့် ယင်းတို့ကို ကျင်းပနေခြင်းဖြစ်ပေမည်။ သူတို့ပြောဆိုသည့်အရာကို နားထောင်ခြင်းဖြင့် သူတို့ခံစားချက်ကို သိရှိလာစေနိုင်ပြီး ထိရောက်သောနည်းဖြင့် ပြန်ပြောဆိုစေနိုင်ပါလိမ့်မည်။—သု. ၁၆:၂၃။
၄ ယေရှုကို တုပပါ– ကျမ်းတတ်တစ်ဦး၏ မေးခွန်းများကို ယေရှုဖြေဆိုပုံက ကျွန်ုပ်တို့အတွက် အကောင်းဆုံးပုံနမူနာဖြစ်၏။ ယေရှုသည် ထိုသူကို တိုက်ရိုက်အဖြေမပေးခဲ့ပါ။ ထိုသို့ပေးခဲ့လျှင်လည်း သူ၏ခိုင်မာသောယုံကြည်ချက်များကြောင့် ယင်းကို လက်ခံမည့်ပုံမရှိပေ။ ယေရှုသည် ကျမ်းချက်များကို ကိုးကားပြီး သူ၏သဘောထားကို ထုတ်ဖော်လာစေသည်။ ထို့ပြင် ပုံဥပမာတစ်ခုသုံးကာ မှန်ကန်သောကောက်ချက်ချလာစေရန် ကူညီပေးခဲ့သည်။—လု. ၁၀:၂၅-၃၇။
၅ အခိုင်အမာအမြစ်စွဲနေသော မှားယွင်းသည့် ဘာသာရေးယုံကြည်ချက်များသည် ဘုရားသခင့်နှုတ်ကပါဌ်တော် အမှန်တရားကို မယှဉ်နိုင်ပါ။ (ဟေဗြဲ ၄:၁၂) နားထောင်သူ၏နှလုံးကို ထိမိစေရန် စိတ်ရှည်စွာရှင်းပြခြင်းဖြင့် အမှားကိုငြင်းပယ်ပြီး သူတို့ကိုလွတ်မြောက်စေနိုင်သည့် အမှန်တရားကို လက်ခံလာရန် ကျွန်ုပ်တို့ကူညီပေးနိုင်ကြပါသည်။—ယော. ၈:၃၂။