အမျိုးသားများကို သက်သေခံရန် စိန်ခေါ်မှုကို ရင်ဆိုင်ခြင်း
၁။ နိုင်ငံတော်အကျိုးစီးပွားတိုးပွားရန် လုပ်ဆောင်ရာတွင် အဘယ်အရေးတကြီးလိုအပ်ချက် ရှိသနည်း။
၁ ဤနောက်ဆုံးသောနေ့ရက်များတွင် နိုင်ငံတော်လုပ်ငန်း တိုးတက်လာသည်နှင့်အမျှ ဦးဆောင်ဦးရွက်ပြုရန် ကျမ်းစာတောင်းဆိုချက်များကို ပြည့်မီသော အမျိုးသားများ အရေးတကြီးလိုအပ်နေသည်။ (မာ. ၄:၃၀-၃၂; တ. ၂၀:၂၈; ၁ တိ. ၃:၁-၁၃) သို့တိုင် အချို့ဒေသများတွင် နိုင်ငံတော်သတင်းကိုလက်ခံသော အမျိုးသမီးများအရေအတွက်နှင့်ယှဉ်လျှင် အမျိုးသားများအရေအတွက်က ပို၍နည်းသည်။ ယဉ်ကျေးမှုတချို့တွင် ကလေးများအား ဘာသာရေးကိစ္စများနှင့် ဘုရားတရားရေးရာများ သွန်သင်ပေးခြင်းတာဝန်ကို အမျိုးသားများသည် ဇနီးသည်များအား လွှဲအပ်ထားကြသည်။ ဘုရားသခင်ကို မှီခိုရန်လိုကြောင်း အသိအမှတ်ပြုပြီး မှန်သောဝတ်ပြုရေးတွင် ကျွန်ုပ်တို့နှင့် ပူးပေါင်းလာစေဖို့ အမျိုးသားများကို မည်သို့အားပေးနိုင်သနည်း။
၂။ အမျိုးသားများကို သက်သေခံရန် ပေါလုနှင့်ပေတရုတို့၏ ကြိုးပမ်းမှုများသည် မည်သို့ အကျိုးဖြစ်ထွန်းခဲ့သနည်း။
၂ အမျိုးသားများကို အာရုံစိုက်၍ သက်သေခံပါ– အိမ်ထောင်ဦးစီးတစ်ယောက်သည် အမှန်တရားကို လက်ခံသောအခါ မှန်သောဝတ်ပြုရေးတွင် သူနှင့်ပူးပေါင်းလာစေရန် မိသားစုဝင်များကို ဩဇာညောင်းလေ့ရှိသည်။ ဥပမာ၊ ဟောပြောခြင်းကြောင့် ထောင်ကျနေစဉ် ပေါလုနှင့် သိလတို့သည် ထောင်မှူးတစ်ဦးကို သက်သေခံခဲ့ကြသည်။ သူနှင့်အတူ တစ်အိမ်သားလုံး နှစ်ခြင်းခံခဲ့ကြသည်။ (တ. ၁၆:၂၅-၃၄) ကောရိန္သုမြို့တွင် ပေါလု ဟောပြောခြင်းကြောင့် “တရားဇရပ်မှူး ကရိပ္ပု [သည်] အိမ်သူအိမ်သားရှိသမျှနှင့်တကွ သခင်ကို ယုံကြည်သူဖြစ်လာ၏။” (တ. ၁၈:၈) “ဘုရားတရား ကြည်ညိုသောသူ၊” “ဘုရားသခင်ကို ကြောက်ရွံ့ရိုသေသူ” အဖြစ် ထင်ရှားသော တပ်မှူးကော်နေလိကို သက်သေခံရန် ပေတရုကို ယေဟောဝါအသုံးပြုခဲ့သည်။ ကော်နေလိသည် သူ၏ဆွေမျိုးသားချင်းများ၊ ရင်းနှီးသောမိတ်ဆွေများနှင့်အတူ နှစ်ခြင်းခံခဲ့သည်။—တ. ၁၀:၁-၄၈။
၃။ ဖိလိပ္ပုကို တုပသည့်အနေနှင့် အဘယ်အရာရှိများကို သက်သေခံနိုင်သနည်း။
၃ “အရာရှိ” အမျိုးသားများကို သက်သေခံခြင်းသည် ကျယ်ကျယ်ပြန့်ပြန့် အကျိုးသက်ရောက်မှုရှိနိုင်သည်။ (၁ တိ. ၂:၁၊ ၂) ဥပမာ၊ အီသီယိုးပီးယားဘုရင်မ၏ ဘဏ္ဍာတော်ရှိသမျှကို အုပ်စိုးရသော “အရာရှိ” ကိုဟောပြောရန် ယေဟောဝါ၏ကောင်းကင်တမန်က ဖိလိပ္ပုကို အကြံပေးခဲ့သည်။ ထိုသူသည် “ပရောဖက်ဟေရှာယကျမ်းကို အသံကျယ်စွာ ဖတ်” နေသည်ကို ဖိလိပ္ပုကြားလျှင် သူ့အား ယေရှုအကြောင်းသတင်းကောင်း ရှင်းပြခဲ့သည်။ ထိုအီသီယိုးပီးယားလူသည် တပည့်တော်တစ်ဦးဖြစ်လာပြီး ဇာတိမြေသို့အပြန်တွင် သတင်းကောင်းကို ပျံ့နှံ့စေခဲ့ဖွယ်ရှိသည်။ သူသည် အခြားနည်းဖြင့် သတင်းကောင်းကြားရဖွယ်မရှိသည့် ဘုရင်မနှင့် နန်းတွင်းသားများကိုလည်း သက်သေခံခဲ့ပေမည်။—တ. ၈:၂၆-၃၉။
၄။ အမျိုးသားများ သတင်းကောင်းကြားနိုင်သည့်အခွင့်အရေး ပိုရရှိစေရန် ကျွန်ုပ်တို့ မည်သို့ပြုလုပ်နိုင်သနည်း။
၄ အမျိုးသားများထံ များများချဉ်းကပ်ပါ– အမျိုးသားများသည် နေ့အချိန်တွင် အလုပ်ခွင်၌ရှိတတ်သောကြောင့် ညနေပိုင်းများ၊ စနေတနင်္ဂနွေနေ့များနှင့် ရုံးပိတ်ရက်များတွင် ဓမ္မအမှု၌ ပို၍ပါဝင်ရန် သင် အစီအစဉ်ဆွဲနိုင်သလော။ စီးပွားရေးရပ်ကွက်တွင် မှန်မှန်လုပ်ဆောင်ခြင်းက အိမ်တွင် တွေ့ရခဲသော အမျိုးသားများကို သက်သေခံရန် အခွင့်အရေးပိုရစေပါမည်။ ညီအစ်ကိုများအနေနှင့် မိမိတို့၏ လုပ်ဖော်ဆောင်ဖက်အမျိုးသားများကိုလည်း အလွတ်သဘောသက်သေခံရန် အထူးကြိုးစားနိုင်ပါသည်။ တစ်အိမ်မှတစ်အိမ် ဓမ္မအမှုတွင်၊ အထူးသဖြင့် မကြာမကြာ အမှုဆောင်သည့်ရပ်ကွက်တွင် ညီအစ်ကိုများသည် အခါအားလျော်စွာ အိမ်ရှင်အမျိုးသားကို စကားပြောခွင့်တောင်းပေမည်။
၅။ ညီအစ်မတစ်ဦးသည် နိုင်ငံတော်သတင်းဟောပြောသည်ကို အမျိုးသားတစ်ဦး တလိုတလားတုံ့ပြန်သောအခါ မည်သို့ကိုင်တွယ်သင့်သနည်း။
၅ ညီအစ်မတစ်ဦး ဟောပြောသည်ကို အမျိုးသားတစ်ဦး တလိုတလားတုံ့ပြန်သောအခါ ထိုညီအစ်မတစ်ဦးတည်း ပြန်လည်ပတ်မှု မပြုသင့်ပါ။ သူ၏လင်ယောက်ျား သို့မဟုတ် အခြားကြေညာသူတစ်ဦးကို ခေါ်သွားနိုင်သည်။ စိတ်ဝင်စားသူသည် တိုးတက်လာသောအခါ အရည်အချင်းရှိသော ညီအစ်ကိုတစ်ဦးကို လွှဲပေးခြင်းက အကောင်းဆုံးဖြစ်သည်။
၆။ “သာ၍များသောသူတို့ကို ရရန်” တမန်တော်ပေါလုကို ကျွန်ုပ်တို့ မည်သို့တုပနိုင်သနည်း။
၆ အမျိုးသားများ စိတ်ဝင်စားသည့်အကြောင်းအရာများကို ရွေးချယ်ပါ– တမန်တော်ပေါလုသည် မိမိပရိသတ်ကို ထည့်စဉ်းစားပြီး “သာ၍များသောသူတို့ကို ရရန်” မိမိ၏ချဉ်းကပ်ပုံကို ပြုပြင်ပြောင်းလဲခဲ့သည်။ (၁ ကော. ၉:၁၉-၂၃) ထိုနည်းတူ ကျွန်ုပ်တို့ ဆုံတွေ့ရမည့် အမျိုးသားများ ကြိုက်နှစ်သက်ဖွယ်ရှိမည့် အကြောင်းအရာများကို စဉ်းစားကာ ယင်းနှင့်အညီ ပြင်ဆင်ထားသင့်သည်။ ဥပမာ၊ အမျိုးသားများသည် စီးပွားရေးပြဿနာများ၊ ကောင်းသောအစိုးရ၊ မိသားစု ဘေးကင်းရေးနှင့် လုံခြုံရေးတို့ကို စိတ်ဝင်စားလေ့ရှိကြသည်။ ဘ၀ရည်ရွယ်ချက်၊ ကမ္ဘာမြေ၏အနာဂတ်နှင့် ဆင်းရဲဒုက္ခကို ဘုရားသခင် အဘယ်ကြောင့် ခွင့်ပြုထားကြောင်းကိုလည်း သူတို့စိတ်ဝင်စားကြပေမည်။ ပိုင်းခြားမှုရှိစွာဖြင့် ကျွန်ုပ်တို့ ချဉ်းကပ်မည်ဆိုလျှင် နိုင်ငံတော်သတင်းတင်ဆက်မှုသည် ပို၍လက်ခံချင်စဖွယ်ဖြစ်ပါလိမ့်မည်။—သု. ၁၆:၂၃။
၇။ အသင်းတော်သားအားလုံးသည် အစည်းအဝေးလာတက်သော မယုံကြည်သူ လင်ယောက်ျားများအပေါ် မည်သို့ကောင်းကျိုးသက်ရောက်စေနိုင်သနည်း။
၇ မယုံကြည်သူလင်ယောက်ျားများကို အစပြုကူညီပါ– ခရစ်ယာန်ညီအစ်မများ၏ အမူအကျင့်ကောင်းများသည် မယုံကြည်သူလင်ယောက်ျားများအပေါ် အများဆုံး ဩဇာလွှမ်းမိုးလေ့ရှိသည်မှန်စေကာမူ အသင်းတော်သားများသည်လည်း ကောင်းကျိုးသက်ရောက်စေနိုင်ပါသည်။ (၁ ပေ. ၃:၁-၄) မယုံကြည်သူ အိမ်ထောင်ဖက်တစ်ဦးသည် ဇနီးသည်နှင့် အစည်းအဝေးလာတက်သည့်အခါ အသင်းတော်မှ လှိုက်လှိုက်လှဲလှဲ ကြိုဆိုခြင်းက အလွန်ထိရောက်သော သက်သေခံချက်ဖြစ်ပါလိမ့်မည်။ ထိုသို့လာတက်ခြင်းက အမှန်တရားကို သူအတော်အတန်စိတ်ဝင်စားကြောင်း ဖော်ပြပြီး ကျမ်းစာသင်အံမှုကို လက်ခံလိုစိတ်ရှိနိုင်သည်။
၈။ ညီအစ်ကိုများသည် အမှန်တရားကို အနည်းငယ်သာ စိတ်ဝင်စားသော မယုံကြည်သူလင်ယောက်ျားများကို မည်သို့ အစပြုကူညီပေးနိုင်သနည်း။
၈ သို့သော် အချို့လင်ယောက်ျားများသည် အစပိုင်းတွင် ကျမ်းစာကို အနည်းငယ်သာ စိတ်ဝင်စားသော်လည်း နောက်ပိုင်းတွင် သူနှင့်အဆင်ပြေမည့် ညီအစ်ကိုတစ်ဦးနှင့် ကျမ်းစာဆွေးနွေးလိုပေမည်။ အသင်းတော်တစ်ခုမှ ညီအစ်ကိုများသည် ဘာသာရေးအရ ကွဲပြားနေသည့် မိသားစုတစ်ခုထံ မကြာမကြာလည်ပတ်သောအခါ မယုံကြည်သူ လင်ယောက်ျားစိတ်ဝင်စားသည့် အကြောင်းအရာများကို သူနှင့်စကားစမြည်ပြောရန် ကြိုးစားအားထုတ်ခဲ့ကြသည်။ နောက်ဆုံးတွင် ကျမ်းစာအကြောင်းဆွေးနွေးခွင့်ရစေရာ ယခု ထိုသူသည် နှစ်ခြင်းခံပြီးနေပြီ။ နောက်အဖြစ်အပျက်တစ်ခုတွင် ညီအစ်ကိုတစ်ဦးသည် ဖော်ရွေသော မယုံကြည်သူ လင်ယောက်ျားတစ်ဦး ခြံစည်းရိုးခတ်ရာတွင် ဝိုင်းကူညီပေးခဲ့သည်။ ဤသို့ပုဂ္ဂိုလ်ရေးစိတ်ဝင်စားမှုပြခြင်းဖြင့် ကျမ်းစာသင်အံမှုတစ်ခု စတင်နိုင်ခဲ့သည်။ (ဂလ. ၆:၁၀; ဖိ. ၂:၄) သင်သည် ခရစ်ယာန်ညီအစ်ကိုတစ်ဦးဖြစ်မည်ဆိုလျှင် တစ်ယောက် သို့မဟုတ် ထိုထက်မကသော မယုံကြည်သူလင်ယောက်ျားများကို ကူညီပေးပါလေ။
၉။ ခရစ်ယာန်အမျိုးသားများကို လေ့ကျင့်ပေးခြင်းမှ အဘယ်အကျိုးရရှိနိုင်သနည်း။
၉ အနာဂတ်အတွက် လေ့ကျင့်ပေးပါ– နိုင်ငံတော်သတင်းကိုတုံ့ပြန်ပြီး ယေဟောဝါ၏လုပ်ငန်းတော်အခွင့်ထူးများကို လက်လှမ်းယူသည့် အမျိုးသားများသည် ယေဟောဝါလူမျိုးတော် အသင်းတော်များ၏ အကျိုးအတွက် မိမိတို့၏စွမ်းရည်နှင့် ခွန်အားများကို အသုံးပြုသော ခရစ်ယာန်အကြီးအကဲများတည်းဟူသော “လူ့အသွင်ဆုများ” ဖြစ်လာကြပေမည်။ (ဧ. ၄:၈; ဆာ. ၆၈:၁၈) ထိုအမျိုးသားများသည် အသင်းတော်ကို စိတ်လိုကိုယ်လျောက် စိတ်အားထက်သန်စွာ ထိန်းကျောင်းကြသည်။ (၁ ပေ. ၅:၂၊ ၃) သူတို့သည် ညီအစ်ကိုအသင်းအပင်းတစ်ရပ်လုံးအတွက် တကယ့်ကောင်းချီးပင်။
၁၀။ ပေါလုကို ကူညီပေးရန် အာနနိ၏ကြိုးပမ်းမှုသည် လူများစွာကို မည်သို့အကျိုးပြုခဲ့သနည်း။
၁၀ ဥပမာ၊ ရှောလုသည် တစ်ချိန်က ခရစ်ယာန်များကို ညှဉ်းဆဲသူဖြစ်သော်လည်း “လူမျိုးခြားတို့နှင့်ဆိုင်သော တမန်တော်” ဖြစ်လာသည်။ (ရော. ၁၁:၁၃) ထိုသို့ညှဉ်းဆဲသူဖြစ်သောကြောင့် တပည့်တော်အာနနိသည် ရှောလုကိုဟောပြောရန် အစပိုင်းတွင် တွန့်ဆုတ်ခဲ့သည်။ သို့ရာတွင် အာနနိသည် သခင်၏ညွှန်ကြားချက်ကို လိုက်နာကာ ထိုအမျိုးသားကို ဟောပြောခဲ့သည်၊ ထိုသူသည် နောက်ပိုင်းတွင် တမန်တော်ပေါလု ဖြစ်လာခဲ့သည်။ နှစ်များတစ်လျှောက် ပေါလု၏ဓမ္မအမှုသည် သူ၏ဟောပြောချက်ကို ကြားနာသူ ထောင်ပေါင်းများစွာကို အကျိုးပြုခဲ့သည်၊ ထို့ပြင် သန်းပေါင်းများစွာသောသူတို့သည် သမ္မာကျမ်းစာပါ စွမ်းအားတော်ဖြင့်ရေးသော သူ၏စာစောင်များမှ အကျိုးခံစားနေရဆဲဖြစ်သည်။—တ. ၉:၃-၁၉; ၂ တိ. ၃:၁၆၊ ၁၇။
၁၁။ အမျိုးသားများကို သက်သေခံရန် လိုအပ်သော မည်သည့်ပြုပြင်ပြောင်းလဲမှုကိုမဆို အဘယ်ကြောင့် ပြုလုပ်သင့်သနည်း။
၁၁ ထို့ကြောင့် အမျိုးသားများကိုသက်သေခံရန် စိန်ခေါ်မှုကို ရင်ဆိုင်ရာတွင် လိုအပ်သော မည်သည့်ပြုပြင်ပြောင်းလဲမှုကိုမဆို ပြုလုပ်ကြပါစို့။ ဤပန်းတိုင်ရောက်ဖို့ ကျွန်ုပ်တို့ကြိုးစားနေစဉ် ယေဟောဝါ၏အလိုတော်ကို ထမ်းဆောင်ခြင်းနှင့် နိုင်ငံတော်အကျိုးစီးပွားတိုးတက်ရန် ဝီရိယရှိရှိ လုပ်ဆောင်ခြင်းအတွက် ကိုယ်တော်၏ကောင်းချီးခံစားရမည်ကို စိတ်ချကြသည်။