ခရိုင်စည်းဝေးကြီးများ—ရွှင်လန်းစွာဝတ်ပြုချိန်
၁။ အစ္စရေးလူမျိုးရဲ့ပွဲတော်တွေက မျက်မှောက်ခေတ် ခရိုင်စည်းဝေးကြီးတွေနဲ့ ဘယ်လိုဆင်တူသလဲ။
၁ ယောသပ်၊ မာရိ၊ သူတို့ရဲ့သားသမီးတွေနဲ့ တခြားသူတွေဟာ နှစ်စဉ်ပွဲတော်တက်ရောက်ဖို့ ဂျေရုဆလင်ကို မှန်မှန်သွားကြတယ်။ ဒီအချိန်မှာ သူတို့နဲ့ အခြားဝတ်ပြုသူတွေက သူတို့ရဲ့လုပ်ငန်းဆောင်တာတွေကို ထားခဲ့ပြီး ပိုအရေးကြီးတဲ့ဝတ်ပြုရေးနဲ့ဆိုင်တဲ့ကိစ္စရပ်တွေကို အာရုံစိုက်ခဲ့ကြတယ်။ ပွဲတော်အတွင်းမှာ ယေဟောဝါရဲ့ကောင်းမြတ်မှုအကြောင်းကို ပြန်လည် စဉ်းစားပြောဆိုဖို့နဲ့ ကိုယ်တော့်ပညတ်တော်တွေကို သုံးသပ်ဖို့ အချိန်ရစေတယ်။ ကျွန်ုပ်တို့လည်း လာမယ့်ခရိုင်စည်းဝေးကြီးတွေမှာ ယေဟောဝါကိုရွှင်လန်းစွာဝတ်ပြုနိုင်ဖို့ အလားတူ အခွင့်အရေးတွေ ရရှိကြပါလိမ့်မယ်။
၂။ လာမယ့်ခရိုင်စည်းဝေးကြီးအတွက် ဘာတွေ ကြိုတင်ပြင်ဆင်ဖို့လိုသလဲ။
၂ ကြိုတင်ပြင်ဆင်ဖို့လို– ယေရှုရဲ့မိသားစုဟာ နာဇရက်မြို့ကနေ ဂျေရုဆလင်မြို့အထိ အသွားအပြန်မိုင် ၁၂၀ ခရီးကို ခြေလျင်လျှောက်ခဲ့ကြရတယ်။ ယေရှုမှာ မွေးချင်းဘယ်နှစ်ယောက်ရှိတယ်ဆိုတာ ကျွန်ုပ်တို့မသိပေမဲ့ ယောသပ်နဲ့မာရိဟာ ခရီးသွားဖို့ ဘယ်လောက်တောင် ကြိုတင်ပြင်ဆင်ရမယ်ဆိုတာ ခန့်မှန်းကြည့်နိုင်တယ်။ လာမယ့်ခရိုင်စည်းဝေးကြီးသုံးရက်စလုံးကို တက်ရောက်နိုင်ဖို့ သင် ကြိုတင်ပြင်ဆင်ထားပြီးပြီလား။ ကြိုတင်ပြင်ဆင်မှုမှာ အလုပ်ကနေခွင့်ယူဖို့၊ အလုပ်ရှင်ထံ ခွင့်တောင်းဖို့၊ ကလေးတွေအတွက် ဆရာ/ဆရာမတွေဆီကနေ ခွင့်တောင်းဖို့ ပါဝင်တယ်။ လိုအပ်မယ်ဆိုရင် ဟိုတယ်အခန်းအတွက် ကြိုတင်မှာထားပြီးပြီလား။ ခရိုင်စည်းဝေးကြီးတက်ရောက်ဖို့ အသင်းတော်က အထူးလိုအပ်ချက်ရှိနေသူတစ်ဦးဦးကို သင် အစပြုကူညီပေးနိုင်မလား။—၁ ယော. ၃:၁၇၊ ၁၈။
၃။ အစ္စရေးလူမျိုးရဲ့ပွဲတော်တွေက ဘယ်လိုနည်းအားဖြင့် တည်ဆောက်မှုဖြစ်စေတဲ့ပေါင်းသင်းမှု ရရှိစေသလဲ။
၃ တည်ဆောက်မှုဖြစ်စေတဲ့ပေါင်းသင်းမှု– ဂျူးပွဲတော်တွေက ဝတ်ပြုသူချင်းတွေနဲ့ တည်ဆောက်မှုဖြစ်စေတဲ့ပေါင်းသင်းမှု ရရှိစေတယ်။ ယေရှုရဲ့မိသားစုဟာ မိတ်ဆွေဟောင်းတွေနဲ့ ပြန်တွေ့ဖို့ မျှော်လင့်ကြမှာဖြစ်သလို ဂျေရုဆလင်မှာရောက်နေတဲ့ ဒါမှမဟုတ် အသွားအပြန်လမ်းမှာတွေ့တဲ့ဂျူးတွေ၊ ဂျူးဘာသာကိုပြောင်းဝင်လာသူတွေနဲ့ မိတ်ဖွဲ့ရတဲ့အခွင့်အရေးလည်း ရကြမှာဖြစ်တယ်။
၄။ စည်းလုံးတဲ့ခရစ်ယာန်ညီအစ်ကိုအသင်းအပင်းကို ကျွန်ုပ်တို့တန်ဖိုးထားလေးမြတ်ကြောင်း ဘယ်လိုတင်ပြနိုင်သလဲ။
၄ အကြောင်းအရာတွေကို ပုံနှိပ်စာပေတွေအနေနဲ့မဟုတ်ဘဲ ခရိုင်စည်းဝေးကြီးမှာ အတူတကွစုရုံးပြီး ဟောပြောချက်တွေကိုနားထောင်ဖို့ သစ္စာနဲ့သတိပညာရှိကျွန် စီစဉ်ပေးရတဲ့အကြောင်းတစ်ခုက တစ်ဦးကိုတစ်ဦး အားပေးတည်ဆောက်ဖို့ဖြစ်တယ်။ (ဟေဗြဲ ၁၀:၂၄၊ ၂၅) ဒါကြောင့် နေရာယူဖို့အချက်ပြတဲ့အနေနဲ့ အစီအစဉ်ပိုင်းသဘာပတိက တေးသံသာစတော့မယ်လို့ မကြေညာခင်မှာ တခြားသူတွေနဲ့ ပေါင်းသင်းဖို့ စည်းဝေးကြီးကို နေ့စဉ်စောစောရောက်နိုင်ဖို့ စီစဉ်ပါ။ နေ့လည်စာကို တခြားနေရာမှာထွက်စားမယ့်အစား ရိုးရှင်းတဲ့နေ့လည်စာယူလာဖို့ ကျွန်ုပ်တို့အားလုံး အားပေးခံရကြပါတယ်၊ ဒါမှ ခန်းမထဲမှာရှိနေနိုင်ပြီး အနီးအနားကညီအစ်ကိုညီအစ်မတွေနဲ့ တွေ့ဆုံစကားပြောနိုင်မှာဖြစ်တယ်။ ကျွန်ုပ်တို့ရဲ့ စည်းလုံးတဲ့ခရစ်ယာန်ညီအစ်ကိုအသင်းအပင်းက ယေဟောဝါထံမှ ကောင်းချီးဖြစ်ပြီး ဒါကို ကျွန်ုပ်တို့အားလုံး တန်ဖိုးထားလေးမြတ်သင့်ပါတယ်။—မိ. ၂:၁၂။
၅။ အစီအစဉ်ကနေ အကျိုးအပြည့်အဝရရှိဖို့ ကျွန်ုပ်တို့ကို ဘာကကူညီပေးနိုင်သလဲ။
၅ သင်ယူရမယ့်အချိန်– ယေရှုဟာငယ်ရွယ်ချိန်ကစပြီး ပွဲတော်တွေမှာ ကောင်းကင်ခမည်းတော်အကြောင်း သင်ယူဖို့ အခွင့်အရေးယူခဲ့တယ်။ (လု. ၂:၄၁-၄၉) တင်ဆက်တဲ့အစီအစဉ်ပိုင်းတွေကနေ ကျွန်ုပ်တို့ကိုယ်တိုင်နဲ့ မိသားစုဝင်တွေ အကျိုးအပြည့်အဝရရှိနိုင်ဖို့ ဘယ်အရာက ကူညီပေးနိုင်သလဲ။ အစီအစဉ်ပိုင်းတွေအတွင်းမှာ နေရာမှာပဲရှိနေပြီး မလိုအပ်ဘဲ စကားပြောခြင်းကိုရှောင်ပါ။ သင့်ဆဲလ်ဖုန်း၊ ပေဂျာ ဒါမှမဟုတ် တခြားကိရိယာတွေကြောင့် သင်နဲ့ တခြားသူတွေကို အနှောင့်အယှက်မဖြစ်ပါစေနဲ့။ ဟောပြောသူကိုအာရုံစိုက်ပြီး မှတ်စုတိုယူပါ။ မိသားစုလိုက်အတူထိုင်ပြီး သင့်ကလေးတွေလည်း သေချာဂရုစိုက်နားထောင်နေကြောင်း သေချာစေပါ။ ညနေခင်းမှာ အချိန်ယူပြီး သင်တို့ကြားခဲ့ရတဲ့အချက်တွေကို ပြန်လည်ဆွေးနွေးပါ။
၆။ ကျွန်ုပ်တို့ရဲ့ဝတ်စားဖြီးလိမ်းပုံနဲ့ပတ်သက်ပြီး ဘယ်အချက်ကို စိတ်စွဲမှတ်သင့်သလဲ။
၆ ဝတ်စားဖြီးလိမ်းပုံ– ပွဲတော်အတွက် ဂျေရုဆလင်မြို့ကို သွားလာနေတဲ့ ယေရှုရဲ့မိသားစုနဲ့ ဂျူးဝတ်ပြုသူတွေကို တိုင်းတစ်ပါးကုန်သည်တွေ သတိပြုမိမှာဖြစ်တယ်၊ ဘာကြောင့်လဲဆိုတော့ သူတို့ရဲ့ဝတ်လုံစွန်းတွေမှာ ပန်းပွားတွေတပ်ထားပြီး အဲဒီအထက်မှာ အပြာရောင်ကြိုးနဲ့တွဲချုပ်ထားတယ်။ (တော. ၁၅:၃၇-၄၁) ခရစ်ယာန်တွေဟာ အထူးဝတ်စုံတွေမဝတ်ကြပေမဲ့ သပ်ရပ်သန့်ရှင်းပြီး ဣန္ဒြေရှိတဲ့အဝတ်အစားတွေကြောင့် လူသိများတယ်။ စည်းဝေးကြီးကျင်းပတဲ့မြို့တွေမှာရှိတဲ့အခါ၊ အဲဒီကို ခရီးသွားလာတဲ့အခါတွေမှာ ကျွန်ုပ်တို့ရဲ့ အသွင်အပြင်ကို အထူးဂရုစိုက်သင့်တယ်။ စည်းဝေးကြီးအစီအစဉ်ပြီးလို့ အဝတ်အစားလဲပြီးတဲ့နောက်မှာလည်း ဣန္ဒြေရှိရှိဝတ်စားပြီး စည်းဝေးကြီးရင်ထိုးကတ် တပ်ထားသင့်တယ်။ ဒီလိုနည်းအားဖြင့် ကျွန်ုပ်တို့ဟာ သက်သေခံမဟုတ်သူတွေနဲ့ ကွာခြားပြီး အကဲခတ်နေတဲ့သူတွေအတွက် ကောင်းတဲ့သက်သေခံချက်ဖြစ်စေနိုင်တယ်။
၇။ စည်းဝေးကြီးမှာ စေတနာ့ဝန်ထမ်းဖို့ ဘာကြောင့် စဉ်းစားသင့်သလဲ။
၇ စေတနာ့ဝန်ထမ်းများလိုအပ်– ခရိုင်စည်းဝေးကြီးအစီအစဉ် ချောချောမောမောဖြစ်နိုင်ဖို့ စေတနာ့ဝန်ထမ်းများစွာ လိုအပ်ပါတယ်။ သင် ပါဝင်ကူညီပေးနိုင်မလား။ (ဆာ. ၁၁၀:၃) စည်းဝေးကြီးမှာလုပ်ဆောင်နေတဲ့အရာတွေက မြင့်မြတ်တဲ့လုပ်ငန်းတော်ရဲ့အစိတ်အပိုင်းဖြစ်ပြီး ကောင်းတဲ့သက်သေခံချက်လည်းဖြစ်တယ်။ စည်းဝေးကြီးကျင်းပတဲ့အဆောက်အဦရဲ့ မန်နေဂျာတစ်ဦးက သန့်ရှင်းရေးလုပ်အားပေးတဲ့ စေတနာ့ဝန်ထမ်းတွေကိုကြည့်ပြီး စိတ်စွဲမှတ်သွားတာကြောင့် ဒီလိုရေးခဲ့တယ်– “ဒီအဆောက်အဦမှာလုပ်ခဲ့တဲ့ပွဲတွေထဲမှာ ဒီပွဲကအထူးခြားဆုံးဖြစ်ပြီး ဒီအတွက် ကျေးဇူးတင်ပါတယ်။ ယေဟောဝါသက်သေတွေက အဆောက်အဦတစ်ခုကို ငှားရမ်းလိုက်ပြီဆိုရင် အရင်ကထက်ပိုပြီး သန့်သန့်ရှင်းရှင်းထားခဲ့တယ်ဆိုတဲ့ နာမည်ကောင်းရှိတဲ့ ထူးခြားတဲ့အဖွဲ့တစ်ဖွဲ့ဖြစ်တယ်လို့ ကျွန်တော် ကြားဖူးခဲ့တာ။ သင်နဲ့ သင်တို့ရဲ့အဖွဲ့အစည်းက ဒီနေရာကို တခြားသူတွေအတွက် ပိုကောင်းတဲ့နေရာဖြစ်အောင်လုပ်ပေးခဲ့တယ်၊ အဲဒီလိုလုပ်ခဲ့တဲ့သူတွေက ကျွန်တော်တွဲအလုပ်လုပ်ခဲ့ဖူးသမျှထဲမှာ တကယ့်ကိုကြင်နာပြီး မေတ္တာပြည့်ဝတဲ့သူတွေဖြစ်တယ်။”
၈။ စည်းဝေးကြီးကျင်းပတဲ့မြို့မှာ သက်သေခံနိုင်တဲ့ ဘယ်အခွင့်အရေးတွေရှိသလဲ။
၈ သက်သေခံဖို့အခွင့်အရေးများ– စည်းဝေးကြီးကျင်းပတဲ့မြို့မှာရှိတဲ့လူတွေက သပ်သပ်ရပ်ရပ်၀တ်စားဖြီးလိမ်းထားပြီး စည်းဝေးကြီးရင်ထိုးကတ်တပ်ထားတဲ့ ဧည့်သည်တွေကို သတိပြုမိရာကနေ သိချင်စိတ်ပေါ်လာနိုင်တယ်။ ဒါက သူတို့ကို စည်းဝေးကြီးအကြောင်းပြောပြဖို့ အခွင့်အရေးရစေတယ်။ စည်းဝေးကြီးအစီအစဉ်ပြီးတဲ့နောက် လေးနှစ်သားအရွယ်ကလေးတစ်ဦးက စည်းဝေးကြီးမှာထုတ်ဝေတဲ့စာစောင်ကို စားသောက်ဆိုင်ကိုယူသွားပြီး စားပွဲထိုးအမျိုးသမီးကိုပြခဲ့တယ်။ ဒါကြောင့် ကလေးရဲ့မိဘတွေဟာ အဲဒီအမျိုးသမီးကို စည်းဝေးကြီးကိုဖိတ်ခေါ်ဖို့ အခွင့်အရေးရခဲ့တယ်။
၉။ ဝတ်ပြုရေးအတွက် ယေဟောဝါရဲ့ပြင်ဆင်ပေးချက်အပေါ် ယေရှုရဲ့မိသားစုလေးမြတ်ပုံကို ကျွန်ုပ်တို့ ဘယ်လို့တုပနိုင်သလဲ။
၉ ရှေးခေတ်ပွဲတော်တွေဟာ ဘုရားရေးရာစိတ်ဓာတ်ရှိတဲ့ဂျူးတွေ မျှော်လင့်ခဲ့ကြတဲ့ ရွှင်လန်းဖွယ်အခါသမယတွေဖြစ်တယ်။ (တရား. ၁၆:၁၅) ယေရှုရဲ့မိသားစုဟာ ပွဲတော်တက်ရောက်ပြီး အကျိုးအပြည့်အဝရနိုင်ဖို့ ဘယ်စွန့်လွှတ်မှုကိုမဆို ပြုလုပ်လိုခဲ့ကြတယ်။ ကျွန်ုပ်တို့လည်း ခရိုင်စည်းဝေးကြီးတွေကို မေတ္တာပြည့်ဝတဲ့ ကောင်းကင်ခမည်းတော်ထံက ဆုကျေးဇူးအဖြစ်ရှုမြင်ပြီး အလားတူ ကျေးဇူးတင်လေးမြတ်ကြပါတယ်။ (ယာ. ၁:၁၇) ယေဟောဝါကိုရွှင်လန်းစွာဝတ်ပြုနိုင်တဲ့ နှစ်စဉ်ရရှိတဲ့အခွင့်ထူးအတွက် ကြိုတင်ပြင်ဆင်ရမယ့်အချိန်က အခုအချိန်ပဲဖြစ်ပါတယ်။
[စာမျက်နှာ ၂ ပါလေးထောင့်ကွက်]
ခရိုင်စည်းဝေးကြီးသတိပေးချက်များ
◼ အစီအစဉ်အချိန်များ– အစီအစဉ်သုံးရက်စလုံးကို နံနက် ၉:၂၀ နာရီမှာ စတင်မှာဖြစ်တယ်။ တံခါးတွေကို နံနက် ၈:၀၀ နာရီမှာ ဖွင့်ပါလိမ့်မယ်။ အစီအစဉ်ကို စနစ်တကျစတင်နိုင်ဖို့အတွက် အဖွင့်တေးသံသာကြေညာချိန်မှာ ကျွန်ုပ်တို့အားလုံးဟာ မိမိတို့ရဲ့ထိုင်ခုံမှာ ရှိနေသင့်ပါတယ်။ အစီအစဉ်ကို သောကြာနေ့နဲ့ စနေနေ့မှာ ညနေ ၄:၅၅ နာရီ၊ တနင်္ဂနွေနေ့မှာ ညနေ ၃:၄၀ နာရီမှာ နိဂုံးချုပ်မှာ ဖြစ်ပါတယ်။
◼ ကားရပ်နားခြင်း– စည်းဝေးကြီးကျင်းပတဲ့နေရာမှာ ကားရပ်မယ့်နေရာတွေကို ကျွန်ုပ်တို့ ကြီးကြပ်ပေးမှာ ဖြစ်ပါတယ်၊ တက်ရောက်လာသူတွေရဲ့ကားတွေရပ်နားဖို့ နေရာတွေကို စီစဉ်ပေးထားမှာဖြစ်ပြီး အခကြေးငွေ ပေးစရာမလိုဘဲ ဦးရာလူစနစ်နဲ့ ရပ်နားနိုင်ပါတယ်။ ကားရပ်နားဖို့နေရာတွေက အများအားဖြင့် အကန့်အသတ်ရှိတာကြောင့် အတတ်နိုင်ဆုံး စုပေါင်းစီးသင့်ပါတယ်။
◼ ထိုင်ခုံဦးခြင်း– သင်နဲ့အတူ ကားတစ်စီးတည်းစီးလာသူတွေ ဒါမှမဟုတ် သင်နဲ့တစ်အိမ်တည်း နေတဲ့သူတွေ၊ သင်နဲ့အတူ လက်ရှိကျမ်းစာလေ့လာနေတဲ့သူတွေအတွက် ထိုင်ခုံဦးထားနိုင်ပါတယ်။—၁ ကော. ၁၃:၅။
◼ နေ့လည်စာ– နေ့လည်စာစားချိန်မှာ အပြင်ထွက်ပြီး ဝယ်စားမယ့်အစား ကျေးဇူးပြု၍ နေ့လည်စာယူလာပါ။
◼ အလှူငွေများ– နိုင်ငံတော်ခန်းမမှာ ဒါမှမဟုတ် စည်းဝေးကြီးမှာ ကမ္ဘာချီလုပ်ငန်းအတွက် စေတနာအလျောက် အလှူငွေထည့်ဝင်ခြင်းဖြင့် စည်းဝေးကြီးအစီအစဉ်တွေအတွက် ကျွန်ုပ်တို့ရဲ့ကျေးဇူးတင်လေးမြတ်မှုကို ဖော်ပြနိုင်ပါတယ်။ စည်းဝေးကြီးမှာ ချက်လက်မှတ်နဲ့ အလှူငွေပေးလိုတယ်ဆိုရင် “ယေဟောဝါသက်သေများ၊ ကင်းမျှော်စင်သမ္မာကျမ်းစာနှင့် ဝေစာအသင်း၊ ရန်ကုန်” သို့ ပေးလှူသင့်ပါတယ်။
◼ မတော်တဆထိခိုက်မှုများနဲ့ အရေးပေါ်အခြေအနေများ– စည်းဝေးကြီးကျင်းပတဲ့နေရာမှာ ဆေးဘက်ဆိုင်ရာ အရေးပေါ်အခြေအနေပေါ်ပေါက်လာရင် ရှေးဦးသူနာပြုဌာနကို ချက်ချင်းအကြောင်းကြားပေးမယ့် အနီးအနားမှာရှိတဲ့ ဧည့်ကြိုတစ်ဦးနဲ့ ကျေးဇူးပြုပြီး ဆက်သွယ်ပါ။ အဲဒါမှ ကျွန်ုပ်တို့ရဲ့ အရည်အချင်းရှိ ရှေးဦးသူနာပြုတွေက အခြေအနေစိုးရိမ်စရာရှိမရှိ အကဲဖြတ်ပြီး အကူအညီပေးနိုင်ပါလိမ့်မယ်။
◼ ဖိနပ်များ– ဖိနပ်ကြောင့် နှစ်စဉ် ထိခိုက်ဒဏ်ရာရသူ အတော်များများရှိတယ်။ လှေကားတွေ၊ သံဘားတန်းတွေ အစရှိတဲ့နေရာတွေမှာ ဘေးကင်းစွာ လျှောက်လှမ်းနိုင်ဖို့ သင့်တော်တဲ့ဖိနပ်ကို ရွေးချယ်တာက အကောင်းဆုံးဖြစ်ပါတယ်။
◼ အသံသွင်းခြင်း– ဘယ်အသံသွင်းစက်မျိုးကိုမှ အဆောက်အအုံရဲ့ လျှပ်စစ် ဒါမှမဟုတ် အသံချဲ့စက်တွေနဲ့ မဆက်သွယ်သင့်ပါဘူး။ တခြားသူတွေကို အနှောင့်အယှက်မဖြစ်စေတဲ့နည်းနဲ့ပဲ ဒါတွေကို အသုံးပြုနိုင်ပါတယ်။
◼ ဆက်လိုက်ပေးပါပုံစံ– စည်းဝေးကြီးအတွင်း အလွတ်သဘောသက်သေခံတဲ့အခါ စိတ်ဝင်စားမှုပြသူတွေရဲ့ အချက်အလက်တွေကို မှတ်သားဖို့ ကျေးဇူးပြု၍ ဆက်လိုက်ပေးပါ (S-43) ပုံစံကို အသုံးပြုသင့်ပါတယ်။ ကြေညာသူတွေဟာ ဆက်လိုက်ပေးပါပုံစံ တစ်ရွက်နှစ်ရွက်ကို စည်းဝေးကြီးကို ယူလာသင့်ပါတယ်။ ဖြည့်စွက်ပြီးတဲ့ပုံစံတွေကို စာအုပ်စာတမ်းကောင်တာ ဒါမှမဟုတ် သင့်အသင်းတော်ကို ပြန်ရောက်တဲ့အခါ အတွင်းရေးမှူးကို ပေးနိုင်ပါတယ်။—၂၀၀၉၊ နိုဝင်ဘာလထုတ် ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု၊ စ. ၄ တွင်ကြည့်ပါ။
◼ စားသောက်ဆိုင်များ– စားသောက်ဆိုင်တွေမှာ သင့်ရဲ့အမူအကျင့်ကောင်းတွေနဲ့ ယေဟောဝါရဲ့နာမတော်ကို ဂုဏ်တင်ပါ။
◼ စေတနာ့ဝန်ထမ်းခြင်း– ကျွန်ုပ်တို့ဟာ လိုအပ်တာတွေကို ကူညီလုပ်ဆောင်ပေးဖို့ စေတနာ့ဝန်ထမ်းမယ်ဆိုရင် စည်းဝေးကြီးတက်ရောက်ခြင်းကနေ ပိုပြီးပျော်ရွှင်မှု ရပါလိမ့်မယ်။ (တ. ၂၀:၃၅) စေတနာ့ဝန်ထမ်းလိုသူ ဘယ်သူမဆို စည်းဝေးကြီးစေတနာ့ဝန်ထမ်းဌာနကို အကြောင်းကြားသင့်ပါတယ်။ အသက် ၁၆ နှစ်အောက် ကလေးတွေလည်း မိဘ ဒါမှမဟုတ် အုပ်ထိန်းသူ ဒါမှမဟုတ် မိဘအုပ်ထိန်းသူ ယုံကြည်စိတ်ချတဲ့ လူကြီးတစ်ယောက်ယောက်ရဲ့ ကွပ်ကဲမှုအောက်မှာ အလုပ်လုပ်ခြင်းဖြင့် ကူညီပေးနိုင်ပါတယ်။