သင်ဆုံးဖြတ်ပြီးပြီလား
“နက်ဖြန်နေ့၌ သင်တို့အသက်သည် မည်သို့ဖြစ်မည်ကို မသိ” တဲ့အတွက် အရေးပေါ်အခြေအနေတွေမှာ ဘယ်ဆေးကုသမှုနဲ့ လုပ်ထုံးလုပ်နည်းတွေကို လက်ခံမယ်ဆိုတာ သင် ကြိုတင်ဆုံးဖြတ်ထားဖို့ အလွန်အရေးကြီးပါတယ်။ (ယာ. ၄:၁၄; တ. ၁၅:၂၈၊ ၂၉) ဆုံးဖြတ်ပြီးတာနဲ့ နှစ်ခြင်းခံပြီးသားသက်သေခံအားလုံးအတွက် ပြင်ဆင်ပေးထားတဲ့ ဆေးဘက်ဆိုင်ရာညွှန်ကြားချက်ကတ်ပြားမှာ သင့်ဆုံးဖြတ်ချက်တွေကို ချရေးထားသင့်တယ်။
မိသားစုဝင်တိုင်း ဆေးဘက်ဆိုင်ရာညွှန်ကြားချက်ကတ်ပြားမှာ နေ့စွဲ၊ ကိုယ်ပိုင်လက်မှတ်နဲ့ သက်သေရဲ့လက်မှတ်တို့ကို အပြည့်အစုံဖြည့်စွက်ထားမထား သေချာစစ်ဆေးပါ။ နေ့စွဲမပါ၊ သက်သေလက်မှတ်မပါတဲ့ကတ်ပြားနဲ့ ဆေးရုံရောက်သွားတဲ့ ညီအစ်ကိုတချို့ဟာ ဒီကတ်ပြားတရားမဝင်ဘူးလို့ ပြောဆိုခံရတဲ့ပြဿနာ တွေ့ကြုံခဲ့ရပါတယ်။ နှစ်ခြင်းမခံရသေးတဲ့ သားသမီးအားလုံးမှာလည်း အပြည့်အစုံဖြည့်စွက်ထားတဲ့ သွေးကတ်ပြား ရှိပါသလား။ မိသားစုဝင်အားလုံးက ဒီကတ်ပြားကို အချိန်အခါမရွေး ဆောင်ထားကြောင်း သေချာစေပါ။ ဘယ်သွားသွား အမြဲဆောင်ထားပါ။
ဆေးဘက်ဆိုင်ရာညွှန်ကြားချက်ကတ်ပြားက အရေးပေါ်အခြေအနေအတွက်ပဲဖြစ်လို့ ကြိုတင်စီစဉ်ချိန်ရတဲ့ ခွဲစိတ်ကုသမှုမှာတော့ (ဆေးဘက်ဆိုင်ရာ ညွှန်ကြားချက်ကတ်ပြားကို အခြေခံပြီး) ကိုယ်ရေးအချက်အလက်တွေ၊ ခွဲစိတ်လိုတဲ့ပုံစံ၊ ဆရာဝန်တွေရဲ့အမည်၊ ဆေးရုံအမည် စတဲ့အချက်တွေပါဝင်တဲ့ ပိုမိုပြည့်စုံတဲ့ ကြိုတင်ညွှန်ကြားစာတစ်စောင်ရေးထားမယ်ဆိုရင် ကောင်းပါတယ်။ သင်နဲ့ဆရာဝန်က ဆိုးရွားတဲ့အခြေအနေတွေကို မမျှော်လင့်ထားပေမဲ့ ဘယ်အကြောင်းမျိုးမှာမဆို ဒီညွှန်ကြားချက်အတိုင်း လိုက်လျှောက်ပေးစေလိုကြောင်း ရှင်းလင်းစွာရေးသားထားပါ။—သု. ၂၂:၃။
ဆေးကုသမှုအချို့ကို လက်ခံမယ်၊ လက်မခံဘူးဆိုတာက တစ်ဦးချင်းရဲ့ ကျမ်းစာနဲ့လေ့ကျင့်ထားတဲ့ ဩတ္တပ္ပစိတ်နဲ့အညီ ကိုယ်တိုင်ဆုံးဖြတ်ရမယ့်ကိစ္စ ဖြစ်တယ်။ သင်နဲ့သင့်သားသမီးတွေအတွက် ဘယ်ဆေးကုသမှုမျိုးနဲ့ လုပ်ထုံးလုပ်နည်းတွေကို လက်ခံမယ်ဆိုတာ အသေအချာရွေးချယ်ပြီးပြီလား။ ရေကျောက်၊ ပိုလီယို၊ မေးခိုင်၊ ကာလဝမ်း၊ ခွေးရူးပြန်၊ အူရောင်ငန်းဖျား၊ ငန်းဝါအဖျားရောဂါတို့အတွက် ကာကွယ်ဆေးများစွာဟာ သွေးနဲ့ထုတ်လုပ်ထားတာ မဟုတ်ဘူးဆိုတာ သင်သိပါလိမ့်မယ်။ ဒါပေမဲ့ အဆိပ်ပြင်းတဲ့မြွေ ဒါမှမဟုတ် ပင့်ကူကိုက်ခံရသူတွေကို ကုသရာမှာအသုံးပြုတဲ့ အဆိပ်ဖြေဆေးများစွာကို သွေးအစိတ်အပိုင်းများမှ ထုတ်ယူထားခြင်းဖြစ်တယ်။ မိခင်နဲ့မွေးကင်းစကလေးရဲ့ ရီးဆတ်ဝတ္ထု (သွေးဆဲလ်နီတွင်ပါဝင်သည့်ပစ္စည်း) မတူညီတဲ့အဖြစ်မျိုးမှာ ဆရာဝန်က သွေးအစိတ်အပိုင်းတွေကနေ ထုတ်ယူထားတဲ့ အထူးပြုလုပ်ထားတဲ့ သွေးရည်ကြည်ထိုးဆေးကို လက်ခံဖို့ မိခင်ကို တိုက်တွန်းပါလိမ့်မယ်။ ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး ပိုမိုပြည့်စုံတဲ့ဆွေးနွေးမှုကို ၂၀၀၄၊ ဇွန် ၁၅ နဲ့ ၂၀၀၀၊ အောက်တိုဘာ ၁၅ ရက်ထုတ် ကင်းမျှော်စင်၊ “စာရှုသူများထံမှ မေးခွန်းလွှာ” နဲ့ ၂၀၀၆၊ နိုဝင်ဘာလထုတ် ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှုမှာပါတဲ့ “သွေးအပိုင်းအစများနှင့် ကျွန်ုပ်၏သွေးပါဝင်သော ဆေးကုထုံးများကို ကျွန်ုပ်မည်သို့ရှုမြင်သနည်း” ကြားညှပ်စာရွက်ကို ကြည့်ပါ။ သင့်ဆရာဝန်နဲ့ သက်သေခံမဟုတ်တဲ့မိသားစုဝင်အားလုံးကို သင့်ဆုံးဖြတ်ချက်တွေအကြောင်း ပြည့်ပြည့်စုံစုံ အသိပေးထားသင့်တယ်။
[စာမျက်နှာ ၂ ပါ လေးထောင့်ကွက်]
• သင်နဲ့သင့်သားသမီးတွေအတွက် ဘယ်ဆေးကုသမှုများနဲ့ လုပ်ထုံးလုပ်နည်းတွေကို လက်ခံမယ်ဆိုတာ ဆုံးဖြတ်ပြီးပြီလား။
• အရေးပေါ်အခြေအနေ အတွက် အပြည့်အစုံဖြည့်စွက်ထားတဲ့ ဆေးဘက်ဆိုင်ရာညွှန်ကြားချက် ကတ်ပြားကို ဆောင်ထားပါသလား။