ဒီလုပ်ငန်းအတွက် ယေဟောဝါ ကျွန်ုပ်တို့ကို လေ့ကျင့်ပေးနေ
၁။ လူသားတွေကို ယေဟောဝါတာဝန်ပေးတဲ့အခါ ဘာကိုလည်းပေးသလဲ။
၁ ယေဟောဝါက လူသားတွေကို တာဝန်တစ်ခုပေးတဲ့အခါ ဒီအလုပ်ကို အောင်မြင်ပြီးမြောက်နိုင်ဖို့ လိုအပ်တဲ့အကူအညီကိုပါ ပေးတော်မူတယ်။ ဥပမာ၊ တစ်ခါမှ သင်္ဘောမဆောက်ဖူးတဲ့နောဧကို သင်္ဘောဆောက်ဖို့ တာဝန်ပေးတဲ့အခါ ဘယ်လိုဆောက်ရမယ်ဆိုတာ မိန့်တော်မူတယ်။ (က. ၆:၁၄-၁၆) နူးညံ့သိမ်မွေ့တဲ့သိုးထိန်းမောရှေကို အစ္စရေးအသက်ကြီးသူတွေနဲ့ ဖာရောထံသွားဖို့ တာဝန်ပေးတဲ့အခါ ယေဟောဝါ ဒီလိုအာမခံခဲ့တယ်– “သင်၏နှုတ်၌ ငါရှိ၏။ သင်သည် အဘယ်သို့ပြောရမည်ကို သွန်သင်မည်။” (ထွ. ၄:၁၂) သတင်းကောင်းဟောပြောရမယ့်တာဝန်ကို ကျွန်ုပ်တို့ကိုပေးတဲ့အခါမှာလည်း ဘယ်လိုလုပ်ရမယ်ဆိုတာ လမ်းညွှန်ပေးတယ်။ သီအိုကရက်တစ်ဓမ္မအမှုကျောင်းနဲ့ လုပ်ငန်းတော်အစည်းအဝေးအားဖြင့် ဒီလုပ်ငန်းအတွက် ကျွန်ုပ်တို့ကို လေ့ကျင့်ပေးတယ်။ ဒီလေ့ကျင့်ပေးမှုကနေ ကျွန်ုပ်တို့ ဘယ်လိုအကျိုးရယူနိုင်သလဲ။
၂။ သီအိုကရက်တစ်ဓမ္မအမှုကျောင်းကနေ ကျွန်ုပ်တို့ဘယ်လိုအကျိုးရယူနိုင် သလဲ။
၂ သီအိုကရက်တစ်ဓမ္မအမှုကျောင်း– ဒီအစည်းအဝေးကို မတက်ခင်မှာ အစီအစဉ်မှာပါတဲ့အကြောင်းအရာတွေကို ဖတ်ရှုပြီး လေ့လာထားပါ။ တာဝန်ကျကျောင်းသားတွေက အဲဒီအကြောင်းအရာတွေကို ဘယ်လိုတင်ဆက်သွားတယ်ဆိုတာ တွေ့မြင်ရတဲ့အခါ ဘယ်လိုသွန်သင်ရမယ်ဆိုတာ သင်ပိုမိုသိလာပါလိမ့်မယ်။ (သု. ၂၇:၁၇) သင့်ရဲ့ ဓမ္မအမှုကျောင်းစာအုပ်ကိုယူလာပြီး လေ့ကျင့်ခန်းစာအုပ်အဖြစ် အသုံးပြုပါ။ ကျောင်းသားတာဝန်တစ်ခုပြီးတိုင်း ကျောင်းကြီးကြပ်မှူးက ဒီစာအုပ်မှာပါတဲ့အချက်ကို ဖော်ပြတဲ့အခါ သင်လက်တွေ့အသုံးပြုလိုတဲ့အချက်ကို မျဉ်းသားပြီး ဘေးကွက်လပ်တွေမှာ မှတ်ချက်ရေးပါ။ ဒါပေမဲ့ ဒီကျောင်းကနေ အကျိုးအပြည့်အဝရယူနိုင်တဲ့ အကောင်းဆုံးနည်းက ကိုယ်တိုင်ပါ၀င်ခြင်းဖြစ်တယ်။ သင် စာရင်းပေးပြီးပြီလား။ သင်တာဝန်ရတဲ့အခါ ကောင်းစွာပြင်ဆင်ပြီး ရရှိတဲ့သွန်သင်ချက်တွေကို လက်တွေ့ကျင့်သုံးပါ။ ဟောပြောခြင်းလုပ်ငန်းမှာပါဝင်တဲ့အခါ သင်လေ့လာသိရှိခဲ့တဲ့အချက်တွေကို အသုံးပြုပါ။
၃။ လုပ်ငန်းတော်အစည်းအဝေးကနေ အကျိုးရရှိဖို့ ကျွန်ုပ်တို့ ဘာလုပ်နိုင်သလဲ။
၃ လုပ်ငန်းတော်အစည်းအဝေး– ဒီအစည်းအဝေးအတွက် ကြိုတင်ဖတ်ရှုပြီး မှတ်ချက်ပေးဖို့ ပြင်ဆင်ထားမယ်ဆိုရင် စည်းဝေးမှာရရှိတဲ့အကြံပြုချက်တွေကို ကောင်းစွာမှတ်မိပါလိမ့်မယ်။ မှတ်ချက်တွေကို တိုတိုတုတ်တုတ်ပေးမယ်ဆိုရင် တခြားသူတွေလည်း ပါ၀င်မှတ်ချက်ပေးနိုင်မှာဖြစ်တယ်။ သရုပ်ပြတွေကို သေချာကြည့်ပါ၊ သင့်ဓမ္မအမှုအတွက် ပိုအကျိုးရှိနိုင်မယ်ထင်တဲ့ အကြံပြုချက်တွေကို သုံးပါ။ နောက်နောင်အသုံးပြုဖို့အတွက် ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှုမှာပါတဲ့ အသုံးတည့်မယ့်ဆောင်းပါးတွေကို သိမ်းထားပါ။
၄။ သီအိုကရက်တစ်လေ့ကျင့်မှုအစီအစဉ်ကို ကျွန်ုပ်တို့ ဘာကြောင့် ကောင်းကောင်းအသုံးချသင့်သလဲ။
၄ လူနေရာမြေတစ်ပြင်လုံးမှာ သတင်းကောင်းဟောပြောဖို့ ကျွန်ုပ်တို့ရထားတဲ့တာဝန်ကလည်း နောဧနဲ့ မောရှေရခဲ့တဲ့တာဝန်တွေလိုပဲ ခက်ခဲတယ်။ (မ. ၂၄:၁၄) မဟာသွန်သင်ရှင် ယေဟောဝါကိုအားကိုးပြီး ကိုယ်တော်ပြင်ဆင်ပေးထားတဲ့ လေ့ကျင့်မှုတွေကို ကောင်းကောင်းအသုံးချမယ်ဆိုရင် ကျွန်ုပ်တို့ အောင်မြင်နိုင်ပါတယ်။—ဟေရှာ. ၃၀:၂၀။