အမှုဆောင်ချိန်မှာ ပါးနပ်မှုရှိပါ
၁။ လယ်ကွင်းမှာ ဘာကြောင့် ပါးနပ်ဖို့လိုသလဲ။
၁ ဘုရားသခင့်ကျေးကျွန်တွေဟာ ‘ဝံပုလွေအုပ်ထဲက သိုးတွေ’ လိုပါပဲ၊ “ကောက်ကျစ်ဖောက်ပြန်သော လူမျိုးဆက်အလယ်” မှာ ဟောပြောနေကြရတယ်။ (မ. ၁၀:၁၆; ဖိ. ၂:၁၅) ပြည်တွင်းဆူပူအုံကြွမှု၊ အုပ်စုဖွဲ့အကြမ်းဖက်မှု၊ ရက်စက်တဲ့ပြန်ပေးဆွဲမှုနဲ့ပတ်သက်တဲ့ ထိတ်လန့်စရာသတင်းတွေကို နေရာတကာမှာ ကြားနေရခြင်းက ဆိုးညစ်သူတွေဟာ “ဆိုးသည်ထက် ဆိုးလာ” တယ်ဆိုတဲ့ အထောက်အထားဖြစ်တယ်။ (၂ တိ. ၃:၁၃) ဘယ်ကျမ်းစာမူတွေက ကျွန်ုပ်တို့ကို “ပါးနပ်” ဖို့ ထောက်ကူပေးနိုင်မလဲ။—မ. ၁၀:၁၆။
၂။ ဘယ်လိုအခြေအနေတွေမှာ အမှုဆောင်နေတဲ့နေရာကနေ ထွက်ခွာပြီး နောက်တစ်နေရာမှာဆက်ဟောသင့်သလဲ။
၂ ပါးနပ်ပါ– ဘေးအန္တရာယ်ကို ရှောင်ခြင်းက ပညာရှိရာရောက်ကြောင်း သုတ္တံ ၂၂:၃ က ဖော်ပြတယ်။ သတိရှိပါ။ သာမန်အားဖြင့် အန္တရာယ်မရှိတဲ့ဝန်းကျင်မှာ အခြေအနေတွေက မမျှော်လင့်ဘဲ ပြောင်းလဲသွားနိုင်တယ်။ ရဲတွေ ပိုအလုပ်ရှုပ်နေတာကို သင် မြင်ရနိုင်တယ်၊ ဒါမှမဟုတ် လမ်းပေါ်မှာ လူတွေအုပ်စုဖွဲ့လာကြတာကို သင် တွေ့ရနိုင်တယ်။ တစ်ခါတလေ ကြင်နာတတ်တဲ့အိမ်ရှင်က သတိပေးနိုင်တယ်။ အဲဒီအခါ စပ်စပ်စုစုနဲ့ အဲဒီနေရာမှာရစ်သီရစ်သီလုပ်နေမယ့်အစား အဲဒီနေရာကနေ ချက်ချင်းထွက်ခွာပြီး တခြားနေရာမှာ ဆက်ဟောတာက ပညာရှိရာရောက်တယ်။—သု. ၁၇:၁၄; ယော. ၈:၅၉; ၁ သက်. ၄:၁၁။
၃။ ဒေသနာ ၄:၉ ပါမူကို ကျွန်ုပ်တို့ရဲ့အမှုဆောင်လုပ်ငန်းမှာ ဘယ်လိုကျင့်သုံးနိုင်မလဲ။
၃ အတူတကွလုပ်ဆောင်ပါ– “တစ်ယောက်တည်းထက် နှစ်ယောက်သာ၍ကောင်း၏” လို့ ဒေသနာ ၄:၉ က ဆိုတယ်။ တစ်ယောက်တည်း အမှုဆောင်ထွက်လေ့ရှိတဲ့ရပ်ကွက်တွေက အခုကော အန္တရာယ်ကင်းနေဆဲလား။ တချို့နေရာတွေကတော့ အန္တရာယ်မရှိပါဘူး။ ဒါပေမဲ့ တချို့နေရာတွေကတော့ အခုအချိန်မှာ ညီအစ်မတစ်ယောက်တည်း ဒါမှမဟုတ် လူငယ်တစ်ယောက်တည်း တစ်အိမ်မှတစ်အိမ်သွားခြင်းက အန္တရာယ် ရှိနိုင်တယ်၊ အထူးသဖြင့် နေဝင်ပြီးနောက်မှာဖြစ်တယ်။ နှစ်ယောက်အတူအမှုဆောင်ပြီး တစ်ယောက်ကိုတစ်ယောက် ဂရုစိုက်ပေးခြင်းက များစွာအကျိုးရှိတယ်ဆိုတာ တွေ့ကြုံမှုတွေက ဖော်ပြတယ်။ (ဒေ. ၄:၁၀၊ ၁၂) အုပ်စုလိုက်အမှုဆောင်တဲ့အခါ တစ်ယောက်ကိုတစ်ယောက် ကြည့်ပေးပါ။ အမှုဆောင်ရပ်ကွက်ကနေ သင် ထွက်ခွာသွားတော့မယ်ဆိုရင် တခြားသူတွေကို အသိပေးပါ။ ဒါကို အလေ့အကျင့်ဖြစ်ပါစေ။
၄။ အသင်းတော်တစ်ခုလုံး အကာအကွယ်ရနိုင်ဖို့ ကျွန်ုပ်တို့ ဘာလုပ်နိုင်သလဲ။
၄ ညီအစ်ကို၊ ညီအစ်မတွေကို “ဂရုစိုက်ကြည့်ရှုနေကြ” တဲ့ အကြီးအကဲတွေအနေနဲ့ ဒေသအခြေအနေနဲ့အညီ လက်တွေ့ကျလမ်းညွှန်မှုတွေကိုပေးဖို့ တာဝန်ရှိတယ်။ (ဟေဗြဲ ၁၃:၁၇) ခရစ်ယာန်ကျိုးနွံမှုကိုတင်ပြပြီး အကြီးအကဲတွေနဲ့ အပြည့်အဝ ပူးပေါင်းလုပ်ဆောင်မယ်ဆိုရင် ယေဟောဝါ ကောင်းချီးပေးမှာ သေချာပါတယ်။ (မိ. ၆:၈; ၁ ကော. ၁၀:၁၂) ဘုရားသခင့်ကျေးကျွန်အားလုံး ရပ်ကွက်မှာ သင့်တော်တဲ့ပါးနပ်မှုနဲ့ ထိထိရောက်ရောက် သက်သေခံနိုင်ပါစေ။