လူတွေကို ဘုရားသခင့်စကားနားထောင်အောင် ကူညီပါ
၁။ “ဘုရားသခင့်နိုင်ငံတော်လာပါစေ” ခရိုင်စည်းဝေးကြီးမှာ ဘယ်ဘရိုရှာတွေကို ထုတ်ဝေခဲ့သလဲ။ ဘာက ဒီဘရိုရှာတွေကို တကယ့်ကိုအသုံးဝင်တဲ့ကိရိယာတွေ ဖြစ်စေတာလဲ။
၁ “ဘုရားသခင့်နိုင်ငံတော်လာပါစေ” ခရိုင်စည်းဝေးကြီးမှာ ဘုရားသခင့်စကား နားထောင်ကာ ထာဝစဉ်အသက်ရှင်ပါ နဲ့ ပိုရိုးရှင်းတဲ့ ဘုရားသခင့်စကား နားထောင်ပါ ဘရိုရှာတွေကို ထုတ်ဝေခဲ့ပါတယ်။ ဒီဘရိုရှာတွေမှာ စာနည်းနည်းပဲပါတာကြောင့် မြန်မြန်ဆန်ဆန်နဲ့ လွယ်လွယ်ကူကူ ဘာသာပြန်နိုင်တယ်။ ဘုရားသခင့်စကားနားထောင်ကာ ထာဝစဉ်အသက်ရှင်ပါ ဘရိုရှာကို ထုတ်ဝေတဲ့အချိန်မှာ ဘာသာစကား ၄၃၁ ဘာသာနဲ့ ဘာသာပြန်ဖို့ ခွင့်ပြုပြီးသားဖြစ်တယ်။
၂။ ဒီဘရိုရှာတွေကနေ ဘယ်သူတွေ အကျိုးခံစားရမလဲ။
၂ ဒီဘရိုရှာတွေကနေ အထူးသဖြင့် ဘယ်သူတွေ အကျိုးခံစားရမလဲ။ ကမ္ဘာတစ်ဝန်းမှာ ဖြစ်ပေါ်တတ်တဲ့ ဒီအခြေအနေတွေကို စဉ်းစားကြည့်ပါ–
• ဗုဒ္ဓဘာသာဖြစ်တဲ့ ဒါမှမဟုတ် ခရစ်ယာန်မဟုတ်တဲ့ အိမ်ရှင်တစ်ဦးက သမ္မာကျမ်းစာရဲ့ အခြေခံအမှန်တရားတွေကို ရိုးရိုးရှင်းရှင်း တင်ဆက်မှုကနေ အကျိုးရရှိနိုင်တယ်ဆိုတာ ကြေညာသူတစ်ယောက် သတိထားမိတယ်။
• ဦးဆုံးအကြိမ်တွေ့ဆုံချိန်မှာ ဒါမှမဟုတ် လည်ပတ်မှုမှာ ဆွေးနွေးနေရင်း အိမ်ရှင်က စာမတတ်ဘူး ဒါမှမဟုတ် စာကောင်းကောင်းမဖတ်တတ်ဘူးဆိုတာကို ကြေညာသူတစ်ယောက် သတိထားမိတယ်။
• ကြေညာသူတစ်ယောက်က စာပေလုံးဝမရှိတဲ့ ဒါမှမဟုတ် စာပေအနည်းငယ်ပဲရှိတဲ့ ဘာသာစကားပြောဆိုသူတွေကို ဟောပြောနေရတယ်။
• ကြေညာသူတစ်ယောက်က ကိုယ့်ရပ်ကွက်မှာရှိတဲ့ နားမကြားသူတွေကို ဟောပြောဖို့ လက်ဟန်ပြစကားကို သုံးနေရတယ်။
• မိဘတစ်ယောက်က စာမဖတ်တတ်သေးတဲ့ သူ့ကလေးကို အမှန်တရားအကြောင်း သင်ပေးချင်တယ်။
၃။ ဘုရားသခင့်စကားနားထောင်ပါ ဘရိုရှာမှာ ဘယ်လိုအသွင်အပြင်တွေပါသလဲ။
၃ ဒီဘရိုရှာတွေရဲ့အသွင်အပြင်– ဘုရားသခင့်စကားနားထောင်ပါ ဘရိုရှာရဲ့ အောက်ခြေမှာ အဓိကအချက်ကိုပေါ်လွင်စေတဲ့ ကျမ်းချက်တစ်ချက်နဲ့ စာနည်းနည်းပဲပါပြီး အများအားဖြင့် ရိုးရှင်းတဲ့စာကြောင်းတွေဖြစ်တယ်။ ဘာကြောင့်လဲ။ တစ်ယောက်ယောက်က သင်မဖတ်နိုင်တဲ့၊ သင်မသိတဲ့ ဘာသာစကားနဲ့ ရေးထားတဲ့ ဘရိုရှာတစ်စောင် သင့်ကို လာပေးတယ်လို့ မြင်ယောင်ကြည့်ပါ။ အဲဒီမှာ လှပတဲ့ရုပ်ပုံတွေ ပါတယ်ဆိုရင်တောင် သင် စိတ်ဝင်စားမလား။ စိတ်မဝင်စားလောက်ဘူး။ အလားတူ၊ စာမဖတ်တတ်တဲ့သူတွေဟာ စာတွေပါတဲ့ဘရိုရှာတွေကို သိပ်မကြိုက်ကြဘူး။ ဒါကြောင့် ဒီဘရိုရှာမှာ ရုပ်ပုံတွေကို အဓိကဖော်ပြထားပြီး ဘယ်ပုံကနေဘယ်ပုံသွားတယ်ဆိုတာ မြားပြထားတယ်။
၄။ ဘုရားသခင့်စကားနားထောင်ကာ ထာဝစဉ်အသက်ရှင်ပါ ဘရိုရှာမှာ ဘာတွေကို သင်တွေ့ရမလဲ။
၄ ဘုရားသခင့်စကားနားထောင်ကာ ထာဝစဉ်အသက်ရှင်ပါ ဘရိုရှာမှာပါတဲ့ပုံတွေက ဘုရားသခင့်စကားနားထောင်ပါ မှာပါတဲ့ပုံတွေနဲ့ အတူတူပါပဲ။ ဒီဘရိုရှာကို စာသိပ်မဖတ်တတ်တဲ့သူတွေ၊ ခရစ်ယာန်နောက်ခံမရှိသူတွေနဲ့လေ့လာဖို့ ရည်ရွယ်ထားပါတယ်။ သင်သားက ဘုရားသခင့်စကားနားထောင်ပါ ဘရိုရှာကိုသုံးပေမဲ့ ကျမ်းစာသင်ပေးသူက ဘုရားသခင့်စကားနားထောင်ကာ ထာဝစဉ်အသက်ရှင်ပါ ဘရိုရှာကို သုံးနိုင်တယ်။ နှစ်မျက်နှာစာ သင်ခန်းစာတစ်ခုစီမှာဆွေးနွေးသွားမယ့် မေးခွန်းကို သင်ခန်းစာရဲ့ပထမစာမျက်နှာ ဘယ်ဘက်အပေါ်ထောင့်မှာ ဖော်ပြထားတယ်။ ပုံတွေနဲ့အတူ မှတ်ချက်တွေ၊ ညွှန်းထားတဲ့ကျမ်းချက်တွေ ပါတယ်။ စာမျက်နှာများစွာရဲ့ အောက်ခြေမှာ အရောင်ခြယ်ထားတဲ့ လေးထောင့်ကွက်ပါရှိတယ်။ အဲဒီမှာ ထပ်ဆင့်အချက်အလက်တွေနဲ့ ညွှန်းထားတဲ့ကျမ်းချက်တွေပါတယ်။ သင်သားရဲ့ သင်ယူနိုင်စွမ်းပေါ်မူတည်ပြီး ဒါတွေကို ဆွေးနွေးနိုင်တယ်။
၅။ ဒီဘရိုရှာတွေကို ဘယ်အချိန်မှာဝေငှနိုင်သလဲ၊ ဘယ်လို ဝေငှနိုင်သလဲ။
၅ အသုံးပြုနိုင်ပုံ– ဒီဘရိုရှာတွေကို တစ်အိမ်မှတစ်အိမ်အမှုဆောင်မှာ ဝေငှရမယ့်လ မဟုတ်ရင်တောင် အကျိုးရှိမယ်လို့ သင်ထင်ရင် ဝေငှနိုင်တယ်။ (“ဝေငှနိုင်ပုံ” ဆိုတဲ့ လေးထောင့်ကွက်ကို ကြည့်ပါ။) လည်ပတ်မှုသွားတဲ့အခါ စိတ်ဝင်စားသူကို ပြစရာတစ်ခုရှိတယ်လို့ ရိုးရိုးလေးပြောပြီး ပေးလိုက်နိုင်တယ်။
၆။ ဒီဘရိုရှာတွေကိုသုံးပြီး ကျမ်းစာသင်အံမှုတစ်ခု ဘယ်လိုကျင်းပနိုင်မလဲ။
၆ ဘုရားသခင့်စကားနားထောင်ပါ ဘရိုရှာမှာ ပုံနှိပ်ထားတဲ့မေးခွန်းတွေ မပါဘူး။ ဒါကြောင့် ဆွေးနွေးခန်းဟာ သမ္မာကျမ်းစာသွန်သင်ရာစာအုပ်ဆွေးနွေးသလို မေးဖြေဆွေးနွေးခန်းမဟုတ်ဘူး။ ပုံပြင်နားထောင်ရတာကို လူတိုင်း နှစ်သက်ကြပါတယ်။ ဒါကြောင့် ဘုရားသခင့်လမ်းညွှန်ချက်နဲ့ သမ္မာကျမ်းစာမှာ မှတ်တမ်းတင်ထားတဲ့ ပုံပြင်တွေကိုပြောပြဖို့ ရုပ်ပုံတွေကို သုံးပါ။ ဘာကို သရုပ်ဖော်ထားသလဲဆိုတာ ရှင်းပြပါ။ ထက်သန်မှုရှိပါ။ သင်သားတွေ့မြင်ရာ၊ စဉ်းစားမိရာကိုပြောဖို့ဖိတ်ခေါ်ပါ။ စာမျက်နှာအောက်ခြေမှာပါတဲ့ ကျမ်းချက်တွေကိုဖတ်ပြီး သူနဲ့ကျိုးကြောင်းဆင်ခြင်ပါ။ ဆွေးနွေးမှုမှာ သူလည်းပါဝင်လာအောင်၊ အကြောင်းအရာတွေကို သူ နားလည်ကြောင်း သေချာအောင် မေးခွန်းတွေမေးပါ။ သင်သားက ဘုရားသခင့်စကားနားထောင်ကာ ထာဝစဉ်အသက်ရှင်ပါ ဘရိုရှာကို အသုံးပြုမယ်ဆိုရင် ရုပ်ပုံတွေကို ဆွေးနွေးတဲ့အခါ စာသားတွေနဲ့ ကျမ်းချက်တွေကို အတူတူဖတ်ပါ။
၇။ ကျမ်းစာသင်သား တိုးတက်လာအောင် ဘယ်လိုကူညီပေးနိုင်သလဲ။
၇ ကျမ်းစာသင်သား တိုးတက်လာအောင် ကူညီပါ– မိမိဘာသာ ယေဟောဝါနဲ့ပတ်သက်တဲ့အသိပညာ ဆည်းပူးနိုင်ဖို့ စာဖတ်တတ်ချင်စိတ်ဖြစ်ပေါ်လာအောင် ဒီလိုဆွေးနွေးမှုက သင့်သင်သားကို လှုံ့ဆော်ပေးလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ (မ. ၅:၃; ယော. ၁၇:၃) ဒါကြောင့် ဘုရားသခင့်စကား နားထောင်ပါ ဘရိုရှာနဲ့ ဆွေးနွေးနေတယ်ဆိုရင် သင်သား အဆင်သင့်ဖြစ်ပြီလို့ ယူဆရချိန်မှာ သင်သားကို စာဖတ်တတ်အောင် သင်ပေးဖို့ ကမ်းလှမ်းနိုင်ပြီး ဘုရားသခင့်စကား နားထောင်ကာ ထာဝစဉ်အသက်ရှင်ပါ ဘရိုရှာကိုပြောင်းလဲ ဆွေးနွေးနိုင်တယ်။ ဘယ်ဘရိုရှာကိုပဲသုံးသုံး သင်သားဟာ ဘရိုရှာပြီးတာနဲ့ နှစ်ခြင်းခံဖို့ အသင့်ဖြစ်မှာ မဟုတ်သေးဘူး။ သမ္မာကျမ်းစာကို သင်သား ပိုနားလည်သဘောပေါက်လာစေဖို့ သမ္မာကျမ်းစာသွန်သင်ရာစာအုပ် ဒါမှမဟုတ် သင့်တော်တဲ့ စာပေတစ်ခုခုကို ပြောင်းပြီး လေ့လာနိုင်တယ်။
၈။ အမှုဆောင်လုပ်ငန်းမှာအသုံးဝင်မယ့် ကိရိယာအသစ်နှစ်ခုအတွက် သင် ဘာကြောင့် ကျေးဇူးတင်သလဲ။
၈ လူတွေဟာ ထာဝစဉ်အသက်ရှင်ချင်တယ်ဆိုရင် စကြဝဠာပိုင်သအုပ်စိုးရှင် ပြောတဲ့စကားကို နားထောင်ရမယ်။ (ဟေရှာ. ၅၅:၃) ယေဟောဝါရဲ့ အလိုတော်က မိမိစကားကို ဘယ်လိုနားထောင်ရမလဲဆိုတာ စာမဖတ်တတ်တဲ့သူတွေအပါအဝင် “လူအမျိုးမျိုး” ကို သိစေချင်တယ်။ (၁ တိ. ၂:၃၊ ၄) ဘုရားသခင့်စကားကို ဘယ်လိုနားထောင်ရမလဲဆိုတာ လူတွေကိုသင်ပေးဖို့ အထောက်အကူပေးမယ့် ကိရိယာအသစ်နှစ်ခု ရရှိတဲ့အတွက် ကျွန်ုပ်တို့ တကယ်ပဲ ကျေးဇူးတင်ကြပါတယ်။
[စာမျက်နှာ ၃ ပါ လေးထောင့်ကွက်]
ဝေငှနိုင်ပုံ
စာမျက်နှာ ၂-၃ ကို ဖွင့်ပြပြီး ခုလိုပြောနိုင်တယ်– “ဒီပုံမှာပြထားတဲ့ ကမ္ဘာမျိုးမှာ နေချင်သလား။ [တုံ့ပြန်မှုကိုစောင့်ပါ။] ဘုရားသခင်က ကမ္ဘာမြေကြီးကို လှပတဲ့၊ ငြိမ်းချမ်းသာယာတဲ့နေရာဖြစ်အောင် ပြောင်းလဲပေးပြီး ဘယ်သူမှ မဖျားမနာတော့အောင် လုပ်ပေးမယ်လို့ သမ္မာကျမ်းစာက [ဒီကျမ်းဂန်က] ကတိ ပေးထားတယ်။ ဒီလိုနေရာမျိုးမှာ နေရအောင် ဘာလုပ်ရမလဲဆိုတာ သတိပြုကြည့်ပါ။ [စာမျက်နှာ ၃ ရဲ့ထိပ်မှာ ညွှန်းထားတဲ့ ဟေရှာယ ၅၅:၃ ကိုဖတ်ပါ။] ဒီမှာ ဘုရားသခင်ဆီ ‘လာ’ ဖို့နဲ့ ကိုယ်တော့်စကားကို ‘နားထောင်’ ဖို့ ပြောနေတယ်။ ဒါပေမဲ့ ဘုရားသခင့်စကားကို ဘယ်လိုနားထောင်နိုင်မလဲ။” စာမျက်နှာ ၄-၅ ကိုဖွင့်ပြီး အဖြေကို သူနဲ့ဆွေးနွေးပါ။ သူအချိန်မရှိဘူးဆိုရင် ဘရိုရှာကိုထားခဲ့ပါ၊ ပြန်လည်ပတ်ပြီး အဖြေကိုဆွေးနွေးဖို့ စီစဉ်ပါ။