အောက်မေ့ရာပွဲကာလကို ရွှင်လန်းဝမ်းမြောက်ဖွယ် အချိန်အခါ ဖြစ်စေပါ
၁။ ဒီနှစ် အောင်မေ့ရာပွဲကာလမှာ ရွှင်လန်းဝမ်းမြောက်မှုတိုးစေတဲ့ နည်းတစ်နည်းက ဘာလဲ။
၁ မတ်၊ ဧပြီနဲ့ မေလတွေမှာ ရွှင်လန်းဝမ်းမြောက်မှုကို တိုးပြီးခံစားချင်ပါသလား။ ရွှင်လန်းဝမ်းမြောက်မှုတိုးစေတဲ့ တစ်နည်းကတော့ အမှုဆောင်လုပ်ငန်းမှာ တိုးချဲ့ပါဝင်ခြင်းဖြစ်ပြီး အခြေအနေပေးမယ်ဆိုရင် အရန်ရှေ့ဆောင်လုပ်ငန်းမှာ ပါဝင်ခြင်းဖြစ်တယ်။ ဒီလိုလုပ်ခြင်းက ရွှင်လန်းမှုကို ဘယ်လိုတိုးပွားစေမလဲ။
၂။ အမှုဆောင်လုပ်ငန်းမှာ တိုးချဲ့ပါဝင်ခြင်းက ရွှင်လန်းဝမ်းမြောက်မှုကို ဘယ်လိုတိုးပွားစေမလဲ။
၂ ရွှင်လန်းဝမ်းမြောက်မှု တိုးစေပါ– ဘုရားသခင်ကို မှီခိုအားကိုးခြင်း၊ ကိုယ်တော့်ကို ဝတ်ပြုကိုးကွယ်ခြင်းကနေ ကျေနပ်နှစ်သိမ့်မှု၊ ရွှင်လန်းဝမ်းမြောက်မှု ရရှိခံစားနိုင်စွမ်းနဲ့ ကျွန်ုပ်တို့ကို ဘုရားသခင် ဖန်ဆင်းထားတယ်။ (မ. ၅:၃) တခြားသူတွေကို ကူညီခြင်းကနေ ပျော်ရွှင်မှုခံစားနိုင်စွမ်းကိုလည်း ကိုယ်တော်ပေးထားတယ်။ (တ. ၂၀:၃၅) အမှုဆောင်လုပ်ငန်းက ဘုရားသခင်ကို ကိုးကွယ်ခွင့်၊ တခြားသူတွေကို ကူညီပေးခွင့်ဆိုတဲ့ အခွင့်အရေးနှစ်ခုစလုံးကို ရရှိစေပါတယ်။ ဒါကြောင့် အမှုဆောင်လုပ်ငန်းမှာ တိုးချဲ့ပါဝင်တာက ရွှင်လန်းဝမ်းမြောက်မှု အကြီးအကျယ်တိုးပွားစေမှာ သေချာပါတယ်။ ဒါ့အပြင် ကျွန်ုပ်တို့ ပိုဟောပြောလေ၊ အမှုဆောင်လုပ်ငန်းမှာ ပိုကျွမ်းကျင်လာလေပဲ။ ပိုကျွမ်းကျင်လာတာနဲ့အမျှ ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ်ချမှုတိုးလာပြီး စိုးရိမ်ကြောက်ရွံ့စိတ် လျော့နည်းလာတယ်။ လူများများကို သက်သေခံဖို့ အခွင့်အရေးပိုရလာပြီး ကျမ်းစာသင်အံမှုတွေ စတင်လာနိုင်မှာဖြစ်တယ်။ ဒီအရာတွေအားလုံးက အမှုဆောင်လုပ်ငန်းမှာ ပိုပြီးရွှင်လန်းဝမ်းမြောက်စေပါတယ်။
၃။ မတ်လနဲ့ ဧပြီလက အရန်ရှေ့ဆောင်လုပ်ဖို့ ဘာကြောင့် အကောင်းဆုံးလတွေ ဖြစ်တာလဲ။
၃ နာရီ ၃၀ လုပ်မလား၊ နာရီ ၅၀ လုပ်မလားဆိုတာကို ရွေးချယ်ခွင့်ရှိတဲ့အတွက် မတ်နဲ့ ဧပြီလဟာ အရန်ရှေ့ဆောင်လုပ်ဖို့ အကောင်းဆုံးလတွေပါ။ ဒါ့အပြင် မတ်လ ၂၂၊ စနေနေ့ကနေ ဧပြီ ၁၄ တနင်္လာ၊ အောက်မေ့ရာပွဲနေ့အထိ အောက်မေ့ရာပွဲ ဖိတ်စာဝေငှတဲ့ ကင်ပိန်းမှာ ပါဝင်နိုင်ကြပါတယ်။ သတ်မှတ်ထားချိန်အတွင်း ရပ်ကွက်များများပြီးစီးစေဖို့ ညီအစ်ကို၊ ညီအစ်မတွေ “တညီတညွတ်တည်း ဆောင်ရွက်” ကြမှာဖြစ်တဲ့အတွက် အသင်းတော်တစ်ခုလုံးဟာ ရွှင်လန်းဝမ်းမြောက်နေကြပါလိမ့်မယ်။—ဇေ. ၃:၉။
၄။ အရန်ရှေ့ဆောင်လုပ်ချင်တယ်ဆိုရင် ဘာလုပ်သင့်သလဲ။
၄ ယခုပင် ပြင်ဆင်ပါ– တစ်လ ဒါမှမဟုတ် နှစ်လ အမှုဆောင်လုပ်ငန်းမှာ တိုးချဲ့ပါဝင်ဖို့အတွက် လိုအပ်တဲ့ပြုပြင်ပြောင်းလဲမှုတွေလုပ်နိုင်အောင် ကိုယ့်ရဲ့အလုပ်အစီအစဉ်ဇယားတွေကို အချိန်ယူသုံးသပ်ပါ။ ဆုတောင်းချက်ထဲမှာလည်း ထည့်တောင်းပါ။ (ယာ. ၁:၅) ကိုယ့်မိသားစုအပြင် အသင်းတော်က တခြားသူတွေနဲ့လည်း ဒီအကြောင်းကို ဆွေးနွေးပြောဆိုပါ။ (သု. ၁၅:၂၂) ကျန်းမာရေးမကောင်းပေမဲ့၊ အလုပ်များနေပေမဲ့ အရန်ရှေ့ဆောင်လုပ်မယ်ဆိုရင် ရွှင်လန်းဝမ်းမြောက်မှု ခံစားရပါလိမ့်မယ်။
၅။ အောက်မေ့ရာပွဲကာလအတွင်း အမှုဆောင်လုပ်ငန်းမှာ တိုးချဲ့ပါဝင်မယ်ဆိုရင် ဘာအကျိုးကျေးဇူးတွေ ရရှိမလဲ။
၅ ယေဟောဝါဘုရားက မိမိရဲ့ကျေးကျွန်တွေကို ရွှင်လန်းဝမ်းမြောက်စေချင်ပါတယ်။ (ဆာ. ၃၂:၁၁) အောက်မေ့ရာပွဲကာလအတွင်း အမှုဆောင်လုပ်ငန်းမှာ ကြိုးစားတိုးချဲ့ပါဝင်ခြင်းအားဖြင့် ကျွန်ုပ်တို့ကိုယ်တိုင် ရွှင်လန်းဝမ်းမြောက်မှု ခံစားရမှာဖြစ်တဲ့အပြင် ယေဟောဝါဘုရားသခင်ကိုပါ ရွှင်လန်းဝမ်းမြောက်စေမှာ ဖြစ်ပါတယ်။—သု. ၂၃:၂၄; ၂၇:၁၁။