ကျမ်းစာသင်သားရဲ့ စိတ်နှလုံးကို ထိမိစေနိုင်ပုံ
၁။ ယေရှုရဲ့သွန်သင်ခြင်းက နားထောင်နေသူတွေရဲ့ စိတ်နှလုံးအပေါ် ဘယ်လိုအကျိုးသက်ရောက်ခဲ့သလဲ။
၁ နားထောင်နေသူတွေရဲ့ စိတ်နှလုံးထိမိသွားအောင် ယေရှု သွန်သင်ပေးခဲ့ပါတယ်။ တစ်ခါတုန်းကဆိုရင် ယေရှုက တပည့်တွေကို ကျမ်းစာအနက်တွေရှင်းပြတဲ့အခါ သူတို့ရဲ့နှလုံးဟာ “မီးကဲ့သို့ တောက်လောင်” ခဲ့ပါတယ်။ (လု. ၂၄:၃၂) ဘုရားသခင်ကို စိတ်နှလုံးထဲက နာခံရမှာဖြစ်တဲ့အတွက် သင်သားတွေ သူတို့ရဲ့အသက်တာကို ပြောင်းလဲချင်စိတ်ရှိလာအောင် သူတို့စိတ်နှလုံးကို ဘယ်လိုလှုံ့ဆော်ပေးနိုင်မလဲ။—ရော. ၆:၁၇။
၂။ လူတစ်ဦးရဲ့ စိတ်နှလုံးထိမိစေနိုင်ဖို့ လိမ္မာပါးနပ်မှုနဲ့ ပိုင်းခြားသိမြင်မှုက ဘယ်လောက်အရေးကြီးသလဲ။
၂ လိမ္မာပါးနပ်မှုနဲ့ ပိုင်းခြားသိမြင်မှုရှိပါ– ဘယ်ဟာ မှားတယ် ဘယ်ဟာ မှန်တယ်လို့ ဒီအတိုင်းရိုးရိုးပြောတာက လူများစွာကို လုပ်ဆောင်ချင်စိတ် ဖြစ်ပေါ်စေမှာ မဟုတ်ဘူး။ လူတွေကို သူတို့ရဲ့ဘာသာရေးယုံကြည်ချက်က မှားကြောင်း ကျမ်းချက်အများကြီးနဲ့ ထောက်ပြတာကလည်း နားထောင်ချင်စိတ်ရှိစေမှာ မဟုတ်ပါဘူး။ တစ်ဦးဦးကို လှုံ့ဆော်ပေးနိုင်ဖို့ဆိုရင် သူ့ရဲ့ ဘာသာရေးခံယူချက်၊ သူပြုမှုလုပ်ဆောင်ရတဲ့ အကြောင်းရင်းကို ဦးဆုံး ပိုင်းခြားသိမြင်ဖို့လိုပါတယ်။ လိမ္မာပါးနပ်စွာ သေချာရွေးချယ်ထားတဲ့ မေးခွန်းတွေက လူတစ်ဦးကို သူ့ရဲ့ အနက်ရှိုင်းဆုံးခံစားချက်တွေကိုတောင် ပြောပြချင်စိတ် ဖြစ်ပေါ်စေတယ်။ (သု. ၂၀:၅) အဲဒါမှသာ သူ့စိတ်နှလုံးကို ထိမိစေနိုင်တဲ့ ကျမ်းစာအကြောင်းကို ရွေးချယ်နိုင်မှာဖြစ်တယ်။ ဒီအတွက်ကြောင့် ကျွန်ုပ်တို့ဟာ ပုဂ္ဂိုလ်ရေးစိတ်ဝင်စားမှုရှိပြီး စိတ်ရှည်ဖို့လိုပါတယ်။ (သု. ၂၅:၁၅) လူတစ်ဦးနဲ့တစ်ဦး အမှန်တရားမှာ တိုးတက်ပုံချင်း မတူညီပါဘူး။ လူတွေရဲ့ တွေးခေါ်ကျင့်ကြံပုံတွေ ပြောင်းလဲအောင်လှုံ့ဆော်ပေးတဲ့ သန့်ရှင်းသောစွမ်းအားတော် သူတို့အပေါ်သက်ရောက်ဖို့ အချိန်ပေးပါ။—မာ. ၄:၂၆-၂၉။
၃။ သင်သားတွေ အရည်အသွေးကောင်းတွေ မွေးမြူနိုင်အောင် ဘယ်လိုကူညီပေးနိုင်မလဲ။
၃ အရည်အသွေးကောင်းတွေ မွေးမြူနိုင်အောင် ကူညီပေးပါ– သင်သားတွေ အရည်အသွေးကောင်းတွေ မွေးမြူနိုင်အောင် ယေဟောဝါရဲ့ ကောင်းမြတ်မှုနဲ့ မေတ္တာကိုဖော်ပြတဲ့ ကျမ်းချက်တွေက ထောက်ကူပေးနိုင်ပါတယ်။ တစ်ဦးချင်းစီကို ယေဟောဝါဘုရား ဘယ်လောက်အထိ ဂရုစိုက်ကြောင်းပြဖို့ ဆာလံ ၁၃၉:၁-၄ ဒါမှမဟုတ် လုကာ ၁၂:၆၊ ၇ စတဲ့ကျမ်းချက်တွေကို သုံးနိုင်ပါတယ်။ ယေဟောဝါရဲ့ မေတ္တာကြီးမားပုံကို သင်သားတွေ လေးမြတ်တန်ဖိုးထားလာတာနဲ့အမျှ ကိုယ်တော်ကိုချစ်တဲ့ သူတို့ရဲ့မေတ္တာ၊ ဘုရားတရားဆည်းကပ်လိုစိတ်က ကြီးမားလာပါလိမ့်မယ်။ (ရော. ၅:၆-၈; ၁ ယော. ၄:၁၉) ဒါ့အပြင် သူတို့ရဲ့လုပ်ရပ်တွေဟာ ယေဟောဝါဘုရားအပေါ် အကျိုးသက်ရောက်နိုင်မှန်းသိလာရင် ကိုယ်တော်နှစ်သက်တဲ့လမ်းစဉ်အတိုင်း ပြုမှုကျင့်ကြံဖို့ လှုံ့ဆော်ခံရနိုင်ပါတယ်။—ဆာ. ၇၈:၄၀၊ ၄၁; သု. ၂၃:၁၅။
၄။ သင်သားတစ်ဦးဦးကို သွန်သင်ပေးတဲ့အခါ သူတို့ရဲ့လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်ကို လေးစားကြောင်း ဘယ်လိုပြနိုင်မလဲ။
၄ ယေဟောဝါဘုရားက ဘယ်သူ့ကိုမှ မိမိရဲ့မိန့်မှာချက်တွေကို အတင်းအကျပ်မနာခံခိုင်းပါဘူး။ အဲဒီအစား မိမိလမ်းစဉ်တွေကို နာခံတာက ပညာရှိကြောင်းပြသပေးခြင်းဖြင့် လူတွေနာခံချင်လာအောင် ကိုယ်တော် မေတ္တာရပ်ခံနေပါတယ်။ (ဟေရှာ. ၄၈:၁၇၊ ၁၈) သင်သားတွေ သူတို့ဘာသာသူတို့ ဆုံးဖြတ်ချက်ချနိုင်အောင် ကျွန်ုပ်တို့သွန်သင်ပေးရင် ယေဟောဝါဘုရားကို တုပနေခြင်းဖြစ်ပါတယ်။ သင်သားတစ်ဦးချင်းစီက ဘဝကို ပြောင်းလဲဖို့လိုမှန်း လက်ခံယုံကြည်လာတဲ့အခါ ရေရှည်ကောင်းကျိုးတွေ ရရှိလာမှာဖြစ်ပါတယ်။ (ရော. ၁၂:၂) ဒါ့အပြင် ‘စိတ်နှလုံးကိုစစ်’ တဲ့အရှင် ယေဟောဝါဘုရားဆီ သူတို့ ပိုပြီးချဉ်းကပ်ချင်လာမှာ ဖြစ်ပါတယ်။—သု. ၁၇:၃။