လေ့လာရန် ဆောင်းပါး ၈
မနာလိုစိတ်ကို တိုက်ထုတ်ခြင်းအားဖြင့် ငြိမ်သက်မှု ရှိစေပါ
“ငြိမ်သက်ခြင်းရှိစေတဲ့အရာ၊ အားပေးမှုဖြစ်စေတဲ့အရာတွေကို လုပ်ဆောင်ဖို့ အစွမ်းကုန် ကြိုးစားကြစို့။”—ရော. ၁၄:၁၉။
သီချင်း ၁၁၃ တို့ပိုင်ဆိုင်တဲ့ ငြိမ်သက်ခြင်း
အကြိုသုံးသပ်ချက်a
၁။ မနာလိုစိတ်က ယောသပ်ရဲ့ မိသားစုကို ဘယ်လို ထိခိုက်သလဲ။
ယာကုပ်က သားတွေအားလုံးကို ချစ်ပေမဲ့ ယောသပ်ကို ပိုချစ်တယ်။ ဒါကို ယောသပ်ရဲ့ အစ်ကိုတွေ ဘယ်လို သဘောထားကြသလဲ။ ယောသပ်ကို အလိုလို မနာလိုဖြစ်ပြီး မုန်းလာတယ်။ ကျွန်အဖြစ် ရောင်းစားပြီး သားရဲ ကိုက်သတ်လိုက်ပြီလို့ ဖခင်ကို လိမ်ပြောကြတယ်။ သူတို့ရဲ့ မနာလိုစိတ်က မိသားစုရဲ့ ငြိမ်သက်မှုကို ပျက်စီးစေပြီး ဖခင်ကို စိတ်ဆင်းရဲစေတယ်။—က. ၃၇:၃၊ ၄၊ ၂၇-၃၄။
၂။ ဂလာတိ ၅:၁၉-၂၁ အရ မနာလိုစိတ်ဟာ ဘာကြောင့် အန္တရာယ် ရှိသလဲ။
၂ ကျမ်းစာမှာ မနာလိုစိတ်bကို သေစေနိုင်တဲ့ “အပြစ်ရှိတဲ့ အကျင့်တွေ၊” ဘုရားသခင့် နိုင်ငံတော်ကို အမွေမခံရစေမယ့် အကျင့်တွေထဲမှာ ဖော်ပြထားတယ်။ (ဂလာတိ ၅:၁၉-၂၁ ကိုဖတ်ပါ။) မနာလိုစိတ်ဟာ ရန်လိုခြင်း၊ ခိုက်ရန်ဖြစ်ခြင်း၊ ဒေါသပေါက်ကွဲခြင်း စတဲ့ မကောင်းတဲ့ အကျင့်တွေရဲ့ ရင်းမြစ် ဖြစ်လေ့ရှိတယ်။
၃။ ဒီဆောင်းပါးမှာ ဘာအကြောင်း ဆွေးနွေးကြမလဲ။
၃ မနာလိုစိတ်ကြောင့် မိသားစု ငြိမ်သက်မှုနဲ့ ဆက်ဆံရေးတွေ ထိခိုက်ပျက်စီးနိုင်ကြောင်း ယောသပ်အစ်ကိုတွေရဲ့ ဖြစ်ရပ်က ဖော်ပြတယ်။ ယောသပ်အစ်ကိုတွေလိုတော့ လုပ်မှာ မဟုတ်ပေမဲ့ ကျွန်တော်တို့ရဲ့ စိတ်နှလုံးက မစုံလင်ဘူး၊ စဉ်းလဲတယ်။ (ယေ. ၁၇:၉) ဒါကြောင့် တစ်ခါတလေ မနာလိုစိတ် ဝင်လာနိုင်တယ်။ စိတ်နှလုံးထဲ မနာလိုစိတ် ဘာကြောင့် အမြစ်တွယ်လာနိုင်ကြောင်း သိအောင် ကူညီပေးမယ့် ကျမ်းစာ ပုံနမူနာတချို့ကို ဆွေးနွေးကြစို့။ မနာလိုစိတ်ကို တိုက်ထုတ်ပြီး ငြိမ်သက်မှု တိုးများအောင် လုပ်နိုင်တဲ့ လက်တွေ့ကျနည်းတွေကိုလည်း သုံးသပ်ကြပါမယ်။
ဘာက မနာလိုစိတ်ကို ဖြစ်စေနိုင်သလဲ
၄။ ဖိလိတိလူတွေ အိဇက်ကို ဘာကြောင့် မနာလိုဖြစ်ကြသလဲ။
၄ ချမ်းသာကြွယ်ဝမှု။ ချမ်းသာကြွယ်ဝတဲ့ အိဇက်ကို ဖိလိတိလူတွေ မနာလိုဖြစ်ကြတယ်။ (က. ၂၆:၁၂-၁၄) ဒါကြောင့် သိုးနွားတိရစ္ဆာန်တွေကို ရေတိုက်ဖို့ အဓိက အားထားနေရတဲ့ ရေတွင်းတွေကို ဖိလိတိလူတွေ မြေဖို့ပစ်ကြတယ်။ (က. ၂၆:၁၅၊ ၁၆၊ ၂၇) ဖိလိတိလူတွေလိုပဲ ဒီနေ့ခေတ် လူတချို့ဟာ ကိုယ့်ထက် ပိုချမ်းသာကြွယ်ဝသူတွေကို မနာလို ဖြစ်ကြတယ်။ တခြားသူတွေမှာ ရှိတာကို လိုချင်ရုံသာမက သူတို့မှာ ရှိတာတွေကို ဆုံးရှုံးသွားစေချင်ကြတယ်။
၅။ ဘာသာရေးခေါင်းဆောင်တွေ ယေရှုကို ဘာကြောင့် မနာလို ဖြစ်ကြသလဲ။
၅ ချစ်ခင်လေးစားခံရမှု။ ယေရှုကို သာမန်လူတွေ ချစ်ခင်လေးစားတဲ့အတွက် ဂျူးဘာသာရေးခေါင်းဆောင်တွေ မနာလို ဖြစ်ကြတယ်။ (မ. ၇:၂၈၊ ၂၉) ယေရှုဟာ ဘုရားသခင့် ကိုယ်စားလှယ်ဖြစ်ပြီး အမှန်တရား သွန်သင်သူဖြစ်တယ်။ ဒါတောင် ဘာသာရေးခေါင်းဆောင်တွေက ယေရှုကို နာမည်ဖျက်ဖို့ အလိမ်အညာတွေ ဖြန့်ကြတယ်။ (မာ. ၁၅:၁၀။ ယော. ၁၁:၄၇၊ ၄၈။ ၁၂:၁၂၊ ၁၃၊ ၁၉) ဒီမှတ်တမ်းကနေ ဘာသင်ယူနိုင်သလဲ။ အရည်အသွေးကောင်းတွေ ရှိလို့ ညီအစ်ကို/မတွေရဲ့ ချစ်ခင်လေးစားမှု ရထားသူတွေကို မနာလို မဖြစ်အောင် တိုက်လှန်ရမယ်။ မနာလို ဖြစ်မယ့်အစား သူတို့ရဲ့ အရည်အသွေးကောင်းတွေကို တုပသင့်တယ်။—၁ ကော. ၁၁:၁။ ၃ ယော. ၁၁။
၆။ မနာလိုစိတ် ရှိကြောင်း ဒယောတရပ် ဘယ်လို ပြသလဲ။
၆ လုပ်ငန်းတော် အခွင့်ထူးများ။ ပထမရာစုမှာ ဒယောတရပ်ဟာ အသင်းတော်မှာ ဦးဆောင်သူတွေကို မနာလိုဖြစ်ခဲ့တယ်။ အသင်းတော်မှာ “ထိပ်ဆုံးနေရာရချင်” တဲ့အတွက် တမန်တော် ယောဟန်နဲ့ တခြား တာဝန်ရှိ ညီအစ်ကိုတွေ သိက္ခာကျအောင် မလိုတမာစိတ်နဲ့ ပြောတယ်။ (၃ ယော. ၉၊ ၁၀) ဒယောတရပ်လို ကျွန်တော်တို့ လုပ်မှာ မဟုတ်ပေမဲ့ ကိုယ်မျှော်လင့်နေတဲ့ တာဝန်တစ်ခု ရသွားတဲ့ ညီအစ်ကိုကို မနာလို ဖြစ်မိနိုင်တယ်။ အထူးသဖြင့် ကိုယ်လည်း သူ့လောက် အရည်အချင်း ရှိတယ်လို့ ခံစားရတဲ့အခါမျိုးမှာ ဖြစ်တယ်။
စိတ်နှလုံးဟာ မြေ၊ အရည်အသွေးကောင်းတွေဟာ လှပတဲ့ ပန်းပွင့်နဲ့တူတယ်။ မနာလိုစိတ်ကတော့ အဆိပ်ပြင်းတဲ့ ပေါင်းပင်နဲ့တူတယ်။ မနာလိုစိတ်ဟာ မေတ္တာ၊ ထောက်ထားစာနာမှု၊ ကြင်နာမှု စတဲ့ အရည်အသွေးကောင်းတွေကို ဝါးမျိုပစ်နိုင် (စာပိုဒ် ၇ ကိုကြည့်ပါ)
၇။ မနာလိုစိတ်က ကျွန်တော်တို့အပေါ် ဘယ်လို သက်ရောက်မှု ရှိနိုင်သလဲ။
၇ မနာလိုစိတ်ဟာ အဆိပ်ပြင်းတဲ့ ပေါင်းပင်နဲ့ တူတယ်။ စိတ်နှလုံးထဲ အမြစ်တွယ်သွားပြီဆိုရင် နုတ်ပစ်ဖို့ ခက်တယ်။ မာနကြီးတာ၊ တစ်ကိုယ်ကောင်းဆန်တာ စတဲ့ မကောင်းတဲ့ သဘောထားတွေက မနာလိုစိတ်ကို ဆွပေးတယ်။ မနာလိုစိတ်က မေတ္တာ၊ ထောက်ထားစာနာမှု၊ ကြင်နာမှုစတဲ့ အရည်အသွေးကောင်းတွေကို ဝါးမျိုပစ်နိုင်တယ်။ စိတ်ထဲမှာ မနာလိုစိတ် အညှောက်ထွက်လာပြီဆိုတာနဲ့ အမြစ်ပါမကျန် နုတ်ပစ်ဖို့ လိုတယ်။ မနာလိုစိတ်ကို ဘယ်လို တိုက်ထုတ်နိုင်သလဲ။
နှိမ့်ချစိတ်၊ ရောင့်ရဲစိတ် မွေးမြူပါ
ပေါင်းပင်နဲ့တူတဲ့ မနာလိုစိတ်ကို ဘယ်လို တိုက်ထုတ်နိုင်သလဲ။ ဘုရားသခင့် သန့်ရှင်းသော စွမ်းအားတော် အကူအညီနဲ့ မနာလိုစိတ်ကို တိုက်ထုတ်ပြီး နှိမ့်ချစိတ်၊ ရောင့်ရဲစိတ်နဲ့ အစားထိုးနိုင် (စာပိုဒ် ၈-၉ ကိုကြည့်ပါ)
၈။ မနာလိုစိတ်ကို တိုက်ထုတ်ဖို့ ဘယ်အရည်အသွေးတွေက ကူညီပေးနိုင်သလဲ။
၈ နှိမ့်ချစိတ်၊ ရောင့်ရဲစိတ် မွေးမြူခြင်းအားဖြင့် မနာလိုစိတ်ကို တိုက်ထုတ်နိုင်တယ်။ စိတ်ထဲမှာ အဲဒီအရည်အသွေးကောင်းတွေ ပြည့်နေရင် မနာလိုစိတ် ဝင်နိုင်မှာ မဟုတ်ဘူး။ နှိမ့်ချစိတ်က ကိုယ့်ကိုယ်ကိုယ် အထင်မကြီးလွန်းဖို့ ကူညီပေးပါလိမ့်မယ်။ နှိမ့်ချသူဟာ တခြားသူထက် ဘာမဆို ပိုရထိုက်တယ်လို့ မယူဆဘူး။ (ဂလ. ၆:၃၊ ၄) ရောင့်ရဲသူဟာ ကိုယ့်မှာ ရှိတာနဲ့ ကျေနပ်တယ်။ ကိုယ့်ကိုယ်ကိုယ် တခြားသူတွေနဲ့ မနှိုင်းယှဉ်ဘူး။ (၁ တိ. ၆:၇၊ ၈) နှိမ့်ချပြီး ရောင့်ရဲတဲ့သူဟာ တခြားသူတွေ ကောင်းတာတစ်ခုခု ရတဲ့အခါ ဝမ်းသာပေးတယ်။
၉။ ဂလာတိ ၅:၁၆ နဲ့ ဖိလိပ္ပိ ၂:၃၊ ၄ အရ သန့်ရှင်းသော စွမ်းအားတော်က ဘာလုပ်ဖို့ ကူညီပေးမလဲ။
၉ မနာလိုစိတ်ကို ရှောင်ပြီး နှိမ့်ချစိတ်၊ ရောင့်ရဲစိတ် မွေးမြူဖို့ သန့်ရှင်းသော စွမ်းအားတော် အကူအညီ လိုအပ်တယ်။ (ဂလာတိ ၅:၁၆။ ဖိလိပ္ပိ ၂:၃၊ ၄ ကိုဖတ်ပါ။) ယေဟောဝါရဲ့ စွမ်းအားတော်က ကျွန်တော်တို့ရဲ့ အနက်ရှိုင်းဆုံး အတွေးနဲ့ စိတ်ခံစားချက်တွေကို ဆန်းစစ်ဖို့ ကူညီပေးနိုင်တယ်။ မကောင်းတဲ့ အတွေး၊ ခံစားချက်တွေကို ကောင်းတာတွေနဲ့ အစားထိုးဖို့ ဘုရားသခင် ကူညီပေးနိုင်တယ်။ (ဆာ. ၂၆:၂။ ၅၁:၁၀) မနာလိုစိတ်ကို အောင်မြင်စွာ တိုက်ထုတ်နိုင်ခဲ့တဲ့ မောရှေနဲ့ ပေါလုအကြောင်း သုံးသပ်ကြည့်ပါ။
အစ္စရေးလူငယ်တစ်ယောက်က မောရှေနဲ့ ယောရှုဆီ ပြေးလာပြီး တပ်စခန်းမှာ အမျိုးသားနှစ်ယောက် ပရောဖက်ပြုနေကြောင်း ပြောတယ်။ သူတို့နှစ်ယောက်ကို တားဖို့ ယောရှု ပြောတဲ့အခါ မောရှေ တားမယ့်အစား သူတို့အပေါ် ယေဟောဝါ စွမ်းအားတော် ပေးတာကို ဝမ်းသာပေး (စာပိုဒ် ၁၀ ကိုကြည့်ပါ)
၁၀။ ဘယ်အခြေအနေက မောရှေအတွက် စမ်းသပ်မှု ဖြစ်နိုင်သလဲ။ (မျက်နှာဖုံးပုံကို ကြည့်ပါ။)
၁၀ မောရှေဟာ ဘုရားလူမျိုးအပေါ် အခွင့်အာဏာ အတော်အတန်ရှိပေမဲ့ အဲဒီအခွင့်ထူးကို တခြားသူတွေ မရအောင် မနာလိုစိတ်နဲ့ မတားဆီးခဲ့ဘူး။ တစ်ကြိမ်မှာ မောရှေမှာရှိတဲ့ စွမ်းအားတော်တချို့ကို ယူပြီး တဲတော်နားက အစ္စရေး အကြီးအကဲအုပ်စုကို ယေဟောဝါ ပေးတယ်။ တဲတော်ကို မသွားတဲ့ အကြီးအကဲ နှစ်ယောက်လည်း စွမ်းအားတော် ရပြီး ပရောဖက်ပြုတာကို မောရှေ ကြားတယ်။ အဲဒီနှစ်ယောက်ကို တားဆီးဖို့ ယောရှု ပြောတဲ့အခါ မောရှေ ဘယ်လို တုံ့ပြန်သလဲ။ သူတို့ကို ယေဟောဝါ အရေးစိုက်လို့ မောရှေ မနာလို မဖြစ်ဘူး။ အဲဒီအစား သူတို့နဲ့အတူ ဝမ်းသာပေးတယ်။ (တော. ၁၁:၂၄-၂၉) မောရှေဆီကနေ ဘာသင်ယူနိုင်သလဲ။
ခရစ်ယာန် အကြီးအကဲတွေဟာ မောရှေရဲ့ နှိမ့်ချစိတ်ကို ဘယ်လို တုပနိုင်သလဲ (စာပိုဒ် ၁၁-၁၂ ကိုကြည့်ပါ)c
၁၁။ မောရှေကို အကြီးအကဲတွေ ဘယ်လို တုပနိုင်သလဲ။
၁၁ သင်ဟာ အကြီးအကဲ ဖြစ်မယ်ဆိုရင် ကိုယ်မြတ်နိုးတဲ့ အသင်းတော် အခွင့်ထူးအတွက် တစ်ယောက်ယောက်ကို လေ့ကျင့်ပေးဖို့ တာဝန်ရဖူးသလား။ ဥပမာ၊ အပတ်တိုင်း ကင်းမျှော်စင် သင်တန်း ကိုင်ရတဲ့ အခွင့်ထူးကို သင် မြတ်နိုးတယ်။ ဒါပေမဲ့ မောရှေလို နှိမ့်ချသူ ဖြစ်မယ်ဆိုရင် အဲဒီတာဝန်အတွက် တခြားညီအစ်ကိုတစ်ယောက်ကို လေ့ကျင့်ပေးဖို့ တောင်းဆိုခံရတဲ့အခါ ကိုယ်ဘေးချိတ်ခံရတော့မှာပဲလို့ မတွေးဘဲ ဝမ်းသာအားရ ကူညီပေးပါလိမ့်မယ်။
၁၂။ ရောင့်ရဲစိတ်၊ နှိမ့်ချစိတ်ကို ညီအစ်ကို/မများစွာ ဘယ်လို တင်ပြနေကြသလဲ။
၁၂ အသက်ကြီး ညီအစ်ကိုတွေ ကြုံရတဲ့ နောက်အခြေအနေတစ်ခုကို သုံးသပ်ကြည့်ပါ။ သူတို့ဟာ အကြီးအကဲအဖွဲ့ ညှိနှိုင်းရေးမှူးအဖြစ် နှစ်ပေါင်းများစွာ အမှုဆောင်ခဲ့တယ်။ ဒါပေမဲ့ အသက် ၈၀ ပြည့်တဲ့အခါ တာဝန်ကနေ လိုလိုလားလား ရပ်နားကြတယ်။ အသက် ၇၀ ပြည့်သွားတဲ့ တိုက်နယ်ကြီးကြပ်မှူးတွေလည်း တာဝန်ကနေ နှိမ့်ချစွာ ရပ်နားပြီး တာဝန်အပြောင်းအလဲကို လက်ခံကြတယ်။ မကြာသေးခင် နှစ်တွေမှာ ကမ္ဘာတစ်ဝန်းက ဗေသလအိမ်သားများစွာဟာ လယ်ကွင်းမှာ တာဝန်သစ်တွေ ရကြတယ်။ အဲဒီသစ္စာရှိ ညီအစ်ကို/မတွေဟာ ကိုယ့်နေရာမှာ အစားဝင်လာတဲ့သူတွေကို မနာလို မဖြစ်ဘူး။
၁၃။ တမန်တော် ၁၂ ယောက်ကို ပေါလု ဘာကြောင့် မနာလိုဖြစ်နိုင်သလဲ။
၁၃ ရောင့်ရဲစိတ်၊ နှိမ့်ချစိတ် တင်ပြရာမှာ ပုံသက်သေကောင်းသူ နောက်တစ်ယောက်ကတော့ တမန်တော် ပေါလု ဖြစ်တယ်။ ပေါလုဟာ မနာလိုစိတ်ကို ဝင်ခွင့်မပြုဘူး။ အမှုဆောင်လုပ်ငန်းမှာ ကြိုးစားပေမဲ့ “ကျွန်တော်ဟာ တမန်တော်တွေထဲမှာ အရေးမပါဆုံးသူပါ၊ . . . တမန်တော်လို့တောင် အခေါ်မခံထိုက်ဘူး” လို့ နှိမ့်ချစွာ ပြောတယ်။ (၁ ကော. ၁၅:၉၊ ၁၀) တမန်တော် ၁၂ ယောက်ဟာ ယေရှု မြေကြီးပေါ် အမှုဆောင်ချိန်အတွင်း ယေရှုနောက်လိုက် ဖြစ်ခဲ့ကြပေမဲ့ ပေါလုကတော့ ယေရှု သေဆုံး၊ ထမြောက်ပြီးနောက်မှ ခရစ်ယာန် ဖြစ်လာတာ။ “လူမျိုးခြားတွေနဲ့ဆိုင်တဲ့ တမန်တော်” အဖြစ် ခန့်အပ်ခံရပေမဲ့ တမန်တော် ၁၂ ယောက်အဖြစ် အထူးအခွင့်အရေးတော့ မရခဲ့ဘူး။ (ရော. ၁၁:၁၃။ တ. ၁:၂၁-၂၆) ဒါပေမဲ့ ယေရှုနဲ့ အနီးကပ်နေခဲ့တဲ့ တမန်တော် ၁၂ ယောက်ကို မနာလို မဖြစ်ဘဲ ရတဲ့အခွင့်ထူးနဲ့ ရောင့်ရဲခဲ့တယ်။
၁၄။ ရောင့်ရဲစိတ်၊ နှိမ့်ချစိတ် ရှိမယ်ဆိုရင် ဘာလုပ်မလဲ။
၁၄ ရောင့်ရဲစိတ်၊ နှိမ့်ချစိတ်သာ ရှိမယ်ဆိုရင် ကျွန်တော်တို့လည်း ယေဟောဝါ အခွင့်အာဏာ ပေးထားသူတွေကို ပေါလုလို လေးစားမှာ ဖြစ်တယ်။ (တ. ၂၁:၂၀-၂၆) ခရစ်ယာန် အသင်းတော်မှာ ဦးဆောင်ဖို့ အကြီးအကဲတွေကို ဘုရား စီစဉ်ပေးထားတယ်။ သူတို့ဟာ မစုံလင်ကြပေမဲ့ ယေဟောဝါ ပေးတဲ့ “လက်ဆောင်” ဖြစ်တယ်။ (ဧ. ၄:၈၊ ၁၁) ခန့်အပ်ခံရတဲ့သူတွေကို လေးစားတာ၊ လမ်းညွှန်ချက်တွေကို နှိမ့်ချစွာ လိုက်နာတာက ယေဟောဝါနဲ့ ရင်းနှီးစေသလို ခရစ်ယာန်အချင်းချင်းကို သင့်မြတ်စေတယ်။
‘ငြိမ်သက်ခြင်းရှိစေတဲ့အရာတွေကို လုပ်ဆောင်ဖို့ အစွမ်းကုန် ကြိုးစားပါ’
၁၅။ ကျွန်တော်တို့ ဘာလုပ်ရမလဲ။
၁၅ မနာလိုစိတ် ရှိရင် ငြိမ်သက်မှု ရှိနိုင်မှာ မဟုတ်ဘူး။ မနာလိုစိတ်ကို စိတ်နှလုံးထဲကနေ ဖယ်ထုတ်ပစ်ရမယ်။ တခြားသူတွေရဲ့ စိတ်ထဲ မနာလိုစိတ် ပေါ်လာအောင် မလုပ်ရဘူး။ ဒါမှ ‘ငြိမ်သက်ခြင်းရှိစေတဲ့အရာ၊ အားပေးမှုဖြစ်စေတဲ့အရာတွေကို လုပ်ဆောင်ဖို့ အစွမ်းကုန် ကြိုးစားပါ’ ဆိုတဲ့ ယေဟောဝါရဲ့ မိန့်မှာချက်ကို နာခံနိုင်မယ်။ (ရော. ၁၄:၁၉) မနာလိုစိတ်ကို တိုက်ထုတ်ဖို့ တခြားသူတွေကို ဘယ်လို သတ်သတ်မှတ်မှတ် ကူညီနိုင်သလဲ။ ငြိမ်သက်မှု ဘယ်လို တိုးများစေနိုင်သလဲ။
၁၆။ မနာလိုစိတ်ကို တိုက်ထုတ်ဖို့ တခြားသူတွေကို ဘယ်လို ကူညီပေးနိုင်သလဲ။
၁၆ ကျွန်တော်တို့ရဲ့ သဘောထားနဲ့ လုပ်ရပ်က တခြားသူတွေအပေါ် အတော်ဩဇာညောင်းနိုင်တယ်။ လောကက ကိုယ့်မှာရှိတာတွေကို “ဝါကြွား” စေချင်တယ်။ (၁ ယော. ၂:၁၆) အဲဒီသဘောထားက မနာလိုစိတ် ဝင်စေတယ်။ ကိုယ့်ပိုင်ဆိုင်မှုတွေအကြောင်း၊ ကိုယ်ဝယ်ဖို့ စီစဉ်ထားတာတွေအကြောင်း အမြဲ မပြောခြင်း၊ အသင်းတော် အခွင့်ထူးတွေနဲ့ပတ်သက်ပြီး ကျိုးနွံမှု ရှိခြင်းအားဖြင့် တခြားသူတွေရဲ့ စိတ်ထဲ မနာလိုစိတ် မဝင်အောင် ကူညီပေးနိုင်တယ်။ ကိုယ်ရထားတဲ့ အခွင့်ထူးတွေ အကြောင်းပဲ ပြောနေတာက မနာလိုစိတ် ကြီးထွားအောင် မြေဩဇာ ပေးနေတာနဲ့တူတယ်။ အဲဒီအစား တခြားသူတွေကို စိတ်ရင်းမှန်နဲ့ စိတ်ဝင်စားခြင်း၊ သူတို့ရဲ့ လုပ်ရပ်ကောင်းတွေကို အသိအမှတ်ပြုခြင်းအားဖြင့် ရောင့်ရဲတတ်လာအောင် ကူညီပေးနိုင်တယ်။ ဒါက အသင်းတော်မှာလည်း ငြိမ်သက်စည်းလုံးမှု တိုးများစေတယ်။
၁၇။ ယောသပ်ရဲ့ အစ်ကိုတွေ ဘာလုပ်နိုင်ခဲ့သလဲ။ ဘာကြောင့်လဲ။
၁၇ မနာလိုစိတ်ကို အောင်မြင်စွာ တိုက်ထုတ်နိုင်ပါတယ်။ ယောသပ်အစ်ကိုတွေအကြောင်း ပြန်သုံးသပ်ကြည့်ပါ။ နှစ်ပေါင်းများစွာကြာပြီးမှ ယောသပ်နဲ့ အီဂျစ်ပြည်မှာ ပြန်ဆုံကြတယ်။ မိမိ ဘယ်သူဖြစ်မှန်း မပြောခင် သူတို့ တကယ်ပြောင်းလဲပြီလားဆိုတာ ယောသပ် စမ်းကြည့်တယ်။ စားသောက်ပွဲတစ်ခု စီစဉ်ပြီး ညီအငယ်ဆုံး ဗင်ယာမိန်ကို တခြားသူတွေထက် ပိုဂရုစိုက်ပြတယ်။ (က. ၄၃:၃၃၊ ၃၄) ဒါပေမဲ့ ယောသပ်ရဲ့ အစ်ကိုတွေဟာ ဗင်ယာမိန်ကို မနာလို မဖြစ်ကြဘူး။ ဗင်ယာမိန်နဲ့ ဖခင်ယာကုပ်ကို တကယ်ချစ်ကြောင်း ပြခဲ့ကြတယ်။ (က. ၄၄:၃၀-၃၄) မိသားစုမှာ ပြန်ငြိမ်သက်လာအောင် လုပ်နိုင်ခဲ့ကြတယ်။ မနာလိုစိတ်ကို တွန်းလှန်နိုင်ခဲ့ကြလို့ပါပဲ။ (က. ၄၅:၄၊ ၁၅) ကျွန်တော်တို့လည်း မနာလိုစိတ်ကို အမြစ်ပါမကျန် နုတ်ပစ်မယ်ဆိုရင် မိသားစုနဲ့ အသင်းတော်မှာ ငြိမ်သက်မှု ရှိအောင် ကူညီပေးနိုင်ပါလိမ့်မယ်။
၁၈။ ယာကုပ် ၃:၁၇၊ ၁၈ အရ ငြိမ်သက်တဲ့ ဝန်းကျင်ကို ဖြစ်စေမယ်ဆိုရင် ဘာဖြစ်လာမလဲ။
၁၈ ယေဟောဝါက မနာလိုစိတ်ကို တိုက်ထုတ်စေချင်တယ်။ ငြိမ်သက်မှုရှိစေတဲ့ အရာတွေကို လုပ်စေချင်တယ်။ အဲဒီလို လုပ်နိုင်ဖို့ ကြိုးစားအားထုတ်ရမယ်။ ဒီဆောင်းပါးမှာ ဆွေးနွေးခဲ့တဲ့အတိုင်း ကျွန်တော်တို့မှာ မနာလိုတတ်တဲ့ စိတ်သဘောရှိတယ်။ (ယာ. ၄:၅) အဲဒီအပြင် မနာလိုစိတ်ကို အားပေးအားမြှောက်လုပ်တဲ့ လောကမှာ အသက်ရှင်နေရတယ်။ ဒါပေမဲ့ နှိမ့်ချစိတ်၊ ရောင့်ရဲစိတ်၊ ကျေးဇူးတင်လေးမြတ်စိတ် မွေးမြူမယ်ဆိုရင် မနာလိုစိတ်ကို တွန်းလှန်နိုင်ပါလိမ့်မယ်။ ငြိမ်သက်တဲ့ ဝန်းကျင် ဖြစ်လာပြီး ဖြောင့်မတ်ခြင်းမျိုးစေ့ ရှင်သန်ကြီးထွားလာပါလိမ့်မယ်။ ဆိုလိုတာက ကျွန်တော်တို့ဟာ တခြားသူတွေနဲ့ ပိုသင့်မြတ်လာပြီး မေတ္တာ၊ ထောက်ထားစာနာမှု၊ ကြင်နာမှု စတဲ့ အရည်အသွေးကောင်းတွေ ပိုရှိလာပါလိမ့်မယ်။—ယာကုပ် ၃:၁၇၊ ၁၈ ကိုဖတ်ပါ။
သီချင်း ၁၃၀ ခွင့်လွှတ်တတ်ကြပါ
a ယေဟောဝါရဲ့ အဖွဲ့အစည်းမှာ ငြိမ်သက်မှု ရှိတယ်။ ဒါပေမဲ့ မနာလိုစိတ်က ငြိမ်သက်မှုကို ပျက်ပြားစေနိုင်တယ်။ မနာလိုစိတ်ကို ဘာက ဖြစ်ပေါ်စေကြောင်း၊ ဘယ်လို တိုက်ထုတ်နိုင်ကြောင်း၊ ငြိမ်သက်မှု ဘယ်လို တိုးများစေနိုင်ကြောင်း ဒီဆောင်းပါးမှာ ဆွေးနွေးပါမယ်။
b စကားလုံး ရှင်းလင်းချက်– ကျမ်းစာ ဖော်ပြချက်အရ မနာလိုစိတ်ဟာ တခြားသူတွေမှာ ရှိတဲ့အရာကို လိုချင်စိတ် ဖြစ်စေရုံသာမက သူတို့မှာ ရှိတာတွေကို ဆုံးရှုံးသွားစေချင်တယ်။
c ပုံအညွှန်း– အကြီးအကဲအဖွဲ့ အစည်းအဝေးမှာ ကင်းမျှော်စင် သင်တန်းမှူးဖြစ်တဲ့ အသက်ကြီး ညီအစ်ကိုဟာ လူငယ်အကြီးအကဲကို လေ့ကျင့်ပေးဖို့ တောင်းဆိုခံရတယ်။ အသက်ကြီး ညီအစ်ကိုဟာ ဒီတာဝန်ကို မြတ်နိုးပေမဲ့ လူငယ်ညီအစ်ကိုကို လက်တွေ့ကျ အကြံပြုချက်တွေ ပေးခြင်း၊ လှိုက်လှိုက်လှဲလှဲ ချီးမွမ်းပေးခြင်းအားဖြင့် အကြီးအကဲတွေရဲ့ ဆုံးဖြတ်ချက်ကို စိတ်ရောကိုယ်ပါ ထောက်မတယ်။