ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၂၀ ဇွန် စာ. ၂၄-၂၉
  • “ငါ့ဆီ ပြန်လာကြ”

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • “ငါ့ဆီ ပြန်လာကြ”
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၀
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ပျောက်သွားတဲ့ ဒင်္ဂါးကို လိုက်ရှာခြင်း
  • ယေဟောဝါရဲ့ ပျောက်သွားတဲ့ သားသမီးတွေကို ပြန်ခေါ်လာပေးပါ
  • အားနည်းသူတွေကို မေတ္တာပါပါ ထောက်မပါ
  • ကောင်းကင်နဲ့ မြေကြီးမှာ ဝမ်းသာ
  • မလှုပ်မရှားဖြစ်နေသူများကို မမေ့လျော့ပါနှင့်
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၇
  • မဖင့်နွှဲဘဲ ပြန်လာစေရန် သူတို့ကိုကူညီပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၈
  • မလှုပ်မရှားဖြစ်နေသူကို အားပေးနိုင်
    ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း—လေ့ကျင့်ခန်းစာစောင်—၂၀၁၇
  • ‘ငါကိုယ်တိုင် ငါ့သိုးတွေကို လိုက်ရှာမယ်’
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၀
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၀
က၂၀ ဇွန် စာ. ၂၄-၂၉

လေ့လာရန် ဆောင်းပါး ၂၆

“ငါ့ဆီ ပြန်လာကြ”

“ငါ့ဆီ ပြန်လာကြ။ ငါလည်း မင်းတို့ဆီ ပြန်လာမယ်။”—မာလ. ၃:၇။

သီချင်း ၁၀၂ ‘အားနည်းသူတွေကို ထောက်မပေးပါ’

အကြိုသုံးသပ်ချက်a

၁။ လမ်းလွဲသွားတဲ့ သိုးတစ်ကောင် ပြန်လှည့်လာတဲ့အခါ ယေဟောဝါ ဘယ်လို ခံစားရသလဲ။

ရှေ့ဆောင်းပါးမှာ လေ့လာခဲ့တဲ့အတိုင်း ယေဟောဝါက သိုးတစ်ကောင်ချင်းစီကို ဂရုစိုက်စောင့်ရှောက်တဲ့ သိုးထိန်းကောင်းနဲ့ မိမိကိုယ်ကို ခိုင်းနှိုင်းထားတယ်။ လမ်းလွဲသွားသူတိုင်းကို လိုက်ရှာတယ်။ “ငါ့ဆီ ပြန်လာကြ။ ငါလည်း မင်းတို့ဆီ ပြန်လာမယ်” လို့ မိမိကို စွန့်သွားတဲ့ အစ္စရေးတွေကို ပြောတယ်။ ‘ငါဟာ မပြောင်းလဲတတ်ဘူး’ လို့ ယေဟောဝါ ပြောတဲ့အတွက် ဒီနေ့အထိလည်း အလားတူပဲဆိုတာ သိနိုင်တယ်။ (မာလ. ၃:၆၊ ၇) လမ်းလွဲသွားသူ တစ်ယောက်လောက် ပြန်လှည့်လာရင်တောင် ယေဟောဝါနဲ့ ကောင်းကင်တမန်တွေ အလွန် ဝမ်းသာတယ်လို့ ယေရှု ပြောတယ်။—လု. ၁၅:၁၀၊ ၃၂။

၂။ ဒီဆောင်းပါးမှာ ဘာအကြောင်း ဆွေးနွေးကြမလဲ။

၂ ယေဟောဝါဆီကနေ လမ်းလွဲသွားသူတွေကို ကူညီပေးခြင်းအကြောင်း အလေးပေးဖော်ပြထားတဲ့ ယေရှုရဲ့ ပုံဥပမာ သုံးခုကို ဆွေးနွေးကြည့်ကြစို့။ ဘုရားဆီ ပြန်လှည့်လာဖို့ ပျောက်တဲ့ သိုးတွေကို ကူညီရာမှာ လိုအပ်တဲ့ အရည်အသွေးတချို့ကိုလည်း ဆွေးနွေးကြမယ်။ အားနည်းသူကို ထောက်မဖို့ ဘာကြောင့် ကြိုးစားရကျိုး နပ်မှန်း သိလာပါလိမ့်မယ်။

ပျောက်သွားတဲ့ ဒင်္ဂါးကို လိုက်ရှာခြင်း

၃-၄။ လုကာ ၁၅:၈-၁၀ မှာပါတဲ့ အမျိုးသမီးက ပျောက်သွားတဲ့ ဒရက်မာကို ဘာကြောင့် စေ့စေ့စပ်စပ် ရှာသလဲ။

၃ ယေဟောဝါဆီ ပြန်လှည့်လာချင်သူတွေကို ရှာဖို့ ကျွန်တော်တို့ ကြိုးစားအားထုတ်ရမယ်။ လုကာ ခရစ်ဝင်ကျမ်းမှာ ပါတဲ့ ပုံဥပမာမှာ ယေရှုက သိပ်အဖိုးတန်တဲ့ ဒရက်မာတစ်ပြား ပျောက်သွားလို့ လိုက်ရှာတဲ့ အမျိုးသမီးအကြောင်း ပြောတယ်။ အဲဒီပုံဥပမာက ရှာဖွေခြင်းအကြောင်း အလေးပေးဖော်ပြတယ်။—လုကာ ၁၅:၈-၁၀ ကိုဖတ်ပါ။

၄ ပျောက်သွားတဲ့ ဒရက်မာကို ပြန်တွေ့တဲ့အခါ အမျိုးသမီး ဘယ်လို ခံစားရကြောင်း ယေရှု ပြောတယ်။ ယေရှုခေတ်က ဂျူးမိခင်တချို့ဟာ သမီး မင်္ဂလာဆောင်တဲ့နေ့မှာ ဒရက်မာ ဆယ်ပြားပါတဲ့ အတွဲတစ်တွဲကို လက်ဖွဲ့လေ့ရှိတယ်။ ပျောက်သွားတဲ့ ဒင်္ဂါးပြားဟာ အဲဒီအတွဲထဲက ဖြစ်ပုံရတယ်။ ကြမ်းပေါ် ကျသွားတယ်လို့ ထင်ပြီး မီးခွက်ထွန်း ရှာပေမဲ့ မတွေ့ဘူး။ မီးခွက်အလင်းရောင်လေးနဲ့ ငွေဒင်္ဂါးပြား သေးသေးလေးကို လိုက်ရှာဖို့ မလွယ်ဘူး။ နောက်ဆုံး တစ်အိမ်လုံးကို အသေအချာ လှည်းကျင်းရတော့တယ်။ အမှိုက်တွေထဲမှာ တလက်လက် တောက်နေတဲ့ ဒင်္ဂါးလေးကို ရှာတွေ့ပါပြီ။ ပျော်လွန်းလို့ မိတ်ဆွေတွေ၊ အိမ်နီးချင်းတွေကို ခေါ်ပြီး ရှာတွေ့ပြီဆိုတဲ့ သတင်းကောင်း ပြောတယ်။

၅။ မလှုပ်မရှား ဖြစ်နေသူတွေကို ရှာဖို့ ဘာကြောင့် ခက်နိုင်သလဲ။

၅ ပျောက်သွားတာ တစ်ခုခုကို ရှာဖို့ ကြိုးစားအားထုတ်မှု လိုအပ်ကြောင်း ယေရှုရဲ့ ပုံဥပမာကနေ သိရတယ်။ အဲဒီလိုပဲ မလှုပ်မရှား ဖြစ်နေသူတွေကို ရှာဖို့ ကျွန်တော်တို့ ကြိုးစားအားထုတ်ရမယ်။ သူတို့ အသင်းတော်နဲ့ မပေါင်းတော့တာ နှစ်ပေါင်းများစွာ ကြာနေပြီ ဖြစ်နိုင်တယ်။ သူတို့ ပြောင်းသွားတဲ့ ဒေသမှာရှိတဲ့ ညီအစ်ကိုတွေက သူတို့ကို မသိတာလည်း ဖြစ်နိုင်တယ်။ ဒါပေမဲ့ အခု ယေဟောဝါဆီ ပြန်လှည့်လာချင်စိတ် ပြင်းပြနေကြတယ်။ ဘုရားကို ဝတ်ပြုတဲ့ မိသားစုကြီးနဲ့အတူ ပြန်ဝတ်ပြုချင်နေကြတယ်။ ဒါပေမဲ့ အကူအညီ လိုနေတယ်။

၆။ မလှုပ်မရှား ဖြစ်နေသူတွေကို ရှာဖွေရာမှာ အသင်းတော်မှာ ရှိသူ အားလုံး ဘယ်လို ပါဝင်နိုင်သလဲ။

၆ မလှုပ်မရှား ဖြစ်နေသူတွေကို ရှာဖွေရာမှာ ဘယ်သူတွေ ပါဝင်နိုင်သလဲ။ အကြီးအကဲ၊ ရှေ့ဆောင်၊ မိသားစုဝင်၊ အသင်းတော် ကြေညာသူ အားလုံး ပါဝင်နိုင်တယ်။ သင့်မှာ မလှုပ်မရှား ဖြစ်နေတဲ့ မိတ်ဆွေ၊ ဆွေမျိုး ရှိသလား။ တစ်အိမ်တက်ဆင်းမှာ ဖြစ်စေ၊ အများရှေ့ သက်သေခံခြင်းမှာ ဖြစ်စေ မလှုပ်မရှား ဖြစ်နေသူတွေနဲ့ တွေ့ဖူးသလား။ သူ့ဆီ လည်ပတ်စေချင်ရင် သူပေးထားတဲ့ ဆက်သွယ်ရမယ့် အချက်အလက်တွေကို ဒေသခံ အကြီးအကဲတွေကို ပေးပေးပါမယ် ဆိုတဲ့အကြောင်း ရှင်းပြပါ။

၇။ အကြီးအကဲ ညီအစ်ကို သောမတ်ရဲ့ စကားကနေ ဘာသိရသလဲ။

၇ ယေဟောဝါဆီ ပြန်လှည့်လာချင်သူတွေကို ရှာဖွေရာမှာ ဘယ်သတ်သတ်မှတ်မှတ် အချက်တွေကို အကြီးအကဲတွေ လုပ်ဆောင်နိုင်သလဲ။ စပိန်နိုင်ငံမှာ နေထိုင်တဲ့ အကြီးအကဲ ညီအစ်ကို သောမတ်b ပြောတာကို သတိပြုကြည့်ပါ။ သူက သက်သေခံ ၄၀ ကျော်ကို အသင်းတော်ဆီ ပြန်လှည့်လာဖို့ ကူညီပေးခဲ့တယ်။ “မလှုပ်မရှား ဖြစ်နေသူတွေ လက်ရှိနေထိုင်တဲ့ နေရာကို သိသလား၊ အစည်းအဝေး မတက်တာ ကြာပြီဖြစ်တဲ့ တစ်ယောက်ယောက်ကို သိသလားလို့ ညီအစ်ကို/မတွေကို မေးတယ်။ အများစုက ရှာဖွေရေးမှာ ပါဝင်ချင်တဲ့အတွက် အားတက်သရော ကူညီပေးကြတယ်။ နောက်ပိုင်း မလှုပ်မရှား ဖြစ်နေတဲ့ ညီအစ်ကို/မတွေဆီ လည်ပတ်တဲ့အခါ သူတို့ရဲ့ သားသမီးတွေ၊ ဆွေမျိုးတွေအကြောင်း ကျွန်တော် မေးတယ်။ မလှုပ်မရှား ဖြစ်နေသူတချို့ဟာ အရင်က သားသမီးတွေကို အစည်းအဝေး ခေါ်လာခဲ့တာမျိုး၊ အဲဒီသားသမီးတွေ ကြေညာသူ ဖြစ်ခဲ့တာမျိုး ရှိနိုင်တယ်။ သူတို့ကိုလည်း ယေဟောဝါဆီ ပြန်လှည့်လာဖို့ ကူညီပေးနိုင်တယ်” လို့ သောမတ် ပြောတယ်။

ယေဟောဝါရဲ့ ပျောက်သွားတဲ့ သားသမီးတွေကို ပြန်ခေါ်လာပေးပါ

၈။ လုကာ ၁၅:၁၇-၂၄ မှာပါတဲ့ ပျောက်တဲ့သား ပုံဥပမာမှာ နောင်တရတဲ့ သားကို အဖေဖြစ်သူ ဘယ်လို ဆက်ဆံသလဲ။

၈ ယေဟောဝါဆီ ပြန်လှည့်လာချင်သူတွေကို ကူညီပေးဖို့ ဘယ်အရည်အသွေးတွေ လိုအပ်သလဲ။ အိမ်ကနေ ထွက်သွားတဲ့ သားမိုက်အကြောင်း ယေရှုရဲ့ ပုံဥပမာကနေ သင်ခန်းစာတချို့ သင်ယူနိုင်တယ်။ (လုကာ ၁၅:၁၇-၂၄ ကိုဖတ်ပါ။) သားမိုက် ဘယ်လိုနည်းနဲ့ အသိတရား ရပြီး အိမ်ပြန်လာဖို့ ဆုံးဖြတ်ကြောင်း ယေရှု ရှင်းပြတယ်။ အဖေဖြစ်သူဟာ သားကို ပြေးဖက်ပြီး ချစ်နေဆဲ ဖြစ်ကြောင်း စိတ်ချစေတယ်။ သားမိုက်ဟာ အကြီးအကျယ် နောင်တရပြီး သားလို့တောင် အခေါ်မခံထိုက်ဘူးလို့ ခံစားနေရတယ်။ ခံစားချက်တွေ ရင်ဖွင့်ပြောပြတဲ့ သားကို အဖေ ကိုယ်ချင်းစာပေးတယ်။ ပြီးနောက် သားကို စာရင်းငှားလို မဟုတ်ဘဲ ချစ်မြတ်နိုးရတဲ့ မိသားစုဝင်လို ပြန်ကြိုဆိုတာ ဖြစ်ကြောင်း စိတ်ချစေဖို့ လက်တွေ့ကျကျ လုပ်ဆောင်တယ်။ နောင်တရတဲ့ သားအတွက် စားသောက်ပွဲကြီး စီစဉ်ပေးပြီး ဝတ်ကောင်းစားလှတွေ ဆင်ပေးတယ်။

၉။ မလှုပ်မရှား ဖြစ်နေသူတွေ ယေဟောဝါဆီ ပြန်လှည့်လာနိုင်အောင် ကူညီပေးရာမှာ ဘယ်အရည်အသွေးတွေ လိုအပ်သလဲ။ (“ယေဟောဝါဆီ ပြန်လှည့်လာချင်သူတွေကို ကူညီပေးနိုင်ပုံ” လေးထောင့်ကွက်ကို ကြည့်ပါ။)

၉ ယေဟောဝါဟာ အဲဒီပုံဥပမာထဲက အဖေနဲ့ တူတယ်။ မလှုပ်မရှား ဖြစ်နေသူတွေကို ချစ်ပြီး မိမိဆီ ပြန်လှည့်လာစေချင်တယ်။ ကျွန်တော်တို့လည်း ယေဟောဝါကို တုပပြီး သူတို့ကို ကူညီပေးနိုင်တယ်။ ကူညီပေးနိုင်ဖို့ စိတ်ရှည်မှု၊ ကိုယ်ချင်းစာမှုနဲ့ မေတ္တာ လိုအပ်တယ်။ အဲဒီအရည်အသွေးတွေကို ဘာကြောင့် ပြသင့်သလဲ။ ဘယ်လို ပြနိုင်သလဲ။

ယေဟောဝါဆီ ပြန်လှည့်လာချင်သူတွေကို ကူညီပေးနိုင်ပုံ

ပုံ– ၁။ မလှုပ်မရှား ဖြစ်နေတဲ့ ညီအစ်ကိုဆီ အကြီးအကဲ စာပို့နေ။ မလှုပ်မရှား ဖြစ်နေတဲ့ ညီအစ်ကိုက အကြီးအကဲ ပို့တဲ့ စာကို အလုပ်နားချိန်မှာ ဖတ်နေ။ ၂။ မလှုပ်မရှား ဖြစ်နေတဲ့ ညီအစ်ကိုဆီ နောက်အကြီးအကဲတစ်ယောက် သစ်သီးပုံး လက်ဆောင်ယူလာပေး။ မလှုပ်မရှား ဖြစ်နေတဲ့ ညီအစ်ကို ကားပြင်နေ။ ၃။ နောက်အကြီးအကဲတစ်ယောက်က မလှုပ်မရှား ဖြစ်နေတဲ့ ညီအစ်ကိုနဲ့ ကော်ဖီအတူ သောက်ရင်း ရင်ဖွင့်ပြောလာတာတွေ နားထောင်ပေးနေ။

(စာပိုဒ် ၉ ကို ကြည့်ပါ)d

မလှုပ်မရှား ဖြစ်နေသူများစွာဟာ သူတို့ကို ထောက်မပေးမယ့် မိတ်ဆွေကောင်းတွေ လိုအပ်တယ်။ အဲဒီမိတ်ဆွေတွေဟာ . . .

  • မလှုပ်မရှား ဖြစ်နေသူဆီ မပြတ် ဆက်သွယ်ဖို့၊ မကြာခဏ သွားလည်ပတ်ဖို့ လိုလိုလားလား ရှိရမယ်။

  • မလှုပ်မရှား ဖြစ်နေသူကို စိတ်ရင်းမှန်နဲ့ ချစ်ရမယ်။ ယေဟောဝါကော ညီအစ်ကို/မတွေပါ သူ့ကို ချစ်ကြောင်း စိတ်ချစေရမယ်။

  • စာနာစိတ်နဲ့ နားထောင်ပေးရမယ်။ အခက်အခဲတွေကို နားလည်ပေးရမယ်။ မဝေဖန်ရဘူး။

၁၀။ ဘုရားဆီ ပြန်လှည့်လာဖို့ လူတစ်ယောက်ကို ကူညီပေးတဲ့အခါ ဘာကြောင့် စိတ်ရှည်မှု လိုအပ်သလဲ။

၁၀ လူတစ်ယောက် ယေဟောဝါဆီ ပြန်လှည့်လာဖို့ အချိန် လိုတဲ့အတွက် ကျွန်တော်တို့ စိတ်ရှည်ရမယ်။ အကြီးအကဲတွေ၊ အသင်းတော်မှာ ရှိတဲ့ တခြားသူတွေ အကြိမ်ကြိမ် လည်ပတ်ပြီးနောက်မှ ပြန်လှည့်လာတာ ဖြစ်တယ်ဆိုပြီး အရင်က မလှုပ်မရှား ဖြစ်ခဲ့သူ များစွာ ဝန်ခံကြတယ်။ အရှေ့တောင်အာရှမှာ နေတဲ့ ညီအစ်မ နန်စီ ဒီလိုပြောတယ်– “အသင်းတော်မှာရှိတဲ့ မိတ်ဆွေတစ်ယောက် အများကြီး ကူညီပေးတယ်။ ကျွန်မကို အစ်မတစ်ယောက်လို ချစ်တာ။ အရင်က အမှတ်တရတွေအကြောင်း သူ ပြောလေ့ရှိတယ်။ ကျွန်မရဲ့ ခံစားချက်တွေကို ပြောပြတဲ့အခါ စိတ်ရှည်ရှည် နားထောင်ပေးတယ်။ အကြံပေးတယ်။ အချိန်မရွေး ကူညီဖို့ အသင့်ရှိတဲ့ မိတ်ဆွေစစ်ပါပဲ။”

၁၁။ စိတ်ဒဏ်ရာတွေကို သက်သာစေဖို့ ကိုယ်ချင်းစာမှု ဘာကြောင့် လိုအပ်သလဲ။

၁၁ ကိုယ်ချင်းစာမှုဟာ အစွမ်းထက်တဲ့ လိမ်းဆေးအဆီနဲ့ တူတယ်။ စိတ်ဒဏ်ရာတွေကို သက်သာစေနိုင်တယ်။ မလှုပ်မရှား ဖြစ်နေသူတချို့ဟာ အသင်းတော်မှာ တစ်ယောက်ယောက်ကို နှစ်ပေါင်းများစွာ စိတ်နာကြည်းနေတာ ဖြစ်နိုင်တယ်။ အဲဒီခံစားချက်တွေက ယေဟောဝါဆီ ပြန်လှည့်လာချင်တဲ့ ဆန္ဒကို နှောင့်ယှက်တားဆီးနေတယ်။ တချို့ကလည်း မတရား ဆက်ဆံခံရတယ်လို့ ခံစားနေရတာ ဖြစ်နိုင်တယ်။ သူတို့ ပြောတာကို နားထောင်ပေးမယ့်သူ၊ ခံစားချက်တွေကို နားလည်ပေးမယ့်သူ လိုအပ်နေတာ ဖြစ်နိုင်တယ်။ (ယာ. ၁:၁၉) မလှုပ်မရှား ဖြစ်ခဲ့တဲ့ မာရီယာက “နားထောင်၊ နှစ်သိမ့်ပေးပြီး အကြံဉာဏ်ကောင်းတွေ ပေးမယ့်သူကို ကျွန်မ လိုအပ်တယ်” လို့ ပြောတယ်။

၁၂။ မလှုပ်မရှား ဖြစ်နေသူတွေကို ယေဟောဝါ ဘယ်လို ပြန်ဆွဲသလဲ။ ဥပမာပေးပါ။

၁၂ မိမိလူမျိုးအပေါ် ထားတဲ့ ယေဟောဝါရဲ့ မေတ္တာကို ကျမ်းစာမှာ ကြိုးနဲ့ နှိုင်းယှဉ်ထားတယ်။ ဘုရားရဲ့ မေတ္တာဟာ ဘယ်လိုနည်းနဲ့ ကြိုးနဲ့ တူသလဲ။ ဒီဥပမာကို စဉ်းစားကြည့်ပါ။ လှိုင်းထန်တဲ့ ပင်လယ်ထဲမှာ သင် ရေနစ်နေလို့ တစ်ယောက်ယောက်က အသက်ကယ်အင်္ကျီ ပစ်ပေးတယ်။ အဲဒီအင်္ကျီက ရေပေါ် ပေါလောပေါ်နေအောင် ကူညီပေးတဲ့အတွက် အင်္ကျီပစ်ပေးသူကို ကျေးဇူးတင်မှာပဲ။ ဒါပေမဲ့ အသက်ဆက်ရှင်ဖို့ အသက်ကယ်အင်္ကျီ ရှိရုံနဲ့ မလုံလောက်ဘူး။ ရေက အေးစိမ့်နေတဲ့အတွက် အသက်ကယ်လှေပေါ် ရောက်မှ သင် အသက်ဆက်ရှင်နိုင်မယ်။ ဒါကြောင့် သင့်ကို ကြိုးတစ်ချောင်း ပစ်ပေးပြီး အသက်ကယ်လှေဆီ ဆွဲမယ့်သူ လိုတယ်။ လမ်းလွဲသွားတဲ့ အစ္စရေးတွေနဲ့ပတ်သက်ပြီး ယေဟောဝါက “မေတ္တာကြိုးနဲ့ သူတို့ကို ငါ အမြဲ ဆွဲငင်ခဲ့တယ်” လို့ ပြောတယ်။ (ဟော. ၁၁:၄) ဒီနေ့လည်း ဘုရားကို ဆက်ဝတ်မပြုတော့သူတွေ၊ ပြဿနာတွေနဲ့ စိုးရိမ်ပူပန်မှု နွံထဲ နစ်နေသူတွေနဲ့ပတ်သက်ပြီး ယေဟောဝါ အလားတူ ခံစားနေရတယ်။ သူတို့ကို ချစ်ကြောင်း သိစေချင်တယ်။ သူတို့ကို မိမိဆီ ပြန်ဆွဲချင်တယ်။ အဲဒီမေတ္တာကို ပြဖို့ သင့်ကို ယေဟောဝါ သုံးနိုင်တယ်။

၁၃။ ညီရင်းအစ်ကို မေတ္တာရဲ့ အစွမ်းကို ဖော်ပြတဲ့ တွေ့ကြုံမှုတစ်ခု ပြောပြပါ။

၁၃ မလှုပ်မရှား ဖြစ်နေသူတွေကို ယေဟောဝါကော ကျွန်တော်တို့ပါ ချစ်ကြောင်း အမြဲ ပြောနေဖို့ အရေးကြီးတယ်။ ရှေ့ဆောင်းပါးမှာ ဖော်ပြခဲ့တဲ့ ပါဘလိုဟာ နှစ်ပေါင်း ၃၀ ကျော် မလှုပ်မရှား ဖြစ်ခဲ့တယ်။ “တစ်မနက် အိမ်ကနေ ထွက်လာတော့ ချစ်စရာကောင်းတဲ့ သက်ကြီးညီအစ်မတစ်ယောက်နဲ့ ဆုံတယ်။ မေတ္တာရှိတဲ့ သူ့ရဲ့ စကားတွေကြောင့် ကျွန်တော် ကလေးတစ်ယောက်လို ငိုမိတယ်။ ကျွန်တော့်ကို စကားပြောဖို့ ယေဟောဝါ လွှတ်လိုက်တာ ဖြစ်မယ်လို့ သူ့ကို ပြောလိုက်တယ်။ အဲဒီအချိန်မှာပဲ ယေဟောဝါဆီ ပြန်လာဖို့ ဆုံးဖြတ်လိုက်တယ်” လို့ ပါဘလို ပြောတယ်။

အားနည်းသူတွေကို မေတ္တာပါပါ ထောက်မပါ

၁၄။ လုကာ ၁၅:၄၊ ၅ မှာပါတဲ့ ပုံဥပမာအရ ပျောက်တဲ့ သိုးကို တွေ့တဲ့အခါ သိုးထိန်း ဘာလုပ်သလဲ။

၁၄ မလှုပ်မရှား ဖြစ်နေသူတွေဟာ ကျွန်တော်တို့ရဲ့ ထောက်မမှု မပြတ် လိုအပ်တယ်။ ယေရှုရဲ့ ပုံဥပမာမှာ ပါတဲ့ ပျောက်တဲ့ သားလိုပဲ သူတို့မှာ စိတ်ဒဏ်ရာတွေ ရှိနေနိုင်တယ်။ စာတန့်လောကမှာ ကြုံခဲ့ရတာတွေကြောင့် ဘုရားနဲ့ ဆက်ဆံရေး အားနည်းနေနိုင်တယ်။ ယေဟောဝါအပေါ် သူတို့ရဲ့ ယုံကြည်ခြင်း ပြန်ခိုင်မာလာဖို့ ကူညီပေးရမယ်။ ပျောက်တဲ့သိုး ပုံဥပမာမှာ သိုးထိန်းက သိုးလေးကို ပခုံးပေါ် ထမ်းပြီး သိုးအုပ်ဆီ ပြန်ခေါ်လာတယ်လို့ ယေရှု ပြောတယ်။ ပျောက်တဲ့ သိုးကို အချိန်ကုန်ခံ၊ လူပင်ပန်းခံပြီး လိုက်ရှာရုံနဲ့ မပြီးသေးဘူးဆိုတာ သိုးထိန်း သိတယ်။ သိုးလေးဟာ ကိုယ့်အစွမ်းနဲ့ကိုယ် သိုးအုပ်ဆီ မပြန်လာနိုင်ဘူး။ ဒါကြောင့် ပခုံးပေါ် ထမ်းလာဖို့ လိုတယ်။—လုကာ ၁၅:၄၊ ၅ ကိုဖတ်ပါ။

၁၅။ ယေဟောဝါဆီ ပြန်လှည့်လာချင်တဲ့ အားနည်းသူတွေကို ကျွန်တော်တို့ ဘယ်လို ထောက်မနိုင်သလဲ။ (“အဖိုးတန် ကိရိယာ” လေးထောင့်ကွက်ကို ကြည့်ပါ။)

၁၅ အားနည်းချက်တွေကို အောင်မြင်စွာ တိုက်လှန်ဖို့ မလှုပ်မရှား ဖြစ်နေသူတချို့ကို ကူညီပေးရာမှာ အချိန်နဲ့ ခွန်အား စိုက်ထုတ်ရနိုင်တယ်။ ဒါပေမဲ့ ယေဟောဝါရဲ့ စွမ်းအားတော်၊ ကျမ်းစာနဲ့ အဖွဲ့အစည်းထုတ် စာပေတွေကတစ်ဆင့် သူတို့ကို ကူညီပေးနိုင်ပါတယ်။ (ရော. ၁၅:၁) ဘယ်လိုနည်းနဲ့လဲ။ ဝါရင့်အကြီးအကဲတစ်ယောက်က “ယေဟောဝါဆီ ပြန်လှည့်လာဖို့ ဆုံးဖြတ်တဲ့ မလှုပ်မရှား ဖြစ်နေသူ အများစုဟာ တစ်ယောက်ယောက်နဲ့ ကျမ်းစာ ပြန်လေ့လာဖို့ လိုအပ်တယ်” လို့ ပြောတယ်။c မလှုပ်မရှား ဖြစ်နေသူနဲ့ ကျမ်းစာ လေ့လာပေးဖို့ သင့်ကို တောင်းဆိုလာရင် အခွင့်ထူးကို လိုလိုလားလား လက်ခံပါ။ “ကျမ်းစာ လေ့လာပေးတဲ့ ကြေညာသူဟာ မလှုပ်မရှား ဖြစ်နေသူ ယုံကြည်စိတ်ချရတဲ့ မိတ်ဆွေကောင်း ဖြစ်ဖို့ လိုတယ်” လို့လည်း အဲဒီအကြီးအကဲ ပြောတယ်။

အဖိုးတန် ကိရိယာ

‘ယေဟောဝါဘုရားဆီ ပြန်လာပါ’ ဘရိုရှာ။

ယေဟောဝါဘုရားဆီ ပြန်လာပါ ဘရိုရှာက မလှုပ်မရှား ဖြစ်နေသူတွေကို အသင်းတော်ဆီ ပြန်လာဖို့ လှုံ့ဆော်ပေးနိုင်တယ်။

ဆောင်းပါးမှာ ဖော်ပြထားတဲ့ မာရီယာ ဒီလိုပြောတယ်– “ကျွန်မကို ယေဟောဝါ ချစ်မှန်း၊ ကျွန်မဘေးမှာ အမြဲ ရှိချင်မှန်း သဘောပေါက်ဖို့ ဒီဘရိုရှာက ကူညီပေးတယ်။”

“ယေဟောဝါဘုရားဆီ ပြန်လာပါ ဘရိုရှာရဲ့ အပိုင်း ၄ က ကျွန်မကို အများကြီး ကူညီပေးတယ်။ ယေဟောဝါဆီ စိတ်အကြွင်းမဲ့ ဆုတောင်းစကားပြောဖို့၊ ကိုယ့်အခြေအနေအကြောင်း အကြီးအကဲတွေဆီ ရင်ဖွင့်ဖို့ ခွန်အားနဲ့ သတ္တိ ရှိလာစေတယ်။ အကြီးအကဲတွေက အများကြီး ကူညီပေးကြတယ်” လို့ ကင်မရွန်းက ဖလော်ရာ ပြောတယ်။

“ဒီဘရိုရှာက ကျွန်မကို ယေဟောဝါကိုယ်တိုင် ဖိတ်ခေါ်နေသလိုပဲ။ ဘယ်လို အကြောင်းရင်းကြောင့် ပျောက်သွားတဲ့ သိုး ဖြစ်ပါစေ ယေဟောဝါ ဂရုစိုက်ကြောင်း နားလည်စေတယ်” လို့ ဘူဂေးလ်ရီးယားက တတ်ယာနာ ပြောတယ်။

ကောင်းကင်နဲ့ မြေကြီးမှာ ဝမ်းသာ

၁၆။ ကောင်းကင်တမန်တွေ ကူညီပေးနေကြောင်း ဘယ်လို သိရသလဲ။

၁၆ ယေဟောဝါဆီ ပြန်လှည့်လာချင်တဲ့ မလှုပ်မရှား ဖြစ်နေသူတွေကို ရှာဖွေရာမှာ ကောင်းကင်တမန်တွေ ကူညီပေးနေကြောင်း တွေ့ကြုံမှု များစွာက ဖော်ပြတယ်။ (ဗျာ. ၁၄:၆) ဥပမာ၊ အီကွေဒေါနိုင်ငံမှာ နေတဲ့ စီဗီယိုဟာ အသင်းတော်ဆီ ပြန်လှည့်လာနိုင်အောင် ကူညီပေးမယ့်သူ တစ်ယောက်ယောက်ကို စေလွှတ်ပေးဖို့ စိတ်အားထက်သန်စွာ ဆုတောင်းခဲ့တယ်။ ဆုတောင်းနေတုန်းမှာပဲ အကြီးအကဲနှစ်ယောက် တံခါးလာခေါက်တယ်။ လိုအပ်တဲ့ အကူအညီကို သူတို့ လိုလိုလားလား ပေးကြတယ်။

၁၇။ အားနည်းသူတွေကို ကူညီပေးရင် ဘာအကျိုး ရမလဲ။

၁၇ ယေဟောဝါဆီ ပြန်လှည့်လာဖို့ အားနည်းသူတွေကို ကူညီပေးရင် များစွာ ဝမ်းမြောက်ရပါလိမ့်မယ်။ မလှုပ်မရှား ဖြစ်နေသူတွေကို ကူညီဖို့ အထူးကြိုးစားတဲ့ ရှေ့ဆောင် ညီအစ်ကို ဆာဗေးဒေါ ဒီလိုပြောတယ်– “တစ်ခါတလေ ဝမ်းသာမျက်ရည် မထိန်းနိုင်အောင် ဖြစ်ရတယ်။ စာတန့်လောကကနေ သိုးတစ်ကောင်ကို ယေဟောဝါ ကယ်တင်လိုက်ပြီ၊ အဲဒီလုပ်ငန်းမှာ ဘုရားနဲ့ ပူးပေါင်းလုပ်ဆောင်ခွင့် ရလိုက်ပြီဆိုတာ စဉ်းစားလိုက်တိုင်း သိပ်ပျော်ရတယ်။”—တ. ၂၀:၃၅။

၁၈။ သင်ဟာ မလှုပ်မရှား ဖြစ်နေသူဆိုရင် ဘာကို စိတ်ချနိုင်သလဲ။

၁၈ သင်ဟာ မလှုပ်မရှား ဖြစ်နေသူဆိုရင် သင့်ကို ယေဟောဝါ ချစ်နေဆဲပဲဆိုတာ စိတ်ချပါ။ ဘုရားက သင့်ကို မိမိဆီ ပြန်လှည့်လာစေချင်တယ်။ ပြန်လှည့်လာဖို့ သင့်ဘက်က ကြိုးစားအားထုတ်ရမှာ ဖြစ်ပေမဲ့ ယေရှုရဲ့ ပုံဥပမာမှာ ပါတဲ့ ဖခင်လိုပဲ ယေဟောဝါဟာ သင် ပြန်လာဖို့ စောင့်နေပြီး လှိုက်လှိုက်လှဲလှဲ ကြိုဆိုမယ်ဆိုတာ စိတ်ချပါ။

သင် ဘယ်လို ဖြေမလဲ

  • မလှုပ်မရှား ဖြစ်နေသူတွေကို ဘယ်လို ရှာဖွေနိုင်သလဲ။

  • ဘယ်အရည်အသွေး သုံးခုက အောင်မြင်ဖို့ ကျွန်တော်တို့ကို ကူညီပေးနိုင်သလဲ။

  • မလှုပ်မရှား ဖြစ်နေသူတွေကို မပြတ် ထောက်မပေးဖို့ ဘာကြောင့် လိုအပ်သလဲ။

သီချင်း ၁၀၃ လူ့အသွင်ဆု သိုးထိန်းများ

a ယေဟောဝါက အသင်းတော်နဲ့ မပေါင်းသင်းတော့သူတွေကို မိမိဆီ ပြန်လှည့်လာစေချင်တယ်။ “ငါ့ဆီ ပြန်လာကြ” ဆိုတဲ့ ယေဟောဝါရဲ့ ဖိတ်ခေါ်ချက် လက်ခံလိုသူတွေကို ကျွန်တော်တို့ များစွာ ကူညီပေးနိုင်တယ်။ ဘယ်လို ကူညီပေးနိုင်ကြောင်း ဒီဆောင်းပါးမှာ လေ့လာကြပါမယ်။

b အမည်လွှဲများ။

c မလှုပ်မရှား ဖြစ်နေသူတချို့ဟာ ဘုရားမေတ္တာတော် ခံစားနေနိုင်ပုံ စာအုပ်ကို လေ့လာခြင်း၊ ယေဟောဝါထံ ချဉ်းကပ်လော့ စာအုပ်ကို ပြန်သုံးသပ်ခြင်းကနေ အကျိုးရနေကြတယ်။ အဲဒီလို ကျမ်းစာ လေ့လာပေးဖို့ ဘယ်သူ အရည်အချင်း အပြည့်မီဆုံး ဖြစ်သလဲဆိုတာ အသင်းတော် လုပ်ငန်းတော် ကော်မတီက ဆုံးဖြတ်ပါလိမ့်မယ်။

d ပုံအညွှန်း– ယေဟောဝါဆီ ပြန်လှည့်လာချင်တဲ့ ညီအစ်ကိုတစ်ယောက်ကို ညီအစ်ကို သုံးယောက် ကူညီပေးနေ။ မလှုပ်မရှား ဖြစ်နေသူကို ဆက်သွယ်တယ်၊ သူ့ကို ချစ်ကြောင်း စိတ်ချစေတယ်၊ နားလည်မှုအပြည့်နဲ့ နားထောင်ပေးတယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ