ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၂၀ အောက်တိုဘာ စာ. ၆-၁၂
  • နှစ်ခြင်းခံတဲ့အထိ တိုးတက်လာအောင် ကျမ်းစာသင်သားတွေကို ကူညီပေးနိုင်ပုံ—အပိုင်း ၁

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • နှစ်ခြင်းခံတဲ့အထိ တိုးတက်လာအောင် ကျမ်းစာသင်သားတွေကို ကူညီပေးနိုင်ပုံ—အပိုင်း ၁
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၀
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ပတ်စဉ် လေ့လာပါ
  • လေ့လာမယ့် အကြောင်းအရာတိုင်းကို ပြင်ဆင်ပါ
  • ယေဟောဝါနဲ့ နေ့စဉ် ဆက်သွယ်ဖို့ သင်ပေးပါ
  • ယေဟောဝါနဲ့ နှစ်ကိုယ်ကြား ဆက်ဆံရေး ရှိလာဖို့ ကူညီပေးပါ
  • အသင်းတော် အစည်းအဝေးတွေ တက်ဖို့ အားပေးပါ
  • နှစ်ခြင်းခံတဲ့အထိ တိုးတက်လာအောင် ကျမ်းစာသင်သားတွေကို ကူညီပေးနိုင်ပုံ—အပိုင်း ၂
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၀
  • နှစ်ခြင်းခံဖို့ အရည်အချင်း ပြည့်မီလာအောင် ကျမ်းစာသင်သားတွေကို ကူညီပေးပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၁
  • ကျမ်းစာသင်သား နှစ်ခြင်းခံတဲ့အထိ တိုးတက်လာအောင် အသင်းတော်မှာ ရှိသူတိုင်း ကူညီပေးနိုင်ပုံ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၁
  • သွားပြီး တပည့်ဖြစ်စေကြပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၀
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၀
က၂၀ အောက်တိုဘာ စာ. ၆-၁၂

လေ့လာရန် ဆောင်းပါး ၄၁

နှစ်ခြင်းခံတဲ့အထိ တိုးတက်လာအောင် ကျမ်းစာသင်သားတွေကို ကူညီပေးနိုင်ပုံ—အပိုင်း ၁

“ခင်ဗျားတို့ဟာ အမှုဆောင်သူတွေ ဖြစ်တဲ့ ကျွန်တော်တို့ ရေးတဲ့စာ၊ ခရစ်တော်ရဲ့ စာပဲဆိုတာ ထင်ရှားတယ်။”—၂ ကော. ၃:၃။

သီချင်း ၇၈ “တရားစကား သွန်သင်ပေး”

အကြိုသုံးသပ်ချက်a

ညီအစ်မငယ်တစ်ယောက် နှစ်ခြင်းခံနေ။

ကျမ်းစာသင်သားတစ်ယောက် နှစ်ခြင်းခံတာကို မြင်ရတဲ့အခါ အသင်းတော် တစ်ခုလုံး သိပ်ပျော် (စာပိုဒ် ၁ ကိုကြည့်ပါ)

၁။ ကျမ်းစာသင်သား နှစ်ခြင်းခံတဲ့အထိ တိုးတက်လာအောင် ကူညီပေးရတာဟာ အခွင့်ထူး ဖြစ်ကြောင်း ၂ ကောရိန္သု ၃:၁-၃ က ဘယ်လို နားလည်စေသလဲ။ (မျက်နှာဖုံးပုံကို ကြည့်ပါ။)

အသင်းတော်ထဲက ကျမ်းစာသင်သားတစ်ယောက် နှစ်ခြင်းခံတာကို မြင်ရတဲ့အခါ သင် ဘယ်လို ခံစားရသလဲ။ သိပ်ပျော်မှာပဲ။ (မ. ၂၈:၁၉) ကျမ်းစာ သင်ပေးသူက သင် ဖြစ်မယ်ဆိုရင် ကိုယ့်သင်သား နှစ်ခြင်းခံတာ မြင်ရလို့ ပိုလို့တောင် ပျော်မှာပဲ။ (၁ သက်. ၂:၁၉၊ ၂၀) နှစ်ခြင်းခံခါစ တပည့်သစ်တွေဟာ ကျမ်းစာ သင်ပေးသူအတွက်သာမက အသင်းတော် တစ်ခုလုံးအတွက်ပါ “ထောက်ခံစာ” ဖြစ်တယ်။—၂ ကောရိန္သု ၃:၁-၃ ကိုဖတ်ပါ။

၂။ (က) ဘယ်အရေးကြီး မေးခွန်းကို သုံးသပ်ဖို့ လိုသလဲ။ ဘာကြောင့်လဲ။ (ခ) ကျမ်းစာသင်အံမှုဆိုတာ ဘာလဲ။ (အောက်ခြေမှတ်ချက်ကို ကြည့်ပါ။)

၂ လွန်ခဲ့တဲ့ လေးနှစ်အတွင်း လစဉ် ကမ္ဘာတစ်ဝန်းမှာ ကျမ်းစာသင်အံမှုb ၁၀,၀၀၀,၀၀၀ လောက် ကျင်းပနေတယ်။ အဲဒီနှစ်တွေအတွင်း နှစ်တိုင်း ကျမ်းစာသင်သား ၂၈၀,၀၀၀ ကျော်ဟာ ယေဟောဝါသက်သေအဖြစ်၊ ယေရှုခရစ်ရဲ့ တပည့်သစ်အဖြစ် နှစ်ခြင်းခံနေကြတယ်။ ကျန်တဲ့ ကျမ်းစာသင်သား သန်းနဲ့ချီကို နှစ်ခြင်းခံတဲ့အထိ တိုးတက်လာအောင် ကျွန်တော်တို့ ဘယ်လို ကူညီပေးနိုင်သလဲ။ ခရစ်တော်ရဲ့ တပည့် ဖြစ်လာဖို့ လူတွေကို ယေဟောဝါ စိတ်ရှည်စွာ အချိန်နဲ့ အခွင့်အရေး ပေးနေသရွေ့ ကျွန်တော်တို့ဘက်ကလည်း သူတို့ကို အတတ်နိုင်ဆုံး ကူညီပေးချင်ကြတယ်။ အချိန် သိပ်မကျန်တော့ဘူး။—၁ ကော. ၇:၂၉။ ၁ ပေ. ၄:၇။

၃။ ကျမ်းစာသင်အံမှု ကျင်းပခြင်းနဲ့ပတ်သက်ပြီး ဒီဆောင်းပါးမှာ ဘာအကြောင်း ဆွေးနွေးမလဲ။

၃ လူတွေ တပည့် ဖြစ်လာဖို့ သိပ်အရေးကြီးနေတဲ့အတွက် ကျမ်းစာသင်သားတွေ နှစ်ခြင်းခံတဲ့အထိ တိုးတက်လာအောင် ကူညီပေးဖို့ ဘာတွေ လုပ်နိုင်သလဲဆိုပြီး အုပ်ချုပ်ရေးအဖွဲ့က ဌာနခွဲရုံးတွေကို မေးမြန်းခဲ့တယ်။ အတွေ့အကြုံရှိ ရှေ့ဆောင်တွေ၊ သာသနာပြုတွေ၊ တိုက်နယ်ကြီးကြပ်မှူးတွေဆီကနေ ဘာတွေ သင်ယူနိုင်ကြောင်း ဒီဆောင်းပါးနဲ့ နောက်ဆောင်းပါးမှာ တွေ့ရပါမယ်။c (ပညာ. ၁၁:၁၄။ ၁၅:၂၂) ထိရောက်တဲ့ ကျမ်းစာသင်အံမှု ကျင်းပနိုင်ဖို့ ကျမ်းစာသင်ပေးသူနဲ့ သင်သား ဘာတွေ လုပ်နိုင်ကြောင်း သူတို့ ပြောပြကြတယ်။ နှစ်ခြင်းခံတဲ့အထိ တိုးတက်လာအောင် ကျမ်းစာသင်သားတွေ လုပ်ဆောင်ရမယ့် အချက် ငါးချက်ကို ဒီဆောင်းပါးမှာ ဆွေးနွေးပါမယ်။

ပတ်စဉ် လေ့လာပါ

ပုံ– ၁။ ညီအစ်မက အမျိုးသမီးတစ်ယောက်နဲ့ အိမ်တံခါးဝမှာ ကျမ်းစာသင်အံမှု လုပ်နေ။ ၂။ နောက်တစ်နေ့မှာ အမျိုးသမီးက ညီအစ်မကို အိမ်ထဲ ဖိတ်ခေါ်။

တစ်နေရာမှာ ထိုင်ပြီး ကျမ်းစာ ဆွေးနွေးနိုင်မလားလို့ သင်သားကို မေးပါ (စာပိုဒ် ၄-၆ ကိုကြည့်ပါ)

၄။ အိမ်တံခါးဝ ကျမ်းစာသင်အံမှုနဲ့ပတ်သက်ပြီး ဘာကို သိထားသင့်သလဲ။

၄ ညီအစ်ကို/မများစွာဟာ အိမ်တံခါးဝမှာပဲ ကျမ်းစာသင်အံမှု ကျင်းပနေကြတယ်။ ဒါဟာ ကျမ်းစာကို ပိုစိတ်ဝင်စားလာစေတဲ့ နည်းလမ်းကောင်း ဖြစ်ပေမဲ့ ဆွေးနွေးချိန် သိပ်မရတာမျိုး၊ ပတ်စဉ် မလေ့လာနိုင်တာမျိုး ဖြစ်လေ့ရှိတယ်။ စိတ်ဝင်စားမှု တိုးများလာစေဖို့ ညီအစ်ကို/မတချို့က ဆက်သွယ်ရမယ့် အချက်အလက်တွေ တောင်းထားပြီး နောက်တစ်ကြိမ် မလည်ပတ်ခင် ဖုန်းဆက်၊ မက်ဆေ့ချ် ပို့ပြီး ကျမ်းစာအကြောင်းအရာတွေ ဝေမျှကြတယ်။ အဲဒီလို အခြေအနေနဲ့ပဲ တိုးတက်တဲ့ ကျမ်းစာသင်အံမှု မစနိုင်ဘဲ လပေါင်းများစွာ ကြာသွားတတ်တယ်။ ဒါပေမဲ့ ကျမ်းစာ လေ့လာဖို့ အချိန်နဲ့ ခွန်အား အဲဒီလောက်ပဲ ပေးတဲ့ သင်သားဟာ ဆက်ကပ်အပ်နှံ၊ နှစ်ခြင်းခံတဲ့အထိ တိုးတက်လာနိုင်ပါ့မလား။ တိုးတက်လာမှာ မဟုတ်ဘူး။

၅။ လုကာ ၁၄:၂၇-၃၃ မှာပါတဲ့ ယေရှုရဲ့ ပုံဥပမာက တပည့်ဖြစ်စေခြင်း လုပ်ငန်းနဲ့ ဘယ်လို သက်ဆိုင်သလဲ။

၅ တပည့်ဖြစ်ချင်ရင် ဘာတွေ လုပ်ရမယ်ဆိုတာ တစ်ကြိမ်မှာ ယေရှု ပြောပြတယ်။ မျှော်စင် ဆောက်ချင်သူတစ်ယောက်နဲ့ စစ်ချီချင်တဲ့ ဘုရင်တစ်ပါးအကြောင်း ပြောတယ်။ မျှော်စင် ဆောက်ချင်သူဟာ “ပြီးအောင် ဆောက်ဖို့ ငွေလောက်၊ မလောက် အရင်ဆုံး ထိုင်ပြီး ကုန်ကျစရိတ်ကို တွက်ချက်” ရမယ်။ ဘုရင်ကလည်း “ခုခံနိုင်မနိုင် အရင်ဆုံး ထိုင်ပြီး တိုင်ပင်” ရမယ်။ (လုကာ ၁၄:၂၇-၃၃ ကိုဖတ်ပါ။) အဲဒီလိုပဲ တပည့်ဖြစ်ချင်သူဟာလည်း ယေရှုနောက် လိုက်ရင် ဘာတွေ လုပ်ရမယ်ဆိုတာ အသေအချာ သုံးသပ်သင့်တယ်။ အဲဒီလို သုံးသပ်နိုင်အောင် ကျွန်တော်တို့နဲ့အတူ ပတ်စဉ် ကျမ်းစာ လေ့လာဖို့ သင်သားကို အားပေးရမယ်။ ဘယ်လို အားပေးနိုင်သလဲ။

၆။ တိုးတက်တဲ့ ကျမ်းစာသင်အံမှု ကျင်းပနိုင်ဖို့ ဘယ်လို ကြိုးစားနိုင်သလဲ။

၆ အိမ်တံခါးဝ သင်အံမှုကို အချိန်နည်းနည်းစီ တိုးသွားပါ။ လည်ပတ်တဲ့ အကြိမ်တိုင်း ထပ်ဆင့် ကျမ်းချက်လေးတွေ ဆွေးနွေးနိုင်တယ်။ အပတ်အနည်းငယ် အချိန်နည်းနည်းကြာကြာ ဆွေးနွေးပြီးနောက်မှာတော့ ထိုင်ပြီး ဆွေးနွေးလို့ ရမယ့် နေရာ ရှိသလားလို့ မေးကြည့်နိုင်တယ်။ ကျမ်းစာလေ့လာချင်စိတ် ဘယ်လောက် ရှိကြောင်း သူ့အဖြေကနေ သိနိုင်တယ်။ မြန်မြန် တိုးတက်လာနိုင်ဖို့ တစ်ပတ် နှစ်ကြိမ် လေ့လာချင်သလားလို့ နောက်ပိုင်းမှာ မေးနိုင်တယ်။ ဒါပေမဲ့ တစ်ပတ် တစ်ကြိမ်၊ နှစ်ကြိမ် လေ့လာရုံထက်မက လုပ်ဖို့ လိုတာ ရှိသေးတယ်။

လေ့လာမယ့် အကြောင်းအရာတိုင်းကို ပြင်ဆင်ပါ

ပုံ– ၁။ လေ့လာမယ့် အကြောင်းအရာကို ညီအစ်မ ကြိုပြင်ဆင်နေ။ ၂။ နောက်ပိုင်း၊ ဘယ်အချက်ကို မျဉ်းသားရမယ်ဆိုတာ နားလည်ဖို့ သင်သားကို ကူညီပေးနေ။

ကျမ်းစာသင်အံမှုအတွက် ကြိုတင်ပြင်ဆင်ပါ။ ဘယ်လို ပြင်ဆင်ရမလဲဆိုတာ သင်သားကို ပြပေးပါ (စာပိုဒ် ၇-၉ ကိုကြည့်ပါ)

၇။ လေ့လာမယ့် အကြောင်းအရာတိုင်းအတွက် ဘယ်လို ပြင်ဆင်နိုင်သလဲ။

၇ သွန်သင်သူအနေနဲ့ လေ့လာမယ့် အကြောင်းအရာတိုင်းကို ကောင်းကောင်း ပြင်ဆင်ပါ။ ဆွေးနွေးမယ့် အကြောင်းအရာနဲ့ ကျမ်းချက်တွေကို ဖတ်ပါ။ အဓိကအချက်ကို ရှင်းရှင်းလင်းလင်း သိအောင် လုပ်ပါ။ သင်ခန်းစာ ခေါင်းစဉ်၊ ခေါင်းစဉ်ငယ်၊ လေ့လာရန် မေးခွန်း၊ “ဖတ်ပါ” ဆိုတဲ့ ကျမ်းချက်၊ ရုပ်ပုံတွေကို သုံးသပ်ပါ။ အကြောင်းအရာနဲ့ သက်ဆိုင်တဲ့ ဗီဒီယို ရှိသလားဆိုတာ စဉ်းစားပါ။ သင်သား နားလည်ပြီး လက်တွေ့ကျင့်သုံးနိုင်အောင် ဘယ်လို ရိုးရိုးရှင်းရှင်း သင်ပေးမလဲဆိုတာ တွေးတောပါ။—နေ. ၈:၈။ ပညာ. ၁၅:၂၈။

၈။ ကောလောသဲ ၁:၉၊ ၁၀ မှာပါတဲ့ တမန်တော် ပေါလုရဲ့ စကားက သင်သားအတွက် ဆုတောင်းတာနဲ့ပတ်သက်ပြီး ဘာသင်ပေးသလဲ။

၈ ပြင်ဆင်တဲ့အခါ သင်သားနဲ့ သင်သားရဲ့ လိုအပ်ရာတွေအကြောင်း ယေဟောဝါဆီ ဆုတောင်းပါ။ ကျမ်းစာသုံးပြီး စိတ်ထိမိအောင် သွန်သင်ပေးနိုင်ဖို့ အကူအညီ တောင်းပါ။ (ကောလောသဲ ၁:၉၊ ၁၀ ကိုဖတ်ပါ။) သင်သား နားလည်ဖို့၊ လက်ခံဖို့ ခက်နိုင်တဲ့ အကြောင်းအရာတွေ ရှိသလားဆိုတာ သိအောင် ကြိုးစားပါ။ သင့်ပန်းတိုင်ဟာ နှစ်ခြင်းခံတဲ့အထိ သင်သား တိုးတက်လာအောင် ကူညီပေးဖို့ ဖြစ်ကြောင်း စိတ်စွဲမှတ်ထားပါ။

၉။ သင်အံမှုအတွက် ကြိုတင်ပြင်ဆင်တတ်အောင် သင်သားကို ဘယ်လို ကူညီပေးနိုင်သလဲ။ ရှင်းပြပါ။

၉ ကျမ်းစာ ပုံမှန် လေ့လာတဲ့အခါ သင်သားဟာ ယေဟောဝါနဲ့ ယေရှု လုပ်ပေးခဲ့တာတွေကို ကျေးဇူးတင်လေးမြတ်လာပြီး ပိုသိချင်လာနိုင်တယ်။ (မ. ၅:၃၊ ၆) လေ့လာမှုကနေ အကျိုး အပြည့်အဝ ရဖို့ သင်သားဘက်ကလည်း သင်ယူနေတဲ့အရာကို အာရုံစိုက်ဖို့ လိုတယ်။ အဲဒီလို အာရုံစိုက်နိုင်အောင် မလေ့လာခင် အကြောင်းအရာကို ကြိုတင်ပြင်ဆင်ဖို့၊ လက်တွေ့ကျင့်သုံးနိုင်ပုံကို တွေးတောဖို့ ဘယ်လောက် အရေးကြီးကြောင်း ရှင်းပြပါ။ ပြင်ဆင်တတ်အောင် ဘယ်လို ကူညီပေးနိုင်သလဲ။ သင်သားနဲ့အတူ ပြင်ဆင်ပါ။d အဓိက အဖြေကို ရှာနိုင်ပုံ၊ အဓိက စကားလုံး၊ စကားစုတွေကို မျဉ်းသားထားတာက အဖြေကို မှတ်မိအောင် ကူညီပေးပုံတို့ကို ရှင်းပြပါ။ ကိုယ်ပိုင်စကားနဲ့ ဖြေဖို့ အားပေးပါ။ ဒါမှ အကြောင်းအရာကို သူ ဘယ်လောက် နားလည်ကြောင်း သင် ပိုင်းဖြတ်နိုင်မယ်။ သင်သားကို အားပေးနိုင်တာ နောက်တစ်ခု ရှိသေးတယ်။

ယေဟောဝါနဲ့ နေ့စဉ် ဆက်သွယ်ဖို့ သင်ပေးပါ

ပုံ– ၁။ သင်အံမှု မစခင် သင်သားနဲ့အတူ ဆုတောင်းနေ။ ၂။ နောက်ပိုင်း၊ သင်သား ကိုယ့်ဘာသာကိုယ် ဆုတောင်းနေ။

ယေဟောဝါနဲ့ ဘယ်လို ဆက်သွယ်ရမလဲဆိုတာ သင်သားကို သင်ပေးပါ (စာပိုဒ် ၁၀-၁၁ ကိုကြည့်ပါ)

၁၀။ နေ့တိုင်း ကျမ်းစာ ဖတ်ဖို့ ဘာကြောင့် အရေးကြီးသလဲ။ ကျမ်းစာ ဖတ်ရှုခြင်းကနေ အကျိုး အပြည့်အဝ ရဖို့ ဘာလုပ်ရမလဲ။

၁၀ ကျမ်းစာ သင်ပေးသူနဲ့ ပတ်စဉ် လေ့လာတဲ့အပြင် သင်သားကိုယ်တိုင် နေ့တိုင်း လုပ်ရမှာတချို့ ရှိသေးတယ်။ ယေဟောဝါနဲ့ ဆက်သွယ်ခြင်းပါပဲ။ ဘယ်နည်းနဲ့လဲ။ ယေဟောဝါ ပြောတာကို နားထောင်ခြင်း၊ ယေဟောဝါကို စကားပြောခြင်းအားဖြင့်ပါပဲ။ နေ့တိုင်း ကျမ်းစာ ဖတ်ခြင်းအားဖြင့် ဘုရား ပြောတာကို နားထောင်နိုင်တယ်။ (ယောရှု ၁:၈။ ဆာ. ၁:၁-၃) jw.org မှာ တင်ထားတဲ့ “ကျမ်းစာဖတ်ရှုခြင်း အစီအစဉ် ဇယား”e အသုံးပြုနိုင်ပုံကို ပြပေးပါ။ ကျမ်းစာ ဖတ်ရှုခြင်းကနေ အကျိုး အပြည့်အဝ ရနိုင်အောင် ဖတ်တဲ့အရာကို တွေးတောဆင်ခြင်ဖို့၊ လက်တွေ့ကျင့်သုံးဖို့ အားပေးပါ။—တ. ၁၇:၁၁။ ယာ. ၁:၂၅။

၁၁။ ဘယ်လိုနည်းနဲ့ သင်သား ဆုတောင်းတတ်လာမလဲ။ ယေဟောဝါဆီ မကြာခဏ ဆုတောင်းဖို့ ဘာကြောင့် အရေးကြီးသလဲ။

၁၁ နေ့တိုင်း ဆုတောင်းခြင်းအားဖြင့် ယေဟောဝါနဲ့ စကားပြောဖို့ သင်သားကို အားပေးပါ။ သင်အံမှု အစနဲ့ အဆုံးမှာ သင်သားနဲ့အတူ သင်သားအတွက် ရင်ဖွင့်ဆုတောင်းပါ။ သင့်ဆုတောင်းချက်တွေကို ကြားတဲ့အခါ သူလည်း ယေရှုခရစ်ရဲ့ နာမည်ကို အမှီပြုပြီး ယေဟောဝါဘုရားဆီ စိတ်ရင်းမှန်နဲ့ ဆုတောင်းတတ်လာမယ်။ (မ. ၆:၉။ ယော. ၁၅:၁၆) သင်သားဟာ နေ့တိုင်း ကျမ်းစာ ဖတ်ရှုခြင်းအားဖြင့် ယေဟောဝါ ပြောတာကို နားထောင်တဲ့အခါ၊ ဆုတောင်းခြင်းအားဖြင့် ယေဟောဝါနဲ့ စကားပြောတဲ့အခါ ဘုရားနဲ့ ပိုရင်းနှီးလာပါလိမ့်မယ်။ (ယာ. ၄:၈) အဲဒါတွေက ဆက်ကပ်အပ်နှံ၊ နှစ်ခြင်းခံတဲ့အထိ တိုးတက်လာအောင် ကူညီပေးပါလိမ့်မယ်။

ယေဟောဝါနဲ့ နှစ်ကိုယ်ကြား ဆက်ဆံရေး ရှိလာဖို့ ကူညီပေးပါ

၁၂။ ယေဟောဝါနဲ့ ရင်းနှီးလာဖို့ သင်သားကို ဘယ်လို ကူညီပေးနိုင်သလဲ။

၁၂ သင်အံမှုကနေ သိလာတာတွေက သင်သားရဲ့ ဦးနှောက်ထဲသာမက စိတ်နှလုံးထဲထိပါ ရောက်သင့်တယ်။ ဘာကြောင့်လဲ။ စိတ်နှလုံးလို့ ပြောတဲ့အခါ ဆန္ဒ၊ စိတ်လှုပ်ရှားမှု၊ ခံစားချက်တွေ ပါဝင်တဲ့အတွက် စိတ်နှလုံးထဲ ရောက်မှ လက်တွေ့ကျင့်ဖို့ လှုံ့ဆော်ခံရမယ်။ ယေရှုဟာ လူတွေ နားလည်သဘောပေါက်အောင် ယုတ္တိရှိရှိ သွန်သင်ပေးတယ်။ ဒါပေမဲ့ စိတ်ထိမိအောင် သွန်သင်နိုင်လို့ လူတွေ ယေရှုနောက် လိုက်ကြတာ။ (လု. ၂၄:၁၅၊ ၂၇၊ ၃၂) သင်သားဟာ ယေဟောဝါကို တကယ့်ပုဂ္ဂိုလ်အဖြစ်၊ ဖခင်၊ ဘုရား၊ မိတ်ဆွေလို ရင်းနှီးနိုင်သူအဖြစ် မြင်လာဖို့ လိုတယ်။ (ဆာ. ၂၅:၄၊ ၅) ကျမ်းစာသင်တဲ့အခါ ဘုရားရဲ့ အရည်အသွေးတွေကို ကွင်းကွင်းကွက်ကွက် မြင်သာအောင် အလေးပေးပြောပါ။ (ထွ. ၃၄:၅၊ ၆။ ၁ ပေ. ၅:၆၊ ၇) ဘာအကြောင်းပဲ ဆွေးနွေးနေပါစေ ယေဟောဝါဟာ ဘယ်လို ဘုရားမျိုး ဖြစ်ကြောင်း အာရုံစိုက်စေပါ။ မေတ္တာ၊ ကြင်နာမှု၊ ထောက်ထားစာနာမှု စတဲ့ ယေဟောဝါရဲ့ အရည်အသွေးတွေကို နားလည်လာဖို့ ကူညီပေးပါ။ ‘ယေဟောဝါဘုရားကို ချစ်’ ဖို့က “ပထမဆုံး၊ အရေးကြီးဆုံး ပညတ်” ဖြစ်တယ်လို့ ယေရှု ပြောတယ်။ (မ. ၂၂:၃၇၊ ၃၈) ဒါကြောင့် ယေဟောဝါကို နှစ်နှစ်ကာကာ ချစ်တတ်လာဖို့ သင်သားကို ကူညီပေးပါ။

၁၃။ ယေဟောဝါရဲ့ အရည်အသွေးတွေအကြောင်း ကျမ်းစာသင်သား သိလာအောင် ကူညီပေးနိုင်ပုံကို ဥပမာပေးပါ။

၁၃ သင်သားနဲ့ စကားစမြည် ပြောချိန်မှာလည်း ယေဟောဝါကို သင် ဘယ်လောက် ချစ်ကြောင်း ပြောပြပါ။ ဒါမှ သင်သားလည်း ဘုရားနဲ့ ရင်းနှီးတဲ့ နှစ်ကိုယ်ကြား ဆက်ဆံရေး ရှိဖို့ လိုအပ်မှန်း သိလာမယ်။ (ဆာ. ၇၃:၂၈) ဥပမာ၊ လေ့လာနေတဲ့ စာပေ ဒါမှမဟုတ် ကျမ်းချက်မှာ ယေဟောဝါရဲ့ မေတ္တာ၊ ဉာဏ်ပညာ၊ တရားမျှတမှု၊ တန်ခိုးနဲ့ပတ်သက်ပြီး သင့်စိတ်ကို ထိမိစေတဲ့ စကားစု ပါသလား။ ပါတယ်ဆိုရင် သင်သားကို ပြောပြပါ။ ကောင်းကင်ဖခင်ကို သင် ချစ်မြတ်နိုးရတဲ့ အကြောင်းရင်းတွေထဲမှာ အဲဒါလည်း ပါတယ်ဆိုတာ ပြောပြပါ။ နှစ်ခြင်းခံတဲ့အထိ တိုးတက်လာဖို့ ကျမ်းစာသင်သားတိုင်း လုပ်ရမှာ နောက်တစ်ခု ရှိသေးတယ်။

အသင်းတော် အစည်းအဝေးတွေ တက်ဖို့ အားပေးပါ

ပုံ– ၁။ ညီအစ်မက အစည်းအဝေး ကျင်းပပုံကို ရှင်းပြဖို့ ‘ကင်းမျှော်စင်၊’ ဗီဒီယို၊ အစည်းအဝေး ဖိတ်စာ သုံးနေ။ ၂။ ‘ကင်းမျှော်စင်’ သင်တန်းမှာ ညီအစ်မ မှတ်ချက်ပေးနေ။ ဘေးမှာ ထိုင်နေတဲ့ သင်သားက ညီအစ်မကို အသေအချာ ကြည့်နေ။

အစည်းအဝေးတွေကို ဖြစ်နိုင်သမျှ အမြန်ဆုံး တက်ဖို့ သင်သားကို အားပေးပါ (စာပိုဒ် ၁၄-၁၅ ကိုကြည့်ပါ)

၁၄။ သင်သားကို တိုးတက်လာအောင် ကူညီပေးနိုင်တဲ့ အသင်းတော် အစည်းအဝေးတွေအကြောင်း ဟီဘရူး ၁၀:၂၄၊ ၂၅ မှာ ဘယ်လို ပြောထားသလဲ။

၁၄ ကျွန်တော်တို့အားလုံး ကိုယ့်သင်သားကို နှစ်ခြင်းခံတဲ့အထိ တိုးတက်လာအောင် ကူညီပေးချင်ကြတယ်။ ကူညီပေးနိုင်တဲ့ အရေးကြီး နည်းတစ်နည်းကတော့ အသင်းတော် အစည်းအဝေးတွေ တက်ဖို့ အားပေးခြင်းပါပဲ။ အစည်းအဝေး တက်တဲ့ သင်သားတွေဟာ တိုးတက်မှု မြန်ဆန်တတ်ကြောင်း အတွေ့အကြုံရှိ သွန်သင်သူတွေ ပြောကြတယ်။ (ဆာ. ၁၁၁:၁) ကျမ်းစာသင်အံမှုကနေ အသိပညာ တစ်ဝက်ပဲ ရမှာ ဖြစ်ပြီး ကျန်တစ်ဝက်ကိုတော့ အစည်းအဝေးတွေကနေ ရမယ်လို့ သွန်သင်သူတချို့ သင်သားတွေကို ရှင်းပြကြတယ်။ သင်သားနဲ့အတူ ဟီဘရူး ၁၀:၂၄၊ ၂၅ ကို ဖတ်ပါ။ အစည်းအဝေး လာရင် ရမယ့် အကျိုးကျေးဇူးတွေ ပြောပြပါ။ နိုင်ငံတော်ခန်းမမှာ ဘာတွေ လုပ်ဆောင်ကြသလဲf ဗီဒီယိုကို ပြပါ။ ပတ်စဉ် အစည်းအဝေး တက်တာကို အလေးအနက်ထားဖို့ ကူညီပေးပါ။

၁၅။ အစည်းအဝေး ပုံမှန် တက်ဖို့ သင်သားကို ဘယ်လို အားပေးနိုင်သလဲ။

၁၅ သင်သားဟာ အစည်းအဝေး တစ်ခုမှ မတက်သေးဘူး ဒါမှမဟုတ် ပုံမှန် မတက်ဘူးဆိုရင် သင် ဘာလုပ်နိုင်သလဲ။ နောက်ဆုံး အစည်းအဝေးကနေ သိလာတာ တချို့အကြောင်း အားတက်သရော ပြန်ပြောပြပါ။ အဲဒါက လာတက်ဖို့ ဖိတ်ခေါ်တာထက် ပိုထိရောက်တယ်။ အစည်းအဝေးမှာ လက်ရှိ လေ့လာနေတဲ့ ကင်းမျှော်စင် ဒါမှမဟုတ် အသက်တာနဲ့ အမှုဆောင်လုပ်ငန်း လေ့ကျင့်ခန်းစာစောင် ကို ပေးပါ။ နောက်အပတ် ဆွေးနွေးမယ့် အကြောင်းအရာကို ပြပါ။ ဘယ်အပိုင်းကို စိတ်ဝင်စားသလဲလို့ မေးပါ။ ဦးဆုံး အစည်းအဝေး တက်တဲ့ အတွေ့အကြုံက တခြား ဘာသာရေးပွဲတွေ တက်တဲ့ အတွေ့အကြုံထက် များစွာသာလွန်ကြောင်း သင်သား သိလာပါလိမ့်မယ်။ (၁ ကော. ၁၄:၂၄၊ ၂၅) အစည်းအဝေး လာတဲ့အခါ ပုံသက်သေကောင်းသူတွေ၊ နှစ်ခြင်းခံတဲ့အထိ တိုးတက်လာအောင် ကူညီပေးနိုင်သူတွေနဲ့ သင်သား တွေ့ဆုံရပါလိမ့်မယ်။

၁၆။ နှစ်ခြင်းခံတဲ့အထိ တိုးတက်လာအောင် သင်သားတွေကို ဘယ်လို ကူညီပေးနိုင်သလဲ။ နောက်ဆောင်းပါးမှာ ဘာအကြောင်း ဆွေးနွေးကြမလဲ။

၁၆ နှစ်ခြင်းခံတဲ့အထိ တိုးတက်လာအောင် သင်သားတွေကို ဘယ်လို ကူညီပေးနိုင်သလဲ။ ပတ်စဉ် လေ့လာခြင်း၊ လေ့လာမယ့် အကြောင်းအရာတိုင်းကို ပြင်ဆင်ခြင်းအားဖြင့် သင်အံမှုကို အလေးအနက်ထားဖို့၊ ယေဟောဝါနဲ့ နေ့စဉ် ဆက်သွယ်ဖို့၊ ရင်းနှီးတဲ့ ဆက်ဆံရေး ရှိလာအောင် တည်ဆောက်ဖို့ အားပေးနိုင်တယ်။ အသင်းတော် အစည်းအဝေးတွေ တက်ဖို့လည်း အားပေးနိုင်တယ်။ (“နှစ်ခြင်းခံတဲ့အထိ တိုးတက်လာအောင် သင်သား လုပ်ဆောင်ရမယ့် အရာများ” လေးထောင့်ကွက်ကို ကြည့်ပါ။) နှစ်ခြင်းခံတဲ့အထိ သင်သား တိုးတက်လာဖို့ ကျမ်းစာသင်ပေးသူတွေ လုပ်ရမယ့် အချက်ငါးချက်ကို နောက်ဆောင်းပါးမှာ ဆွေးနွေးပါမယ်။

ညီအစ်မက သင်သားနဲ့ ကျမ်းစာသင်အံမှု လုပ်နေ။

နှစ်ခြင်းခံတဲ့အထိ တိုးတက်လာအောင် သင်သား လုပ်ဆောင်ရမယ့် အရာများ

  1. ၁။ ပတ်စဉ် လေ့လာပါ

    • ပုံမှန် လေ့လာဖို့ အချိန်နဲ့ ခွန်အား စိုက်ထုတ်ပါ

    • ဖြစ်နိုင်ရင် တစ်ပတ် နှစ်ကြိမ် လေ့လာပါ

  2. ၂။ လေ့လာမယ့် အကြောင်းအရာတိုင်းအတွက် ပြင်ဆင်ပါ

    • သင်ခန်းစာကို ကြိုဖတ်ပါ

    • အဖြေပါတဲ့ အဓိက စကားလုံး၊ စကားစုတွေကို မျဉ်းသားပါ

    • သိလာတာတွေကို ဘယ်လို လက်တွေ့ကျင့်သုံးနိုင်ကြောင်း စဉ်းစားပါ

  3. ၃။ ယေဟောဝါနဲ့ နေ့စဉ် ဆက်သွယ်ပါ

    • နေ့တိုင်း ကျမ်းစာ ဖတ်ရှုခြင်းအားဖြင့် ယေဟောဝါ ပြောတာကို နားထောင်ပါ

    • ယေဟောဝါအကြောင်း ကျမ်းစာ သွန်သင်ရာကို တွေးတောပါ

    • နေ့တိုင်း ဆုတောင်းခြင်းအားဖြင့် ယေဟောဝါနဲ့ စကားပြောပါ

  4. ၄။ ယေဟောဝါနဲ့ နှစ်ကိုယ်ကြား ဆက်ဆံရေး တည်ဆောက်ပါ

    • ယေဟောဝါကို တကယ့်ပုဂ္ဂိုလ်အဖြစ် ရှုမြင်ပါ

    • ယေဟောဝါရဲ့ အရည်အသွေးတွေကို တန်ဖိုးထားလေးမြတ်ပါ

    • ယေဟောဝါကို နှစ်နှစ်ကာကာ ချစ်တတ်အောင် ကြိုးစားပါ

  5. ၅။ အသင်းတော် အစည်းအဝေးတွေ တက်ပါ

    • အစည်းအဝေး တက်တာကို ကျမ်းစာ လေ့လာမှုရဲ့ အပိုင်းတစ်ပိုင်းအဖြစ် ရှုမြင်ပါ

    • အစည်းအဝေး တက်ခြင်းရဲ့ အကျိုးကျေးဇူးတွေကို သိမြင်ပါ

    • ပုံသက်သေကောင်းသူတွေနဲ့ ရင်းနှီးအောင် လုပ်ပါ

သင် ဘယ်လို ဖြေမလဲ

  • အိမ်တံခါးဝ ကျမ်းစာသင်အံမှုတွေကို ပိုတိုးတက်လာအောင် ဘာလုပ်နိုင်သလဲ။

  • ယေဟောဝါနဲ့ နေ့တိုင်း ဆက်သွယ်ဖို့ သင်သားကို ဘယ်လို သင်ပေးနိုင်သလဲ။ အဲဒီလို ဆက်သွယ်ဖို့ ဘာကြောင့် လိုအပ်သလဲ။

  • အသင်းတော် အစည်းအဝေးတွေ တက်ဖို့ သင်သားတွေကို ဘယ်လို အားပေးနိုင်သလဲ။

သီချင်း ၇၆ ဘယ်လို ခံစားရလဲ

a သွန်သင်ပေးတယ်ဆိုတာ “စဉ်းစားပုံ၊ ခံစားပုံ၊ လုပ်ဆောင်ပုံ အသစ်ဖြစ်လာအောင် ဒါမှမဟုတ် ပြောင်းလဲသွားအောင် ကူညီပေးတာ” ကို ဆိုလိုတယ်။ ၂၀၂၀ နှစ်ချုပ်ကျမ်းချက် ဖြစ်တဲ့ မဿဲ ၂၈:၁၉ က လူတွေကို ကျမ်းစာသင်ပေးတာ၊ ယေရှုခရစ်ရဲ့ နှစ်ခြင်းခံပြီးသား တပည့် ဖြစ်လာအောင် ကူညီပေးတာ ဘယ်လောက် အရေးကြီးကြောင်း သတိရစေတယ်။ အဲဒီအရေးကြီးလုပ်ငန်းမှာ ဘယ်လို တိုးတက်နိုင်ကြောင်း ဒီဆောင်းပါးနဲ့ နောက်ဆောင်းပါးမှာ လေ့လာပါမယ်။

b စကားလုံး ရှင်းလင်းချက်– ကျမ်းစာကို သုံးပြီး ပုံမှန်၊ စနစ်တကျ ဆွေးနွေးနေတယ်ဆိုရင် ကျမ်းစာသင်အံမှု ကျင်းပနေတာ ဖြစ်တယ်။ ကျမ်းစာသင်အံမှု နှစ်ကြိမ် ကျင်းပပြီးပြီ၊ ဆက်သင်ဖို့လည်း အလားအလာ ရှိတယ်ဆိုရင် သင်အံမှု မှတ်တမ်း သွင်းနိုင်ပါတယ်။

c ၂၀၀၄၊ ဇူလိုင်ကနေ ၂၀၀၅၊ မေ ကျွန်ုပ်တို့၏ နိုင်ငံတော် ဓမ္မအမှု မှာပါတဲ့ “တိုးတက်သော ကျမ်းစာသင်အံမှုများ ကျင်းပခြင်း” ဆောင်းပါးတွဲတွေထဲက အကြံပြုချက်တွေလည်း ဒီဆောင်းပါးတွေမှာ ပါတယ်။

d ကြိုတင်ပြင်ဆင်ဖို့ သင်သားကို သင်ပေးပါ လေးမိနစ်ကြာ ဗီဒီယိုကို ကြည့်ပါ။ JW Library® ထဲက MEDIA > OUR MEETINGS AND MINISTRY > IMPROVING OUR SKILLS မှာ ကြည့်ပါ။

e သမ္မာကျမ်းစာ သွန်သင်ချက်များ > ကျမ်းစာလေ့လာမှု ကိရိယာများ မှာကြည့်ပါ။

f JW Library® ထဲက MEDIA > OUR MEETINGS AND MINISTRY > TOOLS FOR THE MINISTRY မှာ ကြည့်ပါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ