ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၂၁ ဇွန် စာ. ၈-၁၃
  • ယေဟောဝါ ရှိနေလို့ ဘယ်တော့မှ တစ်ယောက်တည်း မဟုတ်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ယေဟောဝါ ရှိနေလို့ ဘယ်တော့မှ တစ်ယောက်တည်း မဟုတ်
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၁
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကျွန်တော်တို့ကို ယေဟောဝါ စိတ်ဝင်စား
  • အထီးကျန်နေရင် ဘာလုပ်နိုင်သလဲ
  • မိသားစုဝင် ဖြစ်တယ်လို့ ခံစားရစေပါ
  • နောက်တစ်ဖန် မည်သူမျှ အထီးကျန်သည်ဟု မခံစားရတော့မည့်အချိန်
    နိုးလော့!—၂၀၀၅
  • အထီးကျန်ခြင်းက သင့်ဘဝကို မညှိုးနွမ်းပါစေနှင့်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
  • ငါ့မှာ ဘာဖြစ်လို့ သူငယ်ချင်းတစ်ယောက်မှ မရှိရတာလဲ
    လူငယ်များအမေး
  • အထီးကျန်ဖြစ်မှုကို အနိုင်ယူခြင်း
    နိုးလော့!—၂၀၀၅
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၁
က၂၁ ဇွန် စာ. ၈-၁၃

လေ့လာရန် ဆောင်းပါး ၂၃

ယေဟောဝါ ရှိနေလို့ ဘယ်တော့မှ တစ်ယောက်တည်း မဟုတ်

‘ယေဟောဝါဟာ ဆုတောင်းတဲ့သူတိုင်းရဲ့ အနီးအပါးမှာ ရှိတယ်။’ —ဆာ. ၁၄၅:၁၈။

သီချင်း ၂၈ ယေဟောဝါနဲ့ မိတ်ဆွေ ဖြစ်ခြင်း

အကြိုသုံးသပ်ချက်a

၁။ ယေဟောဝါရဲ့ ကျေးကျွန်တချို့ တစ်ခါတလေ ဘယ်လို ခံစားရနိုင်သလဲ။

ကျွန်တော်တို့ အများစု တစ်ခါတလေ အထီးကျန်တတ်တယ်။ တချို့အတွက် အထီးကျန်မှုက ခဏပဲ ဆိုပေမဲ့ တချို့အတွက်တော့ အချိန်ကြာတတ်တယ်။ လူအများကြီးနဲ့ ရှိနေချိန်မှာတောင် အထီးကျန်နေတာမျိုး ဖြစ်နိုင်တယ်။ တချို့က အသင်းတော်သစ်မှာ နေသားကျဖို့ ကြိုးစားနေရတယ်။ တချို့ကျတော့ ရင်းနှီးတဲ့ မိသားစုက လာတဲ့အတွက် မိသားစုနဲ့ ဝေးရာကို ပြောင်းရွှေ့ရတဲ့အခါ အထီးကျန်ကြတယ်။ သေဆုံးသွားတဲ့ ချစ်ရသူတွေကို သတိရလွမ်းဆွတ်နေသူတွေလည်း ရှိတယ်။ အမှန်တရား ရခါစ ခရစ်ယာန်တချို့ဟာ မယုံကြည်သူ မိသားစုဝင်တွေ၊ မိတ်ဆွေဟောင်းတွေရဲ့ ပစ်ပယ်မှု၊ နှိပ်စက်ညှဉ်းပန်းမှုကြောင့် အထီးကျန်နေကြတယ်။

၂။ ဘယ်မေးခွန်းတွေကို ဆွေးနွေးကြမလဲ။

၂ ကျွန်တော်တို့အကြောင်း ယေဟောဝါ အကုန် သိတယ်။ အထီးကျန်နေတဲ့အခါလည်း ယေဟောဝါ သိပြီး ကူညီပေးချင်တယ်။ ဘယ်လို ကူညီပေးသလဲ။ ကျွန်တော်တို့ကော အဲဒီခံစားချက်ကို ဘယ်လို ကျော်လွှားနိုင်သလဲ။ အသင်းတော်မှာရှိတဲ့ အထီးကျန်နေတဲ့ ညီအစ်ကို/မတွေကို ဘယ်လို ကူညီပေးနိုင်သလဲ။ ဒီမေးခွန်းတွေကို ဆွေးနွေးကြည့်ကြစို့။

ကျွန်တော်တို့ကို ယေဟောဝါ စိတ်ဝင်စား

ကောင်းကင်တမန်က ဧလိယကို နှိုးပြီး အစာစားဖို့ ပြောနေ။ အနားမှာ ကျောက်တုံးမီးဖိုပေါ် မုန့်ပြားတစ်ချပ်နဲ့ ရေတစ်ဂျား ရှိ။

ဧလိယ တစ်ယောက်တည်း မဟုတ်ကြောင်း စိတ်ချစေဖို့ ကောင်းကင်တမန်တစ်ပါးကို ယေဟောဝါ စေလွှတ် (စာပိုဒ် ၃ ကိုကြည့်ပါ)

၃။ ဧလိယကို စိတ်ဝင်စားကြောင်း ယေဟောဝါ ဘယ်လို ပြသလဲ။

၃ ဝတ်ပြုသူအားလုံးရဲ့ အကျိုးကို ယေဟောဝါ စိတ်ဝင်စားတယ်။ ယောက်တိုင်းရဲ့ အနီးအပါးမှာ ရှိတယ်။ ကျွန်တော်တို့ စိတ်ဓာတ်ကျတဲ့အခါ သိတယ်။ (ဆာ. ၁၄၅:၁၈၊ ၁၉) ပရောဖက် ဧလိယကို ယေဟောဝါ ဘယ်လောက် စိတ်ဝင်စားကြောင်း စဉ်းစားကြည့်ပါ။ အစ္စရေးသမိုင်းရဲ့ ခက်ခဲတဲ့အချိန်မှာ ဧလိယ အသက်ရှင်ခဲ့တယ်။ ယေဟောဝါကို ဝတ်ပြုသူတွေ အပြင်းအထန် နှိပ်စက်ညှဉ်းပန်းခံနေရတယ်။ အထူးသဖြင့် ဧလိယ ပစ်မှတ်ထားခံနေရတယ်။ (၁ ဘု. ၁၉:၁၊ ၂) ယေဟောဝါအတွက် အမှုဆောင်တဲ့ ပရောဖက်အဖြစ် မိမိ တစ်ယောက်ပဲ ကျန်တော့တယ်လို့ ထင်ပြီး ဧလိယ စိတ်ဒုက္ခရောက်နေတယ်။ (၁ ဘု. ၁၉:၁၀) ဧလိယကို ဘုရား ချက်ချင်း ကူညီပေးတယ်။ ကောင်းကင်တမန်တစ်ပါး စေလွှတ်ပြီး ဧလိယ တစ်ယောက်တည်း မဟုတ်ကြောင်း၊ ဘုရားကို ကြောက်ရွံ့တဲ့ တခြား အစ္စရေးများစွာ ရှိသေးကြောင်း အသိပေးတယ်။—၁ ဘု. ၁၉:၅၊ ၁၈။

၄။ မိသားစုဝင်တွေ၊ မိတ်ဆွေတွေရဲ့ ကူညီထောက်မမှု မရတော့တဲ့ ကျေးကျွန်တွေကို ယေဟောဝါ စိတ်ဝင်စားကြောင်း မာကု ၁၀:၂၉၊ ၃၀ က ဘယ်လို ဖော်ပြသလဲ။

၄ မိမိကို ဝတ်ပြုဖို့ တချို့ များစွာ စွန့်လွှတ်အနစ်နာခံရတာကို ယေဟောဝါ သိတယ်။ မယုံကြည်သူ ဆွေမျိုးတွေ၊ မိတ်ဆွေဟောင်းတွေရဲ့ ကူညီထောက်မမှု မရတော့တာ ဖြစ်နိုင်တယ်။ တမန်တော် ပေတရုတောင် “ကျွန်တော်တို့ ရှိသမျှကို စွန့်ပြီး သခင့်နောက်ကို လိုက်လာပါပြီ။ ကျွန်တော်တို့ ဘာများ ရမှာလဲ” လို့ တစ်ကြိမ်မှာ ယေရှုကို မေးခဲ့တယ်။ (မ. ၁၉:၂၇) မိသားစုနဲ့တူတဲ့ ညီအစ်ကို/မတွေ ပြန်ရမယ်လို့ ယေရှု ကတိပေးတယ်။ (မာကု ၁၀:၂၉၊ ၃၀ ကိုဖတ်ပါ။) ကျေးကျွန်တွေကို ကူညီထောက်မမယ်လို့ ကောင်းကင်ဖခင် ယေဟောဝါ ကတိပေးတယ်။ (ဆာ. ၉:၁၀) အထီးကျန်စိတ်ကို တိုက်ထုတ်ရာမှာ ယေဟောဝါရဲ့ အကူအညီ ရဖို့ ဘာတွေ လက်တွေ့ကျကျ လုပ်ဆောင်နိုင်ကြောင်း ဆွေးနွေးကြည့်ကြစို့။

အထီးကျန်နေရင် ဘာလုပ်နိုင်သလဲ

၅။ သင့်ကို ယေဟောဝါ ထောက်မနေကြောင်း အာရုံစိုက်ရင် ဘာအကျိုးရမလဲ။

၅ သင့်ကို ယေဟောဝါ ဘယ်လို ထောက်မနေကြောင်း အာရုံစိုက်ပါ။ (ဆာ. ၅၅:၂၂) အဲဒါက သင် တစ်ယောက်တည်း မဟုတ်ကြောင်း သိလာအောင် ကူညီပေးမယ်။ တစ်ကိုယ်ရေ ညီအစ်မ ကယ်ရိုb ဟာ မိသားစုထဲမှာ တစ်ဦးတည်းသော သက်သေခံပါ။ “စမ်းသပ်မှုတွေ ကြုံရတုန်းက ယေဟောဝါ ဘယ်လို ကူညီပေးခဲ့တယ်ဆိုတာ ပြန်တွေးတာက တစ်ယောက်တည်း မဟုတ်ဘူးလို့ ခံစားရစေတယ်။ နောက်လည်း ယေဟောဝါ အမြဲ ကူညီပေးမယ်ဆိုတာ စိတ်ချစေတယ်” လို့ ပြောတယ်။

၆။ အထီးကျန်စိတ်ကို တိုက်ထုတ်နိုင်ဖို့ ၁ ပေတရု ၅:၉၊ ၁၀ က ဘယ်လို ကူညီပေးသလဲ။

၆ အထီးကျန်နေတဲ့ ညီအစ်ကို/မတွေကို ယေဟောဝါ ဘယ်လို ကူညီပေးလဲဆိုတာ စဉ်းစားပါ။ (၁ ပေတရု ၅:၉၊ ၁၀ ကိုဖတ်ပါ။) ညီအစ်ကို ဟီရိုရှီဟာ အခုချိန်ထိ မိသားစုထဲမှာ သက်သေခံဆိုလို့ တစ်ယောက်တည်း ရှိတယ်။ “အခက်အခဲတွေကြား အမှုတော်မှာ အကောင်းဆုံး ပါဝင်နေတဲ့ ညီအစ်ကို/မတွေကို တွေ့ရတာက ကျွန်တော်တို့လို အမှန်တရားမှာ တစ်ယောက်တည်း ဖြစ်နေသူတွေအတွက် အားပေးမှု ဖြစ်စေတယ်” လို့ ပြောတယ်။

၇။ ဆုတောင်းခြင်းက သင့်ကို ဘယ်လို ကူညီပေးသလဲ။

၇ ဘုရားရေးရာ လုပ်ရိုးလုပ်စဉ်ကောင်း ဆက်ရှိနေပါ။ အဲဒီထဲမှာ ယေဟောဝါဆီ ကိုယ့်ခံစားချက်တွေ ရင်ဖွင့်ပြောပြတာ ပါဝင်တယ်။ (၁ ပေ. ၅:၇) လူငယ် ညီအစ်မ မက်စီးဟာ ယေဟောဝါကို ဝတ်ပြုဖို့ ဆုံးဖြတ်တဲ့အခါ မိသားစုနဲ့ သီးခြားဖြစ်သွားတယ်လို့ ခံစားခဲ့ရတယ်။ “အထီးကျန်စိတ်ကို ဖြေဖျောက်ဖို့ အရေးပါဆုံး နည်းတစ်နည်းကတော့ ယေဟောဝါဆီ မခြားမလပ် ဆုတောင်းခြင်း ဖြစ်တယ်။ ယေဟောဝါဟာ ကျွန်မအတွက် တကယ့် အဖေလိုပဲ။ နေ့တိုင်း အကြိမ်များစွာ ဆုတောင်းပြီး ခံစားချက်တွေ ပြောပြတယ်” လို့ မက်စီး ပြောတယ်။

မုဆိုးဖို ညီအစ်ကိုတစ်ယောက် အသံဖိုင် နားထောင်နေ။

ကျမ်းစာ၊ ကျမ်းစာ အခြေပြု စာပေ အသံဖိုင်တွေ နားထောင်တာက အထီးကျန်စိတ်ကို လျော့ပါးစေနိုင် (စာပိုဒ် ၈ ကိုကြည့်ပါ)c

၈။ ကျမ်းစာ ဖတ်ရှုဆင်ခြင်တာက သင့်ကို ဘယ်လို ကူညီပေးသလဲ။

၈ ကျမ်းစာ ပုံမှန် ဖတ်ပြီး ယေဟောဝါရဲ့ မေတ္တာကို ပေါ်လွင်စေတဲ့ ကျမ်းမှတ်တမ်းတွေကို တွေးတောဆင်ခြင်ပါ။ ညီအစ်မ ဘီယန်ကာဟာ မိသားစုရဲ့ ဝေဖန်တိုက်ခိုက်မှု ခံနေရတယ်။ “ကျမ်းစာမှတ်တမ်းတွေ၊ ဘဝတူ ကျေးကျွန်တွေရဲ့ အတ္ထုပ္ပတ္တိတွေကို ဖတ်ရှုဆင်ခြင်တာ တကယ် အထောက်အကူ ပြုတယ်” လို့ ပြောတယ်။ ခရစ်ယာန်တချို့က ဆာလံ ၂၇:၁၀၊ ဟေရှာယ ၄၁:၁၀ လိုမျိုး နှစ်သိမ့်မှု ဖြစ်စေတဲ့ ကျမ်းချက်တွေကို အလွတ်ကျက်မှတ်ထားကြတယ်။ အစည်းအဝေးအတွက် ပြင်ဆင်ချိန်မှာ၊ ကျမ်းစာ ဖတ်ရှုချိန်မှာ အသံဖိုင်တွေ ဖွင့်ပြီး နားထောင်တာက အထီးကျန်စိတ် လျော့နည်းအောင် ကူညီပေးတယ်လို့ တချို့ ပြောကြတယ်။

၉။ အစည်းအဝေးတွေ တက်တာက သင့်ကို ဘယ်လို အကျိုးပြုသလဲ။

၉ အစည်းအဝေး ပုံမှန် တက်ဖို့ ကြိုးစားပါ။ အစည်းအဝေး အစီအစဉ်ကနေ ခွန်အား ရပြီး ညီအစ်ကို/မတွေနဲ့လည်း ပိုသိကျွမ်းခွင့် ရမယ်။ (ဟီ. ၁၀:၂၄၊ ၂၅) အစောပိုင်းမှာ ဖော်ပြခဲ့တဲ့ ညီအစ်မ မက်စီးက “ရှက်တတ်ပေမဲ့ အစည်းအဝေးတိုင်း တက်ဖို့၊ မှတ်ချက်ပေးဖို့ ဆုံးဖြတ်ထားတယ်။ ဒါက အသင်းတော်ဝင် ဖြစ်တယ်လို့ ခံစားရစေတယ်” ဆိုပြီး ပြောတယ်။

၁၀။ ညီအစ်ကို/မတွေနဲ့ မိတ်ဆွေဖွဲ့ဖို့ ဘာကြောင့် အရေးကြီးသလဲ။

၁၀ ညီအစ်ကို/မတွေနဲ့ မိတ်ဖွဲ့ပါ။ အသင်းတော်မှာ မိတ်ဆွေ ရှာပါ။ အသက်အရွယ်၊ နောက်ခံ မတူရင်တောင်မှ သူတို့ဆီကနေ သင်ယူနိုင်တယ်။ ‘အသက်ကြီးသူဆီမှာ ဉာဏ်ပညာ ရှိတယ်’ လို့ ကျမ်းစာ ပြောတယ်။ (ယောဘ ၁၂:၁၂) လူကြီးတွေလည်း သစ္စာရှိ လူငယ်တွေဆီကနေ များစွာ သင်ယူနိုင်တယ်။ ဒါဝိဒ်ဟာ ယောနသန်ထက် အများကြီး အသက်ငယ်တယ်။ ဒါပေမဲ့ သိပ်ရင်းနှီးတဲ့ မိတ်ဆွေတွေ ဖြစ်ကြတယ်။ (၁ ရှ. ၁၈:၁) အခက်အခဲတွေကြား ယေဟောဝါကို ဆက်အမှုဆောင်ဖို့ အချင်းချင်း ကူညီပေးကြတယ်။ (၁ ရှ. ၂၃:၁၆-၁၈) လောလောဆယ် မိသားစုမှာ တစ်ယောက်တည်း သက်သေခံ ဖြစ်နေတဲ့ ညီအစ်မ အီရီနာက “ညီအစ်ကို/မတွေဟာ မိဘမောင်နှမတွေလို ဖြစ်လာတယ်။ ကျွန်မရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးဖို့ သူတို့ကို ယေဟောဝါ အသုံးပြုတယ်” လို့ ပြောတယ်။

၁၁။ ခိုင်မြဲတဲ့ မိတ်ဆွေဖွဲ့ဖို့ ဘာလုပ်ရမလဲ။

၁၁ ရှက်တတ်သူ ဖြစ်မယ်ဆိုရင် အသင်းတော်မှာ မိတ်ဆွေသစ် ဖွဲ့ဖို့ ခက်နိုင်တယ်။ ဆန့်ကျင်မှုတွေကြား အမှန်တရား သင်ယူခဲ့တဲ့ ညီအစ်မ ရတ်နားဟာ ရှက်တတ်သူ ဖြစ်တယ်။ “ညီအစ်ကို/မတွေရဲ့ ကူညီထောက်မမှု လိုတယ်ဆိုတာ အသိအမှတ်ပြုခဲ့ရတယ်” လို့ ရတ်နား ပြောတယ်။ ခံစားချက်တွေ ထုတ်ပြောဖို့ ခက်နိုင်ပေမဲ့ အဲဒီလို ထုတ်ပြောမှ ရင်းနှီးတဲ့ မိတ်ဆွေ ဖြစ်နိုင်မယ်။ မိတ်ဆွေတွေ သင့်ကို အားပေးထောက်မချင်တယ်။ ဒါပေမဲ့ ကိုယ် ဘာလိုတယ်ဆိုတာ ပြောပြမှ သူတို့ သိပြီး ကူညီပေးနိုင်မယ်။

၁၂။ ဘယ်လိုနည်းနဲ့ မိတ်ဆွေ ဖွဲ့နိုင်သလဲ။

၁၂ မိတ်ဆွေဖွဲ့နိုင်တဲ့ အကောင်းဆုံးနည်း တစ်နည်းကတော့ အမှုဆောင်လုပ်ငန်းမှာ အတူပါဝင်ခြင်းပါပဲ။ အစောပိုင်းမှာ ဖော်ပြခဲ့တဲ့ ညီအစ်မ ကယ်ရိုက “ညီအစ်မတွေနဲ့အတူ အမှုဆောင်နဲ့ တခြား ဘုရားရေးရာ လုပ်ဆောင်မှုတွေမှာ ပါဝင်လို့ မိတ်ဆွေကောင်းတွေ အများကြီး ရလာတယ်။ နှစ်တွေတစ်လျှောက် အဲဒီမိတ်ဆွေတွေကတစ်ဆင့် ယေဟောဝါ ထောက်မပေးတယ်” လို့ ပြောတယ်။ သစ္စာရှိ ခရစ်ယာန်တွေနဲ့ မိတ်ဆွေဖွဲ့တာ အမြဲ အကျိုးရှိတယ်။ အထီးကျန်မှုလိုမျိုး စိတ်ပျက်စရာ ခံစားချက်တွေကို တွန်းလှန်နိုင်ဖို့ အဲဒီမိတ်ဆွေတွေကို သုံးပြီး ယေဟောဝါ ကူညီပေးတယ်။—ပညာ. ၁၇:၁၇။

မိသားစုဝင် ဖြစ်တယ်လို့ ခံစားရစေပါ

၁၃။ အသင်းတော်မှာ ရှိသူအားလုံး ဘာတာဝန် ရှိသလဲ။

၁၃ အသင်းတော်ကို မေတ္တာရှိတဲ့၊ ငြိမ်းချမ်းတဲ့ ဝန်းကျင် ဖြစ်အောင် လုပ်ဖို့ ယောက်တိုင်းမှာ တာဝန်ရှိတယ်။ ဒါမှ အထီးကျန်တယ်လို့ ဘယ်သူမှ ခံစားရတော့မှာ မဟုတ်ဘူး။ (ယော. ၁၃:၃၅) ကိုယ့်အပြော၊ လုပ်ရပ်လေး တစ်ခုက တခြားသူတွေအတွက် အများကြီး အားပေးမှု ဖြစ်စေနိုင်တယ်။ “အမှန်တရား ရလာတဲ့အခါ အသင်းတော်က မိသားစုလို ဖြစ်လာတယ်။ သူတို့ရဲ့ ထောက်မမှုသာ မပါရင် ယေဟောဝါသက်သေတစ်ယောက် ဖြစ်လာမှာ မဟုတ်ဘူး” လို့ ညီအစ်မတစ်ယောက် ပြောတယ်။ မိသားစုထဲမှာ တစ်ယောက်တည်း သက်သေခံ ဖြစ်နေသူတွေကို အသင်းတော်ဝင် ဖြစ်တယ်လို့ ခံစားရအောင် ဘယ်လို ကူညီပေးနိုင်သလဲ။

၁၄။ လူသစ်တွေနဲ့ မိတ်ဖွဲ့ဖို့ ဘာတွေ လုပ်နိုင်သလဲ။

၁၄ ကိုယ့်ဘက်က စပြီး မိတ်ဖွဲ့ပါ။ လူသစ်တွေကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါ။ (ရော. ၁၅:၇) ဒါပေမဲ့ နှုတ်ဆက်ရုံနဲ့ မလုံလောက်ဘူး။ အချိန်ကြာလာတာနဲ့အမျှ ပိုရင်းနှီးအောင် လုပ်ရမယ်။ ဒါကြောင့် စိတ်ရင်းမှန်နဲ့ စိတ်ဝင်စားကြောင်း ပြပါ။ စိတ်အနှောင့်အယှက် ဖြစ်စရာ မေးခွန်းတွေ မမေးပါနဲ့။ သူတို့ ကြုံနေရတဲ့ ပြဿနာတွေကို နားလည်နိုင်အောင် ကြိုးစားပါ။ တချို့က ခံစားချက်တွေ ထုတ်ပြောဖို့ ခက်နိုင်တယ်။ ဒါကြောင့် အတင်း ဖိအား မပေးပါနဲ့။ အဲဒီအစား ပါးပါးနပ်နပ် မေးပြီး သူတို့ ပြောတာကို စိတ်ရှည်ရှည် နားထောင်ပါ။ ဥပမာ၊ အမှန်တရား ဘယ်လို သိလာတာလဲ ဆိုတဲ့ မေးခွန်းမျိုးပေါ့။

၁၅။ ရင့်ကျက်တဲ့ ခရစ်ယာန်တွေက တခြားသူတွေကို ဘယ်လို ကူညီပေးနိုင်သလဲ။

၁၅ အသင်းတော်မှာ ရင့်ကျက်တဲ့ ခရစ်ယာန်တွေ၊ အထူးသဖြင့် အကြီးအကဲတွေ ဂရုတစိုက် စိတ်ဝင်စားမှု ပြတဲ့အခါ အားလုံး ယုံကြည်ခြင်း ခိုင်မာလာတယ်။ မိခင်ရဲ့ စောင့်ရှောက်မှုနဲ့ အမှန်တရားမှာ ကြီးပြင်းလာတဲ့ ညီအစ်မ မာလစ်ဆာက “နှစ်တွေတစ်လျှောက် အဖေတစ်ယောက်လို အချိန်ပေး ဂရုစိုက်တဲ့ ညီအစ်ကိုတွေကို ပြောမပြတတ်အောင် ကျေးဇူးတင်တယ်။ ကျွန်မ ရင်ဖွင့်ဖို့ လိုတဲ့ အချိန်တိုင်းမှာ နားထောင်ပေးမယ့်သူ တစ်ယောက်ယောက် အမြဲ ရှိနေတယ်” လို့ ပြောတယ်။ လူငယ် ညီအစ်ကို မော်ရစ်စီယိုဟာ သူ့ကို ကျမ်းစာသင်ပေးသူ အမှန်တရားကို စွန့်ခွာသွားတဲ့အခါ ဝမ်းနည်းပြီး အထီးကျန်ခဲ့တယ်။ “အကြီးအကဲတွေ ဂရုစိုက်ပေးတဲ့အတွက် အကူအညီ အများကြီး ဖြစ်ခဲ့တယ်။ ကျွန်တော်နဲ့ အမြဲ စကားပြောတယ်။ အမှုဆောင်မှာ တွဲခေါ်ပေးတယ်။ ကိုယ်ပိုင်လေ့လာမှုကနေ သိလာတာတွေကို ဝေမျှပေးတဲ့အပြင် အားကစားတောင် အတူ လုပ်ကြတယ်” လို့ ပြောတယ်။ အခု မာလစ်ဆာနဲ့ မော်ရစ်စီယိုတို့ နှစ်ယောက်စလုံး အချိန်ပြည့်လုပ်ငန်းမှာ ပါဝင်နေကြပြီ။

သက်ကြီးညီအစ်ကိုတစ်ယောက် အိမ်ကို ညီအစ်ကိုနဲ့ သမီးငယ် ကွတ်ကီးတွေ ယူလာပေး။

သင် အချိန်ပေး ပေါင်းသင်းဖို့ လိုအပ်နေသူ တစ်ယောက်ယောက် အသင်းတော်မှာ ရှိသလား (စာပိုဒ် ၁၆-၁၉ ကိုကြည့်ပါ)d

၁၆-၁၇။ တခြားသူတွေကို ဘယ်လို လက်တွေ့ကျကျ ကူညီပေးနိုင်သလဲ။

၁၆ လက်တွေ့ကျကျ ကူညီပေးပါ။ (ဂလ. ၆:၁၀) လီယိုဟာ မိသားစုနဲ့ ဝေးတဲ့နေရာမှာ သာသနာပြုအဖြစ် အမှုဆောင်နေတယ်။ “အများအားဖြင့် အချိန်သင့်အခါသင့် လုပ်ပေးတဲ့ ကြင်နာတဲ့ လုပ်ရပ်လေးတစ်ခုကိုပဲ လိုအပ်တာပါ။ ကျွန်တော် ကားမတော်တဆ ဖြစ်ခဲ့တဲ့နေ့ကို မှတ်မိနေတုန်းပဲ။ အိမ်ပြန်ရောက်တော့ စိတ်ပန်းလူပန်း ဖြစ်နေပြီ။ မောင်နှံတစ်စုံက သူတို့အိမ်မှာ ညစာလာစားဖို့ ဖိတ်တယ်။ ဘာစားတယ်ဆိုတာ မမှတ်မိတော့ပေမဲ့ ကျွန်တော် ပြောတာတွေကို သူတို့ သေသေချာချာ နားထောင်ပေးတာတော့ မှတ်မိနေသေးတယ်။ ဒါကြောင့် တော်တော် စိတ်သက်သာသွားတယ်” လို့ ပြောတယ်။

၁၇ အစည်းအဝေးကြီးတွေ၊ အစည်းအဝေးပွဲတွေမှာ ကျွန်တော်တို့ အားလုံး ပျော်ကြတယ်။ တခြားသူတွေနဲ့ အစည်းအဝေး အစီအစဉ်တွေအကြောင်း ပြောရင်း ပေါင်းသင်းခွင့် ရကြလို့ပဲ။ ဒါပေမဲ့ အစောပိုင်းမှာ ဖော်ပြခဲ့တဲ့ ညီအစ်မ ကယ်ရိုက “အစည်းအဝေးပွဲတွေ၊ ခရိုင်အစည်းအဝေးတွေဆိုရင် ကျွန်မအတွက် သိပ်ခက်တယ်။ ညီအစ်ကို/မ ရာချီထောင်ချီ ရှိပေမဲ့ သူတို့က ကိုယ့်မိသားစုနဲ့ကိုယ်လေ။ ကျွန်မကတော့ တစ်ယောက်တည်းဆိုတော့ အထီးကျန်တာပေါ့” လို့ ပြောတယ်။ တချို့ကျတော့ အိမ်ထောင်ဖက် သေဆုံးပြီးနောက် ဦးဆုံးအကြိမ် အစည်းအဝေးကြီး တက်ရတဲ့အချိန်မှာ သိပ်ခက်တယ်။ အဲဒီလို အခက်အခဲတွေ ကြုံနေရသူ တစ်ယောက်ယောက်ကို သိသလား။ နောက်တစ်ခေါက် အစည်းအဝေးကြီးတွေမှာ သူတို့ကို သင့်မိသားစုနဲ့အတူ ထိုင်ဖို့ ဖိတ်ခေါ်ပါ။

၁၈။ ၂ ကောရိန္သု ၆:၁၁-၁၃ ကို ဘယ်လို ကျင့်သုံးနိုင်သလဲ။

၁၈ အချိန်ပေး ပေါင်းသင်းပါ။ အထူးသဖြင့် အထီးကျန်နေတဲ့ ညီအစ်ကို/မတွေကို ကိုယ့်ရဲ့ စုဆုံပေါင်းသင်းမှုတွေမှာ ဖိတ်ခေါ်ပါ။ အဲဒီလိုလူတွေအတွက် “နှလုံးသားကို ကျယ်ကျယ် ဖွင့်ထား” ပါ။ (၂ ကောရိန္သု ၆:၁၁-၁၃ ကိုဖတ်ပါ။ အောက်ခြေမှတ်ချက်) “မိတ်ဆွေတွေက အိမ်အလည်လာဖို့၊ သူတို့မိသားစုနဲ့အတူ ခရီးသွားဖို့ ဖိတ်တဲ့အခါ ကျွန်မ သိပ်ပျော်တယ်” လို့ အစောပိုင်းမှာ ဖော်ပြခဲ့တဲ့ ညီအစ်မ မာလစ်ဆာ ပြောတယ်။ အသင်းတော်မှာ သင် ဧည့်ဝတ်ပြုနိုင်တဲ့သူ တစ်ယောက်ယောက်များ ရှိသလား။

၁၉။ ညီအစ်ကို/မတွေကို အချိန်ပေး ပေါင်းသင်းတာက ဘယ်လိုအချိန်မှာ အထူးသဖြင့် အကူအညီ ဖြစ်စေနိုင်သလဲ။

၁၉ ကျွန်တော်တို့ရဲ့ အချိန်ပေး ပေါင်းသင်းမှုကို ညီအစ်ကို/မတွေ အထူး လိုအပ်တဲ့ အချိန်တွေ ရှိနိုင်တယ်။ ပွဲတော်အားလပ်ရက်တွေမှာ ညီအစ်ကို/မတချို့ဟာ ယေဟောဝါသက်သေ မဟုတ်တဲ့ မိသားစုဝင်တွေနဲ့ အတူ ရှိနေဖို့ ခက်ကြတယ်။ တချို့ကျတော့လည်း ချစ်ရသူ သေဆုံးသွားတဲ့ နှစ်ပတ်လည်နေ့တွေမှာ သိပ်ဝမ်းနည်းနေတတ်တယ်။ အဲဒီလို ညီအစ်ကို/မတွေနဲ့ အချိန်ပေး ပေါင်းသင်းတာက သူတို့ “အကျိုးကို တကယ် လိုလား” ကြောင်း ပြရာ ရောက်တယ်။—ဖိ. ၂:၂၀။

၂၀။ မဿဲ ၁၂:၄၈-၅၀ မှာ ပါတဲ့ ယေရှုရဲ့ စကားက အထီးကျန်နေချိန်မှာ ဘယ်လို အကူအညီ ဖြစ်စေသလဲ။

၂၀ အထီးကျန်တယ်လို့ ခံစားရတဲ့ အကြောင်းရင်း များစွာ ရှိနိုင်တယ်။ ဒါပေမဲ့ အဲဒါတွေကို ယေဟောဝါ ကောင်းကောင်း သိတယ်ဆိုတာ မမေ့ပါနဲ့။ လိုအပ်တာတွေကို ညီအစ်ကို/မတွေကတစ်ဆင့် ယေဟောဝါ ဖြည့်ဆည်းပေးလေ့ ရှိတယ်။ (မဿဲ ၁၂:၄၈-၅၀ ကိုဖတ်ပါ။) ကျွန်တော်တို့ဘက်ကလည်း ညီအစ်ကို/မတွေကို အတတ်နိုင်ဆုံး ကူညီထောက်မခြင်းအားဖြင့် ယေဟောဝါရဲ့ မေတ္တာပါ အစီအစဉ်ကို လေးမြတ်ကြောင်း ပြနိုင်တယ်။ ကျွန်တော်တို့ ဘယ်လိုပဲ ခံစားနေရပါစေ ဘေးမှာ ယေဟောဝါ အမြဲ ရှိနေတဲ့အတွက် ဘယ်တော့မှ တစ်ယောက်တည်း မဟုတ်ပါဘူး။

သင် ဘယ်လို ဖြေမလဲ

  • ကျွန်တော်တို့ရဲ့ ခံစားချက်ကို ယေဟောဝါ နားလည်ကြောင်း ဘယ်လို သိရသလဲ။

  • အထီးကျန်စိတ်ကို ဘယ်လို တိုက်ထုတ်နိုင်သလဲ။

  • အသင်းတော်ဝင် ဖြစ်တယ်လို့ ခံစားလာရအောင် ညီအစ်ကို/မတွေကို ဘယ်လို ကူညီပေးနိုင်သလဲ။

သီချင်း ၄၆ ကျေးဇူးပါ၊ ယေဟောဝါ

a အထီးကျန်စိတ်ကို တိုက်ထုတ်ရတဲ့ အချိန်တွေ ရှိသလား။ ရှိတယ်ဆိုရင် သင့်အခက်အခဲကို ယေဟောဝါ သိပြီး ကူညီပေးချင်တယ်ဆိုတာ စိတ်ချပါ။ အထီးကျန်စိတ်ကို ဘယ်လို ရင်ဆိုင်ဖြေရှင်းနိုင်ကြောင်း၊ အထီးကျန်နေတဲ့ ညီအစ်ကို/မတွေကို ဘယ်လို အားပေးနိုင်ကြောင်း ဒီဆောင်းပါးမှာ ဆွေးနွေးကြပါမယ်။

b အမည်လွှဲများ။

c ပုံအညွှန်း– ဇနီး ဆုံးပါးသွားလို့ အထီးကျန်နေတဲ့ ညီအစ်ကိုဟာ ကျမ်းစာနဲ့ လေ့လာရန် ဆောင်းပါး အသံဖိုင်တွေကို နားထောင်ခြင်းကနေ အကျိုးရနေ။

d ပုံအညွှန်း– အသင်းတော်မှာ ရှိတဲ့ သက်ကြီးညီအစ်ကိုဆီ ညီအစ်ကိုတစ်ယောက်နဲ့ သမီး သွားလည်ပတ်နေ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ