ဘဝအတ္ထုပ္ပတ္တိ
ဘဝဆုံးဖြတ်ချက်တိုင်းမှာ ယေဟောဝါကို ဦးစားထား
၁၉၈၄၊ နေသာတဲ့ တစ်မနက်မှာ ဗင်နီဇွဲလားနိုင်ငံ၊ ကာရာကက်စ်မြို့၊ လူချမ်းသာ ရပ်ကွက်ထဲက အိမ်ကနေ အလုပ်ကို ထွက်လာတယ်။ လမ်းမှာ သွားရင်း မကြာသေးခင်က ကင်းမျှော်စင် ဆောင်းပါးကို ပြန်တွေးမိတယ်။ ကိုယ့်ကို တခြားသူတွေ ဘယ်လို ရှုမြင်သလဲဆိုတဲ့ ဆောင်းပါးပါ။ ပတ်ဝန်းကျင်ကို ကြည့်ရင်း ‘ငါ့ကို လူတွေ ဘယ်လို မြင်ကြသလဲ။ အောင်မြင်တဲ့ ဘဏ်လုပ်သား အဖြစ်လား။ ဘဏ်မှာ အလုပ်လုပ်ရင်း မိသားစုကို ထောက်ပံ့နေတဲ့ ဘုရားအမှုတော်ဆောင် အဖြစ်လား’ ဆိုပြီး တွေးမိတယ်။ ဘဏ်လုပ်သား အဖြစ်ပဲ မြင်နေမှန်း သိလို့ တစ်ခုခု လုပ်ဖို့တော့ လိုနေပြီလို့ ဆုံးဖြတ်လိုက်တယ်။
၁၉၄၀၊ မေ ၁၉၊ လက်ဘနွန်နိုင်ငံ၊ အမ်ယွန်းမြို့လေးမှာ ကျွန်တော် မွေးလာတယ်။ နှစ်အနည်းငယ် ကြာပြီးနောက် ထရီပိုလီမြို့ကို မိသားစုလိုက် ပြောင်းရွှေ့သွားတယ်။ ယေဟောဝါကို ချစ်တဲ့ မိသားစုမှာ ကျွန်တော် ကြီးပြင်းလာတယ်။ သမီး သုံးယောက်၊ သား နှစ်ယောက်ထဲမှာ ကျွန်တော်က အငယ်ဆုံး။ မိဘတွေက ဘဝမှာ ငွေရှာတာကို ဦးစားမထားကြဘူး။ ကျမ်းစာ လေ့လာတာ၊ အစည်းအဝေး တက်တာ၊ တခြားသူတွေကို ဘုရားအကြောင်း သိလာအောင် ကူညီပေးတာတွေကိုပဲ ဦးစားထားကြတယ်။
ကျွန်တော်တို့ အသင်းတော်မှာ ဘိသိက်ခံ ခရစ်ယာန် အတော်များများ ရှိတယ်။ တစ်ယောက်ကတော့ ကျွန်တော်တို့ရဲ့ အရင်အခေါ် စာအုပ်ကြီး သင်တန်းမှူး မိုက်ကယ် အဘတ်ပါ။ သူက နယူးယောက်မြို့မှာ အမှန်တရား သိလာပြီး ၁၉၂၁ မှာ လက်ဘနွန်မှာ စဟောတယ်။ ဂိလဒ် ကျောင်းဆင်း လူငယ် ညီအစ်မ နှစ်ယောက် ဖြစ်တဲ့ အန်းနီနဲ့ ဂွန်း ဘီဗာတို့ကို သူ ဘယ်လောက် လေးစားမှန်း၊ ကူညီပေးမှန်း ကျွန်တော် မှတ်မိသေးတယ်။ သူတို့က ကျွန်တော်တို့ရဲ့ မိတ်ဆွေကောင်းတွေပေါ့။ နှစ်တွေ ကြာပြီးနောက် အမေရိကန်မှာ အန်းနီနဲ့ ပြန်ဆုံရလို့ ပျော်လိုက်တာ။ နောက်ပိုင်း၊ ဂွန်းနဲ့လည်း ပြန်ဆုံတယ်။ အင်္ဂလန်နိုင်ငံ၊ လန်ဒန် ဗေသလမှာ အမှုဆောင်တဲ့ ဝီဖရက် ဂွတ်နဲ့ သူ အိမ်ထောင်ပြုခဲ့တာ။
လက်ဘနွန်မှာ ဟောပြောခြင်း
ကျွန်တော် ငယ်ငယ်တုန်းက လက်ဘနွန်မှာ သက်သေခံ သိပ်မရှိသေးဘူး။ ဘာသာရေး ခေါင်းဆောင်တချို့ရဲ့ ဆန့်ကျင်မှုကြား တခြားသူတွေကို ကျမ်းစာအကြောင်း ကျွန်တော်တို့ ထက်ထက်သန်သန် ဟောကြတယ်။ အဖြစ်အပျက်တချို့ကို မှတ်မိနေတုန်းပဲ။
တစ်နေ့၊ အစ်မ ဆာနာနဲ့အတူ တိုက်ခန်းတစ်ခုမှာ ဟောနေကြတုန်း ဓမ္မဆရာတစ်ယောက် ရောက်လာတယ်။ တစ်ယောက်ယောက် ခေါ်လိုက်တာ ဖြစ်မယ်။ အစ်မကို မိုက်မိုက်ရိုင်းရိုင်း ပြောပြီး လက်ပါ ပါလာတယ်။ လှေကားကနေ တွန်းချလိုက်တာ အစ်မ ဒဏ်ရာ ရသွားတယ်။ တစ်ယောက်ယောက် ဖုန်းဆက် ခေါ်လိုက်လို့ ရဲတွေ ရောက်လာပြီး ဆာနာကို ကူညီပေးကြတယ်။ ဓမ္မဆရာကို ရဲစခန်း ခေါ်သွားပြီး စစ်ဆေးကြည့်တော့ သေနတ် ဆောင်ထားတာ တွေ့လိုက်ရတယ်။ ရဲမှူးက “ခင်ဗျားက ဘာလဲ။ ဓမ္မဆရာလား၊ အကြမ်းဖက်ဂိုဏ်း ခေါင်းဆောင်လား” လို့ မေးလိုက်တယ်။
နောက်တစ်ကြိမ်မှာ အသင်းတော်လိုက် ကားစင်းလုံး ငှားပြီး သီးခြားမြို့လေးတစ်မြို့မှာ သွားဟောကြတယ်။ ဟောလို့ကောင်းနေတုန်း ဒေသခံ ဓမ္မဆရာ ရောက်လာတယ်။ လူအုပ်ဖွဲ့ပြီး ကျွန်တော်တို့ကို နှောင့်ယှက်တယ်။ ကျောက်ခဲတွေနဲ့တောင် ပေါက်ကြတာ အဖေ ခေါင်းပေါက်သွားတယ်။ မျက်နှာတစ်ခုလုံး သွေးချင်းချင်းနီသွားတာ မှတ်မိသေးတယ်။ အမေနဲ့အတူ အဖေ ကားထဲ ပြန်သွားတော့ ကျွန်တော်တို့ အားလုံး စိတ်ပူပြီး လိုက်သွားကြတယ်။ အဖေ့မျက်နှာကို အမေ ဆေးပေးရင်း “ယေဟောဝါ၊ သူတို့ကို ခွင့်လွှတ်ပါ။ သူတို့ ဘာလုပ်နေမှန်း သူတို့ မသိကြဘူး” လို့ ပြောတာ ကျွန်တော် ဘယ်တော့မှ မမေ့ဘူး။
နောက်တစ်ကြိမ်မှာ ဇာတိမြို့က ဆွေမျိုးတွေဆီ ကျွန်တော်တို့ သွားလည်ကြတယ်။ အဖိုးအိမ်မှာ နာမည်ကြီး ဘိရှော့တစ်ယောက်နဲ့ ဆုံတယ်။ ကျွန်တော့်မိဘတွေ ယေဟောဝါသက်သေ ဖြစ်မှန်း ဘိရှော့ သိထားတယ်။ ခြောက်နှစ်ပဲ ရှိသေးတဲ့ ကျွန်တော့်ကို ရွေးပြီး “မင်း ဘာလို့ နှစ်ခြင်း မခံသေးတာလဲ” လို့ မေးတယ်။ ကျွန်တော် ကလေးပဲ ရှိသေးတယ်၊ နှစ်ခြင်းခံနိုင်ဖို့ဆိုရင် ကျမ်းစာအကြောင်း သိရမယ်၊ ခိုင်မာတဲ့ ယုံကြည်ခြင်း ရှိရမယ်လို့ ပြန်ဖြေလိုက်တယ်။ အဖြေကို ဘိရှော့ မကြိုက်လို့ ဒီကလေး ရိုင်းလိုက်တာလို့ အဖိုးကို ပြောတယ်။
အဲဒီလို မကောင်းတဲ့ အတွေ့အကြုံတွေ များများစားစားတော့ မရှိပါဘူး။ လက်ဘနွန်လူမျိုးတွေက ဖော်ရွေပြီး ဧည့်ဝတ်ကျေကြတယ်။ ဒါကြောင့် ကောင်းကောင်း ကျမ်းစာ ဆွေးနွေးလို့ ရတယ်။ သင်အံမှုကောင်းတွေလည်း အများကြီး ရတယ်။
တိုင်းတစ်ပါးကို ပြောင်းဖို့ ဆုံးဖြတ်
ကျွန်တော် ကျောင်းသားအရွယ်ပဲ ရှိနေတုန်း ဗင်နီဇွဲလားနိုင်ငံက လူငယ် ညီအစ်ကို တစ်ယောက် လက်ဘနွန်ကို လာလည်တယ်။ အသင်းတော်မှာ အစည်းအဝေးတွေ တက်ပြီး အစ်မ ဝါဖာနဲ့ ကြိုက်သွားတယ်။ နောက်တော့ လက်ထပ်လိုက်ပြီး ဗင်နီဇွဲလားမှာ သွားနေကြတယ်။ ကျွန်တော်တို့ကို အစ်မ လွမ်းလွန်းလို့ စာရေးတိုင်း ဗင်နီဇွဲလားကို မိသားစုလိုက် ပြောင်းလာဖို့ အဖေ့ကို အားပေးတယ်။ နောက်ဆုံးတော့ ကျွန်တော်တို့ ပြောင်းသွားလိုက်တယ်။
၁၉၅၃ မှာ ဗင်နီဇွဲလားကို ရောက်လာပြီး ကာရာကက်စ်မြို့က သမ္မတ အိမ်တော်နားမှာ အခြေချကြတယ်။ ကျွန်တော့်အသက်က ငယ်သေးတော့ သမ္မတကား ဖြတ်သွားတိုင်း လိုက်ကြည့်ရတာ အမော။ မိဘတွေအတွက်တော့ နိုင်ငံ၊ ဘာသာစကား၊ ယဉ်ကျေးမှု၊ အစားအစာ၊ ရာသီဥတု အသစ်နဲ့ နေသားကျဖို့ မလွယ်ဘူး။ တကယ်တော့ သူတို့ “ဘဝသစ်” စနေတုန်းမှာပဲ အဖြစ်ဆိုး ကြုံလိုက်ရတာ။
ဘယ်မှ ညာသို့။ အဖေ။ အမေ။ ၁၉၅၃ မှာ မိသားစုလိုက် ဗင်နီဇွဲလားကို ပြောင်းလာတုန်းက ကျွန်တော်
အဖြစ်ဆိုး ကြုံရ
အဖေ ထူးထူးဆန်းဆန်း နေမကောင်း စဖြစ်လာတယ်။ ကျန်းမာသန်စွမ်းသူ ဖြစ်လို့ နေမကောင်း ဖြစ်တာ ကျွန်တော်တို့ မတွေ့ဖူးဘူး။ ကင်ဆာ ဖြစ်နေမှန်း သိလိုက်ရတယ်။ ခွဲစိတ်ရတယ်။ ဝမ်းနည်းစရာကတော့ တစ်ပတ်အကြာမှာပဲ သေဆုံးသွားတယ်။
ဘယ်လောက် ရင်ကွဲပက်လက် ဖြစ်ခဲ့ရတယ်ဆိုတာ ပြောမပြတတ်လောက်အောင်ပါပဲ။ ကျွန်တော် ၁၃ နှစ်ပဲ ရှိသေးတယ်။ အဖေ သေမယ်လို့ တစ်ခါမှ မမျှော်လင့်ထားဘူး။ ကျွန်တော်တို့ရဲ့ ကမ္ဘာကြီး ပြိုလဲပျက်စီးသွားသလိုပါပဲ။ အဖေ မရှိတော့ဘူးဆိုတာ လက်ခံဖို့ အမေ့အတွက်လည်း အချိန်အတော်ကြာခဲ့တယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့ ဘဝကို ရှေ့ဆက်ရမယ်ဆိုတာ သိပါတယ်။ ယေဟောဝါရဲ့ အကူအညီနဲ့ ရှေ့ဆက်နိုင်ခဲ့ကြတယ်။ ကာရာကက်စ်မြို့မှာ ကျွန်တော် အထက်တန်း အောင်တယ်။ အသက် ၁၆ နှစ်ပဲ ရှိသေးပေမဲ့ မိသားစုကို ထောက်ပံ့ဖို့ပဲ ခေါင်းထဲ ရောက်နေတယ်။
အစ်မ ဆာနာနဲ့ ခင်ပွန်း ရုဘင်ဟာ ကျွန်တော် ဘုရားရေးရာဘက် တိုးတက်လာအောင် ကူညီပေး
ဒီအတောအတွင်း ဂိလဒ်ကျောင်းဆင်းပြီး ဗင်နီဇွဲလားကို ပြန်လာတဲ့ ရုဘင် အာရူဟိုနဲ့ အစ်မ ဆာနာ လက်ထပ်လိုက်တယ်။ နယူးယောက်မြို့ကို သူတို့ ပြောင်းသွားကြတယ်။ ကျွန်တော် တက္ကသိုလ် တက်ရမယ်လို့ မိသားစု ဆုံးဖြတ်တဲ့အတွက် နယူးယောက်မြို့မှာ အစ်မတို့နဲ့ သွားနေရင်း ကျောင်းတက်တယ်။ သူတို့ရဲ့ အကူအညီကြောင့် ဘုရားရေးရာဘက် တော်တော် တိုးတက်လာတယ်။ အဲဒီအပြင် ဘရွတ်ကလင် စပိန်စကားပြော အသင်းတော်မှာ ရင့်ကျက်တဲ့ ညီအစ်ကိုတွေလည်း အများကြီး ရှိတယ်။ သူတို့ထဲက နှစ်ယောက်ကတော့ ဘရွတ်ကလင် ဗေသလအိမ်သားတွေ ဖြစ်တဲ့ မီလ်တန် ဟန်ရှယ်နဲ့ ဖရက်ဒရစ် ဖရန့်စ်ပါ။ သူတို့နဲ့ ခင်မင်ရလို့ သိပ်ပျော်ခဲ့ရတယ်။
၁၉၅၇ မှာ ကျွန်တော် နှစ်ခြင်းခံ
နယူးယောက် တက္ကသိုလ် ပထမနှစ် ပြီးခါနီးမှာ ငါ ဘာတွေ လုပ်နေမိပါလိမ့်လို့ စတွေးမိလာတယ်။ ယေဟောဝါရဲ့ အမှုဆောင်ဖို့ ပန်းတိုင်ထားခဲ့တဲ့ ခရစ်ယာန်တွေအကြောင်း ကင်းမျှော်စင် ဆောင်းပါးတွေ ဖတ်ဖူးတာပဲ။ ပျော်ရွှင်နေတဲ့ ရှေ့ဆောင်တွေ၊ ဗေသလအိမ်သားတွေကိုလည်း တွေ့ဖူးတယ်။ ကျွန်တော်လည်း သူတို့လို ဖြစ်ချင်တယ်။ ဒါပေမဲ့ နှစ်ခြင်းတောင် မခံရသေးဘူး။ မကြာခင်မှာပဲ ယေဟောဝါဆီ ကိုယ့်ဘဝကို ဆက်ကပ်အပ်နှံဖို့ အလေးအနက် စဉ်းစားပြီး အပ်နှံလိုက်တယ်။ ပြီးနောက် ၁၉၅၇၊ မတ် ၃၀ မှာ နှစ်ခြင်းခံလိုက်တယ်။
အရေးကြီး ဆုံးဖြတ်ချက်
နှစ်ခြင်းခံပြီးနောက် အချိန်ပြည့်လုပ်ငန်းမှာ ပါဝင်ချင်လာတယ်။ အဲဒီဆန္ဒ ပိုပြင်းထန်လာပေမဲ့ ခက်မယ်ဆိုတာ သိနေတယ်။ တက္ကသိုလ် တက်ရင်း တစ်ချိန်တည်းမှာ ဘယ်လိုလုပ် ရှေ့ဆောင်လုပ်နိုင်မှာလဲ။ ဒါကြောင့် ကျောင်းထွက်၊ ဗင်နီဇွဲလားကို ပြန်ပြီး ရှေ့ဆောင် လုပ်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်အကြောင်း အမေ၊ မောင်နှမတွေနဲ့ စာတွေ အပြန်အလှန် ရေးပြီး အကြိတ်အနယ် ဆွေးနွေးခဲ့တယ်။
၁၉၅၇၊ ဇွန်မှာ ကာရာကက်စ်မြို့ကို ပြန်သွားတယ်။ မိသားစု အခြေအနေကတော့ သိပ်မဟန်ဘူး။ ငွေကြေး ထောက်ပံ့ပေးမယ့်သူ လိုနေတယ်။ သူတို့ကို ဘယ်လို ကူညီရမလဲ။ ကျွန်တော် ဘဏ်အလုပ် ကမ်းလှမ်းခံရတယ်။ ဒါပေမဲ့ ရှေ့ဆောင် လုပ်ချင်နေတုန်းပဲ။ တကယ်တော့ ကျွန်တော် ပြန်လာတာ အဲဒီအတွက်ပဲလေ။ နှစ်ခုစလုံး လုပ်ဖို့ ဆုံးဖြတ်လိုက်တယ်။ နှစ်အတော်များများ ဘဏ်မှာ အချိန်ပြည့် အလုပ်လုပ်ရင်း ရှေ့ဆောင် လုပ်ခဲ့တယ်။ ဘဝမှာ ဒီလောက် အလုပ်များတာမျိုး၊ ဒီလောက် ပျော်တာမျိုး တစ်ခါမှ မရှိခဲ့ဘူး။
ဒီအတောအတွင်း မိဘတွေနဲ့အတူ ဗင်နီဇွဲလားကို ပြောင်းလာတဲ့ ဂျာမန် ညီအစ်မ စေဗီယာနဲ့ တွေ့ပြီး လက်ထပ်လိုက်တယ်။ ကျွန်တော်တို့ သားသမီး နှစ်ယောက် ရလာတယ်။ သား မိုက်ကယ်နဲ့ သမီး စမီရာ။ အမေ့ကို စောင့်ရှောက်ဖို့လည်း ကျွန်တော်ပဲ တာဝန်ယူပြီး အတူခေါ်ထားလိုက်တယ်။ မိသားစုကို ထောက်ပံ့ဖို့ ရှေ့ဆောင် နားလိုက်ရပေမဲ့ ရှေ့ဆောင်စိတ်ဓာတ်တော့ ရှိနေတုန်းပဲ။ အားလပ်ခွင့် ရတဲ့ အချိန်တိုင်း စေဗီယာနဲ့ ကျွန်တော် အရန်ရှေ့ဆောင် လုပ်တယ်။
နောက်ထပ် အရေးကြီး ဆုံးဖြတ်ချက်
ဆောင်းပါးအစမှာ ပြောခဲ့တဲ့ အချိန်တုန်းက ကလေးတွေ ကျောင်းမပြီးသေးဘူး။ ဘဝက တော်တော် အဆင်ပြေနေပြီ။ ဘဏ်လုပ်ငန်းလောကမှာလည်း တော်တော် လေးစားခံရတယ်။ ဒါပေမဲ့ ယေဟောဝါရဲ့ အမှုဆောင်အဖြစ်ပဲ လူသိခံချင်တာ။ အဲဒီနေ့တုန်းက အတွေးကို ခေါင်းထဲက ထုတ်မရဘူး။ ဒါကြောင့် ဇနီးနဲ့အတူ ငွေကြေး အခြေအနေကို တိုင်ပင်ဆွေးနွေးတယ်။ ဘဏ်အလုပ် ထွက်လိုက်ရင် ထောက်ပံ့ကြေးငွေ အတော်များများ လုံးခနဲ ရမှာ။ ကျွန်တော်တို့မှာ အကြွေးလည်း မရှိတော့ ဘဝကို ရိုးရိုးရှင်းရှင်းသာ နေရင် အချိန် အတော်ကြာအထိ ဆက်သွားနိုင်မှာ။
အဲဒီလို ဆုံးဖြတ်ချက် ချဖို့ မလွယ်ပေမဲ့ ချစ်ဇနီးနဲ့ အမေက အပြည့်အဝ ထောက်မပေးတယ်။ ဒါကြောင့် ရှေ့ဆောင် ပြန်လုပ်နိုင်ခဲ့တယ်။ ပျော်လိုက်တာ။ ရှေ့ဆက် အဆင်ပြေမယ့်ပုံပဲ။ ဒါပေမဲ့ သိပ်မကြာပါဘူး။ မမျှော်လင့်ထားတဲ့ သတင်း ရလိုက်တယ်။
အံ့ဩစရာ သတင်း
တတိယသား ဂါဘရီယယ် ရလို့ အံ့ဩဝမ်းသာ
တစ်ရက်၊ စေဗီယာမှာ ကိုယ်ဝန် ရှိနေပြီလို့ ဆရာဝန် ပြောတယ်။ နှစ်ယောက်စလုံး အံ့ဩဝမ်းသာသွားကြတယ်။ ရောက်လာတော့မယ့် မိသားစုဝင်အသစ်ကို ကြိုဆိုဖို့ ကိုယ့်စိတ်ခံစားချက်ကို အသင့်ပြင်ထားလိုက်တယ်။ ဒါပေမဲ့ ရှေ့ဆောင် လုပ်မယ်ဆိုတဲ့ အစီအစဉ်ကော။ ဘယ်လို ဆက်လုပ်ရမလဲ။
ပန်းတိုင်တွေအကြောင်း ဆွေးနွေးပြီးနောက် အစက အစီအစဉ်အတိုင်း ဆက်လုပ်ဖို့ ဆုံးဖြတ်လိုက်တယ်။ ၁၉၈၅၊ ဧပြီမှာ သားလေး ဂါဘရီယယ် မွေးလာတယ်။ ၁၉၈၅၊ ဇွန် မှာ ကျွန်တော် ဘဏ်အလုပ် ထွက်လိုက်ပြီး မှန်မှန်ရှေ့ဆောင် စလုပ်တယ်။ နောက်ပိုင်း၊ ဌာနခွဲ ကော်မတီဝင်အဖြစ် အမှုဆောင်ဖို့ အခွင့်ထူး ရခဲ့တယ်။ ဒါပေမဲ့ ဌာနခွဲက ကာရာကက်စ်မြို့မှာ မရှိလို့ မိုင် ၅၀ လောက် ဝေးတဲ့ ခရီးကို တစ်ပတ် နှစ်ရက်၊ သုံးရက်လောက် အသွားအပြန် လုပ်ရတယ်။
နောက်တစ်နေရာ ပြောင်းရွှေ့
ဌာနခွဲရုံးက လာဗစ်တိုးရီးယားမြို့မှာ ရှိလို့ ဌာနခွဲနဲ့ နီးတဲ့နေရာကို မိသားစုလိုက် ပြောင်းဖို့ ဆုံးဖြတ်လိုက်တယ်။ အပြောင်းအလဲကြီးပါပဲ။ မိသားစုရဲ့ ထောက်မမှုအတွက် သိပ်ကျေးဇူးတင်ပါတယ်။ သူတို့ရဲ့ သဘောထားက သိပ်အထောက်အကူပြုတယ်။ အစ်မ ဗာဟာက အမေ့ကို တာဝန်ယူပေးတယ်။ သားမိုက်ကယ် အိမ်ထောင်ပြုသွားပြီ။ သမီး စမီရာနဲ့ သား ဂါဘရီယယ်ကတော့ အိမ်မှာ အတူနေတုန်းပဲ။ လာဗစ်တိုးရီးယားမြို့ကို ပြောင်းရတော့ ကာရာကက်စ်မြို့က သူငယ်ချင်းတွေကို သူတို့ ထားခဲ့ရတယ်။ ကျွန်တော့်ဇနီး စေဗီယာလည်း မြို့ကြီးကနေ မြို့ငယ်လေးကို ပြောင်းရလို့ နေသားကျအောင် ကြိုးစားခဲ့ရတယ်။ အိမ်သေးသေးလေးမှာ အတူစုနေတတ်အောင် အားလုံး ကြိုးစားခဲ့ရတယ်။ အပြောင်းအလဲတွေ အများကြီး လုပ်ခဲ့ရတယ်။
နောက်အပြောင်းအလဲတွေ ကြုံရသေးတယ်။ ဂါဘရီယယ် အိမ်ထောင်ကျသွားတယ်။ စမီရာလည်း သပ်သပ်ခွဲနေတယ်။ ၂၀၀၇ မှာ ကျွန်တော်နဲ့ စေဗီယာ ဗေသလကို ဖိတ်ခေါ်ခံရတယ်။ ဒီနေ့အထိ ပျော်ရွှင်နေရတဲ့ အခွင့်ထူးကြီးပါပဲ။ သားကြီး မိုက်ကယ်က အကြီးအကဲအဖြစ် အမှုဆောင်နေပြီး ဇနီး မော်နီကာနဲ့အတူ ရှေ့ဆောင် လုပ်နေတယ်။ ဂါဘရီယယ်လည်း အကြီးအကဲ ဖြစ်ပြီး ဇနီး အမ်ဘာရာနဲ့အတူ အီတလီမှာ အမှုဆောင်နေတယ်။ စမီရာကတော့ ရှေ့ဆောင်လုပ်ရင်း အဝေးမှ လုပ်ဆောင်တဲ့ ဗေသလ စေတနာ့ဝန်ထမ်းအဖြစ် အမှုဆောင်နေတယ်။
ဘယ်မှ ညာသို့။ ဇနီး စေဗီယာနဲ့အတူ ဗင်နီဇွဲလား ဌာနခွဲမှာ။ သားကြီး မိုက်ကယ်နဲ့ မော်နီကာ။ သမီး စမီရာ။ သား ဂါဘရီယယ်နဲ့ ဇနီး အမ်ဘာရာ
အဲဒီလိုပဲ ထပ်ဆုံးဖြတ်ဦးမှာ
ဘဝမှာ ဆုံးဖြတ်ချက်ကြီးတွေ အကြိမ်ကြိမ် ချခဲ့ရတယ်။ ဒါပေမဲ့ နောင်တ မရပါဘူး။ အဲဒီလိုပဲ ထပ်ဆုံးဖြတ်ဦးမှာပါ။ ယေဟောဝါရဲ့ အမှုတော်မှာ ရတဲ့ တာဝန်နဲ့ အခွင့်ထူးများစွာအတွက် သိပ်ကျေးဇူးတင်ပါတယ်။ နှစ်တွေတစ်လျှောက် ယေဟောဝါနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး ဆက်ရှိနေဖို့ ဘယ်လောက် အရေးကြီးမှန်း သိခဲ့ရတယ်။ ကိစ္စကြီးငယ်မရွေးကို တည်တည်ငြိမ်ငြိမ် ဆုံးဖြတ်နိုင်ဖို့ “လူ့ဉာဏ်နဲ့ မမီနိုင်တဲ့” ငြိမ်သက်ခြင်း ဘုရား ပေးနိုင်တယ်။ (ဖိ. ၄:၆၊ ၇) ကျွန်တော်နဲ့ စေဗီယာ ဗေသလမှာ အမှုဆောင်နေတယ်။ ဘဝဆုံးဖြတ်ချက်တိုင်းမှာ ယေဟောဝါကို ဦးစားထားလို့ ကောင်းချီးရနေတယ်လို့ ခံစားရပါတယ်။