ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၂၁ ဇူလိုင် စာ. ၂၀-၂၅
  • ကိုယ့်လုပ်ရပ်မှာ ပျော်ရွှင်ပါ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကိုယ့်လုပ်ရပ်မှာ ပျော်ရွှင်ပါ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၁
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • မိဘတွေနဲ့ အိမ်ထောင်သည်တွေ လုပ်ဆောင်နိုင်ရာ
  • မေတ္တာရှိတဲ့ အကြီးအကဲတွေနဲ့ တခြားသူတွေ လုပ်ဆောင်နိုင်ရာ
  • လက်တွေ့ကျတဲ့ ပန်းတိုင်တွေ ချမှတ်ပါ
  • ယေဟောဝါအတွက် အမြဲ အကောင်းဆုံး ပေးဆက်နေပါ
  • ယေဟောဝါအတွက် ကိုယ့်ရဲ့ အကောင်းဆုံးကို ပေးဆက်ခြင်းက ပျော်ရွှင်စေ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၂
  • ချစ်မြတ်နိုးကြောင်း ထုတ်ဖော်ပြောဆိုပါ
    တွေ့ကြုံမှုများ
  • တည်ကြည်သောခရစ်ယာန်အမျိုးသမီးများ –ဘုရားသခင်၏ အဖိုးထိုက်ဝတ်ပြုသူများ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၃
  • လူငယ်တို့၊ နှစ်ခြင်းခံပြီးနောက် ဆက်တိုးတက်နေပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၂
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၁
က၂၁ ဇူလိုင် စာ. ၂၀-၂၅

လေ့လာရန် ဆောင်းပါး ၂၉

ကိုယ့်လုပ်ရပ်မှာ ပျော်ရွှင်ပါ

“သူတစ်ပါးနဲ့ မနှိုင်းယှဉ်ပါနဲ့။ ဒါဆိုရင် ကိုယ့်လုပ်ရပ်နဲ့ပတ်သက်ပြီး ပျော်ရွှင်ကျေနပ်ရလိမ့်မယ်။”—ဂလ. ၆:၄။

သီချင်း ၃၄ သမာဓိရှိရှိ လျှောက်လှမ်းခြင်း

အကြိုသုံးသပ်ချက်a

၁။ ယေဟောဝါက ကျွန်တော်တို့ကို တခြားသူတွေနဲ့ ဘာကြောင့် မနှိုင်းယှဉ်သလဲ။

မတူညီမှုတွေကို ယေဟောဝါ နှစ်သက်တယ်။ အဲဒါကို လူသားတွေ အပါအဝင် ဖန်ဆင်းခြင်း လက်ရာတွေမှာ တွေ့နိုင်တယ်။ ကျွန်တော်တို့နဲ့ တစ်ထပ်တည်း တူတဲ့သူဆိုတာ မရှိဘူး။ ဒါကြောင့် ယေဟောဝါက ကျွန်တော်တို့ကို တခြားတစ်ယောက်နဲ့ ဘယ်တော့မှ မနှိုင်းယှဉ်ဘူး။ ကျွန်တော်တို့ရဲ့ နှလုံးသား၊ အတွင်းစိတ်ကို ကြည့်တယ်။ (၁ ရှ. ၁၆:၇) အားသာချက်၊ အားနည်းချက်၊ နောက်ခံတွေကို သိတယ်။ တတ်နိုင်တာထက် ပိုမတောင်းဆိုဘူး။ ဒါကြောင့် ကျွန်တော်တို့လည်း ကိုယ့်ကိုယ်ကိုယ် ယေဟောဝါ မြင်သလို မြင်တတ်ဖို့ လိုတယ်။ ဒါဆိုရင် ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းတာ၊ အထင်သေးလွန်းတာ မဖြစ်ဘဲ “တော်သင့်ရုံပဲ ထင်ကြ” ပါလိမ့်မယ်။—ရော. ၁၂:၃။

၂။ ကိုယ့်ကိုယ်ကိုယ် တခြားသူတွေနဲ့ နှိုင်းယှဉ်တာ ဘာကြောင့် မကောင်းသလဲ။

၂ တခြားသူတွေရဲ့ ပုံသက်သေကောင်းကနေ အကျိုးရနိုင်တာ မှန်ပါတယ်။ ဥပမာ၊ အမှုဆောင်လုပ်ငန်းမှာ အောင်မြင်နေတဲ့ ညီအစ်ကို/မတွေဆီကနေ သင်ယူနိုင်တယ်။ (ဟီ. ၁၃:၇) ဒီနည်းနဲ့ ကိုယ်တိုင် ဘယ်လို တိုးတက်နိုင်မလဲဆိုတာ သိလာမယ်။ (ဖိ. ၃:၁၇) ဒါပေမဲ့ တခြားသူရဲ့ ပုံသက်သေကောင်းကနေ သင်ယူတာနဲ့ ကိုယ့်ကိုယ်ကိုယ် နှိုင်းယှဉ်တာ မတူဘူး။ နှိုင်းယှဉ်တာက မနာလို ဖြစ်စေနိုင်တယ်။ စိတ်ဓာတ်ကျစေနိုင်တယ်။ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးမရှိဘူးလို့တောင် ခံစားရစေနိုင်တယ်။ အဲဒီအပြင် ရှေ့ဆောင်းပါးမှာ လေ့လာခဲ့တဲ့အတိုင်း အသင်းတော်မှာ ညီအစ်ကို/မတွေနဲ့ ပြိုင်ဆိုင်တာက ယေဟောဝါနဲ့ ဆက်ဆံရေးကို ထိခိုက်စေနိုင်တယ်။ ဒါကြောင့် “လူတိုင်း ကိုယ့်လုပ်ရပ်တွေကိုပဲ ဆန်းစစ်ပါ။ သူတစ်ပါးနဲ့ မနှိုင်းယှဉ်ပါနဲ့။ ဒါဆိုရင် ကိုယ့်လုပ်ရပ်နဲ့ပတ်သက်ပြီး ပျော်ရွှင်ကျေနပ်ရလိမ့်မယ်” လို့ ယေဟောဝါ အားပေးထားတာ ဖြစ်တယ်။—ဂလ. ၆:၄။

၃။ ဘယ်ဘုရားရေးရာ တိုးတက်မှုတွေကြောင့် သင် ပျော်ရွှင်ကျေနပ်နေသလဲ။

၃ ယေဟောဝါက သင့်ကို ဘုရားရေးရာ တိုးတက်မှုတွေအတွက် ပျော်ရွှင်စေချင်တယ်။ ဥပမာ၊ သင်ဟာ နှစ်ခြင်းခံပြီးသားဆိုရင် အဲဒီပန်းတိုင် ရောက်အောင် တက်လှမ်းနိုင်ခဲ့လို့ သိပ်ကျေနပ်မှာပဲ။ ဘုရားကို ချစ်တဲ့စိတ်ကြောင့် အဲဒီလို ကိုယ်တိုင် ဆုံးဖြတ်ခဲ့တာ။ အဲဒီအချိန်ကစပြီး ကိုယ့်တိုးတက်မှုတွေကို ပြန်စဉ်းစားကြည့်ပါ။ ကျမ်းစာဖတ်တာ၊ ကိုယ်ပိုင်လေ့လာမှု လုပ်တာတွေကို ပိုနှစ်သက်လာသလား။ ဆုတောင်းချက်တွေ ပိုအဓိပ္ပာယ်ရှိလာသလား။ (ဆာ. ၁၄၁:၂) အမှုဆောင်မှာ ပိုကျွမ်းကျင်လာပြီး သွန်သင်ခြင်း ကိရိယာတွေကို ပိုထိထိရောက်ရောက် သုံးတတ်လာသလား။ သင့်မှာ မိသားစု ရှိမယ်ဆိုရင် ယေဟောဝါရဲ့ အကူအညီကြောင့် ခင်ပွန်းကောင်း၊ ဇနီးကောင်း ဒါမှမဟုတ် မိဘကောင်း ဖြစ်လာသလား။ အဲဒီလိုကဏ္ဍတွေမှာ သင့်တိုးတက်မှုတွေအတွက် ပျော်ရွှင်ကျေနပ်နိုင်ပါတယ်။

၄။ ဒီဆောင်းပါးမှာ ဘာအကြောင်း ဆွေးနွေးကြမလဲ။

၄ တခြားသူတွေကိုလည်း ဘုရားရေးရာ တိုးတက်မှုတွေအတွက် ပျော်ရွှင်လာဖို့၊ ကိုယ့်ကိုယ်ကိုယ် သူတစ်ပါးနဲ့ နှိုင်းယှဉ်တာမျိုး မလုပ်ဖို့ ကူညီပေးနိုင်ပါတယ်။ မိဘတွေက သားသမီးတွေကို ဘယ်လို ကူညီနိုင်ကြောင်း၊ အိမ်ထောင်ဖက် အချင်းချင်း ဘယ်လို ကူညီနိုင်ကြောင်း၊ ညီအစ်ကို/မတွေကို အကြီးအကဲတွေနဲ့ တခြားသူတွေ ဘယ်လို ကူညီနိုင်ကြောင်း ဒီဆောင်းပါးမှာ သိရပါမယ်။ ကိုယ့်အခြေအနေ၊ လုပ်နိုင်စွမ်းနဲ့အညီ မျှတတဲ့ ပန်းတိုင်တွေ ချမှတ်ဖို့ ကူညီပေးနိုင်တဲ့ ကျမ်းစာမူတွေကိုလည်း ဆွေးနွေးကြပါမယ်။

မိဘတွေနဲ့ အိမ်ထောင်သည်တွေ လုပ်ဆောင်နိုင်ရာ

ကလေး သုံးယောက်နဲ့အတူ မိဘတွေ နောဧသင်္ဘောနဲ့ တိရစ္ဆာန်တချို့ပုံ လုပ်နေ။

မိဘတို့၊ ကလေးတစ်ယောက်စီရဲ့ ကြိုးစားအားထုတ်မှုကို အသိအမှတ်ပြုပါ (စာပိုဒ် ၅-၆ ကို ကြည့်ပါ)d

၅။ ဧဖက် ၆:၄ အရ မိဘတွေ ဘာကို ရှောင်သင့်သလဲ။

၅ မိဘတွေဟာ ကလေး တစ်ယောက်ကို နောက်တစ်ယောက်နဲ့ နှိုင်းယှဉ်တာမျိုး၊ သူတို့ တတ်နိုင်တာထက် ပိုတောင်းဆိုတာမျိုး မလုပ်သင့်ဘူး။ အဲဒီလို လုပ်မယ်ဆိုရင် ကလေးတွေ စိတ်ဓာတ်ကျသွားနိုင်တယ်။ (ဧဖက် ၆:၄ ကို ဖတ်ပါ။) ညီအစ်မ ဆာချီကိုb ဒီလိုပြောတယ်– “ကျွန်မရဲ့ ဆရာက အတန်းဖော်တွေထက် ကျွန်မကို ပိုတော်စေချင်တယ်။ အမေလည်း အဲဒီလိုပဲ။ ကျွန်မ စာတော်မှ ဆရာတွေနဲ့ မယုံကြည်သူ အဖေကို သက်သေခံနိုင်မယ်လို့ ယူဆတယ်။ စာမေးပွဲတွေမှာ အမှတ်ပြည့် ရစေချင်တယ်။ ကျွန်မအတွက်တော့ မဖြစ်နိုင်ဘူး။ အခု ကျောင်းပြီးခဲ့တာတော့ ကြာပါပြီ။ ဒါပေမဲ့ ကျွန်မ အတတ်နိုင်ဆုံး အမှုဆောင်တာကို ယေဟောဝါ ကျေနပ်ရဲ့လားလို့ တစ်ခါတလေ စဉ်းစားမိနေတုန်းပဲ။”

၆။ ဆာလံ ၁၃၁:၁၊ ၂ ကနေ မိဘတွေ ဘာသင်ယူနိုင်သလဲ။

၆ မိဘတွေအတွက် အရေးကြီး သင်ခန်းစာကို ဆာလံ ၁၃၁:၁၊ ၂ (ဖတ်ပါ) မှာ တွေ့နိုင်တယ်။ ဘုရင်ဒါဝိဒ်က “ကြီးမြတ်လွန်းတဲ့အရာတွေ” ဒါမှမဟုတ် မတတ်နိုင်တဲ့အရာတွေကို “မမှန်းပါဘူး” လို့ ပြောခဲ့တယ်။ သူ့ရဲ့ နှိမ့်ချမှု၊ ကျိုးနွံမှုကြောင့် “စိတ်အေးလက်အေးနဲ့ ငြိမ်သက်” နိုင်ခဲ့တယ်။ မိဘတွေ ဘာသင်ယူနိုင်သလဲ။ မိဘတွေဟာ ကိုယ်တိုင်ကော၊ ကလေးတွေဆီကနေပါ အလွန်အကျွံ မမျှော်လင့်ခြင်းအားဖြင့် နှိမ့်ချကျိုးနွံမှု ပြနိုင်တယ်။ သားသမီးတွေရဲ့ အားနည်းချက်၊ အားသာချက်တွေကို အသိအမှတ်ပြုခြင်း၊ သင့်တော်တဲ့ ပန်းတိုင်တွေ ချနိုင်အောင် ကူညီပေးခြင်းအားဖြင့် အားပေးနိုင်တယ်။ ညီအစ်မ မာရီနာ ဒီလိုပြောတယ်– “အမေက ကျွန်မကို မောင်နှမ သုံးယောက်နဲ့ ဒါမှမဟုတ် တခြား ကလေးတွေနဲ့ ဘယ်တော့မှ မနှိုင်းယှဉ်ဘူး။ လူတိုင်းမှာ အရည်အချင်း ကိုယ်စီ ရှိတယ်၊ အားလုံးက ယေဟောဝါအတွက် တန်ဖိုးရှိတယ်လို့ သင်ပေးတယ်။ ဒါကြောင့် ကျွန်မ ကိုယ့်ကိုယ်ကိုယ် တခြားသူတွေနဲ့ နှိုင်းယှဉ်လေ့ မရှိဘူး။”

၇-၈။ ယောက်ျားဟာ ဇနီးဖြစ်သူကို ဘယ်လို ဂုဏ်တင်နိုင်သလဲ။

၇ ခရစ်ယာန် လင်ယောက်ျားဟာ ဇနီးဖြစ်သူကို ဂုဏ်တင်သင့်တယ်။ (၁ ပေ. ၃:၇) ဂုဏ်တင်တယ်ဆိုတာ အထူးဂရုစိုက်တာ၊ လေးစားတာကို ဆိုလိုတယ်။ ဥပမာ၊ ဇနီးကို လေးလေးစားစား ဆက်ဆံခြင်းအားဖြင့် ဂုဏ်တင်နိုင်တယ်။ မတတ်နိုင်တာကို မတောင်းဆိုဘူး။ တခြား အမျိုးသမီးတွေနဲ့လည်း မနှိုင်းယှဉ်ဘူး။ အဲဒီလို နှိုင်းယှဉ်ရင် ဘာဖြစ်နိုင်သလဲ။ ညီအစ်မ ရိုဆာရဲ့ မယုံကြည်သူ ခင်ပွန်းက သူ့ကို တခြားအမျိုးသမီးတွေနဲ့ မကြာခဏ နှိုင်းယှဉ်တတ်တယ်။ ခင်ပွန်းရဲ့ မကြင်နာတဲ့ စကားတွေကြောင့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ်ချမှု မရှိတော့ဘူး။ “ကျွန်မကို ယေဟောဝါ တန်ဖိုးထားတယ်ဆိုတာ ကိုယ့်ကိုယ်ကိုယ် မကြာခဏ သတိပေးနေရတယ်” လို့ ရိုဆာ ပြောတယ်။ ဆန့်ကျင်ဘက်အနေနဲ့ ခရစ်ယာန် လင်ယောက်ျားတွေကတော့ ဇနီးကို ဂုဏ်တင်ကြတယ်။ အဲဒီလို ဂုဏ်တင်တာက ဇနီးနဲ့ကော ယေဟောဝါနဲ့ ဆက်ဆံရေးကိုပါ ကောင်းကျိုး သက်ရောက်နိုင်ကြောင်း သိထားကြတယ်။c

၈ ဇနီးကို ဂုဏ်တင်တဲ့ လင်ယောက်ျားဟာ ဇနီးကို ချီးမွမ်းတယ်။ ချစ်မြတ်နိုးကြောင်း၊ တန်ဖိုးထားကြောင်း ပြောတယ်။ (ပညာ. ၃၁:၂၈၊ ၂၉) ရှေ့ဆောင်းပါးမှာ ဖော်ပြခဲ့တဲ့ ကက်တရီနာရဲ့ ယောက်ျား အဲဒီလိုလုပ်ခဲ့တယ်။ ဒါကြောင့် တန်ဖိုးမရှိဘူးဆိုတဲ့ ခံစားချက်ကို ကက်တရီနာ အောင်မြင်ကျော်လွှားနိုင်ခဲ့တယ်။ ကက်တရီနာ ကလေးဘဝတုန်းက မိခင်ဖြစ်သူက တခြားကလေးတွေ၊ သူငယ်ချင်းတွေနဲ့ မကြာခဏ နှိုင်းယှဉ်ပြီး နှိမ်ပြောတတ်တယ်။ ဒါကြောင့် ကက်တရီနာဟာ အမှန်တရား သိလာပြီးနောက်မှာတောင် ကိုယ့်ကိုယ်ကိုယ် တခြားသူတွေနဲ့ အမြဲ နှိုင်းယှဉ်တတ်တယ်။ အဲဒီစိတ်သဘောထားကို တိုက်လှန်နိုင်ဖို့၊ ကိုယ့်ကိုယ်ကိုယ် မျှမျှတတ ရှုမြင်တတ်ဖို့ သူ့ယောက်ျား ကူညီပေးတယ်။ “သူ ကျွန်မကို ချစ်တယ်။ ကျွန်မရဲ့ လုပ်ရပ်ကောင်းတွေကို ချီးမွမ်းတယ်။ ကျွန်မအတွက် ဆုတောင်းပေးတယ်။ ယေဟောဝါရဲ့ အရည်အသွေးကောင်းတွေကို ပြောပြတယ်။ အပျက်သဘောထားတွေကို ပြုပြင်ဖို့ ကူညီပေးတယ်” လို့ ကက်တရီနာ ပြောတယ်။

မေတ္တာရှိတဲ့ အကြီးအကဲတွေနဲ့ တခြားသူတွေ လုပ်ဆောင်နိုင်ရာ

၉-၁၀။ တခြားသူတွေနဲ့ နှိုင်းယှဉ်တတ်တဲ့ ညီအစ်မတစ်ယောက်ကို မေတ္တာရှိတဲ့ အကြီးအကဲတွေ ဘယ်လို ကူညီပေးသလဲ။

၉ တခြားသူတွေနဲ့ ကိုယ့်ကိုယ်ကိုယ် နှိုင်းယှဉ်လေ့ရှိသူကို အကြီးအကဲတွေ ဘယ်လို ကူညီပေးနိုင်သလဲ။ ကလေးဘဝကတည်းက ချီးမွမ်းမခံရဖူးတဲ့ ညီအစ်မ ဟာနူနီအကြောင်း သုံးသပ်ကြည့်ပါ။ “ကျွန်မက ရှက်တတ်တယ်။ တခြားကလေးတွေက ကိုယ့်ထက် ပိုတော်တယ်လို့ ခံစားခဲ့ရတယ်။ သိတတ်စအရွယ်ကတည်းက ကိုယ့်ကိုယ်ကိုယ် တခြားသူတွေနဲ့ နှိုင်းယှဉ်တတ်တယ်” လို့ ပြောတယ်။ အမှန်တရား ရပြီးနောက်မှာတောင် ကိုယ့်ကိုယ်ကိုယ် တခြားသူတွေနဲ့ နှိုင်းယှဉ်နေတုန်းပဲ။ ဒါကြောင့် အသင်းတော်မှာ သိပ်အသုံးမဝင်ဘူးလို့ ခံစားရတယ်။ အခုတော့ ရှေ့ဆောင်အဖြစ် ပျော်ရွှင်စွာ အမှုဆောင်နေပြီ။ သူ့သဘောထားကို ဘာက ပြောင်းလဲစေခဲ့သလဲ။

၁၀ အကြီးအကဲတွေ ကူညီပေးတယ်လို့ ဟာနူနီ ပြောတယ်။ အကြီးအကဲတွေက သူ့ကို ယုံကြည်စိတ်ချကြောင်း ထုတ်ပြောတယ်။ သစ္စာရှိ ပုံသက်သေအတွက် ချီးမွမ်းကြတယ်။ “တစ်ခါတလေ အကူအညီ လိုနေတဲ့ ညီအစ်မတွေကို အားပေးဖို့ တာဝန်ပေးတယ်။ အဲဒီလို တာဝန်ပေးတာက အသုံးဝင်တဲ့သူလို့ ခံစားရစေတယ်။ မေတ္တာရှိတဲ့ အကြီးအကဲတွေက ညီအစ်မငယ်တချို့ကို ကျွန်မ အားပေးခဲ့လို့ ၁ သက်သာလောနိတ် ၁:၂၊ ၃ ကို ဖတ်ပြပြီး ကျေးဇူးတင်စကား ပြောတာ မှတ်မိသေးတယ်။ သူတို့ရဲ့ စကားကြောင့် ကျွန်မ သိပ်ပျော်သွားတယ်။ အဲဒီလို သိုးထိန်းကောင်းတွေကြောင့် အခုဆို ယေဟောဝါရဲ့ အဖွဲ့အစည်းမှာ ကိုယ့်နေရာကို တန်ဖိုးထားတတ်လာပါပြီ” လို့ ဟာနူနီ ပြောတယ်။

၁၁။ ဟေရှာယ ၅၇:၁၅ မှာ ဖော်ပြထားတဲ့ “စိတ်ထောင်းကိုယ်ကြေ” ဖြစ်နေသူတွေကို ဘယ်လို ကူညီပေးနိုင်သလဲ။

၁၁ ဟေရှာယ ၅၇:၁၅ ကို ဖတ်ပါ။ ယေဟောဝါက “စိတ်ထောင်းကိုယ်ကြေ” ဖြစ်နေသူတွေကို ဂရုစိုက်တယ်။ အဲဒီလို ညီအစ်ကို/မတွေကို အကြီးအကဲတွေသာမက ကျွန်တော်တို့ အားလုံး ကူညီပေးနိုင်တယ်။ ကူညီပေးနိုင်တဲ့ တစ်နည်းကတော့ စိတ်ရင်းမှန်နဲ့ ဂရုစိုက်ကြောင်း ပြခြင်းပါပဲ။ ယေဟောဝါက သူတို့ကို ဘယ်လောက် ချစ်ကြောင်း ကျွန်တော်တို့ကတစ်ဆင့် သိစေချင်တယ်။ (ပညာ. ၁၉:၁၇) ကိုယ်တိုင် နှိမ့်ချကျိုးနွံခြင်းအားဖြင့်လည်း ညီအစ်ကို/မတွေကို ကူညီပေးနိုင်တယ်။ တခြားသူတွေရဲ့ စိတ်ထဲ မနာလိုစိတ် ဝင်လာအောင် ကိုယ့်ကိုယ်ကိုယ် အမွှမ်းတင်တာမျိုး ကျွန်တော်တို့ မလုပ်ကြဘူး။ အဲဒီအစား ကိုယ့်စွမ်းရည်၊ အသိပညာတွေကို တခြားသူတွေကို အားပေးရာမှာ အသုံးပြုကြတယ်။—၁ ပေ. ၄:၁၀၊ ၁၁။

ယေရှုနဲ့ တပည့်တချို့ မီးပုံ ပတ်လည်မှာ ဝိုင်းထိုင်နေ။ လက်ခုပ်တီးပြီး သီချင်းဆိုနေ။ တပည့်တစ်ယောက် ပလွေ မှုတ်နေ။

ယေရှု ဘယ်တော့မှ ဆရာကြီးပုံ မဖမ်းတဲ့အတွက် တပည့်တွေ ချဉ်းကပ်ရဲ။ မိတ်ဆွေတွေနဲ့ ယေရှု ပျော်ပျော်ပါးပါး ပေါင်းသင်းနေ (စာပိုဒ် ၁၂ ကို ကြည့်ပါ)

၁၂။ နှိမ့်ချသူတွေဟာ ယေရှုနားမှာ ဘာကြောင့် နေချင်ကြသလဲ။ (မျက်နှာဖုံးပုံကို ကြည့်ပါ။)

၁၂ တခြားသူတွေကို ဘယ်လို ဆက်ဆံသင့်ကြောင်း တပည့်တွေကို ယေရှု ဆက်ဆံပုံကနေ သင်ယူနိုင်တယ်။ ယေရှုဟာ အကြီးမြတ်ဆုံး လူသား ဖြစ်ပေမဲ့ “နူးညံ့သိမ်မွေ့ပြီး စိတ်နှိမ့်ချတယ်။” (မ. ၁၁:၂၈-၃၀) သူ ဘယ်လောက် တတ်ကြောင်း၊ အသိပညာ ဘယ်လောက် ကြွယ်ဝကြောင်း မကြွားဘူး။ ရိုးရှင်းတဲ့ စကား၊ နားလည်လွယ်တဲ့ ဥပမာတွေ သုံးပြီး သွန်သင်ပေးတယ်။ (လု. ၁၀:၂၁) မာနကြီးတဲ့ ဘာသာရေး ခေါင်းဆောင်တွေနဲ့ မတူဘဲ ယေရှုဟာ တခြားသူတွေကို ဘုရားအတွက် တန်ဖိုးရှိသူတွေအဖြစ် အမြဲ ခံစားရစေတယ်။ (ယော. ၆:၃၇) သာမန်လူတွေကို လေးလေးစားစား ဆက်ဆံတယ်။

၁၃။ တပည့်တွေနဲ့ ဆက်ဆံတဲ့အခါ ယေရှုရဲ့ မေတ္တာနဲ့ ကြင်နာမှု ဘယ်လို ပေါ်လွင်သလဲ။

၁၃ တပည့်တွေနဲ့ ဆက်ဆံပုံမှာ ယေရှုရဲ့ မေတ္တာနဲ့ ကြင်နာမှု ပေါ်လွင်တယ်။ တပည့်တွေရဲ့ စွမ်းရည်နဲ့ အခြေအနေတွေ မတူမှန်း၊ တာဝန်တွေကို တစ်ပုံစံတည်း ထမ်းဆောင်နိုင်မှာ မဟုတ်မှန်း၊ အမှုဆောင်လုပ်ငန်းမှာလည်း တစ်ပုံစံတည်း ပြီးမြောက်နိုင်မှာ မဟုတ်မှန်း ယေရှု သိတယ်။ ဒါပေမဲ့ သူတို့ အတတ်နိုင်ဆုံး လုပ်တာကို တန်ဖိုးထားတယ်။ ယေရှုရဲ့ အဲဒီသဘောထားကို တဲလင့် ပုံဥပမာမှာ တွေ့နိုင်တယ်။ သခင်က “ကျွန်တစ်ယောက်စီရဲ့ အရည်အချင်း” အလိုက် တာဝန်ပေးတယ်။ အလုပ်ကြိုးစားတဲ့ ကျွန်နှစ်ယောက်မှာ တစ်ယောက်က ပိုအမြတ်ရပေမဲ့ နှစ်ယောက်စလုံးကို ‘တော်လိုက်တာ။ သစ္စာရှိတဲ့ ကျွန်ကောင်းပဲ’ လို့ သခင် ချီးမွမ်းတယ်။—မ. ၂၅:၁၄-၂၃။

၁၄။ တခြားသူတွေနဲ့ ယေရှု ဆက်ဆံပုံကို ကျွန်တော်တို့ ဘယ်လို တုပနိုင်သလဲ။

၁၄ ကျွန်တော်တို့ကိုလည်း ယေရှု မေတ္တာရှိရှိ၊ ကြင်ကြင်နာနာ ဆက်ဆံတယ်။ စွမ်းရည်နဲ့ အခြေအနေတွေ မတူမှန်း သိပြီး ကျွန်တော်တို့ အတတ်နိုင်ဆုံး လုပ်နေတာကို နှစ်သက်တယ်။ ကျွန်တော်တို့လည်း ယေရှုလိုပဲ တခြားသူတွေကို ဆက်ဆံသင့်တယ်။ ညီအစ်ကို/မ တစ်ယောက်ယောက်ကို တခြားသူတွေလောက် မလုပ်နိုင်လို့ တန်ဖိုးမရှိဘူးလို့ ခံစားရအောင်၊ အရှက်ရအောင် ဘယ်တော့မှ မလုပ်သင့်ဘူး။ အဲဒီအစား ယေဟောဝါကို အတတ်နိုင်ဆုံး အမှုဆောင်နေလို့ အမြဲ အခွင့်အရေးရှာ ချီးမွမ်းသင့်တယ်။

လက်တွေ့ကျတဲ့ ပန်းတိုင်တွေ ချမှတ်ပါ

ပုံ– ၁။ ညီအစ်မတစ်ယောက် ပြက္ခဒိန် ကြည့်နေ။ အနားမှာ သားလေး ဆော့နေ။ ၂။ ညီအစ်မနဲ့ နောက်ညီအစ်မတစ်ယောက် အမှုဆောင်မှာ အမျိုးသမီးတစ်ယောက်ကို ဗီဒီယို ပြနေ။ ညီအစ်မရဲ့ သားလေး ဝေစာ ကိုင်ထား။

လက်တွေ့ကျတဲ့ ပန်းတိုင်တွေ ချပြီး ပြည့်မီအောင် ကြိုးစားခြင်းကနေ ပျော်ရွှင်မှု ခံစားပါ (စာပိုဒ် ၁၅-၁၆ ကို ကြည့်ပါ)e

၁၅-၁၆။ လက်တွေ့ကျတဲ့ ပန်းတိုင်တွေ ချမှတ်လို့ ညီအစ်မတစ်ယောက် ဘယ်လို အကျိုးခံစားရသလဲ။

၁၅ ဘုရားရေးရာ ပန်းတိုင်တွေ ချမှတ်တာက ကျွန်တော်တို့ရဲ့ ဘဝကို အဓိပ္ပာယ် ပြည့်ဝစေတယ်။ အရေးကြီးတာက တခြားသူတွေရဲ့ စွမ်းရည်နဲ့ အခြေအနေပေါ် မဟုတ်ဘဲ ကိုယ့်စွမ်းရည်နဲ့ အခြေအနေပေါ် မူတည်ပြီး ပန်းတိုင် ချမှတ်ဖို့ ဖြစ်တယ်။ အဲဒီလိုမှ မဟုတ်ရင် စိတ်ဓာတ်ကျပြီး စိတ်ပျက်လာမယ်။ (လု. ၁၄:၂၈) ရှေ့ဆောင် ညီအစ်မ မီဒိုရီရဲ့ အဖြစ်ကို သုံးသပ်ကြည့်ပါ။

၁၆ သက်သေခံ မဟုတ်တဲ့ ဖခင်က မီဒိုရီကို ငယ်စဉ်ကတည်းက မောင်နှမတွေ၊ အတန်းဖော်တွေနဲ့ နှိုင်းယှဉ်ပြီး အရှက်ရအောင် လုပ်ခဲ့တယ်။ ဒါကြောင့် “အသုံးမကျဘူးလို့ ခံစားရတယ်” ဆိုပြီး မီဒိုရီ ပြောတယ်။ အရွယ်ရောက်လာချိန်မှာတော့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ်ချမှု ရှိလာတယ်။ “ကျမ်းစာ နေ့တိုင်း ဖတ်တဲ့အခါ ယေဟောဝါ ကျွန်မကို ချစ်တယ်ဆိုတာ ခံစားရပြီး စိတ်ငြိမ်သက်မှု ရတယ်” လို့ ပြောတယ်။ ဒါ့အပြင် လက်တွေ့ကျတဲ့ ပန်းတိုင်တွေ ချမှတ်ပြီး ပန်းတိုင် ပြည့်မီနိုင်ဖို့ သတ်သတ်မှတ်မှတ် ဆုတောင်းတယ်။ ရလဒ်အနေနဲ့ ကိုယ့်ရဲ့ ဘုရားရေးရာ တိုးတက်မှုအတွက် ပျော်ရွှင်နေပါပြီ။

ယေဟောဝါအတွက် အမြဲ အကောင်းဆုံး ပေးဆက်နေပါ

၁၇။ ဘယ်လိုနည်းနဲ့ “စိတ်သဘောကို အသစ်ဖြစ်အောင် အမြဲ ပြုပြင်နေရ” မလဲ။ ဘာရလဒ် ရမလဲ။

၁၇ အပျက်သဘော ခံစားချက်တွေ၊ အတွေးတွေက အလွယ်တကူ မပျောက်နိုင်ဘူး။ ဒါကြောင့် “စိတ်သဘောကို အသစ်ဖြစ်အောင် အမြဲ ပြုပြင်နေရမယ်” လို့ ယေဟောဝါ အားပေးတယ်။ (ဧ. ၄:၂၃၊ ၂၄) အဲဒီလို ပြုပြင်နိုင်ဖို့ ဆုတောင်း၊ ကျမ်းစာဖတ်၊ တွေးတောဆင်ခြင်ပြီး လက်တွေ့ကျင့်ရမယ်။ ယေဟောဝါဆီ အကူအညီ တောင်းရမယ်။ ကိုယ့်ကိုယ်ကိုယ် တခြားသူနဲ့ နှိုင်းယှဉ်ချင်တဲ့ သဘောထားကို ကျော်လွှားနိုင်ဖို့ သန့်ရှင်းသော စွမ်းအားတော်က ကူညီပေးပါလိမ့်မယ်။ ဒါ့အပြင် မနာလိုစိတ်၊ မာနစိတ် ဝင်လာတဲ့အခါ ချက်ချင်း သိမြင်ပြီး ထုတ်ပစ်နိုင်အောင်လည်း ယေဟောဝါ ကူညီပေးပါလိမ့်မယ်။

၁၈။ ၂ ရာဇဝင်ချုပ် ၆:၂၉၊ ၃၀ ကနေ ဘယ်လို နှစ်သိမ့်မှု ရသလဲ။

၁၈ ၂ ရာဇဝင်ချုပ် ၆:၂၉၊ ၃၀ ကို ဖတ်ပါ။ ကျွန်တော်တို့ရဲ့ စိတ်နှလုံးကို ယေဟောဝါ သိတယ်။ ကိုယ်တိုင်ရဲ့ မစုံလင်မှုနဲ့ လောကစိတ်ဓာတ်ကို တွန်းလှန်နေရမှန်းလည်း သိတယ်။ ကျွန်တော်တို့ ဘယ်လောက် ခက်ခက်ခဲခဲ တွန်းလှန်နေရတယ်ဆိုတာ မြင်ပြီး ပိုချစ်လာတယ်။

၁၉။ ကျွန်တော်တို့အပေါ် ထားတဲ့ ခံစားချက်ကို ယေဟောဝါ ဘယ်လို ဖော်ပြသလဲ။

၁၉ ကျွန်တော်တို့အပေါ် ထားတဲ့ ခံစားချက်ကို ဖော်ပြဖို့ ကလေးအပေါ် ထားတဲ့ မိခင်မေတ္တာနဲ့ ယေဟောဝါ ဥပမာ ပေးတယ်။ (ဟေရှာ. ၄၉:၁၅) ရေချယ်ဆိုတဲ့ မိခင်တစ်ယောက်အကြောင်း သုံးသပ်ကြည့်ပါ။ “သမီးလေး စတက်ဖနီကို လမစေ့ဘဲ မွေးခဲ့တာ။ တွေ့ခါစမှာ တကယ့် သေးသေးလေး။ ဒါပေမဲ့ ဖန်ပေါင်းချောင်ထဲ ရှိနေချိန် ပထမလမှာ နေ့တိုင်း ပွေ့ချီဖို့ ဆေးရုံက ခွင့်ပြုတယ်။ ဒါက ကျွန်မနဲ့ ကလေးကို ပိုရင်းနှီးလာစေတယ်။ အခု၊ အသက် ခြောက်နှစ် ရှိပြီ။ တခြား သက်တူကလေးတွေထက်တော့ ခန္ဓာကိုယ် သေးတယ်။ ဒါပေမဲ့ သူ့ကို ကျွန်မ သိပ်ချစ်တယ်။ အသက်ရှင်သန်ဖို့ သူ အကြီးအကျယ် ကြိုးစားခဲ့ရတာ။ သူ့ကြောင့် ကျွန်မဘဝ သိပ်ပျော်ရွှင်ရတယ်” ဆိုပြီး ပြောတယ်။ အမှုတော်မှာ အတတ်နိုင်ဆုံး ကြိုးစားပါဝင်နေတဲ့ ကျွန်တော်တို့ကိုလည်း ယေဟောဝါ အဲဒီလို နက်နက်ရှိုင်းရှိုင်း ချစ်တယ်ဆိုတာ သိရလို့ အားရှိစရာပါပဲ။

၂၀။ ယေဟောဝါရဲ့ ကျေးကျွန်တွေ ဘာကြောင့် ပျော်ရွှင်နိုင်သလဲ။

၂၀ ယေဟောဝါရဲ့ ကျေးကျွန် တစ်ယောက်အနေနဲ့ သင်ဟာ ဘုရားရဲ့ အဖိုးတန် မိသားစုဝင် ဖြစ်တယ်။ သင်နဲ့ တစ်ထပ်တည်း တူတဲ့ နောက်တစ်ယောက်ဆိုတာ မရှိဘူး။ တခြားသူတွေထက် ပိုတော်နေလို့ သင့်ကို ယေဟောဝါ ဆွဲဆောင်တာ မဟုတ်ဘူး။ သင့်ရဲ့ စိတ်နှလုံးကို ကြည့်ပြီး နှိမ့်ချသူ၊ သွန်သင်၊ ပုံသွင်းလို့ ရမယ့်သူအဖြစ် မြင်လို့ ဆွဲဆောင်တာ။ (ဆာ. ၂၅:၉) အမှုတော်မှာ သင် အတတ်နိုင်ဆုံး လုပ်ဆောင်တာတွေကို ဘုရား တန်ဖိုးထားတယ်ဆိုတာ စိတ်ချပါ။ သင့်ရဲ့ ခံနိုင်ရည်နဲ့ သစ္စာရှိမှုက သင်ဟာ “စိတ်ကောင်းနှလုံးကောင်း ရှိသူ” ဖြစ်ကြောင်း ဖော်ပြတယ်။ (လု. ၈:၁၅) ဒါကြောင့် ယေဟောဝါအတွက် အကောင်းဆုံးကို အမြဲ ဆက်ပေးနေပါ။ ဒါဆိုရင် ‘ကိုယ့်လုပ်ရပ်နဲ့ပတ်သက်ပြီး ပျော်ရွှင်ကျေနပ်ရပါလိမ့်မယ်။’

သင် ဘယ်လို ဖြေမလဲ

  • ကိုယ့်ရဲ့ ဘုရားရေးရာ တိုးတက်မှုအတွက် ပျော်ရွှင်နိုင်ဖို့ သားသမီးတွေကို မိဘတွေ ဘယ်လို ကူညီပေးနိုင်သလဲ။

  • ချစ်မြတ်နိုးပြီး တန်ဖိုးထားခံရတယ်လို့ ခံစားရဖို့ ညီအစ်ကို/မတွေကို အကြီးအကဲတွေ ဘယ်လို ကူညီပေးနိုင်သလဲ။

  • ယေဟောဝါအတွက် အကောင်းဆုံး ပေးဆက်တဲ့အခါ ဘာကြောင့် ပျော်ရွှင်မလဲ။

သီချင်း ၃၈ ကိုယ်တော် သင်တို့ကို ခွန်အားရှိစေမယ်

a ယေဟောဝါက ကျွန်တော်တို့ကို တခြားသူတွေနဲ့ မနှိုင်းယှဉ်ဘူး။ ဒါပေမဲ့ တချို့က ကိုယ့်ကိုယ်ကိုယ် တခြားသူနဲ့ နှိုင်းယှဉ်ပြီး သိမ်ငယ်တတ်ကြတယ်။ တခြားသူနဲ့ နှိုင်းယှဉ်တာ ဘာကြောင့် အန္တရာယ်ရှိကြောင်း ဒီဆောင်းပါးမှာ သုံးသပ်ကြမယ်။ ကိုယ့်ကိုယ်ကိုယ် ယေဟောဝါ မြင်သလို မြင်တတ်အောင် မိသားစုဝင်တွေ၊ ညီအစ်ကို/မတွေကို ဘယ်လို ကူညီပေးနိုင်ကြောင်းလည်း သိလာရပါမယ်။

b အမည်လွှဲများ။

c ဒီမှာ ဆွေးနွေးထားတဲ့ အချက်တွေက လင်ယောက်ျားတွေကို အဓိက ပြောနေပေမဲ့ ဇနီးတွေနဲ့လည်း သက်ဆိုင်ပါတယ်။

d ပုံအညွှန်း– နောဧသင်္ဘော ဆောက်ဖို့ ကလေး တစ်ယောက်စီရဲ့ ကြိုးစားမှုကို နှစ်သက်ကြောင်း မိသားစု ဝတ်ပြုမှုမှာ မိဘတွေ ပြောနေ။

e ပုံအညွှန်း– ကလေးငယ် ရှိတဲ့ တစ်ကိုယ်ရေ မိခင်တစ်ယောက် အရန်ရှေ့ဆောင် လုပ်နိုင်ဖို့ အစီအစဉ် ဆွဲနေ။ အရန်ရှေ့ဆောင် လုပ်နိုင်လို့ ပျော်ရွှင်နေ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ