ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၂၁ အောက်တိုဘာ စာ. ၂-၇
  • စစ်မှန်တဲ့ နောင်တဆိုတာ ဘာလဲ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • စစ်မှန်တဲ့ နောင်တဆိုတာ ဘာလဲ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၁
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဘုရင် အာဟပ်ရဲ့ ပုံနမူနာကနေ ဘာသင်ယူနိုင်သလဲ
  • ဘုရင် မနာရှေရဲ့ ပုံနမူနာကနေ ဘာသင်ယူနိုင်သလဲ
  • စစ်မှန်တဲ့ နောင်တ ဖြစ်မှန်း ဘယ်လို သိမလဲ
  • အပြစ်လုပ်မိသူ နောင်တ ရဖို့ ကူညီပါ
  • မတရားမှုကို ကြံ့ကြံ့ခံ ရင်ဆိုင်ခဲ့သူ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၄
  • ‘ထာဝရဘုရားသခင်ကို သူ တောင်းပန်ခဲ့’
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၁
  • လူအားလုံးကို ယေဟောဝါ နောင်တရစေချင်
    ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၄
  • သင်မည်သို့ဖြေဆိုမည်နည်း
    နိုးလော့!—၂၀၀၉
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၁
က၂၁ အောက်တိုဘာ စာ. ၂-၇

လေ့လာရန် ဆောင်းပါး ၄၀

စစ်မှန်တဲ့ နောင်တ ဆိုတာ ဘာလဲ

‘ကျွန်တော် လာတာ အပြစ်သားတွေ နောင်တ ရစေဖို့ လာတာ။’—လု. ၅:၃၂။

သီချင်း ၃၆ နှလုံးကို စောင့်ကြပ်စို့

အကြိုသုံးသပ်ချက်a

၁-၂။ ဘုရင်နှစ်ပါး ဘာခြားနားသလဲ။ ဘယ်မေးခွန်းတွေကို ဆွေးနွေးကြမလဲ။

ရှေးခေတ် ဘုရင်နှစ်ပါးအကြောင်း ဆွေးနွေးကြစို့။ တစ်ပါးက အစ္စရေး ဆယ်နွယ်နိုင်ငံရဲ့ ဘုရင်။ နောက်တစ်ပါးက ယုဒ နှစ်နွယ်နိုင်ငံရဲ့ ဘုရင်။ အသက်ရှင်ခဲ့တဲ့ အချိန်ကာလ မတူကြပေမဲ့ သူတို့မှာ တူညီချက် များစွာ ရှိတယ်။ နှစ်ပါးစလုံး ယေဟောဝါကို ပုန်ကန်တယ်။ ဘုရားလူမျိုးကို အပြစ်ကျူးလွန်စေတယ်။ ရုပ်တုကိုးကွယ်တယ်။ လူသတ်တယ်။ ခြားနားချက် တစ်ခုတော့ ရှိတယ်။ တစ်ပါးက သေဆုံးချိန်အထိ မိုက်တွင်းနက်တယ်။ တစ်ပါးကတော့ နောင်တယူလို့ အပြစ်တွေ ခွင့်လွှတ်ခံရတယ်။ အဲဒီဘုရင်နှစ်ပါးက ဘယ်သူတွေလဲ။

၂ အစ္စရေးဘုရင် အာဟပ်နဲ့ ယုဒဘုရင် မနာရှေပါ။ ဘုရင်နှစ်ပါးရဲ့ ခြားနားချက်တွေကနေ အရေးကြီးကိစ္စ ဖြစ်တဲ့ နောင်တအကြောင်း များစွာ သိနိုင်တယ်။ (တ. ၁၇:၃၀။ ရော. ၃:၂၃) နောင်တဆိုတာ ဘာလဲ။ နောင်တ ရကြောင်း ဘယ်လို ပြမလဲ။ ဒီအကြောင်း သိဖို့ လိုတယ်။ အပြစ်လုပ်မိတဲ့အခါ ယေဟောဝါရဲ့ ခွင့်လွှတ်မှု ရချင်ကြလို့ပဲ။ အဲဒီမေးခွန်းတွေရဲ့ အဖြေ သိဖို့ ဘုရင်နှစ်ပါးရဲ့ အသက်တာအကြောင်း၊ ဘာတွေ သင်ယူနိုင်ကြောင်း၊ နောင်တနဲ့ပတ်သက်ပြီး ယေရှု ဘာသင်ပေးကြောင်း ဆွေးနွေးကြပါမယ်။

ဘုရင် အာဟပ်ရဲ့ ပုံနမူနာကနေ ဘာသင်ယူနိုင်သလဲ

၃။ ဘုရင်အာဟပ်ဟာ ဘယ်လို လူစားမျိုးလဲ။

၃ အာဟပ်ဟာ အစ္စရေး ဆယ်နွယ်နိုင်ငံရဲ့ ခုနစ်ပါးမြောက် ဘုရင် ဖြစ်တယ်။ မြောက်ပိုင်း ချမ်းသာတဲ့ ဆိုင်ဒုန်ပြည်က ဘုရင့်သမီး ယေဇဗေလနဲ့ လက်ထပ်လိုက်လို့ အစ္စရေးနိုင်ငံ ချမ်းသာကြွယ်ဝဖို့ အခွင့်အလမ်းတွေ ပွင့်လာမှာပဲ။ ဒါပေမဲ့ ယေဟောဝါနဲ့ ဆက်ဆံရေးတော့ ပိုပျက်စီးသွားတယ်။ ဗာလ ဝတ်ပြုသူ ယေဇဗေလဟာ ဗာလ ဝတ်ပြုရေးမှာ ပါဝင်ဖို့ အာဟပ်ကို သွေးဆောင်တယ်။ ဗိမာန်တော်မှာ ပြည့်တန်ဆာ ထားတာ၊ ကလေး ယဇ်ပူဇော်တာတွေတောင် လုပ်တယ်။ ယေဇဗေလ မိဖုရား ဖြစ်နေချိန်အတွင်း ယေဟောဝါရဲ့ ပရောဖက်တွေ အန္တရာယ် ရှိလာတယ်။ အတော်များများ အသတ်ခံရတယ်။ (၁ ဘု. ၁၈:၁၃) အာဟပ်လည်း “ယေဟောဝါရှေ့မှာ မကောင်းတာတွေ ဆက်လုပ်တယ်၊ အရင်က ဘုရင်တွေထက် ပိုဆိုးတယ်။” (၁ ဘု. ၁၆:၃၀) အာဟပ်နဲ့ ယေဇဗေလရဲ့ လုပ်ရပ်ကို ယေဟောဝါ မမြင်ဘဲ မနေဘူး။ အကုန် သိတယ်။ ဒါကြောင့် အချိန် မနှောင်းခင် လမ်းစဉ် ပြောင်းနိုင်အောင် လူမျိုးတော်ကို သတိပေးဖို့ ပရောဖက် ဧလိယကို စေလွှတ်တယ်။ ဒါပေမဲ့ အာဟပ်နဲ့ ယေဇဗေလ နားမထောင်ဘူး။

၄။ အာဟပ် ဘယ်လို ပြစ်ဒဏ် ခံရမလဲ။ အာဟပ် ဘယ်လို တုံ့ပြန်သလဲ။

၄ နောက်ဆုံး၊ ယေဟောဝါရဲ့ စိတ်ရှည်မှု အဆုံးတိုင်သွားတယ်။ အာဟပ်နဲ့ ယေဇဗေလကို ပြစ်ဒဏ် စီရင်မယ့်အကြောင်း၊ တစ်မျိုးလုံး အသတ်ခံရမယ့်အကြောင်း ဧလိယကို သွားပြောခိုင်းတယ်။ ဧလိယရဲ့ စကားကြောင့် အာဟပ် တော်တော် စိတ်ထိခိုက်သွားပြီး ကိုယ့်ကိုယ်ကိုယ် “နှိမ့်ချ” လိုက်တယ်။ မာနကြီးတဲ့ ဘုရင် ဒီလိုလုပ်တာ အံ့ဩစရာပါပဲ။—၁ ဘု. ၂၁:၁၉-၂၉။

ပုံ– ၁။ ဘုရင် အာဟပ် ကိုယ့်ကိုယ်ကိုယ် နှိမ့်ချ။ ၂။ နောက်ပိုင်း၊ ပရောဖက် မိက္ခာကို ထောင်ချဖို့ အစောင့်တွေကို ဒေါသတကြီး အမိန့်ပေးနေ။

ဘုရင် အာဟပ် စစ်မှန်တဲ့ နောင်တ မရတဲ့အတွက် ဘုရားသခင့် ပရောဖက်ကို ထောင်ချ (စာပိုဒ် ၅-၆ ကို ကြည့်ပါ)b

၅-၆။ အာဟပ် တကယ် နောင်တ မရကြောင်း ဘာက ဖော်ပြသလဲ။

၅ ဒီတစ်ကြိမ်မှာ အာဟပ် ကိုယ့်ကိုယ်ကိုယ် နှိမ့်ချလိုက်ပေမဲ့ နောက်ပိုင်း လုပ်ရပ်တွေက တကယ် နောင်တ မရကြောင်း ပြတယ်။ တိုင်းပြည်ကနေ ဗာလ ဝတ်ပြုရေးကို မဖယ်ရှားဘူး။ ယေဟောဝါရဲ့ ဝတ်ပြုရေးကို အားမပေးဘူး။ တကယ် နောင်တ မရဘူးဆိုတာ တခြားလုပ်ရပ်တွေကလည်း ပြတယ်။

၆ နောက်ပိုင်း၊ ဆီးရီးယားကို စစ်တိုက်ချိန်မှာ ပူးပေါင်းဖို့ ယုဒပြည်က မင်းကောင်း ယောရှဖတ်ကို အာဟပ် ဖိတ်ခေါ်တယ်။ စစ်မတိုက်ခင် ယေဟောဝါရဲ့ ပရောဖက်ကို မေးဖို့ ယောရှဖတ် အကြံပေးတယ်။ အစပိုင်းမှာ အာဟပ်က “လူတစ်ယောက်တော့ ကျန်သေးတယ်။ . . . သူကတစ်ဆင့် ယေဟောဝါဘုရားကို မေးမြန်းလို့ ရတယ်။ ဒါပေမဲ့ သူ့ကို ငါသိပ်မုန်းတယ်။ အဲဒီလူက ငါနဲ့ပတ်သက်ပြီး ဘယ်တော့မှ အကောင်း မဟောတတ်ဘူး။ မကောင်းတာတွေကိုပဲ ဟောတတ်တယ်” လို့ ပြောပြီး လက်မခံဘူး။ အဲဒီလူက ပရောဖက် မိက္ခာပါ။ ဘာပဲဖြစ်ဖြစ် သူ့ကို ခေါ်မေးလိုက်တယ်။ အာဟပ် ထင်သလို သတင်းဆိုးပဲ ကြားရတယ်။ ဒါတောင် နောင်တယူပြီး ယေဟောဝါဆီက ခွင့်လွှတ်မှု တောင်းခံမယ့်အစား ပရောဖက်ကို ထောင်ချလိုက်တယ်။ (၁ ဘု. ၂၂:၇-၉၊ ၂၃၊ ၂၇) ယေဟောဝါရဲ့ ပရောဖက်ကို ထောင်ချလိုက်နိုင်ပေမဲ့ ကြိုဟောချက် မပြည့်စုံအောင်တော့ အာဟပ် မတားဆီးနိုင်ဘူး။ တိုက်ပွဲမှာ အာဟပ် သေဆုံးသွားတယ်။—၁ ဘု. ၂၂:၃၄-၃၈။

၇။ အာဟပ် သေဆုံးပြီးနောက် အာဟပ်အကြောင်း ယေဟောဝါ ဘယ်လို ပြောသလဲ။

၇ အာဟပ် သေဆုံးပြီးနောက် အာဟပ်ကို ဘယ်လို ရှုမြင်ကြောင်း ယေဟောဝါ ပြောတယ်။ မင်းကောင်း ယောရှဖတ် ဘေးကင်းစွာ နန်းတော် ပြန်ရောက်သွားချိန်မှာ ပရောဖက် ယေဟုကို ယေဟောဝါ စေလွှတ်ပြီး အာဟပ်နဲ့ ပေါင်းလို့ ပြစ်တင်ဆုံးမတယ်။ “မင်းကြီး၊ ဆိုးညစ်သူကို ကူညီသင့်သလား။ ယေဟောဝါဘုရားကို မုန်းတဲ့သူတွေကို ချစ်သင့်သလား” လို့ ယေဟု ပြောတယ်။ (၂ ရာ. ၁၉:၁၊ ၂) စဉ်းစားကြည့်ပါ– အာဟပ်သာ စစ်မှန်တဲ့ နောင်တ ရတယ်ဆိုရင် ယေဟောဝါကို မုန်းတဲ့ ဆိုးညစ်သူလို့ အာဟပ်ကို ပရောဖက် ပြောပါ့မလား။ နောင်တ ရကြောင်း အာဟပ် အတိုင်းအတာ တစ်ခုအထိ ပြပေမဲ့ အပြည့်အဝ နောင်တ မရတာ ထင်ရှားတယ်။

၈။ နောင်တနဲ့ပတ်သက်ပြီး အာဟပ်ရဲ့ ပုံနမူနာကနေ ဘာသိရသလဲ။

၈ အာဟပ်ရဲ့ ပုံနမူနာကနေ ဘာသင်ယူနိုင်သလဲ။ တစ်မျိုးလုံး ဘေးဆိုး ကြုံမယ့်အကြောင်း ဧလိယရဲ့ သတင်းစကားကို ကြားတဲ့အခါ အစပိုင်းမှာ အာဟပ် နှိမ့်ချတယ်။ အစကောင်းပါပဲ။ ဒါပေမဲ့ နောက်ပိုင်း လုပ်ရပ်တွေက စစ်မှန်တဲ့ နောင်တ မရကြောင်း ပြတယ်။ ဒါကြောင့် နောင်တဆိုတာ ဝမ်းနည်းကြောင်း ခဏတစ်ဖြုတ် ဖော်ပြရုံလောက်ပဲ မဟုတ်ဘူး။ စစ်မှန်တဲ့ နောင်တမှာ ဘာတွေ ပါဝင်ကြောင်း နားလည်ဖို့ နောက်ပုံနမူနာ တစ်ခု သုံးသပ်ကြည့်ရအောင်။

ဘုရင် မနာရှေရဲ့ ပုံနမူနာကနေ ဘာသင်ယူနိုင်သလဲ

၉။ မနာရှေဟာ ဘယ်လို ဘုရင်မျိုးလဲ။

၉ နှစ်ပေါင်း နှစ်ရာလောက် ကြာပြီးနောက် ယုဒပြည်မှာ မနာရှေ ဘုရင် ဖြစ်လာတယ်။ သူဟာ အာဟပ်ထက်တောင် ပိုဆိုးတဲ့ပုံပဲ။ “ယေဟောဝါရှေ့မှာ မကောင်းတာတွေ အများကြီး လုပ်ပြီး အမျက်ထွက်စေတယ်” လို့ ကျမ်းစာ ပြောတယ်။ (၂ ရာ. ၃၃:၁-၉) အယူမှား ဘုရားတွေအတွက် ပူဇော်ရာ ပလ္လင်တွေ တည်တယ်။ လိင်ကိုးကွယ်မှု အမှတ်အသား ဖြစ်ပုံရတဲ့ ကိုးကွယ်ရာ သစ်တိုင်ကို ထွင်းထုပြီး ယေဟောဝါရဲ့ သန့်ရှင်းတဲ့ ဗိမာန်တော်ထဲမှာ ထားတယ်။ မှော်အတတ်၊ နတ်ဆိုးအတတ်၊ ပယောဂအတတ်တွေ လိုက်စားတယ်။ “အပြစ်မဲ့သူတွေကို သတ်” တယ်။ မှားယွင်းတဲ့ ဘုရားတွေရှေ့ “ကိုယ့်သားတွေကို မီးရှို့ပူဇော်တယ်။”—၂ ဘု. ၂၁:၆၊ ၇၊ ၁၀၊ ၁၁၊ ၁၆။

၁၀။ မနာရှေကို ယေဟောဝါ ဘယ်လို ဆုံးမသလဲ။ ဘုရင် ဘယ်လို တုံ့ပြန်သလဲ။

၁၀ အာဟပ်လိုပဲ မနာရှေဟာ ပရောဖက်တွေကတစ်ဆင့် ယေဟောဝါရဲ့ သတိပေးချက်တွေကို ခေါင်းမာမာ လျစ်လျူရှုတယ်။ နောက်ဆုံး၊ “ယေဟောဝါက အဆီးရီးယား ဘုရင်ရဲ့ တပ်မှူးတွေ လွှတ်ပြီး တိုက်ခိုက်စေတယ်။ မနာရှေကို ချိတ်တွေနဲ့ ဖမ်း၊ ကြေးနီခြေကျဉ်းတွေ ခတ်ပြီး ဗာဗုလုန်မြို့ဆီ ခေါ်သွားကြတယ်။” ဗာဗုလုန်မှာ အကျဉ်းကျနေရင်း အရင်က လုပ်မိတဲ့ အမှားတွေကို မနာရှေ သေသေချာချာ ပြန်တွေးခဲ့ပုံပဲ။ “ဘိုးဘေးတို့ရဲ့ ဘုရားသခင်ရှေ့မှာ အကြီးအကျယ် စိတ်နှိမ့်ချလိုက်တယ်။” အဲဒီအပြင် “ယေဟောဝါဘုရားရဲ့ မျက်နှာသာ ရဖို့ အသနားခံ” တယ်။ “အမြဲ ဆုတောင်းတယ်။” လူဆိုးကြီး ပြောင်းလဲသွားပြီ။—၂ ရာ. ၃၃:၁၀-၁၃။

ပုံ– ၁။ ယေဟောဝါ မျက်နှာသာ ရဖို့ ဘုရင် မနာရှေ အသနားခံနေ။ ၂။ နောက်ပိုင်း၊ ဗိမာန်တော်မှာ ကိုယ်တိုင် တည်ထားတဲ့ ရုပ်တုတွေကို ဖျက်ဆီးဖို့ အလုပ်သမားတွေကို မနာရှေ ညွှန်ကြားနေ။

ဘုရင် မနာရှေ စစ်မှန်တဲ့ နောင်တ ရတဲ့အတွက် မှားယွင်းတဲ့ ဝတ်ပြုရေးကို ဆန့်ကျင် (စာပိုဒ် ၁၁ ကို ကြည့်ပါ)c

၁၁။ ၂ ရာဇဝင်ချုပ် ၃၃:၁၅၊ ၁၆ အရ နောင်တစစ် ရကြောင်း မနာရှေ ဘယ်လို ပြသလဲ။

၁၁ မနာရှေရဲ့ ဆုတောင်းချက်တွေကို နားထောင်လိုက်ရုံနဲ့ စိတ်သဘော ပြောင်းလဲမှန်း ဘုရား မြင်တယ်။ အချိန်တန်တော့ မနာရှေ အသနားခံ ဆုတောင်းတာကို အဖြေပေးပြီး ထီးနန်း ပြန်ပေးတယ်။ ဒီအခွင့်အရေးကို မနာရှေ အပြည့်အဝ အသုံးချပြီး စစ်မှန်တဲ့ နောင်တ ရကြောင်း သက်သေပြတယ်။ အာဟပ် လုံးဝ မလုပ်ခဲ့တာကို မနာရှေ လုပ်တယ်။ အကျင့် ပြောင်းလဲတယ်။ မှားယွင်းတဲ့ ဝတ်ပြုရေးကို ဆန့်ကျင်တယ်။ စစ်မှန်တဲ့ ဝတ်ပြုရေးကို အားပေးတယ်။ (၂ ရာဇဝင်ချုပ် ၃၃:၁၅၊ ၁၆ ကို ဖတ်ပါ။) အဲဒီလိုလုပ်ဖို့ သတ္တိနဲ့ ယုံကြည်ခြင်း လိုတယ်။ မိသားစု၊ မင်းသားမှူးမတ်၊ လူမျိုးတော်ရှေ့ နှစ်ပေါင်းများစွာ မကောင်းတဲ့ ပုံသက်သေ ပြခဲ့လို့ပဲ။ အခု၊ အသက်ကြီးလာချိန်မှာ အရင်က လုပ်ခဲ့တဲ့ မကောင်းမှုတချို့ကို ပြန်ပြုပြင်ဖို့ ကြိုးစားတယ်။ သူ့လုပ်ရပ်က မြေး ဖြစ်သူ ယောရှိအပေါ် ကောင်းတဲ့ ဩဇာ သက်ရောက်ခဲ့ပုံရတယ်။ နောက်ပိုင်းမှာ ယောရှိဟာ မင်းကောင်း ဖြစ်လာတယ်။—၂ ဘု. ၂၂:၁၊ ၂။

၁၂။ မနာရှေရဲ့ ပုံနမူနာကနေ ဘာသင်ယူနိုင်သလဲ။

၁၂ မနာရှေရဲ့ ပုံနမူနာကနေ ဘာသင်ယူနိုင်သလဲ။ မနာရှေဟာ ကိုယ့်ကိုယ်ကိုယ် နှိမ့်ချရုံထက်မက လုပ်ဆောင်ခဲ့တယ်။ ကရုဏာ ပြခံရဖို့ အသနားခံ ဆုတောင်းတယ်။ ဘဝလမ်းစဉ်ကို ပြောင်းလဲတယ်။ ကိုယ့်အမှားကြောင့် ထိခိုက်သွားတာတွေကို ပြန်ပြုပြင်ဖို့၊ ယေဟောဝါကို အတတ်နိုင်ဆုံး ဝတ်ပြုဖို့ ကြိုးစားတယ်။ တခြားသူတွေကိုလည်း အဲဒီလိုလုပ်နိုင်အောင် ကူညီပေးတယ်။ မနာရှေရဲ့ အဖြစ်က ကြီးလေးတဲ့ အပြစ် လုပ်မိသူတွေကိုတောင် မျှော်လင့်ချက် ရှိစေတယ်။ ယေဟောဝါဘုရားဟာ ‘ကောင်းမြတ်ပြီး ခွင့်လွှတ်ဖို့ အသင့်ရှိတယ်’ ဆိုတဲ့ သက်သေအထောက်အထားပါပဲ။ (ဆာ. ၈၆:၅) စစ်မှန်တဲ့ နောင်တ ရရင် ယေဟောဝါ ခွင့်လွှတ်ပါလိမ့်မယ်။

၁၃။ နောင်တနဲ့ပတ်သက်တဲ့ အရေးကြီး သင်ခန်းစာကို ဖော်ပြတဲ့ ဥပမာ တစ်ခု ပြောပြပါ။

၁၃ မနာရှေဟာ အပြစ်တွေအတွက် ဝမ်းနည်းရုံထက်မက လုပ်ဆောင်ခဲ့တယ်။ ဒီကနေ နောင်တနဲ့ပတ်သက်ပြီး အရေးကြီး သင်ခန်းစာ တစ်ခု သင်ယူနိုင်တယ်။ ဒီဥပမာကို စဉ်းစားကြည့်ပါ– ပေါင်မုန့်ဆိုင်ကို သွားပြီး ပေါင်မုန့် ဝယ်တယ်။ ဆိုင်ရှင်က ပေါင်မုန့်အစား ဂျုံမှုန့် ထုတ်ပေးရင် သင် ကျေနပ်မလား။ ကျေနပ်မှာ မဟုတ်ဘူး။ ပေါင်မုန့်မှာ အဓိက ပါဝင်တာ ဂျုံမှုန့်ပဲလို့ ဆိုင်ရှင် ပြောရင်ရော ကျေနပ်မလား။ ကျေနပ်မှာ မဟုတ်ဘူး။ အဲဒီလိုပဲ၊ ယေဟောဝါက အပြစ်လုပ်သူကို နောင်တ ရဖို့ တောင်းဆိုတယ်။ အပြစ်လုပ်သူဟာ လုပ်မိတဲ့ အပြစ်အတွက် ဝမ်းနည်းတာ ကောင်းပါတယ်။ ဝမ်းနည်းတာ နောင်တရဲ့ အဓိက လက္ခဏာ ဖြစ်တယ်။ ဒါပေမဲ့ ဘာလိုသေးလဲ။ ယေရှု ပြောတဲ့ ပုံဥပမာကနေ များစွာ သင်ယူနိုင်ပါတယ်။

စစ်မှန်တဲ့ နောင်တ ဖြစ်မှန်း ဘယ်လို သိမလဲ

သားမိုက် အသိတရား ရပြီးနောက် ခရီးရှည် နှင်ပြီး အိမ်ပြန်လာ (စာပိုဒ် ၁၄-၁၅ ကို ကြည့်ပါ)d

၁၄။ ယေရှုရဲ့ ပုံဥပမာမှာ သားမိုက် နောင်တ ရကြောင်း ဦးဆုံး ဘယ်လက္ခဏာတွေ ပြသလဲ။

၁၄ ယေရှု ပြောတဲ့ သားမိုက် ပုံဥပမာကို လုကာ ၁၅:၁၁-၃၂ မှာ တွေ့နိုင်တယ်။ သားငယ်ဟာ အဖေကို ပုန်ကန်ပြီး အိမ်ကနေ ထွက်သွားတယ်။ “တိုင်းတစ်ပါး” ကို သွားပြီး အကျင့်ပျက် ပျော်ပါးတယ်။ ဒုက္ခရောက်လာတော့ ကိုယ်လုပ်ခဲ့တာကို သေသေချာချာ ပြန်တွေးမိတယ်။ အဖေ့အိမ်မှာတုန်းက ဘယ်လောက် ကောင်းကောင်း နေခဲ့ရမှန်း သိလာတယ်။ ‘အသိတရား ရလာတယ်’ လို့ ယေရှု ပြောတယ်။ အိမ်ပြန်ပြီး အဖေ ခွင့်လွှတ်အောင် ပြန်တောင်းပန်မယ်လို့ ဆုံးဖြတ်လိုက်တယ်။ ကိုယ့်လုပ်ရပ် ဘယ်လောက် မှားကြောင်း သိဖို့ အရေးကြီးတာ မှန်ပေမဲ့ ဒီလောက်နဲ့ လုံလောက်ပြီလား။ မလုံလောက်ပါဘူး။ လုပ်သင့်တာကို ချက်ချင်း လုပ်ဖို့ လိုတယ်။

၁၅။ ယေရှုရဲ့ ပုံဥပမာမှာ ပါတဲ့ သားမိုက် နောင်တ ရကြောင်း ဘယ်လို သက်သေပြသလဲ။

၁၅ လုပ်မိတာတွေအတွက် တကယ် နောင်တ ရကြောင်း သားမိုက် သက်သေပြတယ်။ ခရီးဝေး နှင်ပြီး အိမ်ပြန်လာတယ်။ “ကျွန်တော်ဟာ ကောင်းကင်မှာ စံမြန်းတဲ့ ဘုရားသခင်ကိုရော အဖေ့ကိုပါ ပြစ်မှားပါပြီ။ အဖေ့သားလို့တောင် အခေါ်မခံထိုက်တော့ပါဘူး” လို့ အဖေကို ပြောတယ်။ (လု. ၁၅:၂၁) ယေဟောဝါနဲ့ ဆက်ဆံရေး ပြန်ကောင်းချင်မှန်း သူ့စကားက ဖော်ပြတယ်။ ကိုယ့်လုပ်ရပ်ကြောင့် ဖခင် စိတ်ထိခိုက်ရမှန်းလည်း နားလည်တယ်။ ဖခင် မျက်နှာသာ ပြန်ရအောင် ကြိုးစားဖို့၊ ဖခင်ဆီမှာ အလုပ်သမားအဖြစ်ပဲ နေဖို့တောင် စဉ်းစားထားတယ်။ (လု. ၁၅:၁၉) ဒါဟာ စိတ်ထိမိစေတဲ့ ဇာတ်လမ်းလောက်ပဲ မဟုတ်ပါဘူး။ အပြစ်လုပ်မိသူ တကယ် နောင်တရ မရ ပိုင်းဖြတ်နိုင်ဖို့ အသင်းတော် အကြီးအကဲတွေကို ပုံဥပမာက အကူအညီ ဖြစ်စေသင့်တယ်။

၁၆။ တကယ် နောင်တ ရမရ ပိုင်းဖြတ်ဖို့ အကြီးအကဲတွေအတွက် ဘာကြောင့် ခက်နိုင်သလဲ။

၁၆ အပြစ်လုပ်မိသူ တကယ် နောင်တရ မရ ပိုင်းဖြတ်တာဟာ အကြီးအကဲတွေအတွက် မလွယ်ဘူး။ ဘာကြောင့်လဲ။ အကြီးအကဲတွေဟာ တခြားသူတွေရဲ့ စိတ်နှလုံးထဲ ဘာရှိမှန်း မသိနိုင်ဘူး။ ဒါကြောင့် အပြင်ပန်း အထောက်အထားတွေကိုပဲ ကြည့်ပြီး ဆုံးဖြတ်ရတယ်။ တစ်ခါတလေ အပြစ် ကြီးလွန်းလို့ တကယ် နောင်တ ရမရ ဝေခွဲမရဘဲ ဖြစ်နိုင်တယ်။

၁၇။ (က) ဝမ်းနည်းတယ်ဆိုတာ ပြရုံနဲ့ စစ်မှန်တဲ့ နောင်တ ရတယ်လို့ မပြောနိုင်ကြောင်း ဘယ်ဥပမာက ဖော်ပြသလဲ။ (ခ) ၂ ကောရိန္သု ၇:၁၁ မှာ ဖော်ပြထားတဲ့အတိုင်း စစ်မှန်တဲ့ နောင်တ ရသူ ဘာလုပ်ရမလဲ။

၁၇ ဥပမာတစ်ခု စဉ်းစားကြည့်ပါ။ ညီအစ်ကို တစ်ယောက် အိမ်ထောင်ရေး ဖောက်ပြန်နေတာ နှစ်ပေါင်းများစွာ ရှိပြီ။ အကူအညီ တောင်းခံမယ့်အစား ဇနီး၊ မိတ်ဆွေတွေနဲ့ အကြီးအကဲတွေ မသိအောင် ဖုံးထားတယ်။ နောက်ပိုင်း၊ အပြစ် ပေါ်သွားတယ်။ သက်သေအထောက်အထားနဲ့တကွ အကြီးအကဲတွေ ခေါ်တွေ့တဲ့အခါကျမှ ဝန်ခံတယ်။ အကြီးအကျယ် ဝမ်းနည်းပုံပဲ။ ဒါပေမဲ့ ဒီလောက်နဲ့ လုံလောက်ပြီလား။ မလုံလောက်ပါဘူး။ ဝမ်းနည်းရုံထက်မက လုပ်ဆောင်ဖို့ လိုတယ်။ သူ့အမှားက တစ်ကြိမ်တစ်ခါ မှားမိတာ မဟုတ်ဘူး။ ဒီလိုဖြစ်နေတာ နှစ်ပေါင်းများစွာ ရှိပြီ။ အပြစ်ကိုလည်း လိုလိုလားလား လာဝန်ခံတာ မဟုတ်ဘဲ ဖော်ထုတ်ခံလိုက်ရတာ။ ဒါကြောင့် အပြစ်လုပ်သူရဲ့ သဘောထား၊ ခံစားချက်၊ အကျင့် ပြောင်းလဲတယ်ဆိုတဲ့ သက်သေအထောက်အထားကို အကြီးအကဲတွေ မြင်ဖို့ လိုတယ်။ (၂ ကောရိန္သု ၇:၁၁ ကို ဖတ်ပါ။) လိုအပ်တဲ့ အပြောင်းအလဲတွေ လုပ်ဖို့ အချိန် အတော်အတန် လိုနိုင်တယ်။ အချိန်အတိုင်းအတာ တစ်ခုအထိ အသင်းတော်ကနေ နှင်ထုတ်ခံရတာမျိုး ဖြစ်နိုင်တယ်။—၁ ကော. ၅:၁၁-၁၃။ ၆:၉၊ ၁၀။

၁၈။ နှင်ထုတ်ခံရသူ စစ်မှန်တဲ့ နောင်တ ရကြောင်း ဘယ်လို ပြနိုင်သလဲ။

၁၈ နှင်ထုတ်ခံရသူဟာ စစ်မှန်တဲ့ နောင်တ ရကြောင်း ပြဖို့ အစည်းအဝေးတွေ ပုံမှန် တက်ရမယ်။ အကြီးအကဲတွေရဲ့ အကြံဉာဏ်အတိုင်း ပုံမှန် ဆုတောင်း၊ လေ့လာရမယ်။ အမှားလုပ်မိစေနိုင်တဲ့ အခြေအနေတွေကို ရှောင်ရမယ်။ ယေဟောဝါနဲ့ ဆက်ဆံရေး ပြန်ကောင်းအောင် ကြိုးစားမယ်ဆိုရင် ဘုရား အပြည့်အဝ ခွင့်လွှတ်မယ်၊ အကြီးအကဲတွေ အသင်းတော်မှာ ပြန်လက်ခံမယ်ဆိုတာ စိတ်ချနိုင်တယ်။ အကြီးအကဲတွေဟာ အပြစ်လုပ်ထားသူ တကယ် နောင်တ ရမရ ဆိုတာကို ကိစ္စတစ်ခုစီအလိုက် သေသေချာချာ ဆန်းစစ်ကြတယ်။ ပြင်းပြင်းထန်ထန် စီရင်ဆုံးဖြတ်တာမျိုး မလုပ်ကြဘူး။

၁၉။ စစ်မှန်တဲ့ နောင်တမှာ ဘာတွေ ပါဝင်သလဲ။ (ယေဇကျေလ ၃၃:၁၄-၁၆)

၁၉ လေ့လာခဲ့တဲ့အတိုင်း စစ်မှန်တဲ့ နောင်တ ရသူဟာ လုပ်မိတဲ့ အပြစ်အတွက် ဝမ်းနည်းရုံလောက်သာ မဟုတ်ဘဲ အကျင့်ကောင်းတွေ ကျင့်နိုင်အောင် စိတ်သဘောကို ပြောင်းလဲရမယ်။ အမှားကို စွန့်ပြီး ယေဟောဝါရဲ့ နည်းလမ်းအတိုင်း ပြန်နေထိုင်ဖို့ ကြိုးစားရမယ်။ (ယေဇကျေလ ၃၃:၁၄-၁၆ ကို ဖတ်ပါ။) အပြစ်လုပ်မိသူအတွက် အရေးကြီးဆုံးက ယေဟောဝါနဲ့ ဆက်ဆံရေး ပြန်ကောင်းအောင် ပြုပြင်ဖို့ ဖြစ်သင့်တယ်။

အပြစ်လုပ်မိသူ နောင်တ ရဖို့ ကူညီပါ

၂၀-၂၁။ တစ်ယောက်ယောက် ကြီးလေးတဲ့ အပြစ် လုပ်မိရင် ဘယ်လို ကူညီပေးနိုင်သလဲ။

၂၀ မိမိ အမှုဆောင်လုပ်ငန်း လုပ်ဆောင်ရတဲ့ အကြောင်းရင်းတစ်ခုက “အပြစ်သားတွေ နောင်တ ရစေဖို့” ဖြစ်တယ်လို့ ယေရှု ပြောတယ်။ (လု. ၅:၃၂) ကျွန်တော်တို့ရဲ့ ဆန္ဒလည်း အဲဒီလိုပဲ ဖြစ်သင့်တယ်။ မိတ်ဆွေရင်း တစ်ယောက် ကြီးလေးတဲ့ အပြစ် လုပ်ထားတာ သိနေတယ် ဆိုပါစို့။ ဘာလုပ်သင့်သလဲ။

၂၁ အပြစ်ကို ဖုံးဖိပေးဖို့ ကြိုးစားမယ်ဆိုရင် ကိုယ့်မိတ်ဆွေပဲ ဒုက္ခရောက်မယ်။ အရာအားလုံးကို ယေဟောဝါ မြင်တဲ့အတွက် ဘယ်လောက် ဖုံးဖုံး အလကားပဲ။ (ပညာ. ၅:၂၁၊ ၂၂။ ၂၈:၁၃) အကြီးအကဲတွေ ကူညီပေးချင်ကြောင်း မိတ်ဆွေကို အသိပေးခြင်းအားဖြင့် ကူညီပေးနိုင်တယ်။ အကြီးအကဲတွေဆီ အပြစ် ဝန်ခံဖို့ သူ ငြင်းဆန်နေမယ်ဆိုရင် ကိုယ်တိုင် သွားပြောပြသင့်တယ်။ ဒါက မိတ်ဆွေကို တကယ် ကူညီပေးရာ ရောက်တယ်။ အဲဒီလိုမှ မဟုတ်ရင် ယေဟောဝါနဲ့ သူ့ဆက်ဆံရေး ပျက်စီးတော့မှာ ဖြစ်လို့ပဲ။

၂၂။ နောက်ဆောင်းပါးမှာ ဘာအကြောင်း ဆွေးနွေးကြမလဲ။

၂၂ လူတစ်ယောက် လုပ်မိတဲ့အပြစ် တော်တော် ကြီးလေးပြီး အပြစ်လုပ်နေတာလည်း အချိန် တော်တော် ကြာပြီမို့ နှင်ထုတ်ဖို့ အကြီးအကဲတွေ ဆုံးဖြတ်တယ် ဆိုရင်ကော။ ကရုဏာ မပြရာ ကျသလား။ အပြစ်လုပ်မိသူတွေကို ယေဟောဝါ ဘယ်လို ကရုဏာရှိရှိ ဆုံးမကြောင်း၊ ဘုရားကို ဘယ်လို တုပနိုင်ကြောင်း နောက်ဆောင်းပါးမှာ ဆွေးနွေးကြပါမယ်။

သင် ဘယ်လို ဖြေမလဲ

  • ဘုရင် အာဟပ်ရဲ့ ပုံနမူနာကနေ နောင်တအကြောင်း ဘာသိရသလဲ။

  • ဘုရင် မနာရှေ စစ်မှန်တဲ့ နောင်တ ရကြောင်း ဘာက ဖော်ပြသလဲ။

  • ယေရှုရဲ့ သားမိုက် ပုံဥပမာကနေ နောင်တအကြောင်း ဘာသိရသလဲ။

သီချင်း ၁၀၃ လူ့အသွင်ဆု သိုးထိန်းများ

a စစ်မှန်တဲ့ နောင်တဆိုတာ လုပ်မိတဲ့ အမှားအတွက် ဝမ်းနည်းတယ်လို့ ပြောရုံလောက်သာ မဟုတ်ဘူး။ စစ်မှန်တဲ့ နောင်တဆိုတာ ဘာကို ဆိုလိုကြောင်း နားလည်စေဖို့ ဘုရင် အာဟပ်၊ ဘုရင် မနာရှေ၊ ယေရှု ပြောတဲ့ သားမိုက် ပုံဥပမာတွေကို ဒီဆောင်းပါးမှာ ဆွေးနွေးကြပါမယ်။ ကြီးလေးတဲ့ အပြစ် ကျူးလွန်သူ တစ်ယောက် နောင်တ ရမရ သုံးသပ်ချိန်မှာ အကြီးအကဲတွေ ထည့်စဉ်းစားရမယ့် အချက်တွေကိုလည်း ဆွေးနွေးကြပါမယ်။

b ပုံအညွှန်း– ယေဟောဝါရဲ့ ပရောဖက် မိက္ခာကို ထောင်ချထားဖို့ အစောင့်တွေကို ဘုရင် အာဟပ် ဒေါသတကြီး အမိန့်ပေးနေ။

c ပုံအညွှန်း– ဗိမာန်တော်မှာ ကိုယ်တိုင် တည်ထားတဲ့ ရုပ်တုတွေကို ဖျက်ဆီးပစ်ဖို့ အလုပ်သမားတွေကို ဘုရင် မနာရှေ ညွှန်ကြားနေ။

d ပုံအညွှန်း– ခရီးဝေး နှင်လာရလို့ မောပန်းနေတဲ့ သားမိုက် အဝေးကနေ အိမ်ကို လှမ်းမြင်ချိန်မှာ ဝမ်းသာသွား။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ