စာရှုသူများထံမှ မေးခွန်းလွှာ
“ငြိမ်သက်ခြင်းကို ကျွန်တော် ယူဆောင်လာတယ်လို့ မထင်ကြနဲ့” ဆိုတဲ့ ယေရှုရဲ့ စကားက ဘာကို ဆိုလိုသလဲ
အချင်းချင်း သင့်မြတ်ဖို့ ယေရှု သင်ပေးတယ်။ ဒါပေမဲ့ “ကမ္ဘာမြေပေါ် ငြိမ်သက်ခြင်းကို ကျွန်တော် ယူဆောင်လာတယ်လို့ မထင်ကြနဲ့။ ငြိမ်သက်ခြင်းအစား ဓားကို ယူဆောင်လာတယ်။ အဖေနဲ့ သား၊ အမေနဲ့ သမီး၊ ယောက္ခမနဲ့ ချွေးမ စိတ်ဝမ်းကွဲပြားစေဖို့ ကျွန်တော် ရောက်လာတာ” လို့ တစ်ကြိမ်မှာ တမန်တော်တွေကို ပြောတယ်။ (မ. ၁၀:၃၄၊ ၃၅) ယေရှု ဘာကို ဆိုလိုသလဲ။
မိသားစုဝင် အချင်းချင်း ယေရှု စိတ်ဝမ်းမကွဲပြားစေချင်ဘူး။ ဒါပေမဲ့ မိမိရဲ့ သွန်သင်ချက်တွေကြောင့် တချို့ စိတ်ဝမ်းကွဲပြားမယ်ဆိုတာ သိတယ်။ ဒါကြောင့် ခရစ်တော်ရဲ့ တပည့်အဖြစ် နှစ်ခြင်းခံချင်သူတွေဟာ ကိုယ့်ဆုံးဖြတ်ချက်ကြောင့် ဘာတွေ ကြုံရနိုင်တယ်ဆိုတာ သိထားဖို့ လိုတယ်။ မယုံကြည်သူ အိမ်ထောင်ဖက် ဒါမှမဟုတ် မိသားစုဝင်တွေ ဆန့်ကျင်တဲ့အခါ ခရစ်တော်ရဲ့ သွန်သင်ချက်တွေအတိုင်း လိုက်လျှောက်ဖို့ အခက်တွေ့နိုင်တယ်။
“လူအားလုံးနဲ့ သင့်မြတ်အောင် အတတ်နိုင်ဆုံး ကြိုးစားပါ” လို့ ခရစ်ယာန်တွေကို ကျမ်းစာမှာ အားပေးထားတယ်။ (ရော. ၁၂:၁၈) ဒါပေမဲ့ ယေရှုရဲ့ သွန်သင်ချက်တွေဟာ မိသားစုတချို့မှာ “ဓား” သဖွယ် ဖြစ်လာနိုင်တယ်။ မိသားစုမှာ တစ်ယောက်က ယေရှုရဲ့ သွန်သင်ချက်တွေကို လက်ခံပြီး ကျန်တဲ့သူတွေ ဆန့်ကျင်တဲ့အခါမျိုးမှာ ဖြစ်တယ်။ ဒီလိုနဲ့ အိမ်သူအိမ်သားတွေဟာ အမှန်တရား လေ့လာနေသူနဲ့ “ရန်သူ” ဖြစ်လာတယ်။—မ. ၁၀:၃၆။
ဘာသာရေး ခံယူချက် မတူတဲ့ မိသားစုမှာ ခရစ်တော်ရဲ့ တပည့်တွေဟာ ယေဟောဝါနဲ့ ယေရှုကို စိတ်ရွှင်လန်းစေမလား၊ မိသားစုအကြိုက် လိုက်မလားဆိုတာ ဆုံးဖြတ်ရတဲ့အခါတွေ ရှိတတ်တယ်။ ဥပမာ၊ ဘာသာရေး ပျော်ပွဲရွှင်ပွဲ ကျင်းပဖို့ မယုံကြည်သူ မိသားစုဝင်တွေ ဖိအားပေးနိုင်တယ်။ ဘယ်သူ့အကြိုက် လိုက်မလဲ ဆုံးဖြတ်ရတော့မယ်။ “ကျွန်တော့်ထက် မိဘကို ပိုချစ်တဲ့သူဟာ ကျွန်တော့်တပည့် မဖြစ်ထိုက်ဘူး” လို့ ယေရှု ပြောတယ်။ (မ. ၁၀:၃၇) ယေရှုတပည့် ဖြစ်ချင်ရင် မိဘတွေကို သိပ်မချစ်ရတော့ဘူးလို့ မဆိုလိုပါဘူး။ ဘဝမှာ ဘာက အရေးကြီးဆုံးလဲဆိုတာ ဆုံးဖြတ်တတ်ဖို့ သင်ပေးနေတာပါ။ ယေဟောဝါကို ဝတ်ပြုဖို့ ကျွန်တော်တို့ရဲ့ ကြိုးစားအားထုတ်မှုကို ဆန့်ကျင်တဲ့ မယုံကြည်သူ မိသားစုဝင်တွေကို ကျွန်တော်တို့ ချစ်မြဲ ချစ်ကြတယ်။ ဒါပေမဲ့ ဘုရားကို ပိုချစ်ရမယ်ဆိုတာ သိထားကြတယ်။
မိသားစုဝင်တွေ ဆန့်ကျင်တဲ့အခါ စိတ်ထိခိုက်ရတယ်။ ဒါပေမဲ့ “ဒုက္ခသစ်တိုင်ကို ထမ်းပြီး ကျွန်တော့်နောက်ကို မလိုက်တဲ့သူဟာ ကျွန်တော့်တပည့် မဖြစ်ထိုက်ဘူး” ဆိုတဲ့ ယေရှုရဲ့ စကားကို ကျွန်တော်တို့ သတိရကြတယ်။ (မ. ၁၀:၃၈) တစ်နည်းအားဖြင့်၊ ခရစ်တော်ရဲ့ တပည့်တွေ လိုလိုလားလား လက်ခံရမယ့် ဆင်းရဲဒုက္ခထဲမှာ မိသားစု ဆန့်ကျင်မှု ပါတယ်ဆိုတာ အသိအမှတ်ပြုကြတယ်။ ဒါပေမဲ့ ကိုယ့်အမူအကျင့်ကောင်းကြောင့် မယုံကြည်သူ မိသားစုဝင်တွေ သဘောထား ပြောင်းလဲလာမှာ၊ ကျမ်းစာအကြောင်း သိချင်လာမှာကိုလည်း မျှော်လင့်ကြပါတယ်။—၁ ပေ. ၃:၁၊ ၂။