လေ့လာရန် ဆောင်းပါး ၃၃
ဒံယေလဆီကနေ သင်ယူပါ
‘ခင်ဗျားဟာ သိပ်တန်ဖိုးထားရတဲ့သူ ဖြစ်တယ်။’—ဒံ. ၉:၂၃။
သီချင်း ၇၃ ရဲစွမ်းသတ္တိ ပေးပါ
အကြိုသုံးသပ်ချက်a
၁။ ပရောဖက် ဒံယေလကို ဗာဗုလုန်လူမျိုးတွေ ဘာကြောင့် သဘောကျကြသလဲ။
မွေးရပ်မြေ ဂျေရုဆလင်မြို့နဲ့ အလှမ်းဝေးတဲ့ ဗာဗုလုန်ကို သုံ့ပန်းအဖြစ် ခေါ်သွားခံရတုန်းက ပရောဖက် ဒံယေလ လူငယ်အရွယ်ပဲ ရှိသေးတယ်။ ဒါပေမဲ့ “အပြင်ပန်း” ကြည့်ရုံနဲ့တင် ဒံယေလကို ဗာဗုလုန် အရာရှိတွေ သဘောကျကြတယ်။ “ချို့ယွင်းချက် မရှိ ရုပ်ရည်သန့်ပြန့်သူ၊” မျိုးကောင်းရိုးကောင်းလေး ဖြစ်လို့ပဲ။ (၁ ရှ. ၁၆:၇) ဒါနဲ့ ဗာဗုလုန် နန်းတွင်း အမှုထမ်း ဖြစ်လာဖို့ လေ့ကျင့်ပေးကြတယ်။—ဒံ. ၁:၃၊ ၄၊ ၆။
၂။ ဒံယေလကို ယေဟောဝါ ဘာကြောင့် ချစ်သလဲ။ (ယေဇကျေလ ၁၄:၁၄)
၂ ပုံပန်းသွင်ပြင်ကြောင့်၊ နန်းတော်မှာ ရထားတဲ့ အခွင့်ထူးတွေကြောင့် ဒံယေလကို ယေဟောဝါ ချစ်တာ မဟုတ်ဘူး။ အချစ်ခံရအောင် နေလို့ကို ချစ်တာ။ ကျမ်းစာမှာ နောဧ၊ ယောဘတို့နဲ့ အတူတူ တွဲဖော်ပြတုန်းက ဒံယေလ အသက် ၂၀ လောက်ပဲ ရှိဦးမယ်။ ဒါပေမဲ့ နှစ်ပေါင်းများစွာ ဘုရားကို သစ္စာရှိရှိ ဝတ်ပြုခဲ့ကြတဲ့ နောဧ၊ ယောဘတို့လိုပဲ ဒံယေလကို ဖြောင့်မတ်တယ်လို့ ယေဟောဝါ မြင်တယ်။ (က. ၅:၃၂။ ၆:၉၊ ၁၀။ ယောဘ ၄၂:၁၆၊ ၁၇။ ယေဇကျေလ ၁၄:၁၄ ကို ဖတ်ပါ။) ဒံယေလဟာ တစ်သက်တာလုံး ဘုရား အချစ်ခံရတယ်။—ဒံ. ၁၀:၁၁၊ ၁၉။
၃။ ဒီဆောင်းပါးမှာ ဘာအကြောင်း လေ့လာကြမလဲ။
၃ ဘယ်အရည်အသွေး နှစ်ခုကြောင့် ဒံယေလဟာ ဘုရား တန်ဖိုးထားရတဲ့သူ ဖြစ်လာသလဲ။ အရည်အသွေး တစ်ခုစီကို ဘယ်အချိန်မှာ ဒံယေလ ပြသလဲ။ ဒီအရည်အသွေးတွေ ဘယ်လိုလုပ် ရှိလာသလဲ။ ကျွန်တော်တို့ ဘယ်လို အတုယူနိုင်သလဲ။ ဒီအကြောင်း ဒီဆောင်းပါးမှာ လေ့လာကြပါမယ်။ ဒီဆောင်းပါးဟာ လူငယ်တွေအတွက် ရည်ရွယ်ထားပေမဲ့ ကျွန်တော်တို့အားလုံး ဒံယေလဆီကနေ သင်ယူနိုင်တယ်။
ဒံယေလလို သတ္တိရှိပါ
၄။ သတ္တိရှိကြောင်း ဒံယေလ ဘယ်လို ပြသလဲ။ ဥပမာ ပေးပါ။
၄ သတ္တိရှိသူလည်း ကြောက်စိတ် ဝင်ချိန် ရှိနိုင်တယ်။ ဒါပေမဲ့ မှန်ရာ မလုပ်ဘဲ မနေဘူး။ ဒံယေလဟာ သိပ်ကို သတ္တိရှိတဲ့ လူငယ်လေးပါပဲ။ သတ္တိရှိကြောင်း ပြခဲ့တဲ့ အခြေအနေ နှစ်ခုကို သုံးသပ်ကြည့်ရအောင်။ ပထမ အခြေအနေက ဂျေရုဆလင်မြို့ကို ဗာဗုလုန်တွေ ဖျက်ဆီးပြီးနောက် နှစ်နှစ်လောက် အကြာမှာ ဖြစ်ပုံရတယ်။ ဧရာမ ရုပ်တုကြီးအကြောင်း ထိတ်လန့်စရာ အိပ်မက် ဘုရင် နေဗုခဒ်နေဇာ မက်တယ်။ အိပ်မက်နဲ့ အိပ်မက်အဓိပ္ပာယ် ပြောမပြနိုင်ရင် ဒံယေလ အပါအဝင် ပညာရှိအားလုံးကို သတ်ပစ်မယ်လို့ ခြိမ်းခြောက်တယ်။ (ဒံ. ၂:၃-၅) ဒံယေလ မြန်မြန်ဆန်ဆန် လုပ်ရတော့တယ်။ မဟုတ်ရင် အားလုံး အသတ်ခံကြရမှာ။ ဒါကြောင့် “မင်းကြီးဆီ အခစားဝင်ပြီး အိပ်မက်အဓိပ္ပာယ်ကို ပြောပြနိုင်ဖို့ အချိန်နည်းနည်း ပေးပါလို့ ခွင့်တောင်းတယ်။” (ဒံ. ၂:၁၆) သတ္တိ ရှိလို့၊ ယုံကြည်ခြင်း ရှိလို့သာ ဒီလို ခွင့်တောင်းရဲတာ။ ဘာကြောင့်လဲ။ အရင်က ဒံယေလ အိပ်မက်အဓိပ္ပာယ် ပြန်ဖူးတယ်ဆိုတဲ့ ကျမ်းမှတ်တမ်း မရှိဘူး။ “ဒီလျှို့ဝှက်ချက်ကို ဖွင့်ပြပြီး ကရုဏာ ပြပါလို့ ကောင်းကင်အုပ်စိုးရှင် ဘုရားသခင်ဆီ ဆုတောင်းဖို့” သူငယ်ချင်း ရှာဒရက်၊ မေရှက်နဲ့ အဗေဒနေဂေါကိုလည်း ဒံယေလ တောင်းဆိုတယ်။b (ဒံ. ၂:၁၈) ဆုတောင်းချက်တွေကို ယေဟောဝါ အဖြေပေးတယ်။ ဘုရားအကူအညီကြောင့် နေဗုခဒ်နေဇာရဲ့ အိပ်မက်အဓိပ္ပာယ်ကို ဒံယေလ ပြောပြလိုက်နိုင်တယ်။ ဒံယေလနဲ့ သူငယ်ချင်းတွေ အသက်ဘေး လွတ်သွားကြတယ်။
၅။ သတ္တိရှိကြောင်း ဘယ်အချိန်မှာ ဒံယေလ ထပ်ပြသလဲ။
၅ ဧရာမ ရုပ်တုကြီးနဲ့ပတ်သက်တဲ့ အိပ်မက်အဓိပ္ပာယ် ပြန်ပြီးနောက် အတော်ကြာမှာ သတ္တိရှိကြောင်း ဒံယေလ ထပ်ပြရတယ်။ ထိတ်လန့်စရာ အိပ်မက်တစ်ခု နေဗုခဒ်နေဇာ မက်ပြန်တယ်။ ဧရာမ သစ်ပင်ကြီးအကြောင်း မက်တာ။ အိပ်မက်အဓိပ္ပာယ်ကို ဒံယေလ သတ္တိရှိရှိ ပြောပြတယ်။ ဘုရင် စိတ်ဖောက်သွားမယ်၊ အချိန် အတိုင်းအတာ တစ်ခုအထိ နန်းကျမယ်လို့ ပြောတယ်။ (ဒံ. ၄:၂၅) ဘုရင်ကို အကြည်အညို ပျက်စေမှုနဲ့ ဒံယေလ အသတ်တောင် ခံရနိုင်တယ်။ ဒါပေမဲ့ ပြောစရာ ရှိတာ သတ္တိရှိရှိ ပြောတယ်။
၆။ ဒံယေလ ဘယ်လိုလုပ် သတ္တိရှိလာသလဲ။
၆ ဘဝတစ်လျှောက် ဒံယေလ သတ္တိရှိတာ ဘာကြောင့် ဖြစ်မလဲ။ စံနမူနာ ကောင်းတဲ့ မိဘတွေကြောင့်ပါ။ အစ္စရေး မိဘတွေကို ယေဟောဝါ ပေးတဲ့ ညွှန်ကြားချက်အတိုင်း ဒံယေလကို ဘုရားပညတ်တွေ သင်ပေးကြမှာပဲ။ (တရား. ၆:၆-၉) ဒါကြောင့် ပညတ်တော် ဆယ်ပါးလိုမျိုး ပညတ်တရားရဲ့ အခြေခံလောက်ကိုသာမက အစ္စရေးတစ်ယောက် ဘာစားလို့ ရတယ်၊ မရဘူးဆိုတဲ့ အသေးစိတ် အချက်တွေကိုပါ ဒံယေလ သိနေတာ။c (ဝတ်. ၁၁:၄-၈။ ဒံ. ၁:၈၊ ၁၁-၁၃) အစ္စရေးလူမျိုး သမိုင်းကြောင်းကနေလည်း ဒံယေလ သင်ယူတယ်။ ယေဟောဝါရဲ့ စံနှုန်းတွေကို မလိုက်နာလို့ အစ္စရေးတွေ ဘာကြုံရမှန်း သိတယ်။ (ဒံ. ၉:၁၀၊ ၁၁) မိမိ ဘဝတစ်လျှောက် ကြုံခဲ့ရတာတွေကြောင့် ရှေ့မှာ ဘာတွေပဲ ရင်ဆိုင်ရပါစေ ယေဟောဝါနဲ့ ခွန်အားကြီး ကောင်းကင်တမန်တွေ ကူညီပေးမယ်ဆိုတာ စိတ်ချတယ်။—ဒံ. ၂:၁၉-၂၄။ ၁၀:၁၂၊ ၁၈၊ ၁၉။
လေ့လာခြင်း၊ ဆုတောင်းခြင်း၊ ယေဟောဝါကို ယုံကြည်ကိုးစားခြင်းအားဖြင့် ဒံယေလ သတ္တိမွေး (စာပိုဒ် ၇ ကို ကြည့်ပါ)
၇။ ဒံယေလ သတ္တိ ရှိရတဲ့ နောက်ထပ် အကြောင်းရင်းက ဘာလဲ။ (ရုပ်ပုံကိုလည်း ကြည့်ပါ။)
၇ ယေရမိ ပရောဖက်ပြုချက် အပါအဝင် ပရောဖက်ပြုချက် တော်တော်များများ ဒံယေလ လေ့လာတယ်။ အဲဒီလို လေ့လာလို့ ဂျူးသုံ့ပန်းကာလရှည် မကြာခင် ကုန်တော့မယ်ဆိုတာ သိလာတယ်။ (ဒံ. ၉:၂) ပရောဖက်ပြုချက် ပြည့်စုံတာ မြင်ရလို့ ဘုရားကို ပိုယုံကြည်ကိုးစားလာတယ်။ သတ္တိ ရှိလာတယ်။ ဘုရားကို အပြည့်အဝ ယုံကြည်ကိုးစားသူတွေလည်း ဒံယေလလိုပဲ သတ္တိ ရှိနိုင်တယ်။ (ရောမ ၈:၃၁၊ ၃၂၊ ၃၇-၃၉ နဲ့ နှိုင်းယှဉ်ပါ။) ဒါ့အပြင် ကောင်းကင်ဘုံစံ ဖခင်ဆီ ဒံယေလ မကြာခဏ ဆုတောင်းတယ်။ (ဒံ. ၆:၁၀) အပြစ်တွေ ဝန်ချတောင်းပန်တယ်။ ကိုယ့်ခံစားချက်တွေ ပြောပြတယ်။ အကူအညီ တောင်းတယ်။ (ဒံ. ၉:၄၊ ၅၊ ၁၉) ဒံယေလလည်း ကျွန်တော်တို့လို သာမန်လူပဲ။ မွေးကတည်းက သတ္တိ ရှိနေတာ မဟုတ်ဘူး။ သတ္တိ ရှိအောင် လုပ်ထားတာ။ ဆုတောင်းခြင်း၊ လေ့လာခြင်း၊ ဘုရားကို ယုံကြည်ကိုးစားခြင်းအားဖြင့်ပါ။
၈။ သတ္တိ ဘယ်လို မွေးနိုင်မလဲ။
၈ သတ္တိ ဘယ်လို မွေးနိုင်မလဲ။ သတ္တိရှိတဲ့ မိဘတွေက သားသမီးတွေ သတ္တိရှိဖို့ အားပေးတတ်ကြတယ်။ ဒါပေမဲ့ သတ္တိဆိုတာ လက်ဆင့်ကမ်း အမွေပေးလို့ ရတာမျိုး မဟုတ်ဘူး။ စွမ်းရည်တစ်ခု သင်ယူသလို သင်ယူရတာမျိုး။ ဆရာသမားတွေဆီကနေ အတုမြင် အတတ်သင်ပြီး ကျွန်တော်တို့ စွမ်းရည်ကောင်းတွေ ရှိလာကြတယ်။ ဒီလိုပဲ သတ္တိရှိသူတွေဆီကနေ အတုမြင် အတတ်သင်တဲ့အခါ သတ္တိရှိလာမယ်။ ဒီတော့ သတ္တိခဲ ဒံယေလဆီကနေ ဘာတွေ သင်ယူကြမလဲ။ ဒံယေလလိုပဲ ကျမ်းစာကို ကောင်းကောင်း အကျွမ်းဝင်ရမယ်။ မကြာခဏ ရင်ဖွင့်ဆုတောင်းခြင်းအားဖြင့် ဘုရားနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး ရှိအောင် လုပ်ရမယ်။ ဘုရားရဲ့ ကျောထောက်နောက်ခံ ရှိတယ်ဆိုတာ အပြည့်အဝ ယုံကြည်ရမယ်။ ဒါဆိုရင် ယုံကြည်ခြင်း စမ်းသပ်ခံရချိန်မှာ သတ္တိ ရှိနေမယ်။
၉။ သတ္တိရှိရင် ဘာအကျိုး ရသလဲ။
၉ သတ္တိရှိရင် အကျိုး အများကြီး ရတယ်။ ဂျာမနီနိုင်ငံက ညီအစ်ကိုငယ် ဘန်အကြောင်း သုံးသပ်ကြည့်ပါ။ ဆင့်ကဲအယူကို အတန်းဖော်အားလုံး ယုံကြတယ်။ ကျမ်းစာမှာ ပါတဲ့ ဖန်ဆင်းခြင်း မှတ်တမ်းကို ဒဏ္ဍာရီသာသာပဲ သဘောထားကြတယ်။ တစ်နေ့၊ အတန်းရှေ့ ထွက်ရပ်ပြီး ဖန်ဆင်းခြင်းကို ဘာကြောင့် ယုံသလဲဆိုတာ ဘန် ရှင်းပြခွင့် ရတယ်။ ကိုယ့်ယုံကြည်ချက်ကို သတ္တိရှိရှိ ပြောပြတယ်။ ဘာဆက်ဖြစ်သလဲ။ “ဆရာက ကျွန်တော် ရှင်းပြတာကို သေသေချာချာ နားထောင်တယ်။ တင်ဆက်တုန်းက သုံးတဲ့ ဆောင်းပါးကိုလည်း မိတ္တူ ကူးပြီး အတန်းသားအားလုံးကို ဝေပေးလိုက်တယ်” လို့ ပြောတယ်။ အတန်းဖော်တွေကော။ “တော်တော်များများ နားထောင်ကြတယ်။ ကျွန်တော့်ကို လေးစားလာကြတယ်” လို့ ပြောတယ်။ ဘန့်အဖြစ်မှာလိုပဲ သတ္တိရှိသူတွေကို လူတွေ လေးစားကြတယ်။ စိတ်ရိုးဖြောင့်သူတွေဆိုရင် ယေဟောဝါအကြောင်းတောင် စိတ်ဝင်စားလာနိုင်တယ်။ သတ္တိရှိဖို့ လိုတဲ့ အကြောင်းကောင်းတွေပါပဲ။
ဒံယေလလို သစ္စာစောင့်သိပါ
၁၀။ သစ္စာစောင့်သိတယ်ဆိုတာ ဘာလဲ။
၁၀ ကျမ်းစာမှာ သုံးထားတဲ့ “သစ္စာစောင့်သိ” ဆိုတဲ့ ဟီဘရူး စကားလုံးဟာ နွေးထွေးတဲ့ မေတ္တာကို ဆိုလိုတယ်။ ကျေးကျွန်တွေအပေါ် ဘုရား သစ္စာစောင့်သိကြောင်း၊ ကျေးကျွန်တွေ အချင်းချင်း သစ္စာစောင့်သိတဲ့အကြောင်း ကျမ်းစာမှာ ဖော်ပြထားတယ်။ (၂ ရှ. ၉:၆၊ ၇) မိမိအပေါ် သစ္စာစောင့်သိဖို့လည်း ဘုရား မျှော်လင့်တယ်။ သစ္စာစောင့်သိမှုဟာ အချိန်နဲ့အမျှ တိုးလာနိုင်တယ်။ ဒံယေလရဲ့ သစ္စာစောင့်သိမှု ဘယ်လို တိုးလာသလဲ ကြည့်ကြစို့။
ကောင်းကင်တမန်တစ်ပါး စေလွှတ်ပြီး ခြင်္သေ့တွေရဲ့ ပါးစပ် ပိတ်ပေးခြင်းအားဖြင့် ဒံယေလရဲ့ သစ္စာရှိမှုကို ယေဟောဝါ ဆုချ (စာပိုဒ် ၁၁ ကို ကြည့်ပါ)
၁၁။ အသက်ကြီးချိန်မှာ သစ္စာစောင့်သိကြောင်း ဒံယေလ ဘယ်လို ပြခဲ့သလဲ။ (မျက်နှာဖုံးပုံကို ကြည့်ပါ။)
၁၁ ဘဝတစ်လျှောက် ဒံယေလ သစ္စာစောင့်သိမှု အကြိမ်ကြိမ် စမ်းသပ်ခံရတယ်။ အသက် ၉၀ ကျော်မှာ ကြုံရတဲ့ စမ်းသပ်မှုကတော့ တော်တော် ခက်တယ်။ ဗာဗုလုန်ကို မီးဒီးယားနဲ့ ပါးရှားတွေ သိမ်းပိုက်ပြီး ဒါရိမင်း အုပ်စိုးနေတယ်။ ဒံယေလကို ဒါရိမင်းရဲ့ မှူးမတ်တွေ မုန်းကြတယ်။ သူ ကိုးကွယ်တဲ့ ဘုရားကို မလေးစားကြဘူး။ ဒါနဲ့ ဒံယေလ အသတ်ခံရအောင် ခွင်ဆင်ကြတယ်။ ဘုရားကို သစ္စာ ရှိမလား၊ ဘုရင်ကို သစ္စာ ရှိမလားဆိုတာ စမ်းသပ်ဖို့ ဘုရင်ကို အမိန့်စာ ထုတ်ခိုင်းကြတယ်။ ရက် ၃၀ လောက် ဆုမတောင်းရုံ၊ တခြားသူတွေနဲ့ အုတ်ရောရော ကျောက်ရောရော နေလိုက်ရုံနဲ့ ဘုရင်ကို သစ္စာ ရှိကြောင်း ဒံယေလ ပြလို့ ရတယ်။ ဒါပေမဲ့ ဘုရားကို သစ္စာစောင့်သိတယ်။ ဒါကြောင့် ခြင်္သေ့တွင်းထဲ ပစ်ချခံရတယ်။ ဒါပေမဲ့ ခြင်္သေ့ခံတွင်းကနေ ယေဟောဝါ ကယ်ပြီး ဒံယေလရဲ့ သစ္စာစောင့်သိမှုကို ဆုချခဲ့တယ်။ (ဒံ. ၆:၁၂-၁၅၊ ၂၀-၂၂) ကျွန်တော်တို့လည်း ဒံယေလလို ယေဟောဝါကို ဘယ်လို သစ္စာစောင့်သိနိုင်မလဲ။
၁၂။ ဘာကြောင့် ယေဟောဝါအပေါ် ဒံယေလ သစ္စာမြဲသလဲ။
၁၂ ဘုရားကို နှစ်နှစ်ကာကာ ချစ်မှ သစ္စာစောင့်သိနိုင်မယ်။ ဒံယေလလည်း ကောင်းကင်ဘုံစံ အဖကို နှစ်နှစ်ကာကာ ချစ်လို့ သစ္စာမြဲခဲ့တာ။ ဘုရားရဲ့ အရည်အသွေးတွေအကြောင်း၊ ဒီအရည်အသွေးတွေကို ဘုရား ဘယ်လို ပြခဲ့ကြောင်း အချိန်ပေး စဉ်းစားလို့ ဘုရားကို ချစ်တဲ့ မေတ္တာ တိုးလာတယ်။ (ဒံ. ၉:၄) ကိုယ့်အတွက်၊ လူမျိုးတော်အတွက် ဘုရား လုပ်ပေးတဲ့ ကောင်းမြတ်ရာတွေကို တွေးတောဆင်ခြင်တယ်။ ကျေးဇူးတင်တယ်။—ဒံ. ၂:၂၀-၂၃။ ၉:၁၅၊ ၁၆။
ယေဟောဝါကို နှစ်နှစ်ကာကာ ချစ်မယ်ဆိုရင် ဒံယေလလို သင် သစ္စာမြဲနိုင် (စာပိုဒ် ၁၃ ကို ကြည့်ပါ)
၁၃။ (က) လူငယ်တွေ သစ္စာစောင့်သိမှု ဘယ်လို စမ်းသပ်ခံရသလဲ။ ဥပမာ ပေးပါ။ (ရုပ်ပုံကိုလည်း ကြည့်ပါ။) (ခ) လိင်တူသမားတွေကို ယေဟောဝါသက်သေတွေ ထောက်ခံသလားလို့ အမေးခံရရင် ဘယ်လို ဖြေမလဲ။ (“စစ်မှန်တဲ့ ဖြောင့်မတ်မှုကြောင့် ငြိမ်းချမ်းလာမယ်” ဗီဒီယိုကို jw.org မှာ ကြည့်ပါ။)
၁၃ ဒံယေလလိုပဲ ဒီနေ့ခေတ် ခရစ်ယာန် လူငယ်တွေလည်း ဘုရားနဲ့ ဘုရားစံနှုန်းတွေကို မလေးစားသူတွေကြားမှာ အသက်ရှင်ကြရတယ်။ ဘုရားကို ချစ်လို့ကို တချို့က မုန်းကြတယ်။ ဘုရားအပေါ် သစ္စာ မဖောက်ဖောက်အောင် အနိုင်ကျင့်ကြတယ်။ ဩစတြေးလျနိုင်ငံက ဂရေယမ်လို့ ခေါ်တဲ့ လူငယ်လေးအကြောင်း သုံးသပ်ကြည့်ပါ။ အထက်တန်း ကျောင်းသားဘဝမှာ စမ်းသပ်မှု ကြုံရတယ်။ လိင်တူသမားပါလို့ အတန်းဖော်တစ်ယောက် ရင်ဖွင့်လာရင် ဘယ်လို တုံ့ပြန်ကြမလဲလို့ အတန်းသားတွေကို ဆရာမ မေးတယ်။ လိင်တူကြိုက်တာကို ထောက်ခံသူတွေ အတန်းထောင့် တစ်ထောင့်မှာ၊ မထောက်ခံသူတွေ တစ်ထောင့်မှာ ရပ်ဖို့ ပြောတယ်။ “ကျွန်တော်နဲ့ အတန်းဖော် သက်သေခံတစ်ယောက်က လွဲလို့ အတန်းသားအားလုံး ထောက်ခံတဲ့ဘက်မှာ ရပ်ကြတယ်” လို့ ဂရေယမ် ပြောတယ်။ အခြေအနေ ပိုဆိုးလာတယ်။ ဘုရားကို သစ္စာစောင့်သိကြောင်း ဂရေယမ် သက်သေပြခဲ့ရတယ်။ “ကျန်တဲ့ အတန်းချိန် တစ်လျှောက်လုံး အတန်းဖော်တွေကော ဆရာမကပါ ကျွန်တော်တို့ကို မထိတထိ ပြောကြတယ်။ ကိုယ့်ယုံကြည်ချက်အကြောင်း ကျွန်တော် တတ်နိုင်သလောက် တည်တည်ငြိမ်ငြိမ် ရှင်းပြတယ်။ ဒါပေမဲ့ နားမထောင်ကြဘူး” လို့ ပြောတယ်။ ဂရေယမ် ဘယ်လို ခံစားရသလဲ။ “တစ်တန်းလုံးရဲ့ တံတွေးခွက်ထဲ ပက်လက် မျောရတဲ့ အဖြစ်မျိုး ကျွန်တော် ဘယ်ရောက်ချင်ပါ့မလဲ။ ဒါပေမဲ့ ဘုရားအပေါ် သစ္စာစောင့်သိနိုင်လို့၊ ကိုယ့်ယုံကြည်ချက်ကို ခုခံပြောဆိုနိုင်လို့ သိပ်ပျော်တယ်” လို့ ဂရေယမ် ပြောတယ်။
၁၄။ ယေဟောဝါအပေါ် သစ္စာမြဲအောင် ဘာလုပ်နိုင်သလဲ။
၁၄ ဒံယေလလိုပဲ ယေဟောဝါကို နှစ်နှစ်ကာကာ ချစ်ရင် သစ္စာမြဲနိုင်မယ်။ ဒါဆိုရင် ဘုရားကို နှစ်နှစ်ကာကာ ချစ်တတ်လာဖို့ ဘာလုပ်ရမလဲ။ ဘုရားရဲ့ အရည်အသွေးတွေအကြောင်း လေ့လာနိုင်တယ်။ ဥပမာ၊ ဖန်ဆင်းရာတွေကို လေ့လာနိုင်တယ်။ (ရော. ၁:၂၀) “အလိုလို ဖြစ်လာနိုင်ပါ့မလား” ဆောင်းပါးတွေ ဖတ်နိုင်တယ်။ ဗီဒီယိုတွေ ကြည့်နိုင်တယ်။ သက်ရှိများသည် ဖန်ဆင်းခံရခြင်းလော စာစောင်၊ သက်ရှိများရဲ့ မူလအစ—မေးသင့်မေးထိုက်တဲ့ မေးခွန်း ငါးခု (အင်္ဂလိပ်) စာစောင်ကို လေ့လာနိုင်တယ်။ ဒိန်းမတ်နိုင်ငံက ညီအစ်မငယ် အက်စတာ ဒီလိုပြောတယ်– “အဲဒီစာစောင်တွေမှာ ကျိုးကြောင်းဆင်ခြင်ပြထားတာ တအား ထိမိတာပဲ။ ဘာကို ယုံပါလို့ ပြောမထားဘူး။ အချက်အလက်တွေကို ရိုးရိုးလေးပဲ ဖော်ပြထားတယ်။ ယုံမယုံ ကိုယ့်ဘာသာကိုယ် ဆုံးဖြတ်ရမှာ။” အစောပိုင်းမှာ ဖော်ပြတဲ့ ဘန်လည်း “အဲဒီဆောင်းပါးတွေ၊ စာစောင်တွေက ယုံကြည်ခြင်း ခိုင်ခံ့စေတယ်။ အသက်ကို ဘုရား ဖန်ဆင်းမှန်း ကျွန်တော် စိတ်ချသွားပြီ” လို့ ပြောတယ်။ သင်လည်း အဲဒီစာစောင်တွေ လေ့လာပြီးသွားရင် ‘ယေဟောဝါဘုရားဟာ အရာခပ်သိမ်းကို ဖန်ဆင်းခဲ့တယ်။ ဒါကြောင့် ဂုဏ်တင်မှု၊ ချီးမွမ်းမှုနဲ့ အစွမ်းခွန်အားတွေကို ရထိုက်တယ်’ ဆိုတာ သဘောတူလာပါလိမ့်မယ်။—ဗျာ. ၄:၁၁။d
၁၅။ ဘုရားကို နှစ်နှစ်ကာကာ ချစ်လာနိုင်တဲ့ နောက်တစ်နည်းက ဘာလဲ။
၁၅ ဘုရားကို နှစ်နှစ်ကာကာ ချစ်လာနိုင်တဲ့ နောက်တစ်နည်းက ဘုရားသားတော် ယေရှုအကြောင်း လေ့လာခြင်းပါပဲ။ ဂျာမနီနိုင်ငံက ညီအစ်မငယ် စမီရာ အဲဒီလို လေ့လာတယ်။ “ယေရှုကြောင့် ယေဟောဝါအကြောင်း ပိုသိလာတာ” လို့ ပြောတယ်။ ဘုရားမှာ ခံစားချက် ဘယ်လိုလုပ် ရှိနိုင်မှာလဲဆိုပြီး ညီအစ်မ ငယ်ငယ်တုန်းက နားလည်ရ ခက်ခဲ့တယ်။ ယေရှုမှာ ခံစားချက် ရှိတယ်ဆိုတာတော့ နားလည်တယ်။ “ယေရှု ဖော်ဖော်ရွေရွေ ရှိတာ၊ ကလေးတွေကို ချစ်တာ ကျွန်မ သဘောကျတယ်” လို့ ပြောတယ်။ ယေရှုအကြောင်း ညီအစ်မ လေ့လာလေ ဘုရားကို ပိုချစ်လေ ဖြစ်လာတယ်။ ဘာကြောင့်လဲ။ “ဖခင်ကို ယေရှု အပြည့်အဝ အတုယူမှန်း ကျွန်မ တဖြည်းဖြည်း သိလာတယ်။ သူတို့ နှစ်ယောက် တော်တော် တူတာ။ ဒါကြောင့်လည်း ယေဟောဝါအကြောင်း လူတွေ ပိုသိလာအောင် ယေရှုကို မြေကြီးပေါ် လွှတ်လိုက်တာ နေမှာ” လို့ ပြောတယ်။ (ယော. ၁၄:၉) သင်လည်း ယေဟောဝါနဲ့ ဆက်ဆံရေး ပိုခိုင်မြဲချင်ရင် ယေရှုအကြောင်း အချိန်ပေး လေ့လာကြည့်ပါ။ ဒါဆိုရင် ဘုရားကို ပိုချစ်လာမယ်။ သစ္စာ ပိုမြဲလာမယ်။
၁၆။ ဘာကြောင့် သစ္စာစောင့်သိရမလဲ။ (ဆာလံ ၁၈:၂၅။ မိက္ခာ ၆:၈)
၁၆ သစ္စာရှိသူတွေဟာ မိတ်ဆွေ မြဲလေ့ရှိကြတယ်။ (ရု. ၁:၁၄-၁၇) ဒါကြောင့် ယေဟောဝါအပေါ် သစ္စာစောင့်သိရင် ဘုရားနဲ့ ရင်းနှီးမှု နှောင်ကြိုး ခိုင်မြဲမယ်။ ကျေနပ်ပီတိ ဖြစ်ရမယ်။ သစ္စာစောင့်သိသူကို သစ္စာစောင့်သိမယ်လို့ ဘုရား ကတိပေးထားလို့ပဲ။ (ဆာလံ ၁၈:၂၅။ ၃၇:၂၈ တို့ကို ဖတ်ပါ။) စဉ်းစားကြည့်ပါ– အနန္တတန်ခိုးရှင်၊ ဖန်ဆင်းရှင်က ကျွန်တော်တို့လို လူသားတွေကို သစ္စာမပျက် ချစ်မယ်တဲ့။ ဘုရား ချစ်ပြီဟေ့ဆိုရင် စမ်းသပ်မှု၊ ဆန့်ကျင်မှု၊ သေခြင်း ဖြစ်ပါစေ ဘာကမှ ကျွန်တော်တို့ကြား ဝင်နိုင်မှာ မဟုတ်ဘူး။ (ဒံ. ၁၂:၁၃။ လု. ၂၀:၃၇၊ ၃၈။ ရော. ၈:၃၈၊ ၃၉) ဒံယေလလိုပဲ ဘုရားအပေါ် သစ္စာမြဲဖို့ သိပ်အရေးကြီးတယ် မဟုတ်လား။
ဒံယေလဆီကနေ ဆက်သင်ယူနေပါ
၁၇-၁၈။ ဒံယေလဆီကနေ ဘာတွေ သင်ယူနိုင်သေးသလဲ။
၁၇ ဒီဆောင်းပါးမှာ ဒံယေလရဲ့ အရည်အသွေး နှစ်ခုကိုပဲ လေ့လာခဲ့ကြတယ်။ ဒါပေမဲ့ သင်ယူစရာ အများကြီး ကျန်သေးတယ်။ ဥပမာ၊ ဒံယေလကို အိပ်မက်တွေ၊ စိတ်အာရုံတွေ ယေဟောဝါ မြင်စေတယ်။ ကြိုဟောချက်တွေကို အဓိပ္ပာယ် ပြန်နိုင်စွမ်း ပေးတယ်။ ကြိုဟောချက် တော်တော်များများ ပြည့်စုံပြီးသွားပြီ။ ဒါပေမဲ့ လူယောက်တိုင်း ကြုံရမယ့် အနာဂတ် ဖြစ်ရပ်တွေနဲ့ပတ်သက်ပြီး အသေးစိတ် ကြိုဟောချက်တွေ ရှိသေးတယ်။
၁၈ နောက်ဆောင်းပါးမှာ ဒံယေလရဲ့ ကြိုဟောချက် နှစ်ခုအကြောင်း လေ့လာကြမယ်။ အဲဒီကြိုဟောချက်တွေကို နားလည်တာက အခုအချိန်မှာ လူကြီးလူငယ်မရွေး ဆုံးဖြတ်ချက်ကောင်းတွေ ချနိုင်ဖို့ ကူညီပေးပါလိမ့်မယ်။ ကျွန်တော်တို့ ပိုသတ္တိရှိဖို့၊ ပိုသစ္စာစောင့်နိုင်ဖို့ ကူညီပေးမှာ ဖြစ်လို့ ရှေ့မှာ ကြုံရမယ့် စမ်းသပ်မှုတွေအတွက် အသင့်ပြင်ထားရာလည်း ရောက်ပါလိမ့်မယ်။
သီချင်း ၁၁၉ ယုံကြည်ခြင်း ရှိရမယ်
a ဒီနေ့ ယေဟောဝါဘုရားရဲ့ ကျေးကျွန် လူငယ်များစွာ ဘုရားအပေါ် သစ္စာစောင့်သိဖို့၊ သတ္တိ ရှိဖို့ ခက်တဲ့ အခြေအနေတွေ ကြုံကြရတယ်။ ဖန်ဆင်းခြင်းကို ယုံလို့၊ ဘုရားအမှု ဆောင်လို့၊ ဘုရားစံနှုန်းတွေနဲ့အညီ နေလို့ အတန်းဖော်တွေ လှောင်ပြောင်တာ ခံရနိုင်တယ်။ ဒါပေမဲ့ ပရောဖက် ဒံယေလကို အတုယူတာ၊ ယေဟောဝါကို သတ္တိရှိရှိ၊ သစ္စာရှိရှိ အမှုဆောင်တာ ပညာရှိကြောင်း ဒီဆောင်းပါးမှာ လေ့လာကြမယ်။
b ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါဆိုတာ ဗာဗုလုန်တွေ ပေးတဲ့ နာမည် ဖြစ်တယ်။
c ဗာဗုလုန် အစားအသောက်တွေ မသန့်ရှင်းဘူးလို့ ဒံယေလ ယူဆရတဲ့ အကြောင်းရင်း သုံးခု ရှိနိုင်တယ်။ (၁) ပညတ်တရားက တားမြစ်ထားတဲ့ တိရစ္ဆာန်အသား ဖြစ်နေလို့။ (တရား. ၁၄:၇၊ ၈) (၂) အသားတွေကို သွေး ကောင်းကောင်း မထုတ်ထားလို့။ (ဝတ်. ၁၇:၁၀-၁၂) (၃) တိရစ္ဆာန်တွေကို ဘုရားတွေဆီ ကပ်လှူပြီးမှ စားလေ့ရှိကြတဲ့အတွက် သူတို့ ကျွေးတာ စားရင် မှားယွင်းတဲ့ ဝတ်ပြုရေးမှာ ပါဝင်ရာ ရောက်သွားမှာ စိုးလို့။—ဝတ်ပြုရာ ၇:၁၅။ ၁ ကောရိန္သု ၁၀:၁၈၊ ၂၁၊ ၂၂ တို့နဲ့ နှိုင်းယှဉ်ပါ။
d ဘုရားကို ချစ်တဲ့ မေတ္တာ တိုးလာဖို့ ယေဟောဝါထံ ချဉ်းကပ်လော့ စာအုပ်ကိုလည်း လေ့လာနိုင်တယ်။ အဲဒီမှာ ဘုရားရဲ့ အရည်အသွေးတွေအကြောင်း ထပ်ဆင့် ရှင်းပြထားတယ်။