ဘဝအတ္ထုပ္ပတ္တိ
ယေဟောဝါကို ကိုးစားလို့ လုံခြုံနေ
ကျွန်တော့်အသက်တာအကြောင်း လူတွေ မေးလာရင် “ကျွန်တော်က ယေဟောဝါလက်ထဲက ခရီးဆောင်အိတ်ပါ” လို့ ပြန်ဖြေဖြစ်တယ်။ တစ်နေရာရာ သွားတဲ့အခါ လိုရင် လိုသလို ခရီးဆောင်အိတ် ယူသွားသလိုမျိုး ကျွန်တော်လည်း ယေဟောဝါနဲ့ အဖွဲ့အစည်းလက်ထဲက ခရီးဆောင်အိတ် ဖြစ်ချင်တယ်။ လိုတဲ့အချိန်၊ လိုတဲ့နေရာ သုံးပါလေ့စေ။ ခက်ခဲတဲ့၊ အန္တရာယ် များတဲ့ တာဝန်တွေ ထမ်းဆောင်ရင်း သိလာတာ ရှိတယ်။ ယေဟောဝါကို ကိုးစားရင် လုံခြုံတယ်ဆိုတာပဲ။
ယေဟောဝါကို စကိုးစားတတ်လာ
၁၉၄၈၊ နိုင်ဂျီးရီးယားနိုင်ငံ အနောက်တောင်ပိုင်းက ရွာလေးတစ်ရွာမှာ ကျွန်တော် မွေးတယ်။ အဲဒီအချိန်မှာ အဖေ့ညီ ဦးလေး မူစတာဖာနဲ့ ကျွန်တော့်အစ်ကို အကြီးဆုံး ဝါဟာဘီ ယေဟောဝါသက်သေအဖြစ် နှစ်ခြင်းခံလိုက်ကြတယ်။ ကျွန်တော် အသက် ၉ နှစ်မှာ အဖေ ဆုံးသွားတယ်။ ဝမ်းနည်းပက်လက်ပဲ။ အဖေနဲ့ ပြန်တွေ့ရမယ်လို့ အစ်ကို ဝါဟာဘီ ပြောတယ်။ စိတ်ချမ်းသာစရာ ကောင်းတဲ့ အဲဒီအချက်ကြောင့် ကျမ်းစာ လေ့လာဖြစ်သွားတယ်။ ၁၉၆၃ မှာ နှစ်ခြင်းခံတယ်။ နောက်တော့ အစ်ကိုနှစ်ယောက်နဲ့ ညီတစ်ယောက်လည်း နှစ်ခြင်းခံကြတယ်။
၁၉၆၅ မှာ လာဂို့စ်မြို့က အစ်ကို ဝေလ်ဆန်ဆီ သွားနေတယ်။ အစ်ဂ်ဘိုဘီ အသင်းတော်က မှန်မှန်ရှေ့ဆောင်တွေနဲ့ တော်တော်လေး ပေါင်းဖြစ်တယ်။ သူတို့ ပြုံးပျော်နေတာ၊ ထက်သန်တာ ကြည့်ပြီး အားတက်လာလို့ ၁၉၆၈၊ ဇန်နဝါရီလမှာ ရှေ့ဆောင် စလုပ်တယ်။
ဗေသလမှာ အမှုဆောင်နေတဲ့ ညီအစ်ကို အဲလ်ဘတ် အိုလုဘေဘီက ကျွန်တော်တို့ လူငယ်တွေကို စုပြီး အထူး အစည်းအဝေး လုပ်တယ်။ နိုင်ဂျီးရီးယား မြောက်ပိုင်းမှာ အထူးရှေ့ဆောင်တွေ လိုနေတယ်တဲ့။ “ညီအစ်ကိုတို့ရဲ့ လူငယ့်ခွန်အား၊ အချိန်တွေကို ယေဟောဝါအတွက် သုံးလိုက်စမ်းပါ။ လုပ်စရာတွေ အများကြီးပဲ” ဆိုပြီး ညီအစ်ကို အိုလုဘေဘီ အားနဲ့ မာန်နဲ့ ပြောတာ မှတ်မိနေတုန်းပဲ။ ပရောဖက် ဟေရှာယလိုပဲ ယေဟောဝါ သွားစေချင်တဲ့ ဘယ်နေရာမဆို သွားမယ်ဆိုပြီး လျှောက်လွှာ တင်လိုက်တယ်။—ဟေရှာ. ၆:၈။
၁၉၆၈၊ မေလမှာ နိုင်ဂျီးရီးယား မြောက်ပိုင်း၊ ကာနိုမြို့မှာ အထူးရှေ့ဆောင် တာဝန် ကျတယ်။ ဘိုင်ယာဖရမ် စစ်ပွဲ (၁၉၆၇-၁၉၇၀) ဖြစ်နေတဲ့အချိန်ပေါ့။ စစ်ပွဲကြောင့် မြောက်ပိုင်းမှာ ဖွတ်ဖွတ်ကြေလို့ အရှေ့ပိုင်းကို စစ်မီး ကူးနေပြီ။ မြောက်ပိုင်း မသွားဖို့ ညီအစ်ကိုတစ်ယောက် စေတနာနဲ့ တားတယ်။ “စိတ်ပူပေးလို့ ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ အဲဒီမှာ ယေဟောဝါ သွားအမှုဆောင်စေချင်တယ်ဆိုတော့ ကျွန်တော်နဲ့အတူ ယေဟောဝါ ရှိနေမှာ သေချာတယ်” လို့ ပြောလိုက်တယ်။
စစ်ဘေးသင့် ဒေသမှာ ယေဟောဝါကို ကိုးစားခြင်း
ကာနိုမြို့ အခြေအနေ မြင်လိုက်ရတော့ ရင်ထဲ ဆို့သွားတယ်။ တစ်မြို့လုံး ရုပ်ပျက်ဆင်းပျက်ပဲ။ စစ်အတွင်း လူတွေ အသတ်ခံရလို့ လမ်းမှာ အလောင်းတွေ ပုံနေတာ အမှုဆောင် သွားရင်း တွေ့ရတတ်တယ်။ ကာနိုမြို့မှာ အသင်းတော် များတယ်။ ဒါပေမဲ့ ညီအစ်ကို အများစု ထွက်ပြေးနေကြရတယ်။ ကျန်ခဲ့တာဆိုလို့ ၁၅ ယောက်တောင် မပြည့်ဘူး။ ကျန်သာ ကျန်ခဲ့တာ ကြောက်ကြောက်လန့်လန့်နဲ့ စိတ်ဓာတ် ချုံးချုံးကျနေကြပြီ။ ကျွန်တော်တို့ အထူးရှေ့ဆောင် ခြောက်ယောက် ရောက်သွားတော့ သူတို့ ဝမ်းသာလိုက်ကြတာ။ ကျွန်တော်တို့ ဝိုင်းအားပေးတယ်။ အစည်းအဝေး၊ အမှုဆောင်တွေ ပြန်စီစဉ်တယ်။ ဌာနခွဲကို အမှုဆောင် မှတ်တမ်းတွေ ပို့တယ်။ စာပေတွေ မှာတယ်။
ကျွန်တော်တို့ ဟောက်ဆာစကား စသင်ကြတယ်။ သူတို့စကားနဲ့ နိုင်ငံတော် သတင်း ပြောပြတော့ ဒေသခံ တော်တော်များများ နားထောင်ကြတယ်။ ဒါပေမဲ့ အဲဒီမြို့မှာ တော်တော်လေး ဩဇာကြီးတဲ့ ဘာသာတရား ရှိတယ်။ အဲဒီဘာသာဝင်တွေကတော့ ကျွန်တော်တို့ ဟောတာ မကြိုက်ကြဘူး။ ဒါကြောင့် တော်တော် သတိထားရတယ်။ တစ်ခေါက် လူတစ်ယောက် ဓားနဲ့ လိုက်လို့ ကျွန်တော်နဲ့ တွဲဖက် ပြေးလိုက်ရတာ။ အပြေး မြန်လို့သာပေါ့။ အန္တရာယ် များပေမဲ့ ယေဟောဝါကြောင့် “ဘေးကင်းလုံခြုံစွာ နေ” ရတယ်။ ကြေညာသူ အရေအတွက် တိုးလာတယ်။ (ဆာ. ၄:၈) အခု၊ ကာနိုမှာ အသင်းတော် ၁၁ ခု၊ ကြေညာသူ ၅၀၀ ကျော် ရှိနေပြီ။
နိုင်ဂျာနိုင်ငံမှာ ဆန့်ကျင်ခံရ
နိုင်ဂျာနိုင်ငံ၊ နီယာမေမြို့မှာ အထူးရှေ့ဆောင်အဖြစ် အမှုဆောင်
ကာနိုမှာ လအနည်းငယ်လောက် နေပြီးနောက် ၁၉၆၈၊ ဩဂုတ်လမှာ နိုင်ဂျာ သမ္မတနိုင်ငံရဲ့ မြို့တော် နီယာမေကို အထူးရှေ့ဆောင် နှစ်ယောက်နဲ့အတူ ပို့ခံရတယ်။ အနောက်အာဖရိက၊ နိုင်ဂျာဆိုတာ ကမ္ဘာ့အပူဆုံး ဒေသ ဖြစ်မှန်း နဖူးတွေ့ ဒူးတွေ့ သိလိုက်ရတော့တာပဲ။ အပူဒဏ်နဲ့ အသားကျအောင် နေရင်း ရုံးသုံး ဘာသာစကား ဖြစ်တဲ့ ပြင်သစ်စကား သင်ကြတယ်။ အခက်အခဲတွေ ရှိပေမဲ့ ယေဟောဝါကို ကိုးစားပြီး အဲဒီက လက်တစ်ဆုပ်စာ ကြေညာသူတွေနဲ့ စဟောကြတယ်။ ဒီလိုနဲ့ နီယာမေမြို့က စာဖတ်တတ်သူတိုင်းဆီ ထာဝရအသက်သို့ ပို့ဆောင်သော သမ္မာတရား စာအုပ် အချိန်တိုအတွင်းမှာပဲ ရောက်သွားတယ်။ တချို့ဆိုရင် ကျွန်တော်တို့ကို လိုက်ရှာပြီးတော့တောင် တောင်းတာ။
ယေဟောဝါသက်သေတွေကို အာဏာပိုင်တွေ မကြိုက်မှန်း မကြာခင်မှာပဲ သိလိုက်ရတယ်။ ၁၉၆၉၊ ဇူလိုင်လမှာ နိုင်ဂျာနိုင်ငံရဲ့ ဦးဆုံး တိုက်နယ် စည်းဝေးပွဲကို လူ အယောက် ၂၀ လောက်နဲ့ ကျင်းပကြတယ်။ ကြေညာသူနှစ်ယောက် နှစ်ခြင်းခံမှာ။ ဒါပေမဲ့ ပထမနေ့မှာပဲ ရဲတွေ ရောက်လာပြီး စည်းဝေးပွဲ ဖျက်လိုက်ကြတယ်။ အထူးရှေ့ဆောင်တွေနဲ့ တိုက်နယ် ကြီးကြပ်မှူးကို ရဲစခန်း ခေါ်သွားပြီး စစ်မေးကြတယ်။ နောက်နေ့ ပြန်လာပြီး အစီရင်ခံဖို့ ပြောကြတယ်။ ပြဿနာ ရှာခံရတော့မယ်ဆိုတာ ရိပ်မိနေလို့ နှစ်ခြင်း ဟောပြောချက်ကို အိမ်တစ်အိမ်မှာပဲ ပေးပြီး မြစ်ထဲမှာ သိုသိုသိပ်သိပ် နှစ်ခြင်းပေးလိုက်ကြတယ်။
အပတ် အနည်းငယ် ကြာတော့ ပြည်ထဲရေး ဝန်ကြီးရုံးက ကျွန်တော်နဲ့ အထူးရှေ့ဆောင် ငါးယောက်ကို နယ်နှင်လိုက်တယ်။ ၄၈ နာရီအတွင်း ကိုယ့်အစီအစဉ်နဲ့ကိုယ် ထွက်သွားပါတဲ့။ ဒါနဲ့ နိုင်ဂျီးရီးယား ဌာနခွဲရုံးကို သွားကြတယ်။ အဲဒီမှာ တာဝန်သစ် ရကြတယ်။
အော်ရီဆန်ဘာရေဆိုတဲ့ နိုင်ဂျီးရီးယား ရွာလေးမှာ ကျွန်တော် တာဝန်ကျတယ်။ အဲဒီက ကြေညာသူ အုပ်စုလေးနဲ့ တွဲအမှုဆောင်တယ်။ ကျမ်းစာ သင်အံမှုတွေ လုပ်တယ်။ သိပ်ပျော်တာပဲ။ ဒါပေမဲ့ ခြောက်လအကြာမှာ ဌာနခွဲရုံးက နိုင်ဂျာကို တစ်ယောက်တည်း ပြန်သွားပါတဲ့။ ကြားကြားချင်း အံ့ဩသွားတယ်။ နားမလည်နိုင်ဘူး။ ဒါပေမဲ့ နိုင်ဂျာက ညီအစ်ကိုတွေနဲ့ ပြန်ဆုံရတော့မှာမို့ စိတ်လှုပ်ရှားမိတယ်။
နီယာမေကို ပြန်ရောက်လာပြီး နောက်တစ်နေ့မှာပဲ ကျွန်တော် သက်သေခံ ဖြစ်မှန်း စီးပွားရေးသမားတစ်ယောက် သိသွားပြီး ကျမ်းစာ မေးခွန်းတွေ မေးပါလေရော။ ဒီလိုနဲ့ သူ ကျမ်းစာ စလေ့လာတယ်။ ဆေးလိပ် ဖြတ်တယ်။ အရက် အလွန်အကျွံ မသောက်တော့ဘူး။ နှစ်ခြင်းခံတယ်။ နောက်ပိုင်း၊ နိုင်ဂျာနိုင်ငံ ဒေသအစုံမှာ ကျွန်တော် အမှုဆောင်တယ်။ အမှုဆောင်လုပ်ငန်း ဖြည်းဖြည်းမှန်မှန် တိုးတက်လာတာ မြင်ရလို့ ပီတိဖြစ်ရတယ်။ ရောက်ခါစက သက်သေခံ ၃၁ ယောက်ပဲ ရှိတာ။ အဲဒီကနေ ကျွန်တော် ပြောင်းတော့ ၆၉ ယောက် ရှိနေပြီ။
“ဂီနီက အမှုဆောင်လုပ်ငန်း အခြေအနေ ကျွန်တော်တို့ သိပ်မသိဘူး”
၁၉၇၇၊ ဒီဇင်ဘာလမှာ နိုင်ဂျီးရီးယားကို သင်တန်း ပြန်လာတက်တယ်။ သုံးပတ် သင်တန်း ပြီးသွားတော့ ဌာနခွဲ ကော်မတီ ညှိနှိုင်းရေးမှူး ညီအစ်ကို မယ်လ်ကမ် ဗီဂိုက ဆီရာလီယွန် ဌာနခွဲက လာတဲ့ စာ ဖတ်ခိုင်းတယ်။ ဂီနီနိုင်ငံမှာ တိုက်နယ် ကြီးကြပ်မှူးအဖြစ် အမှုဆောင်ဖို့ အင်္ဂလိပ်စကားနဲ့ ပြင်သစ်စကား ပြောတတ်ပြီး ကျန်းမာရေး ကောင်းတဲ့ တစ်ကိုယ်ရေ ရှေ့ဆောင် ညီအစ်ကို ရှာနေကြတာတဲ့။ အဲဒီတာဝန်အတွက် ကျွန်တော့်ကို လေ့ကျင့်ပေးတာ ဖြစ်တဲ့အကြောင်း၊ လွယ်မှာ မဟုတ်တဲ့အကြောင်း ညီအစ်ကို ဗီဂို ပြောတယ်။ “သေသေချာချာ စဉ်းစားပြီးမှ လက်ခံပါ” လို့ အကြံပေးတယ်။ “ယေဟောဝါ လွှတ်တာပဲ။ သွားမှာပေါ့” လို့ ကျွန်တော် မဆိုင်းမတွ ဖြေလိုက်တယ်။
ဒါနဲ့ ဆီရာလီယွန်နိုင်ငံ သွားတယ်။ ဌာနခွဲရုံးက ညီအစ်ကိုတွေနဲ့ တွေ့တယ်။ “ဂီနီက အမှုဆောင်လုပ်ငန်း အခြေအနေ ကျွန်တော်တို့ သိပ်မသိဘူး” ဆိုပြီး ဌာနခွဲ ကော်မတီဝင်တစ်ယောက် ပြောတယ်။ အိမ်နီးချင်း ဂီနီနိုင်ငံရဲ့ ဟောပြောခြင်းလုပ်ငန်းကို ဆီရာလီယွန် ဌာနခွဲ တာဝန် ယူထားပေမဲ့ ဂီနီမှာ နိုင်ငံရေး အခြေအနေ မကောင်းလို့ ကြေညာသူတွေနဲ့ ဆက်သွယ်လို့ မရဘူး ဖြစ်နေတာ။ ညီအစ်ကိုတစ်ယောက် လွှတ်ဖို့ ခဏခဏ ကြိုးစားစီစဉ်ပေမဲ့ အဆင်မပြေဘူး။ ဒါကြောင့် နေထိုင်ခွင့် လျှောက်ဖို့ ကျွန်တော့်ကို ဂီနီနိုင်ငံ၊ မြို့တော် ကိုနာကရီ သွားခိုင်းတယ်။
“ယေဟောဝါ လွှတ်တာပဲ။ သွားမှာပေါ့”
ကိုနာကရီ ရောက်တော့ နိုင်ဂျီးရီးယား သံရုံး သွားပြီး သံအမတ်နဲ့ တွေ့တယ်။ ဂီနီမှာ ဟောပြောချင်တဲ့အကြောင်း ပြောပြတော့ အဖမ်းခံရ၊ ရန်လုပ်ခံရနိုင်လို့ မနေပါနဲ့၊ “နိုင်ဂျီးရီးယားသာ ပြန်ပြီး ဟောစမ်းပါ” တဲ့။ ဒါပေမဲ့ “ဒီမှာ နေဖို့ ဆုံးဖြတ်ပြီးပြီ” လို့ ပြန်ပြောလိုက်တယ်။ ဒါနဲ့ ကျွန်တော့်ကို ကူညီပေးဖို့ စာရေးပေးလိုက်လို့ ဂီနီ ပြည်ထဲရေး ဝန်ကြီး ကြည်ကြည်ဖြူဖြူ ကူညီပေးတယ်။
ဆီရာလီယွန် ဌာနခွဲရုံး ပြန်သွားပြီး ညီအစ်ကိုတွေကို ဝန်ကြီးရဲ့ ဆုံးဖြတ်ချက် ပြောပြတယ်။ ခရီးစဉ် အောင်မြင်ဖို့ ယေဟောဝါ ကောင်းချီးပေးတာ ကြားတော့ ဝမ်းသာအားရ ထအော်ကြတယ်။ ဂီနီမှာ နေထိုင်ခွင့် ရသွားပြီ။
ဆီရာလီယွန် တိုက်နယ်လုပ်ငန်း
၁၉၇၈ ကနေ ၁၉၈၉ အထိ ဂီနီနဲ့ ဆီရာလီယွန်မှာ တိုက်နယ် ကြီးကြပ်မှူးအဖြစ်၊ လိုင်ဘေးရီးယားမှာ အရန် တိုက်နယ် ကြီးကြပ်မှူးအဖြစ် အမှုဆောင်တယ်။ အစပိုင်းမှာ ခဏခဏ ဖျားတယ်။ တစ်ခါတလေဆိုရင် ခေါင်တဲ့ နေရာမှာမှ ထထဖျားတာ။ ညီအစ်ကိုတွေ ဆေးရုံ လိုက်ပို့ကြရှာတယ်။
တစ်ခေါက်တော့ ငှက်ဖျား မိတာနဲ့ သန်ထတာ ဆုံပြီး အိပ်ရာထဲ လဲသွားတယ်။ နာလန် ပြန်ထလာတော့မှ သိတယ်။ ကျွန်တော့်ကို ဘယ်မှာ မြှုပ်မလဲလို့တောင် ညီအစ်ကိုတွေ တိုင်ပင်နေကြပြီတဲ့ဗျာ။ အသက် အန္တရာယ်တွေ ကြုံရပေမဲ့ တာဝန် နားဖို့ အတွေး တစ်စက်မှ မရှိဘူး။ စစ်မှန်တည်မြဲတဲ့ လုံခြုံမှု ဘုရား ပေးနိုင်တယ်ဆိုတာ ယုံတယ်။ သေသွားရင်တောင် အသက်ပြန်ရှင်အောင် လုပ်ပေးမှာ။
မောင်နှံစုံလိုက် ယေဟောဝါကို ကိုးစားခြင်း
၁၉၈၈၊ မင်္ဂလာဆောင်နေ့
ယေဟောဝါကို သိပ်ချစ်ပြီး နှိမ့်ချမှု ရှိတဲ့ ရှေ့ဆောင် ညီအစ်မ ဒေါကက်စ်နဲ့ ၁၉၈၈ မှာ ဆုံတယ်။ လက်ထပ်ပြီးနောက် ကျွန်တော်နဲ့အတူ တိုက်နယ်လုပ်ငန်းမှာ ပါဝင်တယ်။ တကယ့်ကို ကိုယ်ကျိုးစွန့် စိတ်ဓာတ် ရှိပြီး ထောက်မတတ်တဲ့ ဇနီးပဲ။ အသင်းတော် တစ်ခုနဲ့ တစ်ခုကြား ၁၅ မိုင် (၂၅ ကီလိုမီတာ) လောက် အထုပ်အပိုးတွေ သယ်ပြီး လမ်းလျှောက်ရတယ်။ ဒီထက် ဝေးတဲ့ အသင်းတော်ဆိုရင် တွေ့တာ တက်စီးပြီး သွားရတယ်။ လမ်းမှာ ချိုင့်တွေ၊ ခွက်တွေနဲ့ ဗွက်ကလည်း ထနေသေးတာ။
ဒေါကက်စ်က တကယ့် သတ္တိခဲလေး။ မိကျောင်း ဆွဲပါတယ်ဆိုတဲ့ မြစ်တွေ တစ်ခါတလေ ကျွန်တော်တို့ ဖြတ်ရတယ်။ တစ်ခေါက်ဆိုရင် ငါးရက်ကြာ ခရီးတစ်ခု သွားတော့ သစ်သား တံတားတွေ ကျိုးနေလို့ ကနူးလှေလေးနဲ့ မြစ်ကူးရတယ်။ လှေပေါ်ကနေ ဆင်းဖို့ မတ်တတ်အထ ဒေါကက်စ် ရေထဲ ကျပါလေရော။ ကျွန်တော်တို့ နှစ်ယောက်စလုံး ရေမကူးတတ်ကြဘူး။ ကျမယ့် ကျ၊ မိကျောင်း ရှိတဲ့ မြစ်မှာမှ ကျရတယ်လို့ဗျာ။ လူငယ်တွေ ဆင်းကယ်ပေးကြလို့ တော်သေးတယ်။ တော်တော်ကြာတဲ့အထိ ကျွန်တော်တို့ အဲဒီအဖြစ်အပျက်အကြောင်း အိပ်မက်ဆိုး မက်တုန်းပဲ။ ဒါပေမဲ့ တိုက်နယ်လုပ်ငန်းမှာ ဆက်ပါဝင်ကြတယ်။
ယေဟောဝါဆီက လက်ဆောင်မွန် သမီးလေး ဂျားဂစ်ဗ့်နဲ့ သားလေး အဲရစ်
၁၉၉၂ နှစ်ဆန်းပိုင်းမှာ ဒေါကက်စ် ကိုယ်ဝန် ရှိနေမှန်း သိလိုက်ရလို့ သိပ်အံ့ဩသွားကြတယ်။ အချိန်ပြည့်လုပ်ငန်း နားရတော့မလား။ ဘာပဲဖြစ်ဖြစ် “ယေဟောဝါ ပေးတဲ့ လက်ဆောင်” ဆိုတော့ သမီးလေးကို ဂျားဂစ်ဗ့်လို့ နာမည် ပေးလိုက်ကြတယ်။ ဂျားဂစ်ဗ့် မွေးပြီး ၄ နှစ်မှာ သားလေး အဲရစ် မွေးတယ်။ ယေဟောဝါဆီက လက်ဆောင်လေးတွေပါပဲ။ ကိုနာကရီ ဘာသာပြန်ရုံးခွဲမှာ ဂျားဂစ်ဗ့် တော်တော်ကြာကြာ အမှုဆောင်တယ်။ အဲရစ်က အသင်းတော် အမှုထမ်း။
ဒေါကက်စ် အထူးရှေ့ဆောင် နားလိုက်ရပေမဲ့ ကလေးတွေ တစ်ဖက်နဲ့ မှန်မှန်ရှေ့ဆောင် ဆက်လုပ်တယ်။ ယေဟောဝါရဲ့ အကူအညီကြောင့် ကျွန်တော် အထူးရှေ့ဆောင် ဆက်လုပ်နိုင်တယ်။ ကလေးတွေ ကြီးလာတော့ ဒေါကက်စ် အထူးရှေ့ဆောင် ပြန်လုပ်တယ်။ အခု၊ ကျွန်တော်တို့ နှစ်ယောက် ကိုနာကရီမှာ သာသနာပြုအဖြစ် အမှုဆောင်နေကြတယ်။
စစ်မှန်တဲ့ လုံခြုံမှု ယေဟောဝါ ပေး
ယေဟောဝါ ခေါ်လေရာရာ ကျွန်တော် အမြဲ လိုက်တယ်။ ဘုရား ကာကွယ်ထောက်မပေးတယ်လို့ ကျွန်တော်တို့ ဇနီးမောင်နှံ ခံစားရတာ အကြိမ်ကြိမ်ပဲ။ ပစ္စည်းဥစ္စာကို မဟုတ်ဘဲ ယေဟောဝါကို ကိုးစားတဲ့အတွက် ပြဿနာ ကင်းတယ်။ အပူကင်းတယ်။ “ကယ်တင်ရှင် ဘုရားသခင်” ယေဟောဝါသာ စစ်မှန်တဲ့ လုံခြုံမှု ပေးနိုင်တယ်ဆိုတာ ကိုယ်တွေ့ သိလာတယ်။ (၁ ရာ. ၁၆:၃၅) မိမိကို ကိုးစားသူတိုင်းရဲ့အသက်ကို ‘ကိုယ့်ရတနာအိတ် ကာကွယ်သလို ယေဟောဝါဘုရား ကာကွယ်ပေးမယ်’ ဆိုတာ ကျွန်တော် တထစ်ချ ယုံတယ်။—၁ ရှ. ၂၅:၂၉။