ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၂၄ အောက်တိုဘာ စာ. ၂၄-၂၉
  • သံသယတွေ ဖျောက်ပါ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သံသယတွေ ဖျောက်ပါ
  • ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၄
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • သံသယတွေ ဘယ်လို ဖျောက်မလဲ
  • ကိုယ့်ကို ယေဟောဝါ ဂရုစိုက်ရဲ့လားဆိုတဲ့ သံသယ
  • အရင်က ချခဲ့တဲ့ ဆုံးဖြတ်ချက်တွေ မှန်ရဲ့လား ဆိုတဲ့ သံသယ
  • ယေဟောဝါအတွက် အသုံးဝင်ရဲ့လားဆိုတဲ့ သံသယ
  • ယေဟောဝါကို ယုံကြည်ကိုးစားကြောင်း ဖော်ပြတဲ့ ဆုံးဖြတ်ချက်များ
    ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း—လေ့ကျင့်ခန်းစာစောင်—၂၀၂၃
  • ယေဟောဝါဟာ “အသက်ရှင်တဲ့ ဘုရားသခင်” ဖြစ်ကြောင်း သတိရပါ
    ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၄
  • ကိုယ်မသိတာတွေ ရှိတယ်ဆိုတာ ကျိုးနွံမှုရှိရှိ အသိအမှတ်ပြုပါ
    ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၅
  • ယေဟောဝါက “စိတ်ကြေကွဲနေသူတွေကို ကုသပေး”
    ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၄
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၄
က၂၄ အောက်တိုဘာ စာ. ၂၄-၂၉

လေ့လာရန် ဆောင်းပါး ၄၃

သီချင်း ၉၀ အချင်းချင်း အားပေးကြ

သံသယတွေ ဖျောက်ပါ

“အရာရာကို မှန်မမှန် အသေအချာ စစ်ဆေးပါ။”—၁ သက်. ၅:၂၁။

အာရုံစိုက်ရာ

ဝတ်ပြုရေးကို ထိခိုက်စေနိုင်တဲ့ သံသယတွေ ဘယ်လို ဖျောက်မလဲ။

၁-၂။ (က) ဘုရားကျေးကျွန်တွေ ဘယ်လို သံသယဝင်မိနိုင်သလဲ။ (ခ) ဒီဆောင်းပါးမှာ ဘာအကြောင်း သုံးသပ်ကြမလဲ။

အသက်ကြီးကြီးငယ်ငယ် ကျွန်တော်တို့အားလုံး သံသယa ဝင်တတ်ကြတယ်။ ဥပမာ၊ ကိုယ့်ကို ယေဟောဝါဘုရား တကယ် ဂရုစိုက်ရဲ့လားဆိုပြီး သက်သေခံ လူငယ်တစ်ယောက် သံသယဝင်နေလို့ နှစ်ခြင်းခံဖို့ ချီတုံချတုံ ဖြစ်မိနိုင်တယ်။ ညီအစ်ကိုတစ်ယောက် လူငယ်ဘဝမှာ ငွေနောက် မလိုက်ဘဲ အမှုဆောင်လုပ်ငန်းကို ဦးစားထားခဲ့တယ်။ သက်လတ်ပိုင်း ရောက်လာတော့ မိသားစု စားနိုင်ရုံသောက်နိုင်ရုံလောက်ပဲ ထောက်ပံ့နိုင်တဲ့အခါ ငယ်ငယ်က ချခဲ့တဲ့ ဆုံးဖြတ်ချက် မှန်ရဲ့လားဆိုပြီး သံသယဝင်မိနိုင်တယ်။ သက်ကြီး ညီအစ်မတစ်ယောက် ဇရာထောင်းလာပြီး အရင်က လုပ်နိုင်တာတွေ မလုပ်နိုင်တော့လို့ စိတ်ဓာတ်ကျမိနိုင်တယ်။ ‘ငါ့ကို ယေဟောဝါ တကယ် ဂရုစိုက်ရဲ့လား၊ ယေဟောဝါအတွက် ကိုယ်ကျိုးစွန့်ခဲ့တာတွေ တန်ရဲ့လား၊ ယေဟောဝါအတွက် အသုံးဝင်သေးရဲ့လား’ လို့ သင်ကော သံသယဝင်ဖူးသလား။

၂ သံသယဝင်လာတဲ့အခါ အဖြေမရှာဘဲ ထားရင် ဝတ်ပြုရေး ထိခိုက်တဲ့အထိ ဖြစ်လာနိုင်တယ်။ (၁) ကိုယ့်ကို ယေဟောဝါ တကယ် ဂရုစိုက်ရဲ့လား၊ (၂) အရင်က ချခဲ့တဲ့ ဆုံးဖြတ်ချက်တွေ မှန်ရဲ့လား၊ (၃) ယေဟောဝါအတွက် အသုံးဝင်ရဲ့လားဆိုတဲ့ သံသယတွေ ဖျောက်ဖို့ ကျမ်းစာ ဘယ်လို ကူညီပေးနိုင်ကြောင်း ဒီဆောင်းပါးမှာ သုံးသပ်သွားပါမယ်။

သံသယတွေ ဘယ်လို ဖျောက်မလဲ

၃။ သံသယတွေ ဖျောက်နိုင်တဲ့ တစ်နည်းက ဘာလဲ။

၃ သံသယတွေ ဖျောက်နိုင်တဲ့ တစ်နည်းကတော့ ကျမ်းစာကနေ အဖြေရှာတာပါ။ ကျမ်းစာကနေ အဖြေရှာတဲ့အခါ ယေဟောဝါနဲ့ ဆက်ဆံရေး ပိုကောင်းလာမယ်။ “ယုံကြည်ခြင်း ခိုင်မြဲနေ” နိုင်မယ်။—၁ ကော. ၁၆:၁၃။

၄။ ဘယ်လိုနည်းနဲ့ “အရာရာကို မှန်မမှန် အသေအချာ စစ်ဆေး” နိုင်သလဲ။ (၁ သက်သာလောနိတ် ၅:၂၁)

၄ ၁ သက်သာလောနိတ် ၅:၂၁ ကို ဖတ်ပါ။ “အရာရာကို မှန်မမှန် အသေအချာ စစ်ဆေးပါ” လို့ ကျမ်းစာ အားပေးတယ်။ ဘယ်လို စစ်ဆေးနိုင်သလဲ။ ကိုယ့်အတွေးအခေါ် မှန်မမှန် ကျမ်းစာနဲ့ တိုက်စစ်ခြင်းအားဖြင့်ပါ။ ကိုယ့်ကို ဘုရား တကယ် ဂရုစိုက်ရဲ့လားလို့ သံသယဝင်နေတဲ့ လူငယ်လေးအကြောင်း သုံးသပ်ကြည့်ပါ။ ဘုရား ဂရုမစိုက်လို့ပဲ ဒီလိုအတွေးဝင်လာတာဆိုပြီး သဘောထားသင့်သလား။ မထားသင့်ဘူး။ ယေဟောဝါရဲ့ အတွေးအခေါ်ကို သိဖို့ ကျမ်းစာမှာ အဖြေရှာခြင်းအားဖြင့် “အရာရာကို မှန်မမှန် အသေအချာ စစ်ဆေး” သင့်တယ်။

၅။ တစ်ခုခုကို သံသယဝင်နေရင် ယေဟောဝါရဲ့ အဖြေကို ဘယ်လို “ကြား” နိုင်သလဲ။

၅ ကျမ်းစာဖတ်တဲ့အခါ ယေဟောဝါ ပြောတာကို “ကြား” ရတယ်။ ဒါပေမဲ့ တစ်ခုခုကို သံသယဝင်နေလို့ အဖြေကြားချင်ရင် ကျမ်းစာဖတ်ရုံနဲ့ မလုံလောက်ဘူး။ ဖတ်ရင်းနဲ့ အဖြေရှာတွေ့လာမှာပါလို့ တွေးလို့မရဘူး။ အဖြေရစေမယ့် ကျမ်းပိုဒ်တွေ ရှာဖတ်ရမယ်။ အဖွဲ့အစည်းစာပေတွေ၊ လေ့လာမှု ကိရိယာတွေ သုံးပြီး သတ်သတ်မှတ်မှတ် ရှာဖွေလေ့လာရမယ်။ (ပညာ. ၂:၃-၆) လေ့လာမှုကနေ အဖြေရှာတွေ့ဖို့ ဆုတောင်းရမယ်။ အဲဒီနောက် ကိုယ့်အခြေအနေနဲ့ ကိုက်တဲ့ ကျမ်းစာမူတွေ၊ လက်တွေ့ကျအချက်တွေ ရှာရမယ်။ ကိုယ်နဲ့ အခြေအနေ တူတဲ့ သစ္စာရှိ ကျေးကျွန်တွေအကြောင်း ကျမ်းမှတ်တမ်းတွေလည်း ဖတ်နိုင်တယ်။

၆။ သံသယတွေ ဖျောက်ဖို့ အစည်းအဝေးတွေက ဘယ်လို ကူညီပေးနိုင်သလဲ။

၆ အစည်းအဝေး မှန်မှန် တက်တဲ့အခါလည်း ယေဟောဝါ ပြောတာကို “ကြား” ရတယ်။ ဟောပြောချက်မှာ ကြားရတာတစ်ခုခု၊ မှတ်ချက်တစ်ခုခုဟာ ကျွန်တော်တို့ သံသယတွေ ဖျောက်ဖို့ လိုနေတာ ကွက်တိ ဖြစ်နေနိုင်တယ်။ (ပညာ. ၂၇:၁၇) သံသယတချို့ကို ဘယ်လို ဖျောက်နိုင်မလဲ သုံးသပ်ကြည့်ရအောင်။

ကိုယ့်ကို ယေဟောဝါ ဂရုစိုက်ရဲ့လားဆိုတဲ့ သံသယ

၇။ တချို့ ဘယ်လို တွေးမိနိုင်သလဲ။

၇ ‘ငါ့ကို ယေဟောဝါ တကယ် ဂရုစိုက်ရဲ့လား’ လို့ သံသယဝင်ဖူးသလား။ ကိုယ့်ကိုယ်ကိုယ် အရေးမပါဘူးလို့ ခံစားနေရရင် စကြဝဠာ ဖန်ဆင်းရှင်နဲ့ မိတ်ဆွေ ဘယ်လိုမှ မဖြစ်နိုင်ဘူးလို့ တွေးမိမယ်။ ဘုရင်ဒါဝိဒ်လည်း အဲဒီလိုတွေးခဲ့ပုံပဲ။ လူတွေကို ယေဟောဝါ ဂရုစိုက်တာ ဒါဝိဒ် တအံ့တဩ ဖြစ်ခဲ့တယ်။ “အို ယေဟောဝါ၊ လူဟာ ဘာမို့လို့ ကိုယ်တော် ဂရုစိုက်နေရတာလဲ။ သေမျိုးဖြစ်တဲ့လူဟာ ဘာမို့လို့ ကိုယ်တော် အာရုံစိုက်နေရတာလဲ” လို့ မေးခွန်းထုတ်တယ်။ (ဆာ. ၁၄၄:၃) ဒီမေးခွန်းရဲ့ အဖြေကို ဘယ်မှာ ရှာတွေ့နိုင်သလဲ။

၈။ ၁ ရှမွေလ ၁၆:၆၊ ၇၊ ၁၀-၁၂ အရ လူတွေကို ကြည့်တဲ့အခါ ယေဟောဝါ ဘာသတိထားမိသလဲ။

၈ တခြားသူတွေအမြင်မှာ အရေးမပါပုံပေါက်သူတွေကို ယေဟောဝါ သတိထားမိကြောင်း ကျမ်းစာကနေ သိရတယ်။ ဥပမာ၊ ယေရှဲရဲ့ သားတစ်ယောက်ကို အစ္စရေးမင်းလောင်းအဖြစ် ဘိသိက်ပေးဖို့ ရှမွေလကို ယေဟောဝါ လွှတ်လိုက်တယ်။ သားရှစ်ယောက်ထဲက ခုနစ်ယောက်ကို ယေရှဲ ခေါ်ပြတယ်။ အငယ်ဆုံးသား ဒါဝိဒ်ကိုတော့ ခေါ်မပြဘူး။b ဒါပေမဲ့ ယေဟောဝါ ရွေးတာ ဒါဝိဒ် ဖြစ်နေတယ်။ (၁ ရှမွေလ ၁၆:၆၊ ၇၊ ၁၀-၁၂ ကို ဖတ်ပါ။) ဒါဝိဒ်ရဲ့ နှလုံးသားကို ယေဟောဝါ မြင်တယ်။ မိမိကို ဒီလူငယ်လေး ဘယ်လောက် ချစ်မှန်း သိတယ်။

၉။ သင့်ကို ယေဟောဝါ ဂရုစိုက်ကြောင်း ဘာကြောင့် စိတ်ချနိုင်သလဲ။ (ရုပ်ပုံကိုလည်း ကြည့်ပါ။)

၉ သင့်ကို ဂရုစိုက်ကြောင်း ယေဟောဝါ ဘယ်လို ပြသလဲ စဉ်းစားကြည့်ပါ။ သင့်အခြေအနေနဲ့ ကွက်တိကျတဲ့ အကြံဉာဏ်တွေ ပေးတယ်။ (ဆာ. ၃၂:၈) သင့်အကြောင်း ဂဃနဏ မသိဘဲ ဒီလိုအကြံပေးနိုင်ပါ့မလား။ (ဆာ. ၁၃၉:၁) အကြံဉာဏ်အတိုင်း လိုက်လျှောက်လို့ အကျိုးရတဲ့အခါ ကိုယ့်ကို ယေဟောဝါ ဂရုစိုက်တယ်ဆိုတာ ယုံကြည်စိတ်ချလာမယ်။ (၁ ရာ. ၂၈:၉။ တ. ၁၇:၂၆၊ ၂၇) သင် ကြိုးစားပြီး အမှုဆောင်တာ၊ နာခံတာကို ယေဟောဝါ မြင်တယ်။ သင့်အရည်အသွေးကောင်းတွေကို မြင်ပြီး သင်နဲ့ မိတ်ဆွေ ဖြစ်ချင်တယ်။ (ယေ. ၁၇:၁၀) သင့်ဘက်ကလည်း မိတ်ဆွေ ဖြစ်ချင်တာကို မြင်တဲ့အခါ ယေဟောဝါ သိပ်ပျော်မယ်။—၁ ယော. ၄:၁၉။

ညီအစ်မငယ် ကိုယ်ပိုင်လေ့လာမှု လုပ်နေ။ ကျမ်းစာကို ဖွင့်ထား။ တက်ဘလက်ကနေ ကာတွန်းသရုပ်ဖော်ဗီဒီယို ကြည့်နေ။

“ဘုရားကို ရှာဖွေမယ်ဆိုရင် အတွေ့ခံမယ်။”—၁ ရာ. ၂၈:၉ (စာပိုဒ် ၉ ကို ကြည့်ပါ)c


အရင်က ချခဲ့တဲ့ ဆုံးဖြတ်ချက်တွေ မှန်ရဲ့လား ဆိုတဲ့ သံသယ

၁၀။ အရင်က ချခဲ့တဲ့ ဆုံးဖြတ်ချက်တွေနဲ့ပတ်သက်ပြီး ဘယ်လို တွေးမိနိုင်သလဲ။

၁၀ အရင်က ချခဲ့တဲ့ ဆုံးဖြတ်ချက်တွေ မှန်ရဲ့လားလို့ တချို့ သံသယဝင်မိနိုင်တယ်။ ယေဟောဝါအတွက် အပြည့်အဝ အမှုဆောင်နိုင်အောင် အလုပ်အကိုင်ကောင်း၊ စီးပွားရေးကောင်းတွေ လက်လွှတ်အဆုံးရှုံးခံခဲ့တာ ဖြစ်နိုင်တယ်။ ဒီလိုနဲ့ နှစ်ဆယ်ချီ ကြာသွားတယ်။ ကိုယ်နဲ့ မတူတဲ့ လမ်းကို လျှောက်ခဲ့ကြတဲ့ အသိမိတ်ဆွေတွေကို ကြည့်လိုက်တဲ့အခါ ငွေအများကြီး ရှာနိုင်ကြပုံပဲ၊ သက်သောင့်သက်သာ နေနိုင်ကြပုံပဲ။ ဒါကြောင့် ‘ယေဟောဝါအတွက် ငါ ကိုယ်ကျိုးစွန့်ခဲ့တာတွေ တန်ရဲ့လား။ အလုပ်များများ လုပ်ပြီး ပိုက်ဆံပိုရှာခဲ့သင့်တာ’ လို့ တွေးလာနိုင်တယ်။

၁၁။ ဆာလံ ၇၃ ကျမ်းရေးသူ ဘာကြောင့် စိတ်အနှောင့်အယှက်ဖြစ်ခဲ့သလဲ။

၁၁ သင်လည်း သံသယဝင်လာရင် ဆာလံ ၇၃ ကျမ်းရေးသူအကြောင်း စဉ်းစားလိုက်ပါ။ ယေဟောဝါကို ဝတ်မပြုသူတွေ ကျန်းကျန်းမာမာ၊ ချမ်းချမ်းသာသာ၊ အပူအပင်ကင်းကင်း နေနေရပုံပဲ။ (ဆာ. ၇၃:၃-၅၊ ၁၂) သူတို့ ကြီးပွားကောင်းစားပုံပေါက်နေတာကို ဆာလံကျမ်းရေးသူ မြင်တဲ့အခါ ဘုရားအမှုဆောင်ဖို့ ကိုယ်ကျိုးစွန့်ခဲ့တာတွေ မတန်သလို ခံစားလာရတယ်။ အဲဒီခံစားချက်ကြောင့် စိတ်အနှောင့်အယှက်ဖြစ်ပြီး “တစ်နေ့လုံး ဒုက္ခခံနေရတယ်။” (ဆာ. ၇၃:၁၃၊ ၁၄) အဲဒီခံစားချက်ကို ဘယ်လို ဖျောက်ခဲ့သလဲ။

၁၂။ ဆာလံ ၇၃:၁၆-၁၈ အရ စိတ်အနှောင့်အယှက်ဖြစ်စေတဲ့ ခံစားချက်ကို ဆာလံကျမ်းရေးသူ ဘယ်လို ဖျောက်ခဲ့သလဲ။

၁၂ ဆာလံ ၇၃:၁၆-၁၈ ကို ဖတ်ပါ။ သန့်ရှင်းရာဌာနတော်ကို ဆာလံကျမ်းရေးသူ သွားတယ်။ သန့်ရှင်းရာဌာနတော်မှာ ယေဟောဝါကို ဝတ်ပြုသူတွေအလယ် ရောက်မှပဲ ရှင်းရှင်းလင်းလင်း စဉ်းစားနိုင်သွားတယ်။ လူတချို့ သက်သောင့်သက်သာဘဝ ပိုင်ဆိုင်ထားပုံပေါက်ပေမဲ့ အနာဂတ် မျှော်လင့်ချက် မပိုင်ဆိုင်ထားတာ သဘောပေါက်သွားတယ်။ ဒါကြောင့် ဆာလံကျမ်းရေးသူ စိတ်အနှောင့်အယှက်ဖြစ်မနေတော့ဘူး။ ဘုရားအမှုဆောင်တာကို ဦးစားထားတာကသာ အကောင်းဆုံး ဆုံးဖြတ်ချက် ဖြစ်မှန်း စိတ်ချသွားတယ်။ ဘုရားအမှု ဆက်ဆောင်မယ်ဆိုတဲ့ ဆုံးဖြတ်ချက် ခိုင်မာလာတယ်။—ဆာ. ၇၃:၂၃-၂၈။

၁၃။ အရင်က ချခဲ့တဲ့ ဆုံးဖြတ်ချက်တွေ မှန်ရဲ့လားလို့ သံသယဝင်တဲ့အခါ ဘာလုပ်နိုင်သလဲ။ (ရုပ်ပုံကိုလည်း ကြည့်ပါ။)

၁၃ ဆာလံကျမ်းရေးသူလိုပဲ သင်လည်း စိတ်အနှောင့်အယှက်ဖြစ်စေတဲ့ ခံစားချက်ကို ဖျောက်နိုင်ပါတယ်။ ဘယ်လိုနည်းနဲ့လဲ။ ဘုရားကောင်းချီးတွေ အပါအဝင် ကိုယ့်မှာ ရှိတဲ့ ကောင်းမွန်ရာတွေကို လောကက လူတွေမှာ ရှိတဲ့အရာတွေနဲ့ နှိုင်းယှဉ်ကြည့်လိုက်ပါ။ လောကက လူတွေဟာ လောကက ပေးသလောက်ပဲ ပိုင်ဆိုင်ကြရတယ်။ အနာဂတ် မျှော်လင့်ချက် မရှိလို့ ဒီဘဝမှာ သက်သောင့်သက်သာ နေရဖို့က အရေးကြီးဆုံးလို့ ခံယူထားကြတယ်။ သင်ကတော့ အခုအချိန်မှာ ဘုရားကောင်းချီးတွေ ရနေတယ်။ အနာဂတ်မှာလည်း ဒီထက်ကောင်းတဲ့ ကောင်းချီးတွေ ရဦးမယ်။ (ဆာ. ၁၄၅:၁၆) ဒါ့အပြင် စဉ်းစားစရာက အခု လျှောက်နေတဲ့ လမ်းကို မရွေးဘဲ တခြားလမ်း ရွေးခဲ့ရင်ကော ကိုယ့်ဘဝအခြေအနေ ဘယ်လို ရှိနေမယ်ဆိုတာ တပ်အပ်ပြောနိုင်လို့လား။ သေချာတာကတော့ ယေဟောဝါနဲ့ လူလူချင်းကို ချစ်တဲ့ မေတ္တာကို အခြေခံပြီး ဆုံးဖြတ်ချက် ချသူတွေဟာ ကောင်းမွန်ရာတစ်ခုမှ လက်လွတ်မဆုံးရှုံးရဘူးဆိုတာပါပဲ။

ပြတင်းပေါက်မှန် သန့်ရှင်းရေး လုပ်ရင်း ပရဒိသုအသက်တာအကြောင်း ညီအစ်ကို မြင်ယောင်နေ။ အသီးအနှံအပြည့်ပါတဲ့ လက်တွန်းလှည်းကို တွန်းရင်း ဇနီးနဲ့အတူ လမ်းလျှောက်နေတာ၊ အနားမှာ သမင်ကလေး မြက်စားနေတာကို မြင်ယောင်။

ယေဟောဝါ ပေးမယ့် ကောင်းချီးတွေကို အာရုံစိုက်ပါ (စာပိုဒ် ၁၃ ကို ကြည့်ပါ)d


ယေဟောဝါအတွက် အသုံးဝင်ရဲ့လားဆိုတဲ့ သံသယ

၁၄။ ဘုရားကျေးကျွန်တချို့ ဘယ်အခြေအနေတွေ ကြုံနေနိုင်သလဲ။ ဘယ်လို တွေးမိနိုင်သလဲ။

၁၄ ဘုရားကျေးကျွန်တချို့ဟာ အသက်ကြီးလာလို့၊ ကျန်းမာရေး မကောင်းလို့၊ မသန်စွမ်းလို့ အမှုတော်မှာ ဆန္ဒရှိသလောက် မပါဝင်နိုင်ကြဘူး။ ဒါကြောင့် ယေဟောဝါအတွက် အရေးမပါဘူးလို့ ခံစားရနိုင်တယ်။ ‘ယေဟောဝါအတွက် အသုံးဝင်ရဲ့လား’ လို့ တွေးမိနိုင်တယ်။

၁၅။ ဆာလံ ၇၁ ကျမ်းရေးသူ ဘာကို စိတ်ချသလဲ။

၁၅ ဆာလံ ၇၁ ကျမ်းရေးသူလည်း အဲဒီလိုခံစားခဲ့ရတယ်။ “အားအင် ဆုတ်ယုတ်သွားချိန်မှာ မပစ်ထားလိုက်ပါနဲ့” လို့ ဆုတောင်းတယ်။ (ဆာ. ၇၁:၉၊ ၁၈) ဒါပေမဲ့ သစ္စာရှိရှိသာ အမှုဆောင်ရင် ဘုရား ထောက်မပေးမယ်ဆိုတာ စိတ်ချတယ်။ အကန့်အသတ်တွေ ရှိပေမဲ့ အတတ်နိုင်ဆုံး အမှုဆောင်သူတွေကို ဘုရား နှစ်သက်မှန်း သဘောပေါက်တယ်။—ဆာ. ၃၇:၂၃-၂၅။

၁၆။ သက်ကြီး ညီအစ်ကို/မတွေဟာ ယေဟောဝါအတွက် ဘယ်နည်းတွေနဲ့ အသုံးဝင်နေသလဲ။ (ဆာလံ ၉၂:၁၂-၁၅)

၁၆ သက်ကြီး ညီအစ်ကို/မတို့၊ ကိုယ့်ကို ယေဟောဝါ မြင်သလို မြင်ပါ။ အကန့်အသတ်တွေ ရှိပေမဲ့ သင် သစ္စာရှိရှိ အမှုဆောင်ဖို့ ယေဟောဝါ ကူညီပေးနိုင်တယ်။ (ဆာလံ ၉၂:၁၂-၁၅ ကို ဖတ်ပါ။) မလုပ်နိုင်တော့တာတွေကို အာရုံမစိုက်ပါနဲ့။ လုပ်နိုင်တာတွေကိုပဲ အာရုံစိုက်ပါ။ ဥပမာ၊ သစ္စာရှိ စံနမူနာ ပြပြီး တခြားသူတွေကို အားပေးနိုင်တယ်။ တခြားသူတွေကို စိတ်ဝင်တစား ရှိနိုင်တယ်။ နှစ်တွေတစ်လျှောက် ယေဟောဝါ ဘယ်လို ထောက်မခဲ့ကြောင်း၊ ဘယ်အနာဂတ် ကတိတွေကို သင် ထက်ထက်သန်သန် စောင့်မျှော်နေကြောင်း ပြောပြနိုင်တယ်။ တခြားသူတွေအတွက် ဆုတောင်းပေးနိုင်တယ်။ ဆုတောင်းခြင်းရဲ့ အစွမ်းကို လျှော့မတွက်ပါနဲ့။ (၁ ပေ. ၃:၁၂) သင့်အခြေအနေ ဘယ်လိုပဲ ရှိပါစေ ယေဟောဝါအတွက်၊ တခြားသူတွေအတွက် လုပ်ပေးနိုင်တာ တစ်ခုခုတော့ ရှိပါတယ်။

၁၇။ ကိုယ့်ကိုယ်ကိုယ် တခြားသူတွေနဲ့ ဘာကြောင့် မနှိုင်းယှဉ်သင့်သလဲ။

၁၇ အမှုတော်မှာ အရင်ကလောက် မလုပ်နိုင်တော့လို့ စိတ်ဓာတ်ကျလာရင် သင် လုပ်နိုင်သလောက် လုပ်တာကို ယေဟောဝါ တန်ဖိုးထားတယ်ဆိုတာ စိတ်ချပါ။ တခြားသူတွေနဲ့ နှိုင်းယှဉ်ချင်စိတ်ကို ဖျောက်ပါ။ ဘာကြောင့်လဲ။ ကျွန်တော်တို့ကို တခြားသူတွေနဲ့ ယေဟောဝါ မနှိုင်းယှဉ်လို့ပဲ။ (ဂလ. ၆:၄) ဥပမာ၊ ယေရှုကို မာရိ တန်ဖိုးကြီး ဆီမွှေးပေးတယ်။ (ယော. ၁၂:၃-၅) ဆင်းရဲတဲ့ မုဆိုးမကတော့ တန်ဖိုးသိပ်မရှိတဲ့ ဒင်္ဂါးငယ်နှစ်ပြားပဲ ဗိမာန်တော်မှာ လှူနိုင်တယ်။ (လု. ၂၁:၁-၄) သူတို့နှစ်ယောက်ကို ယေရှု မနှိုင်းယှဉ်ဘူး။ မာရိကော ဆင်းရဲတဲ့ မုဆိုးမပါ ယုံကြည်ခြင်း ရှိတာကို မြင်တယ်။ ယေရှုဟာ အဖယေဟောဝါကို အပြည့်အဝ အတုယူသူ ဖြစ်တယ်။ ဒါကြောင့် ယေဟောဝါကို ချစ်လို့၊ ယုံကြည်လို့ သင် ပေးဆက်သမျှကို ယေဟောဝါ မြင်တယ်ဆိုတာ စိတ်ချနိုင်တယ်။ နည်းနည်းလေးပဲ ပေးဆက်နိုင်တယ်လို့ သင် ခံစားရပေမဲ့ ယေဟောဝါ တကယ် တန်ဖိုးထားတယ်။

၁၈။ သံသယတွေ ဖျောက်ဖို့ ဘာက ကူညီပေးမလဲ။ (“သံသယတွေ ဖျောက်ဖို့ ကျမ်းစာ ကူညီပေးနိုင်” လေးထောင့်ကွက်ကိုလည်း ကြည့်ပါ။)

၁၈ ကျွန်တော်တို့အားလုံး သံသယဝင်တတ်ကြပါတယ်။ ဒါပေမဲ့ သံသယတွေ ဖျောက်ဖို့ ကျမ်းစာ ကူညီပေးနိုင်တယ်။ ဒါကြောင့် သံသယဝင်လာတာနဲ့ အဖြေရှာပါ။ ဒါဆိုရင် စိတ်ဓာတ်ကျအားငယ်မနေဘဲ ယုံကြည်စိတ်ချမှုအပြည့် ရှိနေမယ်။ ကျွန်တော်တို့တစ်ယောက်ချင်းစီကို ယေဟောဝါ ဂရုစိုက်တယ်။ ကိုယ်ကျိုးစွန့်ခဲ့သမျှ တန်ဖိုးထားတယ်။ ဆုချမယ်။ သစ္စာရှိ ကျေးကျွန်အားလုံးကို မိမိရဲ့ မေတ္တာနဲ့ ဂရုစိုက်မှု ရထိုက်သူတွေလို့ ယေဟောဝါ သဘောထားတယ်ဆိုတာ စိတ်ချထားလိုက်ပါ။

သံသယတွေ ဖျောက်ဖို့ ကျမ်းစာ ကူညီပေးနိုင်

  • သင့်ကို ယေဟောဝါ ဂရုစိုက်

    “မကြောက်နဲ့။ မင်းနဲ့အတူ ငါရှိတယ်။ မစိုးရိမ်နဲ့။ ငါဟာ မင်းရဲ့ ဘုရားသခင်ပါ။ မင်းကို ခိုင်ခံ့စေမယ်၊ ကူညီပေးမယ်။ ဖြောင့်မတ်တဲ့ ညာလက်နဲ့ မြဲမြဲကိုင်ထားမယ်။”—ဟေရှာ. ၄၁:၁၀။

    “ငါယေဟောဝါဟာ မင်းတို့ရဲ့ ဘုရားသခင်ပဲ။ မင်းတို့ကောင်းကျိုးအတွက် သွန်သင်ပေးတဲ့အရှင်၊ မင်းတို့ လျှောက်သင့်တဲ့ လမ်းအတိုင်း လမ်းညွှန်ပေးတဲ့ အရှင်ပဲ။”—ဟေရှာ. ၄၈:၁၇။

  • မိမိကို ဝတ်ပြုဖို့ သင် ဆုံးဖြတ်ခဲ့တာကို ယေဟောဝါ တန်ဖိုးထား

    “ငါ့သား၊ မင်းသာ ဉာဏ်ပညာ ရှိမယ်ဆိုရင် ငါ သိပ်ဝမ်းသာမှာပဲ။”—ပညာ. ၂၃:၁၅။

    “ခင်ဗျားတို့ရဲ့ ဘဝမှာ ငွေတပ်မက်တာကို ရှောင်ပါ။ ရှိတာလေးနဲ့ ရောင့်ရဲတင်းတိမ်ပါ။ ‘မင်းတို့ကို ငါ ဘယ်တော့မှ ပစ်ထားမှာ မဟုတ်ဘူး။ ဘယ်တော့မှ စွန့်ခွာမှာ မဟုတ်ဘူး’ လို့ ဘုရားသခင် ပြောထားတာပဲ။”—ဟီ. ၁၃:၅။

  • မိမိအတွက် လုပ်နိုင်သလောက် လုပ်တာကို ယေဟောဝါ တန်ဖိုးထား

    “လူတိုင်းက ယေဟောဝါဘုရား ကောင်းချီးပေးထားတဲ့အတိုင်း လက်ဆောင် ယူလာရမယ်။”—တရား. ၁၆:၁၇။

    “ခင်ဗျားတို့က သန့်ရှင်းသူတွေကို အလုပ်အကျွေးပြုခဲ့တယ်၊ အခုလည်း အလုပ်အကျွေးပြုနေတယ်။ ဘုရားသခင်ဟာ ဖြောင့်မတ်တဲ့ဘုရား ဖြစ်လို့ ခင်ဗျားတို့ရဲ့ လုပ်ရပ်ကို၊ နာမတော်အတွက် ပြတဲ့ မေတ္တာကို ဘယ်တော့မှ မမေ့ပါဘူး။”—ဟီ. ၆:၁၀။

သင် ဘယ်လို ဖြေမလဲ

  • ယေဟောဝါ တကယ် ဂရုစိုက်ကြောင်း ဘယ်လို သိရသလဲ။

  • အရင်က ချခဲ့တဲ့ ဆုံးဖြတ်ချက်တွေ မှန်ရဲ့လားဆိုတဲ့ သံသယကို ဘယ်လို ဖျောက်နိုင်သလဲ။

  • ယေဟောဝါအတွက် အသုံးဝင်ရဲ့လားလို့ သံသယဝင်နေရင် ဘာလုပ်သင့်သလဲ။

သီချင်း ၁၁၁ တို့ဝမ်းမြောက်ရတဲ့အကြောင်းများ

a စကားလုံး ရှင်းလင်းချက်။ ဒီဆောင်းပါးမှာ ဆွေးနွေးထားတာဟာ ကိုယ့်ကို ယေဟောဝါ တကယ် ဂရုစိုက်ရဲ့လား၊ အရင်က ချခဲ့တဲ့ ဆုံးဖြတ်ချက်တွေ မှန်ရဲ့လားဆိုတဲ့ သံသယတွေ ဖြစ်တယ်။ ယေဟောဝါဘုရားနဲ့ ဘုရားကတိတွေကို မယုံလို့ ဝင်လာတဲ့ သံသယတွေကို မဆိုလိုပါဘူး။

b ယေဟောဝါ ရွေးချယ်ချိန်မှာ ဒါဝိဒ် အသက် ဘယ်လောက်ရှိပြီဆိုတာ ကျမ်းစာမှာ အတိအကျ ဖော်ပြမထားပေမဲ့ ဆယ်ကျော်သက်ပဲ ရှိဦးမယ်။—၂၀၁၁၊ စက်တင်ဘာ ၁ ကင်းမျှော်စင် စာ. ၂၉၊ ပိုဒ်. ၂ ကို ကြည့်ပါ။

c ပုံအညွှန်း– ယေဟောဝါရဲ့ အတွေးအခေါ်ကို သိဖို့ ကျမ်းစာမှာ သက်သေခံ လူငယ် အဖြေရှာနေ။

d ပုံအညွှန်း– မိသားစုကို ထောက်ပံ့ဖို့ ညီအစ်ကိုတစ်ယောက် ပြတင်းပေါက်မှန်ဆေးတဲ့ အလုပ်လုပ်နေရင်း ပရဒိသုအသက်တာကို မြင်ယောင်ကြည့်နေ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ