ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၂၅ မတ် စာ. ၂၆-၃၁
  • ယေဟောဝါရဲ့ လက်တော်ဟာ မတိုပါဘူး

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ယေဟောဝါရဲ့ လက်တော်ဟာ မတိုပါဘူး
  • ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၅
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • မောရှေနဲ့ အစ္စရေးတွေဆီကနေ သင်ခန်းစာ ယူပါ
  • ငွေကြေးအခက်အခဲ ကြုံတဲ့အခါ
  • ရှေ့ရေးအတွက် စီစဉ်တဲ့အခါ
  • သစ္စာရှိ အမျိုးသားတွေရဲ့ အမှာစကား
    ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၄
  • ယေဟောဝါကို ယုံကြည်ကိုးစားကြောင်း ဖော်ပြတဲ့ ဆုံးဖြတ်ချက်များ
    ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း—လေ့ကျင့်ခန်းစာစောင်—၂၀၂၃
  • ကိုယ်မသိတာတွေ ရှိတယ်ဆိုတာ ကျိုးနွံမှုရှိရှိ အသိအမှတ်ပြုပါ
    ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၅
  • ယေဟောဝါဟာ “အသက်ရှင်တဲ့ ဘုရားသခင်” ဖြစ်ကြောင်း သတိရပါ
    ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၄
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၅
က၂၅ မတ် စာ. ၂၆-၃၁

လေ့လာရန် ဆောင်းပါး ၁၃

သီချင်း ၄ “ယေဟောဝါဟာ ငါ့သိုးထိန်းပါ”

ယေဟောဝါရဲ့ လက်တော်ဟာ မတိုပါဘူး

“ယေဟောဝါရဲ့ လက်ဟာ တိုလွန်းသလား။”—တော. ၁၁:၂၃။

အာရုံစိုက်ရာ

ကျွန်တော်တို့ လိုအပ်တာတွေကို ယေဟောဝါ အမြဲ ဖြည့်ဆည်းပေးမယ်ဆိုတာ ပိုစိတ်ချလာဖို့ ဒီဆောင်းပါးက ကူညီပေးပါမယ်။

၁။ အစ္စရေးတွေကို အီဂျစ်ပြည်ကနေ ခေါ်ထုတ်လာချိန်မှာ ယေဟောဝါကို မောရှေ ဘယ်လို ယုံကြည်အားကိုးသလဲ။

ဟီဘရူးကျမ်းမှာ ဖော်ပြထားတဲ့ ယုံကြည်ခြင်း စံနမူနာရှင် အများကြီးထဲက တစ်ယောက်ကတော့ မောရှေပါ။ (ဟီ. ၃:၂-၅။ ၁၁:၂၃-၂၅) မောရှေဟာ ဖာရောနဲ့ စစ်တပ်ကို မကြောက်ဘဲ ယေဟောဝါဘုရားကို အပြည့်အဝ ယုံကြည်အားကိုးပြီး အစ္စရေးတွေကို အီဂျစ်ပြည်ကနေ ခေါ်ထုတ်လာတယ်။ အစ္စရေးတွေနဲ့အတူ ပင်လယ်နီ ဖြတ်ပြီး တောကန္တာရထဲ ရောက်လာတယ်။ (ဟီ. ၁၁:၂၇-၂၉) ယေဟောဝါရဲ့ ထောက်မနိုင်စွမ်းကို အစ္စရေးအများစု သံသယဝင်လာပေမဲ့ ယေဟောဝါကို မောရှေ ဆက်ယုံကြည်အားကိုးတယ်။ မောရှေ အားကိုးမမှားဘူး။ တောကန္တာရ လွင်တီးခေါင်မှာ အစ္စရေးတွေအတွက် ယေဟောဝါ အံ့ဖွယ်နည်းနဲ့ စားစရာ၊ သောက်စရာ ပြင်ဆင်ပေးလို့ပါပဲ။a—ထွ. ၁၅:၂၂-၂၅။ ဆာ. ၇၈:၂၃-၂၅။

၂။ “ယေဟောဝါရဲ့ လက်ဟာ တိုလွန်းသလား” လို့ မောရှေကို ယေဟောဝါ ဘာကြောင့် မေးသလဲ။ (တောလည်ရာ ၁၁:၂၁-၂၃)

၂ အီဂျစ်ပြည်ကနေ အံ့ဖွယ်နည်းနဲ့ ကယ်ထုတ်ခံရပြီးနောက် တစ်နှစ်လောက်အကြာမှာ အသားစားချင်တယ်ဆိုပြီး အစ္စရေးတွေ ညည်းညူကြတဲ့အတွက် အသားကျွေးမယ်လို့ ယေဟောဝါ ပြောတယ်။ မောရှေ ယုံကြည်ခြင်း ခိုင်ခံ့ပေမဲ့ လူအားလုံး လောက်လောက်ငင စားရအောင် ယေဟောဝါ ဘယ်လိုလုပ်ပြီး ကျွေးမလဲလို့ တွေးမိတယ်။ ယောက်ျားချည်းပဲဆိုရင်တောင် လူ ၆၀၀,၀၀၀ ရှိပြီး တောကန္တာရ လွင်တီးခေါင်ထဲ ရောက်နေကြလို့ပဲ။ ဒါနဲ့ “ယေဟောဝါရဲ့ လက်ဟာ တိုလွန်းသလား” လို့ မောရှေကို ယေဟောဝါ မေးလိုက်တယ်။ (တောလည်ရာ ၁၁:၂၁-၂၃ ကို ဖတ်ပါ။) “ယေဟောဝါရဲ့ လက်” ဆိုတာ သန့်ရှင်းသော စွမ်းအားတော်၊ တစ်နည်းအားဖြင့် တန်ခိုးတော်ကို ဆိုလိုတယ်။ ‘ပြောတဲ့အတိုင်း လုပ်နိုင်တဲ့ တန်ခိုး ငါ့မှာ မရှိဘူးလို့ တွေးနေသလား’ ဆိုပြီး မေးလိုက်တဲ့ သဘောပါပဲ။

၃။ မောရှေနဲ့ အစ္စရေးတွေရဲ့ အဖြစ်ကို ဘာကြောင့် စိတ်ဝင်စားသင့်သလဲ။

၃ သင်နဲ့ သင့်မိသားစု လိုအပ်တာတွေကို ယေဟောဝါ ဖြည့်ဆည်းပေးပါ့မလားလို့ တွေးဖူးသလား။ ယေဟောဝါရဲ့ ထောက်မနိုင်စွမ်းကို မောရှေနဲ့ အစ္စရေးတွေ ဘာကြောင့် သံသယဝင်လာသလဲဆိုတာ သုံးသပ်ကြည့်ရအောင်။ ယေဟောဝါရဲ့ လက်တော် မတိုကြောင်း ပိုစိတ်ချလာစေမယ့် ကျမ်းပိုဒ်တချို့ကိုလည်း ဆွေးနွေးကြမယ်။

မောရှေနဲ့ အစ္စရေးတွေဆီကနေ သင်ခန်းစာ ယူပါ

၄။ ယေဟောဝါရဲ့ ထောက်မနိုင်စွမ်းကို အစ္စရေးတွေ ဘာကြောင့် သံသယဝင်လာတာ ဖြစ်မလဲ။

၄ ယေဟောဝါရဲ့ ထောက်မနိုင်စွမ်းကို အစ္စရေးတွေ ဘာကြောင့် သံသယဝင်လာတာ ဖြစ်မလဲ။ ကတိထားရာပြည်ကို သွားတဲ့လမ်းမှာ အစ္စရေးတွေနဲ့ အစ္စရေး မဟုတ်သူ “ဧရာမလူအုပ်ကြီး” ဟာ တောကန္တာရကြီးထဲ ဖြတ်လျှောက်လာကြတယ်။ (ထွ. ၁၂:၃၈။ တရား. ၈:၁၅) မန္နမုန့်ပဲ စားနေရလို့ အစ္စရေး မဟုတ်သူတွေ ညည်းတဲ့အခါ အစ္စရေးတွေလည်း လိုက်ညည်းပြီး မောရှေကို အပြစ်တင်ကြတယ်။ (တော. ၁၁:၄-၆) အီဂျစ်ပြည်မှာ စားခဲ့ရတာတွေကို တောင့်တကြတယ်။ လူတွေ ငိုယိုနေတော့ မောရှေလည်း အသားရှာကျွေးရမယ့် တာဝန်ဟာ ကိုယ့်တာဝန်လို့ ထင်သွားတယ်။—တော. ၁၁:၁၃၊ ၁၄။

၅-၆။ အစ္စရေး မဟုတ်သူတွေဆီကနေ ကျေးဇူးမသိတတ်တဲ့ သဘောထား အစ္စရေးတွေ ကူးစက်သွားတာကနေ ဘာသင်ယူနိုင်သလဲ။

၅ အစ္စရေး မဟုတ်သူတွေဆီကနေ ကျေးဇူးမသိတတ်တဲ့ သဘောထား အစ္စရေးတွေ ကူးစက်သွားတာ ထင်ရှားတယ်။ ကျွန်တော်တို့လည်း တခြားသူတွေဆီကနေ ကျေးဇူးမသိတတ်တဲ့ သဘောထား ကူးစက်လာနိုင်တယ်။ ကိုယ့်မှာ အရင်က ရှိခဲ့တာတွေကို တမ်းတရာကနေ၊ တခြားသူတွေမှာ ရှိတာတွေကို မနာလိုဖြစ်ရာကနေ ယေဟောဝါ ပေးတာတွေနဲ့ မရောင့်ရဲဘဲ ဖြစ်လာနိုင်တယ်။ ဒါပေမဲ့ ဘယ်လိုအခြေအနေမှာပဲဖြစ်ဖြစ် ရောင့်ရဲတတ်မှ ပျော်ရွှင်မယ်။

၆ ယေဟောဝါ ဘာကတိပေးထားသလဲဆိုတာ အစ္စရေးတွေ သတိရသင့်တယ်။ တောကန္တာရထဲ သွားလာနေစဉ်မှာ မဟုတ်ဘဲ ကတိထားရာပြည် ရောက်တဲ့အခါ လိုအပ်တာထက် အလျှံပယ် ဖြည့်ဆည်းပေးမယ်လို့ ကတိပေးထားတာ။ ကျွန်တော်တို့လည်း ဒီလောကစနစ်မှာ မပိုင်ဆိုင်ရတာတွေကို အာရုံမစိုက်ဘဲ ကမ္ဘာသစ်မှာ ပြည့်စုံလာမယ့် ယေဟောဝါရဲ့ ကတိတွေကို အာရုံစိုက်သင့်တယ်။ ယေဟောဝါကို ပိုယုံကြည်အားကိုးတတ်လာစေမယ့် ကျမ်းပိုဒ်တွေ တွေးတောဆင်ခြင်သင့်တယ်။

၇။ ယေဟောဝါရဲ့ လက်တော် မတိုကြောင်း ဘာကြောင့် စိတ်ချနိုင်သလဲ။

၇ မိမိလက်တော် ဘယ်လောက် အားကြီးတယ်ဆိုတာသာမက ဘယ်လောက် ဆန့်ထုတ်နိုင်တယ်ဆိုတာ မောရှေကို စဉ်းစားမိစေချင်လို့ လက်တော်ဟာ “တိုလွန်းသလား” ဆိုပြီး ယေဟောဝါ မေးတာ ဖြစ်နိုင်တယ်။ အစ္စရေးတွေ တောကန္တာရ လွင်တီးခေါင်ထဲ ရောက်နေပါစေ အသား ဝဝလင်လင် ကျွေးနိုင်တယ်။ တကယ်လည်း “လက်တော်ကို ဆန့်ပြီး” ယေဟောဝါ တန်ခိုးပြခဲ့တယ်။ (ဆာ. ၁၃၈:၆၊ ၇) ဒါကြောင့် ကျွန်တော်တို့ အခက်အခဲ ကြုံတဲ့အခါလည်း လက်တော်ဆန့်ထုတ်ပြီး ကူညီပေးမယ်ဆိုတာ စိတ်ချနိုင်တယ်။

၈။ တောကန္တာရမှာ လူများစွာ လုပ်မိတဲ့ အမှားမျိုး ကျွန်တော်တို့ ဘယ်လို ရှောင်နိုင်သလဲ။ (ရုပ်ပုံကိုလည်း ကြည့်ပါ။)

၈ မကြာခင်မှာပဲ ငုံးတွေ တောင်ပုံရာပုံ ကျလာစေခြင်းအားဖြင့် အသားကျွေးမယ်ဆိုတဲ့ ကတိကို ယေဟောဝါ ပြည့်စုံစေတယ်။ ဒါပေမဲ့ အစ္စရေးတွေ ကျေးဇူးမသိတတ်ကြဘူး။ လောဘကြီးပြီး တစ်နေ့လုံး၊ တစ်ညလုံး၊ နောက်တစ်နေ့လုံး ငုံးတွေ စုသိမ်းကြတယ်။ “စားစရာ အငမ်းမရ တောင့်တသူတွေကို” ယေဟောဝါ အမျက်ထွက်ပြီး ဒဏ်ခတ်လိုက်တယ်။ (တော. ၁၁:၃၁-၃၄) ဘာသင်ခန်းစာ ရသလဲ။ လောဘ အတောမသတ်နိုင်တာမျိုး မဖြစ်ရဘူး။ ဆင်းရဲသည်ဖြစ်စေ၊ ချမ်းသာသည်ဖြစ်စေ ယေဟောဝါ၊ ယေရှုနဲ့ ပိုရင်းနှီးအောင် ကြိုးစားခြင်းအားဖြင့် “ကောင်းကင်ဘဏ္ဍာ” ကို ဦးစားပေး စုဆောင်းရမယ်။ (မ. ၆:၁၉၊ ၂၀။ လု. ၁၆:၉) ဒါဆိုရင် ကျွန်တော်တို့ကို ယေဟောဝါ ထောက်မပေးမယ်ဆိုတာ စိတ်ချနိုင်တယ်။

တောကန္တာရမှာ အစ္စရေးတွေ ညဘက် ငုံးအများကြီး စုသိမ်းနေ။

တောကန္တာရမှာ ယေဟောဝါ ငုံးတွေ ချပေးတဲ့အခါ လူများစွာ ဘယ်လို တုံ့ပြန်သလဲ။ ဒီဖြစ်ရပ်ကနေ ဘာသင်ခန်းစာ ယူနိုင်သလဲ (စာပိုဒ် ၈ ကို ကြည့်ပါ)


၉။ ကျွန်တော်တို့ ဘာကို အပြည့်အဝ စိတ်ချနိုင်သလဲ။

၉ ဒီနေ့အချိန်မှာ ယေဟောဝါ လက်တော်ဆန့်ထုတ်ပြီး မိမိလူမျိုးကို ကူညီပေးနေတယ်။ ဒီလိုပြောလို့ ကျွန်တော်တို့ ငွေရေးကြေးရေး၊ စားရေးသောက်ရေး ဘယ်တော့မှ ပူပင်စရာ မလိုဘူးလို့ မဆိုလိုဘူး။b ယေဟောဝါ ဘယ်တော့မှ ပစ်မထားဘူး၊ ကျွန်တော်တို့ ဘာအခက်အခဲပဲ ကြုံရပါစေ ထောက်မပေးမယ်လို့ ဆိုလိုတာပါ။ ယေဟောဝါရဲ့ လက်တော် မတိုဘူးဆိုတာ စိတ်ချကြောင်း ပြနိုင်တဲ့ အခြေအနေနှစ်ရပ်ကို သုံးသပ်ကြည့်ရအောင်။ (၁) ငွေကြေးအခက်အခဲ ကြုံတဲ့အခါ၊ (၂) ရှေ့ရေးအတွက် စီစဉ်တဲ့အခါ ဖြစ်တယ်။

ငွေကြေးအခက်အခဲ ကြုံတဲ့အခါ

၁၀။ ဘယ်လိုအခြေအနေတွေမှာ ငွေကြေးအခက်အခဲ ကြုံနိုင်သလဲ။

၁၀ လောကစနစ်အဆုံး နီးလာလေ နိုင်ငံရေး မငြိမ်သက်မှု၊ စစ်၊ သဘာဝဘေး၊ ကပ်ရောဂါအသစ်တွေကြောင့် ပိုခက်ခဲလာနိုင်တယ်။ မျှော်လင့်မထားတဲ့ အကုန်အကျတွေ ရှိလာနိုင်တယ်။ အလုပ်ပြုတ်သွားနိုင်တယ်။ အိုးအိမ်စည်းစိမ် ဆုံးရှုံးသွားနိုင်တယ်။ မိသားစု စားဝတ်နေရေးအတွက် လက်ရှိနေရာမှာပဲ အလုပ်အသစ် ရှာရနိုင်တယ်။ ဒါမှမဟုတ် မိသားစုလိုက် တခြားနေရာ ပြောင်းရွှေ့ဖို့ စဉ်းစားလာရနိုင်တယ်။ ယေဟောဝါကို ယုံကြည်အားကိုးကြောင်း ပြနိုင်တဲ့ ဆုံးဖြတ်ချက်တွေ ချဖို့ ဘာက ကူညီပေးမလဲ။

၁၁။ ငွေကြေးအခက်အခဲ ဖြေရှင်းနိုင်ဖို့ ဘာက ကူညီပေးမလဲ။ (လုကာ ၁၂:၂၉-၃၁)

၁၁ စိုးရိမ်ပူပန်မှုတွေကို ယေဟောဝါဆီ ဆုတောင်းပြောပြဖို့ သိပ်အရေးကြီးတယ်။ (ပညာ. ၁၆:၃) ဆုံးဖြတ်ချက်ကောင်း ချနိုင်အောင် ဉာဏ်ပညာ ပေးဖို့၊ ‘အစိုးရိမ်မလွန်’ ဖို့ ဆုတောင်းပါ။ (လုကာ ၁၂:၂၉-၃၁ ကို ဖတ်ပါ။) ရောင့်ရဲတတ်အောင် ကူညီပေးဖို့ အသနားခံပါ။ (၁ တိ. ၆:၇၊ ၈) ငွေကြေးအခက်အခဲ ဖြေရှင်းနိုင်ပုံနဲ့ပတ်သက်ပြီး အဖွဲ့အစည်းစာပေတွေမှာ ရှာဖွေလေ့လာပါ။ jw.org မှာ တင်ထားတဲ့ ဗီဒီယိုတွေ၊ ဆောင်းပါးတွေကနေ လူတော်တော်များများ အကျိုးရနေကြတယ်။

၁၂။ မိသားစုအတွက် အကောင်းဆုံး ဆုံးဖြတ်နိုင်ဖို့ ဘာမေးခွန်းတွေ စဉ်းစားနိုင်သလဲ။

၁၂ တချို့က မိသားစုနဲ့ ခွဲပြီး အဝေးကြီးမှာ အလုပ်သွားလုပ်ကြတယ်။ ဒါပေမဲ့ ဒါ ပညာမဲ့တဲ့ ဆုံးဖြတ်ချက် ဖြစ်မှန်း နောက်မှ သဘောပေါက်လာကြတယ်။ ဒါကြောင့် အလုပ်တစ်ခု လက်ခံတော့မယ်ဆိုရင် ငွေကြေးအကျိုးအမြတ် ဘယ်လောက် ရနိုင်တယ်ဆိုတာပဲ မစဉ်းစားပါနဲ့။ ဘုရားရေးရာပိုင်းမှာ ဘယ်လောက် စတေးရနိုင်တယ်ဆိုတာ စဉ်းစားပါ။ (လု. ၁၄:၂၈) ‘အဝေးကြီးမှာ အလုပ်သွားလုပ်ရင် အိမ်ထောင်ရေး ဘယ်လို ထိခိုက်နိုင်သလဲ။ အစည်းအဝေး၊ အမှုဆောင် ပျက်မလား။ ညီအစ်ကို/မတွေနဲ့ ပေါင်းသင်းရပါ့မလား’ လို့ စဉ်းစားပါ။ သားသမီး ရှိတယ်ဆိုရင် ဘယ်လို စဉ်းစားနိုင်သလဲ။ ‘သားသမီးတွေနဲ့ အတူမနေရင် ဘယ်လိုလုပ် “ယေဟောဝါ မိန့်မှာတဲ့အတိုင်း သူတို့ကို ဆုံးမသွန်သင်ပြီး ပြုစုပျိုးထောင်” နိုင်တော့မလဲ’ လို့ စဉ်းစားနိုင်တယ်။ (ဧ. ၆:၄) ဆုံးဖြတ်ချက် ချတဲ့အခါ ကျမ်းစာမူတွေကို မလေးမြတ်တဲ့ မိသားစုဝင်တွေ၊ မိတ်ဆွေတွေရဲ့ အမြင်ကို မဟုတ်ဘဲ ယေဟောဝါရဲ့ အမြင်ကို ထည့်စဉ်းစားပါ။c အာရှမှာ နေတဲ့ ညီအစ်ကို တိုနီအကြောင်း သုံးသပ်ကြည့်ပါ။ ဝင်ငွေကောင်းတဲ့ အလုပ်အများကြီး ကမ်းလှမ်းခံရတယ်။ ဒါပေမဲ့ နိုင်ငံခြားမှာ သွားလုပ်ရမှာ။ ဆုတောင်းပြီးနောက်၊ ဇနီးနဲ့ တိုင်ပင်ပြီးနောက် အလုပ်တွေ ငြင်းလိုက်တယ်။ အသုံးစရိတ် ဘယ်လို လျှော့ချနိုင်မလဲဆိုတာ စဉ်းစားတယ်။ “ဒီလိုဆုံးဖြတ်လိုက်တဲ့အတွက် လူအများကြီး ယေဟောဝါအကြောင်း သိလာအောင်၊ သားသမီးတွေ ဘုရားရေးရာမှာ ထက်သန်လာအောင် ကူညီပေးခွင့် ရသွားတယ်။ မဿဲ ၆:၃၃ မှာ ပါတဲ့ ယေရှုစကားကို လိုက်နာသရွေ့ လိုအပ်တာတွေ ယေဟောဝါ ဖြည့်ဆည်းပေးမယ်ဆိုတာ ကျွန်တော်တို့မိသားစု သိလာတယ်” လို့ တိုနီ ပြောတယ်။

ရှေ့ရေးအတွက် စီစဉ်တဲ့အခါ

၁၃။ ရှေ့ရေး ကြိုတွေးပြီး အခုချိန်မှာ ဘာတွေ လုပ်နိုင်သလဲ။

၁၃ ရှေ့ရေးအတွက် စီစဉ်တဲ့အခါလည်း ယေဟောဝါကို ယုံကြည်အားကိုးကြောင်း ပြနိုင်တယ်။ ရှေ့ရေး ကြိုတွေးပြီး ကြိုးကြိုးစားစား အလုပ်လုပ်ဖို့ ကျမ်းစာက အားပေးတယ်။ (ပညာ. ၆:၆-၁၁) ငွေစုဆောင်းဖို့ အခြေအနေပေးလို့ စုဆောင်းတာ မမှားပါဘူး။ ငွေက အတိုင်းအတာတစ်ခုအထိ ကာကွယ်ပေးနိုင်လို့ပဲ။ (ဒေ. ၇:၁၂) ဒါပေမဲ့ ငွေရှာတာကို ဘဝမှာ အရေးကြီးဆုံးအရာ မဖြစ်စေသင့်ဘူး။

၁၄။ ရှေ့ရေးအတွက် စီစဉ်တဲ့အခါ ဟီဘရူး ၁၃:၅ ကို ဘာကြောင့် သတိရသင့်သလဲ။

၁၄ ဥစ္စာအများကြီး စုဆောင်းထားပေမဲ့ “ဘုရားသခင်ရှေ့မှာ ဆင်းရဲတဲ့သူဟာ” ဆင်ခြင်ဉာဏ်မဲ့ရာရောက်တယ်လို့ ပုံဥပမာတစ်ခုမှာ ယေရှု ပြောတယ်။ (လု. ၁၂:၁၆-၂၁) ဒါ့အပြင် မိမိတပည့် ဖြစ်ချင်ရင် ပိုင်ဆိုင်သမျှ “စွန့်လွှတ်နိုင်” ရမယ်လို့ ပြောတယ်။ (လု. ၁၄:၃၃) မနက်ဖြန် ဘာဖြစ်လာမယ်ဆိုတာ ဘယ်သူမှ မသိဘူး။ (ပညာ. ၂၃:၄၊ ၅။ ယာ. ၄:၁၃-၁၅) ပထမရာစုတုန်းက ယုဒပြည်မှာ ရှိတဲ့ ခရစ်ယာန်တွေဟာ ပိုင်ဆိုင်ရာတွေ ဆုံးရှုံးသွားချိန်မှာ ဝမ်းမြောက်တဲ့စိတ်နဲ့ သည်းခံကြတယ်။ (ဟီ. ၁၀:၃၄) ဒီနေ့လည်း နိုင်ငံရေးမှာ မပါဝင်လို့ အလုပ်ပြုတ်သွားတဲ့၊ ပိုင်ဆိုင်ရာတွေ ဆုံးရှုံးသွားတဲ့ ညီအစ်ကို/မ အများကြီး ရှိတယ်။ (ဗျာ. ၁၃:၁၆၊ ၁၇) သူတို့ ဘာကြောင့် ခံရပ်နိုင်သလဲ။ “မင်းတို့ကို ငါ ဘယ်တော့မှ ပစ်ထားမှာ မဟုတ်ဘူး။ ဘယ်တော့မှ စွန့်ခွာမှာ မဟုတ်ဘူး” ဆိုတဲ့ ယေဟောဝါရဲ့ ကတိကို အကြွင်းမဲ့ ယုံကြည်စိတ်ချလို့ပါပဲ။ (ဟီဘရူး ၁၃:၅ ကို ဖတ်ပါ။) ဒါကြောင့် ကျွန်တော်တို့လည်း ရှေ့ရေးအတွက် အတတ်နိုင်ဆုံး စီစဉ်ကြတယ်။ မျှော်လင့်မထားတာတွေ ဖြစ်လာတဲ့အခါ ယေဟောဝါ ထောက်မပေးမယ်ဆိုတာ အကြွင်းမဲ့ စိတ်ချကြတယ်။

၁၅။ သားသမီးတွေနဲ့ပတ်သက်ပြီး မိဘတွေမှာ ဘယ်လို မျှတတဲ့ သဘောထား ရှိသင့်သလဲ။ (ရုပ်ပုံကိုလည်း ကြည့်ပါ။)

၁၅ ဒေသတချို့မှာ မောင်နှံစုံတွေ သားသမီးယူတဲ့ အဓိက အကြောင်းရင်းက အသက်ကြီးလာရင် ထောက်ပံ့မယ့်သူ ရှိနေအောင် ဖြစ်တယ်။ ဒါပေမဲ့ “မိဘတွေကသာ သားသမီးတွေအတွက် စုဆောင်းပေးရမှာ” လို့ ကျမ်းစာ ဆိုတယ်။ (၂ ကော. ၁၂:၁၄) မိဘတွေ အသက်ကြီးလာတဲ့အခါ သားသမီးတွေဆီက အထောက်အပံ့ ယူရနိုင်ပါတယ်။ သားသမီး တော်တော်များများကလည်း မိဘတွေကို ကျေကျေနပ်နပ် ထောက်ပံ့ကြပါတယ်။ (၁ တိ. ၅:၄) ဒါပေမဲ့ အထောက်အပံ့ ရဖို့ ရည်ရွယ်ချက်နဲ့ သားသမီး ပြုစုပျိုးထောင်တာထက် သားသမီးတွေ အမှန်တရားလမ်းစဉ်မှာ လျှောက်လှမ်းဖို့ ကူညီပေးတာက ပိုဝမ်းသာစရာကောင်းတယ်ဆိုတာ ခရစ်ယာန်မိဘတွေ အသိအမှတ်ပြုကြတယ်။—၃ ယော. ၄။

သမီး၊ သမက်နဲ့ မောင်နှံတစ်စုံ ပျော်ပျော်ရွှင်ရွှင် ဗီဒီယိုကောလ် ပြောနေ။ သမီးနဲ့ သမက်က ဆောက်လုပ်ရေး လုပ်ငန်းခွင်သုံး အပေါ်အင်္ကျီတွေ ဝတ်ထား။

ယေဟောဝါကို ယုံကြည်အားကိုးတဲ့ မောင်နှံစုံတွေဟာ ရှေ့ရေးအတွက် ဆုံးဖြတ်ချက် ချတဲ့အခါ ကျမ်းစာမူတွေကို ထည့်စဉ်းစား (စာပိုဒ် ၁၅ ကို ကြည့်ပါ)d


၁၆။ သားသမီးတွေ ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်နိုင်အောင် မိဘတွေ ဘယ်လို လမ်းကြောင်းပေးနိုင်သလဲ။ (ဧဖက် ၄:၂၈)

၁၆ မိဘတို့၊ သားသမီးတွေ ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်နိုင်အောင် လမ်းကြောင်းပေးတဲ့အခါ ယေဟောဝါကို ယုံကြည်အားကိုးကြောင်း ပြပါ။ ဘာမဆို ကြိုးကြိုးစားစား လုပ်တတ်အောင် ငယ်ငယ်ကတည်းက သင်ပေးပါ။ (ပညာ. ၂၉:၂၁။ ဧဖက် ၄:၂၈ ကို ဖတ်ပါ။) စာကြိုးစားဖို့ အားပေးပါ။ ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်နိုင်ဖို့၊ အမှုဆောင်လုပ်ငန်းမှာ ပိုပါဝင်နိုင်ဖို့၊ ရှေ့ဆောင်လုပ်နိုင်ဖို့ ဘယ်လိုပညာရပ်မျိုး ဆည်းပူးမယ်ဆိုတာ သားသမီးတွေ ဆုံးဖြတ်ကြရမယ်။ သားသမီးတွေ ဆုံးဖြတ်ချက်ကောင်း ချနိုင်အောင် ကူညီပေးဖို့ မိဘတွေအနေနဲ့ ကျမ်းစာမူတွေ ရှာဖွေလေ့လာထားရမယ်။

၁၇။ ဘာကို စိတ်ချနိုင်သလဲ။

၁၇ လိုအပ်တာတွေကို ယေဟောဝါ ဖြည့်ဆည်းပေးနိုင်တယ်၊ ဖြည့်ဆည်းပေးချင်တယ်ဆိုတာ သစ္စာရှိ ကျေးကျွန်တွေ စိတ်ချနိုင်ပါတယ်။ လောကစနစ်အဆုံး နီးလာလေ ယေဟောဝါကို ယုံကြည်အားကိုးဖို့ ပိုလိုလာလေပဲ။ ဘာတွေပဲ ဖြစ်လာပါစေ ကျွန်တော်တို့ လိုအပ်တာတွေ ဖြည့်ဆည်းပေးဖို့ တန်ခိုးတော်ကို ယေဟောဝါ အသုံးပြုမယ်ဆိုတာ စိတ်ချထားကြရအောင်။ ယေဟောဝါရဲ့ လက်တော်ဟာ အားကြီးပြီး ဆန့်ထုတ်နိုင်တဲ့အတွက် ကျွန်တော်တို့ ဘယ်နေရာမှာပဲ ရှိနေပါစေ ထောက်မပေးနိုင်တယ်။

သင် ဘယ်လို ဖြေမလဲ

  • မောရှေနဲ့ အစ္စရေးတွေဆီကနေ ဘာသင်ခန်းစာ ယူနိုင်သလဲ။

  • ငွေကြေးအခက်အခဲ ကြုံတဲ့အခါ ယေဟောဝါကို ယုံကြည်အားကိုးကြောင်း ဘယ်လို ပြနိုင်သလဲ။

  • ရှေ့ရေးအတွက် စီစဉ်တဲ့အခါ ဘာကို သတိရသင့်သလဲ။

သီချင်း ၁၅၀ ကယ်တင်ခံရဖို့ ဘုရားသခင်ကို ရှာပါ

a ၂၀၂၃၊ အောက်တိုဘာ ကင်းမျှော်စင် မှာ ပါတဲ့ “စာရှုသူများထံမှ မေးခွန်းလွှာ” ကို ကြည့်ပါ။

b ၂၀၁၄၊ စက်တင်ဘာ ၁၅ ကင်းမျှော်စင် (အင်္ဂလိပ်) မှာ ပါတဲ့ “စာရှုသူများထံမှ မေးခွန်းလွှာ” ကို ကြည့်ပါ။

c ၂၀၁၄၊ ဧပြီ ၁၅ ကင်းမျှော်စင် မှာ ပါတဲ့ “မည်သူမျှ သခင်နှစ်ဦးအစေကို မခံနိုင်” ဆောင်းပါးကို ကြည့်ပါ။

d ပုံအညွှန်း– ယေဟောဝါကို ယုံကြည်အားကိုးတဲ့ မောင်နှံတစ်စုံဟာ ခန်းမ ဆောက်လုပ်ရေး စီမံကိန်းမှာ ခင်ပွန်းနဲ့အတူ ပါဝင်ကူညီနေတဲ့ သမီးကို ဆက်သွယ်နေ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ