ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၂၅ ဧပြီ စာ. ၂-၇
  • “ဘယ်ဘုရားကို ဝတ်ပြုမယ်ဆိုတာ ဒီနေ့ ရွေးချယ်ကြ”

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • “ဘယ်ဘုရားကို ဝတ်ပြုမယ်ဆိုတာ ဒီနေ့ ရွေးချယ်ကြ”
  • ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၅
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ယေဟောဝါကို ဝတ်ပြုဖို့ ယေရှု ဘာကြောင့် ရွေးချယ်သလဲ
  • ယေဟောဝါဟာ ဘာကြောင့် ဝတ်ပြုခံထိုက်သလဲ
  • ယေဟောဝါကို ဝတ်ပြုဖို့ ကျွန်တော်တို့ ဘာကြောင့် ရွေးချယ်သလဲ
  • ယေဟောဝါကို ဆက်ဝတ်ပြုပါ
  • ကိုယ်မသိတာတွေ ရှိတယ်ဆိုတာ ကျိုးနွံမှုရှိရှိ အသိအမှတ်ပြုပါ
    ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၅
  • ယေဟောဝါကို ယုံကြည်ကိုးစားကြောင်း ဖော်ပြတဲ့ ဆုံးဖြတ်ချက်များ
    ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း—လေ့ကျင့်ခန်းစာစောင်—၂၀၂၃
  • ယေဟောဝါဟာ “အသက်ရှင်တဲ့ ဘုရားသခင်” ဖြစ်ကြောင်း သတိရပါ
    ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၄
  • ယေဟောဝါက “စိတ်ကြေကွဲနေသူတွေကို ကုသပေး”
    ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၄
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၅
က၂၅ ဧပြီ စာ. ၂-၇

လေ့လာရန် ဆောင်းပါး ၁၄

သီချင်း ၈ တို့ခိုလှုံရာ ယေဟောဝါ

“ဘယ်ဘုရားကို ဝတ်ပြုမယ်ဆိုတာ ဒီနေ့ ရွေးချယ်ကြ”

“ကျုပ်နဲ့ ကျုပ်ရဲ့ မိသားစုကတော့ ယေဟောဝါဘုရားကိုပဲ ဝတ်ပြုမယ်။”—ယောရှု ၂၄:၁၅။

အာရုံစိုက်ရာ

ယေဟောဝါကို ဝတ်ပြုဖို့ ကျွန်တော်တို့ ရွေးချယ်ရတဲ့ အကြောင်းရင်းတွေကို ဒီဆောင်းပါးက ပြန်အမှတ်ရစေပါမယ်။

၁။ စစ်မှန်တဲ့ ပျော်ရွှင်မှု ရဖို့ ဘာလုပ်ရမလဲ။ ဘာကြောင့်လဲ။ (ဟေရှာယ ၄၈:၁၇၊ ၁၈)

ကျွန်တော်တို့ကို ကောင်းကင်ဘုံစံအဖ ယေဟောဝါ သိပ်ချစ်တယ်။ အခုရော နောင်ပါ ပျော်ရွှင်စေချင်တယ်။ (ဒေ. ၃:၁၂၊ ၁၃) မိမိကို ဝတ်ပြုပြီး မိမိစံနှုန်းတွေ လိုက်နာမှ စစ်မှန်တဲ့ ပျော်ရွှင်မှု ရမယ်ဆိုတာ ယေဟောဝါ သိတယ်။ (ဟေရှာယ ၄၈:၁၇၊ ၁၈ ကို ဖတ်ပါ။) ဒါကြောင့် လူတွေကို ထူးခြားတဲ့ စွမ်းရည်တချို့ ထည့်သွင်းဖန်ဆင်းထားပေမဲ့ လူလူချင်း အုပ်ချုပ်နိုင်စွမ်း၊ အမှားအမှန်စံနှုန်း သတ်မှတ်နိုင်စွမ်း ပေးမထားဘူး။—ဒေ. ၈:၉။ ယေ. ၁၀:၂၃။

၂။ ကျွန်တော်တို့ကို စာတန် ဘာယုံစေချင်သလဲ။ စာတန် မှားကြောင်း သက်သေပြဖို့ ယေဟောဝါ ဘာလုပ်သလဲ။

၂ ယေဟောဝါကို ဝတ်မပြုလည်း ပျော်ရွှင်နိုင်တယ်၊ လူလူချင်း အုပ်ချုပ်နိုင်စွမ်း ရှိတယ်လို့ ကျွန်တော်တို့ကို စာတန် ယုံစေချင်တယ်။ (က. ၃:၄၊ ၅) စာတန် မှားကြောင်း သက်သေပြဖို့ အချိန်အတိုင်းအတာတစ်ခုအထိ လူလူချင်း အုပ်ချုပ်ခွင့် ယေဟောဝါ ပေးလိုက်တယ်။ လူ့အုပ်ချုပ်မှုကြောင့် လူတွေ ထိခိုက်နစ်နာနေတာ အထင်းသားပါပဲ။ ဒါပေမဲ့ ယေဟောဝါကို ဝတ်ပြုလို့ ပျော်ရွှင်စရာ အသက်တာ ပိုင်ဆိုင်တဲ့ အမျိုးသား/သမီးများစွာအကြောင်း ကျမ်းစာမှာ ဖော်ပြထားတယ်။ အဲဒီထဲမှာမှ အပျော်ရွှင်ဆုံးသူကတော့ ယေရှုခရစ်ပါပဲ။ ယေဟောဝါကို ဝတ်ပြုဖို့ ယေရှု ဘာကြောင့် ရွေးချယ်သလဲ၊ ယေဟောဝါဟာ ဘာကြောင့် ဝတ်ပြုခံထိုက်သလဲ၊ ယေဟောဝါကို ဝတ်ပြုဖို့ ကျွန်တော်တို့ ရွေးချယ်ရတဲ့ အကြောင်းရင်းတချို့က ဘာလဲဆိုတာ ဒီဆောင်းပါးမှာ ဆွေးနွေးသွားပါမယ်။

ယေဟောဝါကို ဝတ်ပြုဖို့ ယေရှု ဘာကြောင့် ရွေးချယ်သလဲ

၃။ ယေရှုကို စာတန် ဘာလာပြောသလဲ။ ယေရှု ဘာလုပ်ဖို့ ရွေးချယ်သလဲ။

၃ ယေဟောဝါကို ဝတ်ပြုဖို့ ရွေးချယ်ထားကြောင်း မြေကြီးပေါ် ရှိစဉ်တစ်လျှောက် ယေရှု ပြတယ်။ ဥပမာ၊ စာတန်က မိမိကို တစ်ကြိမ်ပဲ ရှိခိုးဦးချမယ်ဆိုရင် လောကတိုင်းနိုင်ငံအားလုံး ပေးမယ်ဆိုပြီး ယေရှု နှစ်ခြင်းခံပြီးနောက် မကြာခင်မှာ လာပြောတယ်။ “စာတန်၊ ထွက်သွားစမ်း။ ‘ယေဟောဝါဘုရားကို ကိုးကွယ်ရမယ်။ ကိုယ်တော် တစ်ပါးတည်းကိုပဲ ဝတ်ပြုရမယ်’ လို့ ကျမ်းစာမှာ ရေးထားတယ်” ဆိုပြီး ယေရှု ပြန်ပြောတယ်။ (မ. ၄:၈-၁၀) ယေဟောဝါကို ဝတ်ပြုဖို့ ယေရှု ဘာကြောင့် ရွေးချယ်သလဲ။ အကြောင်းရင်းတချို့ သုံးသပ်ကြည့်ရအောင်။

၄-၅။ ယေဟောဝါကို ယေရှု ဝတ်ပြုရတဲ့ အကြောင်းရင်းတချို့က ဘာလဲ။

၄ ယေဟောဝါကို ယေရှု ဘာကြောင့် ဝတ်ပြုသလဲ။ အဓိကကတော့ နှစ်နှစ်ကာကာ ချစ်လို့ပါပဲ။ (ယော. ၁၄:၃၁) ဒါ့အပြင် ဝတ်ပြုထိုက်လို့ ဝတ်ပြုတာ ဖြစ်တယ်။ (ယော. ၈:၂၈၊ ၂၉။ ဗျာ. ၄:၁၁) ယေဟောဝါနဲ့ စာတန် ဘယ်လောက် ကွာသလဲဆိုတာ ယေရှု ကောင်းကောင်း သိတယ်။ ယေဟောဝါဟာ အသက်ရဲ့ ပင်ရင်း ဖြစ်တယ်။ ယုံကြည်စိတ်ချထိုက်တယ်။ ရက်ရောတယ်။ (ဆာ. ၃၃:၄။ ၃၆:၉။ ယာ. ၁:၁၇) ယေရှုကို ယေဟောဝါ ပြောသမျှဟာ အမှန်တရား ဖြစ်တယ်။ ယေရှု ပိုင်ဆိုင်သမျှဟာ ယေဟောဝါ ပေးထားတာ ဖြစ်တယ်။ (ယော. ၁:၁၄) စာတန်ကတော့ သေခြင်းကို ဖြစ်ပေါ်စေတယ်။ မုသားပြောသူ၊ လောဘကြီးသူ၊ အတ္တကြီးသူ ဖြစ်တယ်။ (ယော. ၈:၄၄) ဒါကြောင့် စာတန်ကို အတုယူဖို့၊ ယေဟောဝါကို ပုန်ကန်ဖို့ ယေရှု တစ်ခါမှ မစဉ်းစားဘူး။—ဖိ. ၂:၅-၈။

၅ ယေဟောဝါကို ယေရှု ဝတ်ပြုရတဲ့ အကြောင်းရင်းနောက်တစ်ခုကတော့ သစ္စာရှိရှိ ဝတ်ပြုရင် ရလာမယ့် ကောင်းကျိုးတွေကို သိနေလို့ပါပဲ။ (ဟီ. ၁၂:၂) ဘာကောင်းကျိုးတွေလဲ။ ယေရှု သစ္စာရှိရင် ယေဟောဝါရဲ့ နာမတော်ကို သန့်ရှင်းမြင့်မြတ်စေနိုင်မယ်။ မာရ်နတ် ဖြစ်ပေါ်စေတဲ့ ဆင်းရဲဒုက္ခအားလုံးကို ဖယ်ရှားနိုင်မယ်။

ယေဟောဝါဟာ ဘာကြောင့် ဝတ်ပြုခံထိုက်သလဲ

၆-၇။ (က) ဒီနေ့ခေတ် လူတော်တော်များများ ယေဟောဝါကို ဘာကြောင့် ဝတ်မပြုသလဲ။ (ခ) ယေဟောဝါဟာ ဘာကြောင့် ဝတ်ပြုခံထိုက်သလဲ။

၆ ဒီနေ့ခေတ် လူတော်တော်များများ ယေဟောဝါကို ဘာကြောင့် ဝတ်မပြုသလဲ။ ယေဟောဝါရဲ့ ဂုဏ်ရည်တော်တွေ၊ သူတို့အတွက် လုပ်ပေးထားတာတွေအကြောင်း မသိလို့ပါ။ တမန်တော် ပေါလု ဟောပြောခဲ့တဲ့ အေသင်မြို့သားတွေလည်း အဲဒီလိုပဲ။—တ. ၁၇:၁၉၊ ၂၀၊ ၃၀၊ ၃၄။

၇ စစ်မှန်တဲ့ ဘုရားသခင်ဟာ “လူအားလုံးကို အသက်နဲ့ ထွက်သက်ဝင်သက်ကို ပေးတဲ့အရှင်၊ အရာခပ်သိမ်းကို ပေးသနားတဲ့အရှင်” ဖြစ်ကြောင်း အေသင်မြို့သားတွေကို ပေါလု ရှင်းပြတယ်။ “ဘုရားသခင်ကြောင့်သာ ကျွန်တော်တို့ ဖြစ်တည်နေတာ၊ အသက်ရှင်ပြီး သွားလာလှုပ်ရှားနေတာပါ” လို့ ဆက်ပြောတယ်။ ဘုရားသခင်ဟာ ‘လူတစ်ဦးတည်းကနေ လူအမျိုးမျိုးကို ဖန်ဆင်းတဲ့အရှင်’ ဖြစ်လို့ ဝတ်ပြုခံထိုက်တယ်။—တ. ၁၇:၂၅၊ ၂၆၊ ၂၈။

၈။ ယေဟောဝါ ဘယ်တော့မှ မလုပ်မယ့်အရာက ဘာလဲ။ ကျွန်တော်တို့ကို သိပ်ချစ်တယ်ဆိုတာ ပေါ်လွင်တဲ့ ဘာအထောက်အထားတွေ ရှိသလဲ။

၈ ယေဟောဝါဟာ ဖန်ဆင်းရှင်၊ စကြဝဠာ အချုပ်အခြာအာဏာရှင် ဖြစ်လို့ ဆန္ဒရှိတာ ဘာမဆို လုပ်နိုင်တယ်။ ဒါပေမဲ့ မိမိကို လူတွေ ဝတ်ပြုလာအောင် ဘယ်တော့မှ အတင်းအကျပ် မလုပ်ဘူး။ အဲဒီအစား မိမိ တည်ရှိတယ်၊ တစ်ယောက်ချင်းစီကို သိပ်ချစ်တယ်ဆိုတာ ပေါ်လွင်တဲ့ အထောက်အထားတွေ ပေးတယ်။ လူများနိုင်သမျှ များများကို မိမိနဲ့ မိတ်ဆွေ ထာဝစဉ် ဖြစ်စေချင်တယ်။ (၁ တိ. ၂:၃၊ ၄) ဒါကြောင့်လည်း လူတွေအတွက် ဘာရည်ရွယ်ထားတယ်၊ ရည်ရွယ်ချက် ဘယ်လို အကောင်အထည်ဖော်မယ်ဆိုတာ သွန်သင်ပေးတတ်ဖို့ ကျွန်တော်တို့ကို လေ့ကျင့်ပေးတယ်။ (မ. ၁၀:၁၁-၁၃။ ၂၈:၁၉၊ ၂၀) မိမိကို ဝတ်ပြုသူတွေအတွက် အသင်းတော် ဖွဲ့စည်းပေးထားတယ်။ ဂရုစိုက်စောင့်ရှောက်ပေးမယ့် မေတ္တာရှိ အကြီးအကဲတွေ ခန့်အပ်ပေးထားတယ်။—တ. ၂၀:၂၈။

၉။ လူအားလုံးကို ယေဟောဝါ ဘယ်လို မေတ္တာပြသလဲ။

၉ မိမိ တည်ရှိတယ်ဆိုတာ လက်မခံသူတွေကိုတောင် ယေဟောဝါ မေတ္တာပြတယ်။ စဉ်းစားကြည့်ပါ– သမိုင်းတစ်လျှောက် ကိုယ့်အမှားအမှန်စံနှုန်းနဲ့ကိုယ် နေထိုင်သူ သန်းထောင်ပေါင်းများစွာ ရှိတယ်။ ဒါပေမဲ့ မိမိစံနှုန်းအတိုင်း မနေထိုင်လို့ဆိုပြီး သူတို့ အသက်ဆက်ဖို့၊ ဘဝကို ပျော်မွေ့ဖို့ လိုအပ်တာတွေ ယေဟောဝါ မပေးဘဲ မနေဘူး။ (မ. ၅:၄၄၊ ၄၅။ တ. ၁၄:၁၆၊ ၁၇) မိတ်ဖွဲ့နိုင်စွမ်း၊ မိသားစုဘဝ တည်ဆောက်နိုင်စွမ်း၊ ကြိုးစားပမ်းစား လုပ်ကိုင်ခြင်းရဲ့ အကျိုးကို ခံစားနိုင်စွမ်း ပေးထားတယ်။ (ဆာ. ၁၂၇:၃။ ဒေ. ၂:၂၄) လူအားလုံးကို ယေဟောဝါ ချစ်တယ်ဆိုတဲ့ အထောက်အထားတွေပါပဲ။ (ထွ. ၃၄:၆) ယေဟောဝါကို ကျွန်တော်တို့ ဝတ်ပြုရတဲ့ အကြောင်းရင်းတချို့အကြောင်း၊ ယေဟောဝါ ကောင်းချီးပေးပုံအကြောင်း သုံးသပ်ကြည့်ရအောင်။

ယေဟောဝါကို ဝတ်ပြုဖို့ ကျွန်တော်တို့ ဘာကြောင့် ရွေးချယ်သလဲ

၁၀။ (က) ယေဟောဝါကို ဝတ်ပြုရတဲ့ အဓိက အကြောင်းရင်းက ဘာလဲ။ (မဿဲ ၂၂:၃၇) (ခ) သင့်ကို ယေဟောဝါ ဘယ်လို ခွင့်လွှတ်နားလည်ပေးသလဲ ပြောပြပါ။ (ဆာလံ ၁၀၃:၁၃၊ ၁၄)

၁၀ ယေရှုလိုပဲ ကျွန်တော်တို့ ယေဟောဝါကို နှစ်နှစ်ကာကာ ချစ်လို့ ဝတ်ပြုကြတယ်။ (မဿဲ ၂၂:၃၇ ကို ဖတ်ပါ။) ဂုဏ်ရည်တော်တွေအကြောင်း သိလာတဲ့အခါ ယေဟောဝါကို ချစ်လာကြတယ်။ ယေဟောဝါရဲ့ ခွင့်လွှတ်နားလည်ပေးမှုအကြောင်း စဉ်းစားကြည့်ပါ။ အစ္စရေးတွေ အကြိမ်ကြိမ် ပုန်ကန်ပေမဲ့ “မကောင်းတဲ့ လမ်းစဉ်တွေကနေ ပြန်လှည့်လာကြပါတော့” ဆိုပြီး ယေဟောဝါ မေတ္တာရပ်ခံတယ်။ (ယေ. ၁၈:၁၁) ကျွန်တော်တို့ မစုံလင်ဘူး၊ မြေမှုန့်ပဲဆိုတာ ယေဟောဝါ မမေ့ဘူး။ ဒါကြောင့် အမှားအများကြီး လုပ်မိရင်တောင် ခွင့်လွှတ်ပေးတယ်။ (ဆာလံ ၁၀၃:၁၃၊ ၁၄ ကို ဖတ်ပါ။) ယေဟောဝါရဲ့ ခွင့်လွှတ်နားလည်ပေးမှုအကြောင်း၊ တခြားဂုဏ်ရည်တော်တွေအကြောင်း စဉ်းစားလိုက်တဲ့အခါ ယေဟောဝါကို ထာဝစဉ် ဝတ်ပြုချင်သွားတယ် မဟုတ်လား။

၁၁။ ယေဟောဝါကို ဝတ်ပြုရတဲ့ တခြားအကြောင်းရင်းတချို့က ဘာလဲ။

၁၁ ယေဟောဝါကို ဝတ်ပြုရတဲ့ အကြောင်းရင်းနောက်တစ်ခုကတော့ ဝတ်ပြုထိုက်လို့ပါ။ (မ. ၄:၁၀) ဒါ့အပြင် သစ္စာရှိရှိ ဝတ်ပြုရင် ရလာမယ့် ကောင်းကျိုးတွေကို သိနေလို့ ဖြစ်တယ်။ ဘာကောင်းကျိုးတွေလဲ။ ကျွန်တော်တို့ သစ္စာရှိရင် ယေဟောဝါရဲ့ နာမတော်ကို သန့်ရှင်းမြင့်မြတ်စေနိုင်မယ်။ မာရ်နတ် မှားကြောင်း သက်သေပြနိုင်မယ်။ ယေဟောဝါကို စိတ်ရွှင်လန်းစေနိုင်မယ်။ ယေဟောဝါကို ထာဝစဉ် ဝတ်ပြုနိုင်တဲ့ အလားအလာ ရှိမယ်။—ယော. ၁၇:၃။

၁၂-၁၃။ ညီအစ်မ ဂျိန်းနဲ့ ပမ်ရဲ့ တွေ့ကြုံမှုကနေ ဘာသင်ယူရသလဲ။

၁၂ အသက်ငယ်စဉ်မှာတောင် ယေဟောဝါကို နှစ်နှစ်ကာကာ ချစ်တတ်လာနိုင်တယ်။ ယေဟောဝါကို ချစ်တဲ့မေတ္တာဟာ တိုးသည်ထက် တိုးလာနိုင်တယ်။ ညီအစ်မအရင်းတွေ ဖြစ်တဲ့ ဂျိန်းနဲ့ ပမ်အကြောင်း သုံးသပ်ကြည့်ပါ။a ကျမ်းစာ စလေ့လာချိန်မှာ ဂျိန်းက အသက် ၁၁ နှစ်၊ ပမ်က ၁၀ နှစ်။ မိဘတွေက ကျမ်းစာ မလေ့လာပေမဲ့ ဂျိန်းနဲ့ ပမ်ကို သက်သေခံတွေနဲ့ ကျမ်းစာလေ့လာခွင့် ပေးတယ်။ ဒါပေမဲ့ မိသားစုနဲ့တော့ ချာ့ချ်လိုက်တက်ရမယ်လို့ ပြောတယ်။ “မူးယစ်ဆေး သုံးဖို့၊ လိင်အကျင့်ယိုယွင်းဖို့ အတန်းဖော်တွေ ဖိအားပေးကြတယ်။ ဒါပေမဲ့ သက်သေခံတွေနဲ့ ကျမ်းစာလေ့လာရင်း သိလာတာတွေကြောင့် ဖိအားတွေ တွန်းလှန်နိုင်ခဲ့တယ်” လို့ ဂျိန်း ပြောတယ်။

၁၃ အသက် ၂၀ မပြည့်ခင်မှာပဲ သူတို့နှစ်ယောက် နှစ်ခြင်းခံတယ်။ နောက်တော့ ရှေ့ဆောင်လုပ်ကြတယ်။ မိဘတွေ အသက်ကြီးလာတော့လည်း မိဘတွေကို ဂရုစိုက်ပေးရင်း ရှေ့ဆောင် ဆက်လုပ်ကြတယ်။ “၂ တိမောသေ ၂:၁၉ မှာ ပြောထားသလို ‘ယေဟောဝါဘုရားက မိမိရဲ့ လူ ဘယ်သူလဲ’ သိတယ်၊ အမြဲ ဂရုစိုက်စောင့်ရှောက်တယ်ဆိုတာ ကျွန်မ ကိုယ်တွေ့ပါပဲ” ဆိုပြီး နောက်ကြောင်း ပြန်တွေးရင်း ဂျိန်း ပြောတယ်။ မိမိကို ချစ်လို့ ဝတ်ပြုသူတွေကို ယေဟောဝါ အမြဲ ဂရုစိုက်စောင့်ရှောက်တယ်ဆိုတာ ရှင်းနေပါတယ်။

၁၄။ ယေဟောဝါရဲ့ နာမတော်ကို ဘယ်လို ကာကွယ်နိုင်သလဲ။ (ရုပ်ပုံကိုလည်း ကြည့်ပါ။)

၁၄ ယေဟောဝါနဲ့ပတ်သက်ပြီး လူတွေ သိထားတာတွေဟာ မှားနေတယ်။ ဒါကြောင့် သူတို့ကို ကျွန်တော်တို့ အမှန်အတိုင်း သိစေချင်တယ်။ ဥပမာတစ်ခု စဉ်းစားကြည့်ပါ။ သင့်မိတ်ဆွေဟာ ကြင်နာတယ်၊ ရက်ရောတယ်၊ ခွင့်လွှတ်တတ်တယ်။ ဒါပေမဲ့ သင့်မိတ်ဆွေ ရက်စက်တယ်၊ မရိုးသားဘူးဆိုပြီး လူတစ်ယောက် စွပ်စွဲတာကို တစ်နေ့ ကြားလိုက်ရတယ်ဆိုပါစို့။ သင် ဘာလုပ်မလဲ။ မိတ်ဆွေဘက်ကနေ ကာကွယ်ပြောဆိုမယ် မဟုတ်လား။ အဲဒီလိုပဲ စာတန်နဲ့ စာတန့်ဩဇာအောက်မှာ ရှိသူတွေက ယေဟောဝါအကြောင်း အလိမ်အညာတွေ ဖြန့်ပြီး နာမတော်ကို ရှုတ်ချဂုဏ်ဖျက်ဖို့ ကြိုးစားနေကြတယ်။ သင် ဘာလုပ်မလဲ။ ယေဟောဝါအကြောင်း လူတွေကို အမှန်အတိုင်း သိစေခြင်းအားဖြင့် နာမတော်ကို ကာကွယ်ပေးမယ် မဟုတ်လား။ (ဆာ. ၃၄:၁။ ဟေရှာ. ၄၃:၁၀) ယေဟောဝါကို စိတ်နှလုံးအကြွင်းမဲ့ ဝတ်ပြုဖို့ ရွေးချယ်ထားကြောင်း အပြောနဲ့ကော လုပ်ရပ်နဲ့ပါ ကျွန်တော်တို့ ပြကြတယ်။

၁။ အစည်းအဝေးကြီးခန်းမရှေ့ ဆန္ဒပြနေတဲ့ အယူဖောက်ပြန်သူတစ်စုကို အမျိုးသမီးတစ်ယောက် မြင်ရ။ ၂။ အများရှေ့ သက်သေခံနေတဲ့ မောင်နှံဆီ အဲဒီအမျိုးသမီး စကားသွားပြောနေ။

ယေဟောဝါရဲ့ နာမတော်ကို သင် ကာကွယ်မလား (စာပိုဒ် ၁၄ ကို ကြည့်ပါ)b


၁၅။ တမန်တော် ပေါလု ဘဝမှာ အပြောင်းအလဲတွေ လုပ်လို့ ဘာအကျိုးကျေးဇူးတွေ ရသလဲ။ (ဖိလိပ္ပိ ၃:၇၊ ၈)

၁၅ ယေဟောဝါ နှစ်သက်လက်ခံတဲ့နည်းနဲ့ ဝတ်ပြုနိုင်ဖို့ ဒါမှမဟုတ် အမှုတော်မှာ ပိုပါဝင်နိုင်ဖို့ ကျွန်တော်တို့ အပြောင်းအလဲတွေ လိုလိုလားလား လုပ်ကြတယ်။ ဥပမာ၊ တမန်တော် ပေါလုဟာ ဂျူးဘာသာမှာ ထွန်းပေါက်သူ ဖြစ်တယ်။ ဒါပေမဲ့ ခရစ်တော်နောက် လိုက်ဖို့၊ ယေဟောဝါကို ဝတ်ပြုဖို့ ဂျူးဘာသာကို စွန့်ခဲ့တယ်။ (ဂလ. ၁:၁၄) ပေါလု ဘာအကျိုးကျေးဇူးတွေ ရသလဲ။ အဓိပ္ပာယ်ပြည့်ဝတဲ့ အသက်တာ ပိုင်ဆိုင်တယ်။ ခရစ်တော်နဲ့အတူ ကောင်းကင်မှာ အုပ်ချုပ်ဖို့ အခွင့်အရေး ရတယ်။ ယေဟောဝါကို ဝတ်ပြုဖို့ ဆုံးဖြတ်ခဲ့တာကို တစ်ခါမှ နောင်တမရဘူး။ ကျွန်တော်တို့လည်း ယေဟောဝါကို ဝတ်ပြုရင် နောင်တရစရာအကြောင်း ရှိမှာ မဟုတ်ဘူး။—ဖိလိပ္ပိ ၃:၇၊ ၈ ကို ဖတ်ပါ။

၁၆။ ညီအစ်မ ဂျူလီယာရဲ့ တွေ့ကြုံမှုကနေ ဘာသင်ယူရသလဲ။ (ရုပ်ပုံကိုလည်း ကြည့်ပါ။)

၁၆ ယေဟောဝါကို ဝတ်ပြုဖို့ ဦးစားထားရင် အခုကော အနာဂတ်မှာပါ အဓိပ္ပာယ်ပြည့်ဝတဲ့ အသက်တာ ပိုင်ဆိုင်နိုင်တယ်။ ညီအစ်မ ဂျူလီယာအကြောင်း သုံးသပ်ကြည့်ပါ။ ဂျူလီယာ ငယ်ငယ်တုန်းက ချာ့ချ်ဓမ္မတေးသံစုံအဖွဲ့မှာ သီချင်းဆိုတယ်။ ဂျူလီယာ အရည်အချင်း ရှိတာကို အော်ပရာ အဆိုတော်ကြီးတစ်ယောက် သတိထားမိပြီး မြေတောင်မြှောက်ပေးတယ်။ မကြာခင်မှာပဲ ပါရမီရှင်မလေးဆိုပြီး ဂျူလီယာ နာမည်ရလာတယ်။ ကြီးကျယ်ခမ်းနားတဲ့ ဂီတခန်းမတွေမှာ ဖျော်ဖြေရတယ်။ နောက်ပိုင်းမှာ နာမည်ကြီး ဂီတကျောင်း တက်တော့ ကျောင်းနေဖက်တစ်ယောက်က ဂျူလီယာကို ဘုရားအကြောင်း၊ ဘုရားနာမည်ဟာ ယေဟောဝါဆိုတဲ့အကြောင်း ပြောပြတယ်။ သိပ်မကြာခင်မှာပဲ ဂျူလီယာ တစ်ပတ်နှစ်ကြိမ် ကျမ်းစာလေ့လာတယ်။ နောက်ဆုံးမှာတော့ မိမိဘဝကို ဂီတလောကမှာ မဟုတ်ဘဲ ဘုရားအမှုဆောင်ခြင်းမှာ မြှုပ်နှံဖို့ ဆုံးဖြတ်လိုက်တယ်။ ဒီလိုဆုံးဖြတ်ရတာ လွယ်တော့ မလွယ်ဘူး။ “ဘုရားပေး ပါရမီကို အလဟဿ အဖြစ်ခံတာ တော်တော် မိုက်မဲတာပဲဆိုပြီး လူတွေ ဝိုင်းပြောကြတယ်။ ဒါပေမဲ့ ဘုရားအမှုဆောင်ဖို့ ကျွန်မဘဝကို အပြည့်အဝ အသုံးပြုချင်တယ်” လို့ ဂျူလီယာ ပြောတယ်။ လွန်ခဲ့တဲ့ အနှစ် ၃၀ ကျော်က အဲဒီဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး အခု သူ ဘယ်လို ခံစားရသလဲ။ “ကျွန်မ စိတ်အေးချမ်းတယ်။ ကျွန်မရဲ့ လိုအင်ဆန္ဒအားလုံးကို အနာဂတ်မှာ ယေဟောဝါ ဖြည့်ဆည်းပေးမယ်ဆိုတာ ယုံတယ်” လို့ ပြောတယ်။—ဆာ. ၁၄၅:၁၆။

ရုပ်ပုံ– ဂျူလီယာရဲ့ ရွေးချယ်မှုကို ပြန်လည်သရုပ်ဖော်ထား။ ၁။ ပရိသတ်တွေရှေ့ စင်မြင့်ပေါ်မှာ သီချင်းဆိုနေ။ ၂။ အသင်းတော် အစည်းအဝေးမှာ ခင်ပွန်းနဲ့အတူ သီချင်းဆိုနေ။

ယေဟောဝါကို ဝတ်ပြုဖို့ ဦးစားထားရင် အဓိပ္ပာယ်ပြည့်ဝတဲ့ အသက်တာ ပိုင်ဆိုင်ရမယ် (စာပိုဒ် ၁၆ ကို ကြည့်ပါ)c


ယေဟောဝါကို ဆက်ဝတ်ပြုပါ

၁၇။ (က) ယေဟောဝါကို ဝတ်ပြုဖို့ မရွေးချယ်ရသေးသူတွေ ဘာလုပ်ရမလဲ။ ဘာကြောင့်လဲ။ (ခ) ယေဟောဝါကို ဝတ်ပြုဖို့ ရွေးချယ်ပြီးသူတွေ ဘာသိထားသလဲ။

၁၇ လောကစနစ် အဆုံးတိုင်ခါနီးမှာ ကျွန်တော်တို့ အသက်ရှင်နေကြတယ်။ “‘သိပ်မကြာခင်မှာ’ ‘ကြွလာတဲ့အရှင် ရောက်တော့မယ်။ နှောင့်နှေးမှာ မဟုတ်ဘူး’” လို့ တမန်တော် ပေါလု ပြောတယ်။ (ဟီ. ၁၀:၃၇) ဒါ ဘာအဓိပ္ပာယ်လဲ။ ယေဟောဝါကို ဝတ်ပြုဖို့ ရွေးချယ်ချိန် နည်းနည်းပဲ ကျန်တော့တယ်။ ဒါကြောင့် ယေဟောဝါကို ဝတ်မပြုသေးသူတွေ မြန်နိုင်သမျှမြန်မြန် ရွေးချယ်ဆုံးဖြတ်ရမယ်။ (၁ ကော. ၇:၂၉) ယေဟောဝါကို ဝတ်ပြုဖို့ ရွေးချယ်ပြီးသူတွေအတွက်ကော ဘာအဓိပ္ပာယ် ရှိသလဲ။ ယေဟောဝါကို ဝတ်ပြုလို့ အခက်အခဲတွေ ရင်ဆိုင်ရမယ်ဆိုပေမဲ့ အဲဒီအခက်အခဲတွေ “သိပ်မကြာခင်မှာ” အဆုံးတိုင်တော့မယ်။

၁၈။ ကျွန်တော်တို့ကို ယေဟောဝါနဲ့ ယေရှု ဘာလုပ်စေချင်သလဲ။

၁၈ မိမိနောက် စပြီး လိုက်ဖို့သာမက အမြဲ လိုက်ဖို့ တပည့်တွေကို ယေရှု အားပေးတယ်။ (မ. ၁၆:၂၄) ဒါကြောင့် ယေဟောဝါကို ဝတ်ပြုတာ နှစ်ပေါင်းများစွာ ကြာပြီဆိုရင်တောင် ဆက်ဝတ်ပြုဖို့ ဆုံးဖြတ်ထားရမယ်။ ဆက်ဝတ်ပြုနိုင်ဖို့ ကြိုးစားအားထုတ်ရမယ်။ လွယ်မှာတော့ မဟုတ်ဘူး။ ဒါပေမဲ့ လောလောဆယ်မှာတောင် ဘာကောင်းချီးတွေ ခံစားနေရသလဲ၊ ဘယ်လောက် ကျေနပ်ပျော်ရွှင်နေရသလဲ စဉ်းစားကြည့်လိုက်ပါ။—ဆာ. ၃၅:၂၇။

၁၉။ ညီအစ်ကို ဂျင်းရဲ့ တွေ့ကြုံမှုကနေ ဘာသင်ယူနိုင်သလဲ။

၁၉ ယေဟောဝါကို ဝတ်ပြုရင် လက်လွတ်ဆုံးရှုံးစရာတွေ များတယ်လို့ တချို့ ခံစားရတယ်။ သင်ဟာ လူငယ်တစ်ယောက်ဆိုရင် ယေဟောဝါကို ဝတ်ပြုလို့ ပျော်စရာတွေ လက်လွတ်ဆုံးရှုံးသွားမှာကို စိတ်ပူနေသလား။ “ယေဟောဝါသက်သေ ဖြစ်ရတာ သိပ်ကျဉ်းကျပ်တယ်လို့ ခံစားရတယ်။ ရွယ်တူချင်းတွေကို ကြည့်လိုက်ရင် ပါတီတက်လိုက်၊ ရည်းစားထားလိုက်၊ အကြမ်းဖက် ဗီဒီယိုဂိမ်းတွေ ဆော့လိုက်နဲ့ သိပ်ပျော်စရာကောင်းပုံပဲ။ ကိုယ့်မှာတော့ အစည်းအဝေး၊ အမှုဆောင်နဲ့ပဲ အချိန်ကုန်နေတယ်” လို့ လူငယ် ညီအစ်ကို ဂျင်း ပြောတယ်။ အဲဒီလိုအတွေး ဝင်လာတဲ့အတွက် ဂျင်း ဘာဖြစ်သွားသလဲ။ “အသင်းတော်မှာ ရှိသူတွေရှေ့တစ်မျိုး၊ ကွယ်ရာတစ်မျိုး ကျွန်တော် နေလာတယ်။ ခဏတော့ ပျော်ရပါတယ်။ ဒါပေမဲ့ အပျော်က ကြာကြာမခံဘူး။ ဒီလိုနဲ့ ကျွန်တော် လျစ်လျူရှုခဲ့တဲ့ ကျမ်းစာအမှန်တရားတွေကို ပြန်တွေးမိတယ်။ အဲဒီနောက်မှာတော့ ယေဟောဝါကို စိတ်နှလုံးအကြွင်းမဲ့ ဝတ်ပြုဖို့ ဆုံးဖြတ်လိုက်တယ်။ အဲဒီအချိန်ကစပြီး ကျွန်တော့်ဆုတောင်းချက် တစ်ခုမကျန် ယေဟောဝါ နားညောင်းပေးတယ်လို့ ခံစားလာရတယ်” ဆိုပြီး ဂျင်း ပြောတယ်။

၂၀။ ဘာဆုံးဖြတ်ထားသင့်သလဲ။

၂၀ “တံတိုင်းတော်ထဲမှာ နေဖို့ ကိုယ်တော် ရွေးချယ်ပြီး ဖိတ်ခေါ်ထားတဲ့သူဟာ ပျော်ရွှင်ချမ်းမြေ့တယ်” လို့ ဆာလံကျမ်းရေးသူ စပ်ဆိုတယ်။ (ဆာ. ၆၅:၄) “ကျုပ်နဲ့ ကျုပ်ရဲ့ မိသားစုကတော့ ယေဟောဝါဘုရားကိုပဲ ဝတ်ပြုမယ်” လို့ ပြောတဲ့ ယောရှုလိုပဲ ယေဟောဝါကို ဆက်ဝတ်ပြုသွားဖို့ ဆုံးဖြတ်ထားကြရအောင်။—ယောရှု ၂၄:၁၅။

သင် ဘယ်လို ဖြေမလဲ

  • ယေဟောဝါကို ဝတ်ပြုဖို့ ယေရှု ဘာကြောင့် ရွေးချယ်သလဲ။

  • ယေဟောဝါဟာ ဘာကြောင့် ဝတ်ပြုခံထိုက်သလဲ။

  • ယေဟောဝါကို ဝတ်ပြုဖို့ သင် ဘာကြောင့် ရွေးချယ်သလဲ။

သီချင်း ၂၈ ယေဟောဝါနဲ့ မိတ်ဆွေ ဖြစ်ခြင်း

a အမည်လွှဲများ။

b ပုံအညွှန်း– အစည်းအဝေးကြီး ကျင်းပတဲ့ ခန်းမအပြင်ဘက်မှာ ဆန့်ကျင်သူတွေ အော်ဟစ်ဆန္ဒပြနေတာကို အမျိုးသမီးတစ်ယောက် တွေ့ပြီးနောက် အနီးအနားက အများရှေ့ သက်သေခံခြင်းစင်ကို သွားပြီး ကျမ်းစာအမှန်တရား နားထောင်။

c ပုံအညွှန်း– ယေဟောဝါကို ဝတ်ပြုဖို့ ဂျူလီယာ အပြောင်းအလဲ လုပ်ခဲ့ပုံကို ပြန်လည်သရုပ်ဖော်ထား။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ