ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၂၅ ဩဂုတ် စာ. ၂-၇
  • ခံနိုင်ရည် ရှိဖို့ ယေဟောဝါ ကူညီပေးပုံ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ခံနိုင်ရည် ရှိဖို့ ယေဟောဝါ ကူညီပေးပုံ
  • ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၅
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဆုတောင်းခြင်း
  • ကျမ်းစာ
  • ညီအစ်ကိုအသင်းအပင်း
  • အနာဂတ်မျှော်လင့်ချက်
  • ယေဟောဝါဟာ “အသက်ရှင်တဲ့ ဘုရားသခင်” ဖြစ်ကြောင်း သတိရပါ
    ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၄
  • ကိုယ်မသိတာတွေ ရှိတယ်ဆိုတာ ကျိုးနွံမှုရှိရှိ အသိအမှတ်ပြုပါ
    ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၅
  • အဆုံးထိ သစ္စာရှိရှိ ခံရပ်နိုင်ဖို့ ကူညီပေးမယ့် စာတစ်စောင်
    ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၄
  • ယေဟောဝါက “စိတ်ကြေကွဲနေသူတွေကို ကုသပေး”
    ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၄
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၅
က၂၅ ဩဂုတ် စာ. ၂-၇

လေ့လာရန် ဆောင်းပါး ၃၂

သီချင်း ၃၈ ကိုယ်တော် သင်တို့ကို ခွန်အားရှိစေမယ်

ခံနိုင်ရည် ရှိဖို့ ယေဟောဝါ ကူညီပေးပုံ

“ဘုရားသခင်က ခင်ဗျားတို့ကို မြဲမြံစေပြီး ခွန်အားရှိစေမယ်၊ ကြံ့ကြံ့ခံ ရပ်တည်စေမယ်။”—၁ ပေ. ၅:၁၀။

အာရုံစိုက်ရာ

ကျွန်တော်တို့ ခံနိုင်ရည် ရှိဖို့ ယေဟောဝါ ဘာတွေ ပြင်ဆင်ပေးထားသလဲ။ အဲဒီပြင်ဆင်ပေးချက်တွေကနေ အကျိုးရဖို့ ဘာလုပ်နိုင်သလဲ။

၁။ ဘာကြောင့် ခံနိုင်ရည် ရှိဖို့ သိပ်လိုသလဲ။ ဘယ်ကနေ အကူအညီ ရမလဲ။ (၁ ပေတရု ၅:၁၀)

ခက်ခဲကျပ်တည်းတဲ့ နောက်ဆုံးကာလမှာ ကျွန်တော်တို့ ခံနိုင်ရည် ရှိဖို့ သိပ်လိုတယ်။ တချို့က နာတာရှည်ရောဂါ ခံစားနေကြရတယ်။ တချို့က ချစ်ရသူ ဆုံးပါးသွားလို့ ဝမ်းနည်းပူဆွေးနေကြတယ်။ တချို့ကျတော့ မိသားစုဝင်တွေ ဆန့်ကျင်တာ ဒါမှမဟုတ် အစိုးရအာဏာပိုင်တွေ နှိပ်စက်ညှဉ်းပန်းတာ ခံနေကြရတယ်။ (မ. ၁၀:၁၈၊ ၃၆၊ ၃၇) သင်ကော ဘာအခက်အခဲ ကြုံနေသလဲ။ ဘာအခက်အခဲပဲ သင် ကြုံနေပါစေ ကြံ့ကြံ့ခံ ရပ်တည်နိုင်ဖို့ ယေဟောဝါဘုရား ကူညီပေးနိုင်တယ်ဆိုတာ စိတ်ချပါ။—၁ ပေတရု ၅:၁၀ ကို ဖတ်ပါ။

၂။ ခရစ်ယာန်တွေ ခံနိုင်ရည် ရှိတယ်ဆိုတာ ဘာကို ဆိုလိုသလဲ။

၂ ခရစ်ယာန်တွေ ခံနိုင်ရည် ရှိတယ်ဆိုတာ အခက်အခဲ၊ နှိပ်စက်ညှဉ်းပန်းမှု၊ စမ်းသပ်မှု၊ သွေးဆောင်မှု ကြုံပေမဲ့ ယေဟောဝါကို သစ္စာရှိရှိ၊ ပျော်ပျော်ရွှင်ရွှင် ဆက်ဝတ်ပြုတာ၊ အခြေအနေတွေ ကောင်းလာမယ်လို့ မျှော်လင့်တာကို ဆိုလိုတယ်။ “သာမန်ထက် ထူးကဲတဲ့ တန်ခိုး” ကို ယေဟောဝါ ပေးလို့သာ ကျွန်တော်တို့ ခံရပ်နိုင်တာ။ ကိုယ့်အစွမ်းခွန်အားနဲ့ ဘယ်လိုမှ မခံရပ်နိုင်ဘူး။ (၂ ကော. ၄:၇) ကျွန်တော်တို့ ခံနိုင်ရည် ရှိဖို့ ယေဟောဝါ ဘာတွေ ပြင်ဆင်ပေးထားသလဲ၊ အဲဒီပြင်ဆင်ပေးချက်တွေကနေ အကျိုးရဖို့ ဘာလုပ်နိုင်သလဲဆိုတာ ဒီဆောင်းပါးမှာ ဆွေးနွေးသွားပါမယ်။

ဆုတောင်းခြင်း

၃။ ဆုတောင်းခြင်းဟာ ဘာကြောင့် အံ့ဖွယ်ဆက်သွယ်နည်း ဖြစ်သလဲ။

၃ ကျွန်တော်တို့ ခံနိုင်ရည် ရှိဖို့ ဆုတောင်းခြင်းဆိုတဲ့ အံ့ဖွယ်လက်ဆောင် ယေဟောဝါ ပေးထားတယ်။ အပြစ်သားတွေ ဖြစ်ပေမဲ့ အဲဒီပြင်ဆင်ပေးချက်ကြောင့် ယေဟောဝါနဲ့ ဆက်သွယ်နိုင်ကြတယ်။ (ဟီ. ၄:၁၆) စဉ်းစားကြည့်ပါ– ဘယ်အချိန်မဆို၊ ဘယ်ကိစ္စအတွက်မဆို၊ ဘယ်ဘာသာစကားနဲ့မဆို ဆုတောင်းနိုင်တယ်။ တစ်ယောက်တည်း သီးသန့်ဖြစ်နေပါစေ၊ ထောင်ကျနေပါစေ ဘယ်နေရာကနေ တောင်းတောင်း ယေဟောဝါ ကြားတယ်။ (ယောန ၂:၁၊ ၂။ တ. ၁၆:၂၅၊ ၂၆) ဆုတောင်းတဲ့အခါ ကိုယ့်ခံစားချက်ကို ပြောပြဖို့ စကားလုံး ရှာမရတဲ့အထိ သောကရောက်နေရင်တောင် ကျွန်တော်တို့ ဘာပြောချင်သလဲ ယေဟောဝါ သိနိုင်တုန်းပါပဲ။ (ရော. ၈:၂၆၊ ၂၇) ဒါကြောင့် ဆုတောင်းခြင်းဟာ အံ့ဖွယ်ဆက်သွယ်နည်းလို့ ပြောတာ။

၄။ ခံနိုင်ရည် ရှိဖို့ ကူညီပေးပါလို့ ဆုတောင်းတာ အလိုတော်နဲ့ ညီတယ်လို့ ဘာကြောင့် ပြောနိုင်သလဲ။

၄ “အလိုတော်နဲ့အညီ ဆုတောင်းမယ်ဆိုရင် ဘုရား နားထောင်မယ်” လို့ ကျမ်းစာမှာ အာမခံထားတယ်။ (၁ ယော. ၅:၁၄) ဒါဆိုရင် ခံနိုင်ရည် ရှိဖို့ ကူညီပေးပါလို့ ဆုတောင်းနိုင်သလား။ တောင်းနိုင်တယ်။ ဒါ အလိုတော်နဲ့ ညီတဲ့ ဆုတောင်းချက်ပဲ။ အလိုတော်နဲ့ ညီတယ်လို့ ဘာကြောင့် ပြောနိုင်သလဲ။ စမ်းသပ်မှု ကြုံချိန်မှာ ကျွန်တော်တို့ သစ္စာရှိရှိ ခံရပ်ရင် ကဲ့ရဲ့နေသူ စာတန်မာရ်နတ်ကို ယေဟောဝါ ချေပနိုင်မှာ ဖြစ်လို့ပါ။ (ပညာ. ၂၇:၁၁) ဒါ့အပြင် “ယေဟောဝါဘုရားက စိတ်နှလုံးအကြွင်းမဲ့ ဝတ်ပြုသူတွေရဲ့ အကျိုးအတွက် အစွမ်းတန်ခိုး ပြ” ချင်တယ်လို့ ကျမ်းစာ ဆိုတယ်။ (၂ ရာ. ၁၆:၉) ဒါကြောင့် ကျွန်တော်တို့ ခံနိုင်ရည် ရှိဖို့ ကူညီပေးနိုင်စွမ်းကော ကူညီပေးချင်တဲ့ဆန္ဒပါ ယေဟောဝါမှာ ရှိတယ်ဆိုတာ စိတ်ချနိုင်တယ်။—ဟေရှာ. ၃၀:၁၈။ ၄၁:၁၀။ လု. ၁၁:၁၃။

၅။ ဆုတောင်းတာက ဘယ်လိုနည်းနဲ့ စိတ်ငြိမ်သက်စေနိုင်သလဲ။ (ဟေရှာယ ၂၆:၃)

၅ ဆုတောင်းတဲ့အခါ “လူ့ဉာဏ်နဲ့မမီနိုင်တဲ့ ဘုရားသခင့်ငြိမ်သက်ခြင်းက . . . ခင်ဗျားတို့ရဲ့ စိတ်နှလုံးနဲ့ ဉာဏ်ရည်ဉာဏ်စွမ်းကို စောင့်ရှောက်ပေး” မယ်လို့ ကျမ်းစာ ဆိုတယ်။ (ဖိ. ၄:၇) စဉ်းစားကြည့်ပါ– ယေဟောဝါကို ဝတ်မပြုသူတွေ အခက်အခဲ ကြုံတဲ့အခါ စိတ်ငြိမ်သက်ဖို့ နည်းအမျိုးမျိုးနဲ့ ကြိုးစားကြတယ်။ တချို့က စိတ်ထဲ ဘာအတွေးမှ မရှိအောင် ရှင်းထုတ်တဲ့နည်း သုံးကြတယ်။ ဒါပေမဲ့ စိတ်ထဲ ဘာအတွေးမှ မရှိအောင် ရှင်းထုတ်တာ အန္တရာယ်ရှိတယ်။ လစ်လပ်နေတဲ့ စိတ်နှလုံးကို နတ်ဆိုးတွေ လွှမ်းမိုးသွားနိုင်လို့ပဲ။ (မဿဲ ၁၂:၄၃-၄၅ နဲ့ နှိုင်းယှဉ်ပါ။) ဒါ့အပြင် အဲဒီလိုနည်းလမ်းတွေ သုံးပြီး ရလာနိုင်တဲ့ စိတ်ငြိမ်သက်မှုဟာ ဆုတောင်းတဲ့အခါ ယေဟောဝါ ပေးတဲ့ စိတ်ငြိမ်သက်မှုကို ဘယ်လိုမှ မမီနိုင်ဘူး။ ဒါကြောင့် ကျွန်တော်တို့ကတော့ ဆုတောင်းခြင်းအားဖြင့် ယေဟောဝါကို အပြည့်အဝ မှီခိုကြောင်း ပြကြတယ်။ အဲဒီအခါ ယေဟောဝါက ကတိပေးထားတဲ့အတိုင်း “တည်မြဲတဲ့ ငြိမ်သက်မှု” ပေးတယ်။ (ဟေရှာယ ၂၆:၃ ကို ဖတ်ပါ။) စိတ်ငြိမ်သက်မှု ပေးတဲ့ တစ်နည်းကတော့ စိတ်ချမ်းမြေ့စရာ ကျမ်းစာအမှန်တရားတွေကို ပြန်အမှတ်ရစေခြင်းအားဖြင့်ပါ။ အဲဒီအမှန်တရားတွေကို ပြန်အမှတ်ရတဲ့အခါ ကိုယ့်ကို ယေဟောဝါ ချစ်တယ်၊ ကူညီပေးချင်တယ်ဆိုတာ ခံစားရလို့ ကျွန်တော်တို့ စိတ်ငြိမ်သက်လာကြတယ်။—ဆာ. ၆၂:၁၊ ၂။

၆။ ဆုတောင်းခြင်းဆိုတဲ့ ပြင်ဆင်ပေးချက်ကနေ အကျိုးရဖို့ ဘာလုပ်နိုင်သလဲ။ (ရုပ်ပုံကိုလည်း ကြည့်ပါ။)

၆ လုပ်ဆောင်နိုင်ရာ။ အခက်အခဲ ကြုံတဲ့အခါ “ထမ်းထားရတဲ့ဝန်ကို ယေဟောဝါဆီ ပုံအပ်လိုက်ပါ။” စိတ်ငြိမ်သက်မှု ပေးဖို့ ဆုတောင်းပါ။ (ဆာ. ၅၅:၂၂) ဘာလုပ်ရမယ်ဆိုတာ သိနိုင်ဖို့ လိုအပ်တဲ့ ဉာဏ်ပညာ တောင်းခံပါ။ (ပညာ. ၂:၁၀၊ ၁၁) ခံရပ်နိုင်ဖို့ တိုးလျှိုးအသနားခံသလို ကျေးဇူးတော် ချီးမွမ်းဖို့လည်း မမေ့ပါနဲ့။ (ဖိ. ၄:၆) သင် ကြံ့ကြံ့ခံ ရပ်တည်နိုင်ဖို့ ယေဟောဝါ ထောက်မနေတဲ့နည်းတွေကို စဉ်းစားကြည့်ပါ။ ထောက်မမှုအတွက် ကျေးဇူးတင်ပါ။ အခက်အခဲကိုပဲ အာရုံစိုက်နေလို့ ရထားတဲ့ ကောင်းချီးတွေ မမြင်တော့တာမျိုး အဖြစ်မခံပါနဲ့။—ဆာ. ၁၆:၅၊ ၆။

သက်ကြီးညီအစ်ကိုတစ်ယောက် ဆောင်းတွင်းမှာ အိမ်ထဲ ထိုင်ရင်း ဆုတောင်းနေ။ ပေါင်ပေါ်မှာ ကျမ်းစာ ဖွင့်ထား။ ဘေးနားက စားပွဲမှာ ဆေးဘူး တင်ထား။

ဆုတောင်းတာဟာ ယေဟောဝါကို စကားပြောတာ ဖြစ်။ ကျမ်းစာဖတ်တာဟာ ယေဟောဝါ ပြောတာကို နားထောင်တာ ဖြစ် (စာပိုဒ် ၆ ကို ကြည့်ပါ)b


ကျမ်းစာ

၇။ ကျမ်းစာလေ့လာတာက ဘယ်လိုနည်းနဲ့ ခံနိုင်ရည် ရှိစေနိုင်သလဲ။

၇ ကျွန်တော်တို့ ခံနိုင်ရည် ရှိဖို့ ယေဟောဝါ ကျမ်းစာ ပေးထားတယ်။ ယေဟောဝါ ထောက်မမယ်ဆိုတာ စိတ်ချစေတဲ့ ကျမ်းပိုဒ်တွေ ကျမ်းစာမှာ အများကြီးပါပဲ။ ဥပမာ၊ “အဖဘုရားက ခင်ဗျားတို့ လိုအပ်တာကို မတောင်းခင်ကတည်းက သိပြီးသားပဲ” ဆိုတဲ့ မဿဲ ၆:၈ ကို စဉ်းစားကြည့်ပါ။ ဒါ ယေဟောဝါအကြောင်း ဘယ်သူ့ထက်မဆို ပိုသိတဲ့ ယေရှု ပြောထားတဲ့စကားပါ။ ဒါကြောင့် ကျွန်တော်တို့ အခက်အခဲ ကြုံတဲ့အခါ လိုအပ်တာကို ယေဟောဝါ သိပြီး ဖြည့်ဆည်းပေးမယ်ဆိုတာ အကြွင်းမဲ့ စိတ်ချနိုင်တယ်။ ကြံ့ကြံ့ခံ ရပ်တည်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကို ခိုင်မာစေနိုင်တဲ့ ဒီလိုဖော်ပြချက်တွေ ကျမ်းစာမှာ အပြည့်ပါပဲ။—ဆာ. ၉၄:၁၉။

၈။ (က) ခံနိုင်ရည် ရှိဖို့ ကူညီပေးနိုင်တဲ့ ကျမ်းစာအကြံဉာဏ်တစ်ခု ဥပမာပေးပါ။ (ခ) လိုအပ်လာတဲ့အခါ အကူအညီ ဖြစ်စေမယ့် ကျမ်းစာအကြံဉာဏ်တွေ မှတ်မိလာဖို့ ဘာလုပ်ရမလဲ။

၈ အခက်အခဲတွေ ခံရပ်ဖို့ ကူညီပေးနိုင်တဲ့ အကြံဉာဏ်တွေ ကျမ်းစာမှာ ပါတယ်။ ကျမ်းစာအကြံဉာဏ်တွေက လက်တွေ့ကျတဲ့အတွက် ဆုံးဖြတ်ချက်ကောင်း ချစေနိုင်တယ်။ (ပညာ. ၂:၆၊ ၇) ကျမ်းစာအကြံဉာဏ်တစ်ခု သုံးသပ်ကြည့်ပါ။ ဖြစ်လာမယ်၊ ဖြစ်မလာဘူးဆိုတာ မသေချာတဲ့အရာတွေအတွက် အလွန်အမင်း မစိုးရိမ်ဘဲ တစ်ရက်စာပဲ စဉ်းစားဖို့ မဿဲ ၆:၃၄ မှာ အားပေးထားတယ်။ နေ့တိုင်း ကျမ်းစာဖတ်ပြီး တွေးတောဆင်ခြင်တဲ့ အလေ့အထ ရှိရင် လိုအပ်လာတဲ့အခါ အကူအညီ ဖြစ်စေမယ့် ဒီလိုကျမ်းစာအကြံဉာဏ်တွေကို အလွယ်တကူ ပြန်မှတ်မိလာနိုင်တယ်။

၉။ ယေဟောဝါ ထောက်မပေးမယ်ဆိုတာ ကျမ်းမှတ်တမ်းတွေက ဘယ်လို ပိုစိတ်ချလာစေသလဲ။

၉ ယေဟောဝါကို ယုံကြည်ကိုးစားပြီး ယေဟောဝါဆီက ထောက်မမှု ရသူတွေအကြောင်း ဖြစ်ရပ်မှန်မှတ်တမ်းတွေလည်း ကျမ်းစာမှာ ပါတယ်။ (ဟီ. ၁၁:၃၂-၃၄။ ယာ. ၅:၁၇) အဲဒီမှတ်တမ်းတွေကို တွေးတောဆင်ခြင်တဲ့အခါ ယေဟောဝါဟာ “ငါတို့ရဲ့ ခိုလှုံရာ၊ ငါတို့ရဲ့ အစွမ်းခွန်အားပဲ။ ဒုက္ခရောက်ချိန်မှာ ကူညီပေးဖို့ အသင့်ပဲ” ဆိုတာ ကျွန်တော်တို့ ပိုစိတ်ချလာကြတယ်။ (ဆာ. ၄၆:၁) အခက်အခဲတွေကြား ယေဟောဝါအပေါ် သစ္စာရှိသူတွေအကြောင်း စဉ်းစားလိုက်တဲ့အခါ သူတို့ရဲ့ ယုံကြည်ခြင်း၊ ခံနိုင်ရည်ကို အတုယူချင်လာကြတယ်။—ယာ. ၅:၁၀၊ ၁၁။

၁၀။ ကျမ်းစာကနေ အကျိုးရဖို့ ဘာလုပ်နိုင်သလဲ။

၁၀ လုပ်ဆောင်နိုင်ရာ။ နေ့တိုင်း ကျမ်းစာဖတ်ပါ။ ကိုယ့်အတွက် အကူအညီ ဖြစ်စေမယ့် ကျမ်းပိုဒ်တွေ မှတ်ထားပါ။ မနက်စောစော နေ့စဉ်ကျမ်းချက် ဖတ်တဲ့အခါ တစ်နေ့လုံး တစိမ့်စိမ့် တွေးတောစရာ ရှိသွားတာကို ညီအစ်ကို/မတော်တော်များများ သတိပြုမိကြတယ်။ သတိပြုမိသူတစ်ယောက်ကတော့ ညီအစ်မ မာရီa ပါ။ မိဘနှစ်ပါးစလုံး ကင်ဆာရောဂါ တစ်ချိန်တည်း ဖြစ်လို့ မိဘတွေ ကွယ်လွန်သွားချိန်အထိ မာရီ ပြုစုစောင့်ရှောက်ပေးရတယ်။ ခံနိုင်ရည် ရှိဖို့ မာရီကို ဘာက ကူညီပေးသလဲ။ “မနက်တိုင်း နေ့စဉ်ကျမ်းချက် ဖတ်ပြီး တွေးတောဆင်ခြင်တယ်။ စိတ်ဖိစီးစရာ ကိုယ့်အခြေအနေကိုပဲ အာရုံမစိုက်ဖို့၊ စိတ်ထဲမှာ ဘုရားရေးရာအတွေးတွေ ပြည့်နေဖို့ ဒီအလေ့အထက ကူညီပေးတယ်” လို့ မာရီ ပြောတယ်။—ဆာ. ၆၁:၂။

ညီအစ်ကိုအသင်းအပင်း

၁၁။ ညီအစ်ကိုအသင်းအပင်း တစ်ရပ်လုံး ဆင်းရဲဒုက္ခ ထပ်တူ ခံစားနေရမှန်း သိထားတာက ဘာကြောင့် နှစ်သိမ့်မှု ဖြစ်စေသလဲ။

၁၁ ကျွန်တော်တို့ ခံနိုင်ရည် ရှိဖို့ ကမ္ဘာချီ ညီအစ်ကိုအသင်းအပင်းကို ယေဟောဝါ ပေးထားတယ်။ “ညီအစ်ကိုအသင်းအပင်း တစ်ရပ်လုံးလည်း ဆင်းရဲဒုက္ခကို ထပ်တူ ခံစားနေရ” တယ်လို့ ကျမ်းစာ ဆိုတယ်။ (၁ ပေ. ၅:၉) ကျွန်တော်တို့ ဘာအခက်အခဲပဲ ကြုံနေပါစေ ထပ်တူ ကြုံနေတဲ့၊ ကြံ့ကြံ့ခံ ရပ်တည်နေတဲ့ ညီအစ်ကို/မတွေ ရှိတယ်ဆိုတဲ့သဘောပါပဲ။ ဒါကြောင့် ကျွန်တော်တို့လည်း ကြံ့ကြံ့ခံ ရပ်တည်နိုင်တယ်။ နှစ်သိမ့်မှု ဖြစ်စရာပါပဲ။—တ. ၁၄:၂၂။

၁၂။ ယုံကြည်သူအချင်းချင်း ဘယ်လို အပြန်အလှန် အားပေးကူညီနိုင်သလဲ။ (၂ ကောရိန္သု ၁:၃၊ ၄)

၁၂ ခံနိုင်ရည် ရှိဖို့ ယုံကြည်သူအချင်းချင်း အားပေးနိုင်တယ်။ ဥပမာ၊ တမန်တော် ပေါလု အိမ်အကျယ်ချုပ် ကျတုန်းက ညီအစ်ကို/မတွေ အားပေးနှစ်သိမ့်ကြတယ်။ လက်တွေ့ကျကျ ကူညီပေးကြတယ်။ သူတို့ကို ကျေးဇူးတင်ကြောင်း နာမည်နဲ့တကွ ပေါလု ပြောတယ်။ (ဖိ. ၂:၂၅၊ ၂၉၊ ၃၀။ ကော. ၄:၁၀၊ ၁၁) ဒီနေ့လည်း ကျွန်တော်တို့ အခက်အခဲ ကြုံတဲ့အခါ ခံရပ်နိုင်ဖို့ ညီအစ်ကို/မတွေ အားပေးကူညီကြတယ်။ သူတို့ အခက်အခဲ ကြုံတဲ့အခါလည်း ခံရပ်နိုင်ဖို့ ကျွန်တော်တို့ အားပေးကူညီကြတယ်။—၂ ကောရိန္သု ၁:၃၊ ၄ ကို ဖတ်ပါ။

၁၃။ ညီအစ်မ မိုင်ယာ ဘာကြောင့် ခံနိုင်ရည် ရှိသလဲ။

၁၃ ညီအစ်ကို/မတွေကြောင့် အားရှိခဲ့တဲ့ ရုရှားနိုင်ငံက ညီအစ်မ မိုင်ယာရဲ့ တွေ့ကြုံမှုကို သုံးသပ်ကြည့်ပါ။ ၂၀၂၀ ခုနှစ်မှာ မိုင်ယာရဲ့ အိမ်ကို ရဲတွေ ဝင်ရောက်ရှာဖွေကြတယ်။ ယုံကြည်ချက်အကြောင်း တခြားသူတွေကို ပြောပြလို့ဆိုပြီး တရားစွဲကြတယ်။ “အဲဒီတုန်းက တအား စိတ်ပန်းလူပန်းဖြစ်နေတာ။ ဒါပေမဲ့ ကျွန်မဆီ ညီအစ်ကို/မတွေ ဖုန်းဆက်ကြတယ်၊ စာပို့ကြတယ်။ ကျွန်မကို သိပ်ချစ်တဲ့အကြောင်း ပြောကြတယ်။ မေတ္တာလွှမ်းခြုံတဲ့ မိသားစုကြီးထဲမှာ ကျွန်မ ရှိနေမှန်း အရင်ကလည်း သိပါတယ်။ ဒါပေမဲ့ ၂၀၂၀ ခုနှစ်မှာ ကိုယ်တွေ့ ကြုံရတာတွေကြောင့် ပိုစိတ်ချသွားတယ်” လို့ မိုင်ယာ ပြောတယ်။

၁၄။ ညီအစ်ကို/မတွေဆီက အကူအညီ ရဖို့ ဘာလုပ်နိုင်သလဲ။ (ရုပ်ပုံကိုလည်း ကြည့်ပါ။)

၁၄ လုပ်ဆောင်နိုင်ရာ။ အကြီးအကဲတွေကို အကူအညီတောင်းဖို့ မတွန့်ဆုတ်ပါနဲ့။ “သူတို့ဟာ လေကွယ်ရာအရပ်လို၊ မိုးသက်မုန်တိုင်း ကျတဲ့အခါ ပုန်းခိုရာအရပ်လို” ပဲ။ (ဟေရှာ. ၃၂:၂) ဒါ့အပြင် အခက်အခဲ ကြုံနေချိန်မှာ ညီအစ်ကို/မတွေနဲ့ အချိန်ပေးပေါင်းသင်းဖို့ သိပ်အရေးကြီးတယ်။ သူတို့မှာလည်း အခက်အခဲ ကိုယ်စီရှိကြတယ်ဆိုတာ သတိရပါ။ အကူအညီ လိုအပ်သူကို ကူညီတဲ့အခါ သင် ပျော်ရွှင်မယ်။ ကိုယ့်အခက်အခဲကိုပဲ အာရုံမစိုက်မိတော့လို့ ခံနိုင်ရည် ရှိလာမယ်။—တ. ၂၀:၃၅။

အရင်ရုပ်ပုံမှာ ပါတဲ့ သက်ကြီးညီအစ်ကို နွေဦးမှာ အိမ်ထဲ ထိုင်ရင်း မောင်နှံတစ်စုံနဲ့ သူတို့ရဲ့ သမီးငယ်နှစ်ယောက်ကို ရင်းရင်းနှီးနှီး စကားပြောနေ။ ဘေးမှာ လမ်းလျှောက်တုတ်ကောက်နဲ့ ဆေးဘူးတွေ ရှိ။ ကလေးမလေးတစ်ယောက်က သူ ဆွဲထားတဲ့ ပရဒိသုပုံ ညီအစ်ကိုကို ပြနေ။

ညီအစ်ကို/မတွေနဲ့ အချိန်ပေးပေါင်းသင်းပါ (စာပိုဒ် ၁၄ ကို ကြည့်ပါ)c


အနာဂတ်မျှော်လင့်ချက်

၁၅။ (က) မျှော်လင့်ချက်က ယေရှုကို ဘယ်လို ကူညီပေးသလဲ။ (ဟီဘရူး ၁၂:၂) (ခ) မျှော်လင့်ချက်က ကျွန်တော်တို့ကို ဘယ်လို ကူညီပေးသလဲ။

၁၅ ကျွန်တော်တို့ ခံနိုင်ရည် ရှိဖို့ အနာဂတ်မျှော်လင့်ချက်ကို ယေဟောဝါ ပေးထားတယ်။ (ရော. ၁၅:၁၃) မျှော်လင့်ချက်ကို အာရုံစိုက်လို့ မြေကြီးအသက်တာ နောက်ဆုံးနေ့ရက်ကို ယေရှု ကျော်ဖြတ်နိုင်ခဲ့တယ်ဆိုတာ သတိရပါ။ (ဟီဘရူး ၁၂:၂ ကို ဖတ်ပါ။) မိမိ သစ္စာရှိရင် ယေဟောဝါရဲ့ နာမတော် သန့်ရှင်းမြင့်မြတ်မယ်ဆိုတာ ယေရှု သိတယ်။ အဖဘုရားနဲ့ ပြန်ဆုံစည်းမယ့်အချိန်၊ ကောင်းကင်နိုင်ငံတော်မှာ ဘိသိက်ခံညီတွေနဲ့ တွဲဖက်အုပ်ချုပ်ရမယ့်အချိန်ကို မျှော်လင့်တယ်။ အဲဒီလိုပဲ ကမ္ဘာသစ်မှာ ထာဝစဉ် အသက်ရှင်ရမယ်ဆိုတဲ့ မျှော်လင့်ချက်က စာတန့်လောကမှာ ကြုံလာရမယ့် ဘယ်အခက်အခဲကိုမဆို ခံရပ်နိုင်ဖို့ ကူညီပေးတယ်။

၁၆။ မျှော်လင့်ချက်က ညီအစ်မ အာလာကို ဘယ်လို ကူညီပေးသလဲ။ သူ့စကားကနေ ဘာသင်ယူရသလဲ။

၁၆ အနာဂတ်မျှော်လင့်ချက်က ရုရှားနိုင်ငံက ညီအစ်မ အာလာကို ဘယ်လို ကူညီပေးသလဲ သုံးသပ်ကြည့်ပါ။ အာလာရဲ့ ခင်ပွန်း ဖမ်းဆီးခံရပြီး အမှုမစစ်ခင် အချုပ်ချခံရတယ်။ “ဆုတောင်းတဲ့အခါ မျှော်လင့်ချက်အကြောင်း ထည့်တောင်းလို့၊ အနာဂတ်အကြောင်း တွေးတောလို့သာ စိတ်ဓာတ်ကျမသွားတာ။ မုန်တိုင်းပြီးရင် လေပြည်လာမယ်ဆိုတာ ကျွန်မ သိတယ်။ ရန်သူတွေကို ယေဟောဝါ အောင်နိုင်မယ်။ ကျွန်မတို့ သစ္စာရှိရှိ ခံရပ်ရင် သေချာပေါက် ဆုချခံရမယ်” လို့ အာလာ ပြောတယ်။

၁၇။ အနာဂတ်မျှော်လင့်ချက်အတွက် ကျေးဇူးတင်ကြောင်း ဘယ်လို ပြနိုင်သလဲ။ (ရုပ်ပုံကိုလည်း ကြည့်ပါ။)

၁၇ လုပ်ဆောင်နိုင်ရာ။ အနာဂတ်မျှော်လင့်ချက်အကြောင်း အချိန်ယူတွေးတောပါ။ ကမ္ဘာသစ်အသက်တာနဲ့ ခံစားရမယ့် ကောင်းချီးတွေကို စိတ်ကူးမြင်ယောင်ကြည့်ပါ။ ဒါဆိုရင် လောလောဆယ် ကြုံရတဲ့ အခက်အခဲတွေဟာ “ခဏတာ” ဖြစ်ပြီး “ပေါ့ပါး” တယ်လို့ တွေးနိုင်သွားမယ်။ (၂ ကော. ၄:၁၇) ဒါ့အပြင် မျှော်လင့်ချက်အကြောင်း တခြားသူတွေကို အတတ်နိုင်ဆုံး ပြောပြပါ။ အနာဂတ်မျှော်လင့်ချက် မရှိဘဲ စာတန့်လောကမှာ သူတို့ အသက်ရှင်ရတာ ဘယ်လောက်များ ခက်ခဲမလဲလို့ စဉ်းစားကြည့်ပါ။ မျှော်လင့်ချက်အကြောင်း နည်းနည်းလောက် ပြောလိုက်ရင်တောင် သူတို့ ထပ်သိချင်ကောင်း သိချင်လာနိုင်တယ်။

သက်ကြီးညီအစ်ကို ဆောင်းဦးမှာ အိမ်ထဲ ထိုင်ရင်း တက်ဘလက်ထဲက ပရဒိသုမြင်ကွင်းကို မြင်ယောင်ကြည့်နေ။ ဘေးမှာ လမ်းလျှောက်အထိန်းနဲ့ ဆေးဘူးအများကြီး ရှိ။

အနာဂတ်မျှော်လင့်ချက်အကြောင်း အချိန်ယူတွေးတောပါ (စာပိုဒ် ၁၇ ကို ကြည့်ပါ)d


၁၈။ ယေဟောဝါရဲ့ ကတိတွေကို ဘာကြောင့် ယုံကြည်စိတ်ချနိုင်သလဲ။

၁၈ “ကိုယ်တော်ဟာ အရာရာကို လုပ်ဆောင်နိုင်မှန်း၊ ကိုယ်တော် ကြံစည်သမျှ မဖြစ်နိုင်တာ မရှိမှန်း ကျွန်တော် သိပါပြီ” လို့ အခက်အခဲများစွာ ခံရပ်ပြီးနောက် ယောဘ ပြောတယ်။ (ယောဘ ၄၂:၂) ယေဟောဝါရဲ့ ရည်ရွယ်ချက် မပြည့်စုံအောင် ဘာကမှ မတားဆီးနိုင်မှန်း ယောဘ သဘောပေါက်သွားတယ်။ ဒီအချက်ကို ကျွန်တော်တို့လည်း သဘောပေါက်မယ်ဆိုရင် ခံနိုင်ရည် ရှိလာမယ်။ ဆရာဝန် အများကြီးနဲ့ ပြပေမဲ့ တစ်ယောက်မှ ရောဂါပျောက်အောင် ကုမပေးနိုင်လို့ အမျိုးသမီးတစ်ယောက် စိတ်ဓာတ်ကျနေတယ်ဆိုပါစို့။ နောက်တော့ သိပ်တော်တဲ့ ဆရာဝန်နဲ့ တွေ့သွားတယ်။ ရောဂါရင်းမြစ်က ဘာလဲ၊ ရောဂါပျောက်အောင် ဘယ်လို ကုပေးမလဲဆိုတာ အဲဒီဆရာဝန် ရှင်းပြတယ်။ ရောဂါပျောက်ဖို့ အချိန်တစ်ခု စောင့်ရမယ်ဆိုပေမဲ့ အမျိုးသမီး သိပ်ပျော်သွားတယ်။ ရောဂါပျောက်မယ်ဆိုတဲ့ မျှော်လင့်ချက်ကြောင့် ခံနိုင်ရည် ရှိသွားတယ်။ အဲဒီလိုပဲ ပရဒိသုမျှော်လင့်ချက်ကို ယုံကြည်စိတ်ချတာက ကျွန်တော်တို့ကို ခံနိုင်ရည် ရှိစေတယ်။

၁၉။ ခံနိုင်ရည် ရှိဖို့ ဘာလိုအပ်သလဲ။

၁၉ ကျွန်တော်တို့ ခံနိုင်ရည် ရှိဖို့ ဆုတောင်းခြင်းဆိုတဲ့ အံ့ဖွယ်ဆက်သွယ်နည်း၊ ကျမ်းစာ၊ ညီအစ်ကိုအသင်းအပင်း၊ အနာဂတ်မျှော်လင့်ချက်ကို ယေဟောဝါ ပေးထားကြောင်း သိခဲ့ကြပြီ။ ပြင်ဆင်ပေးချက်တွေကနေ အကျိုးအပြည့်အဝ ရယူဖို့တော့ လိုအပ်တယ်။ ဒါမှ စာတန့်လောက အဆုံးတိုင်သွားတဲ့နေ့အထိ ကြုံလာသမျှ အခက်အခဲတိုင်းကို ယေဟောဝါရဲ့ အကူအညီနဲ့ ခံရပ်နိုင်မှာ ဖြစ်တယ်။—ဖိ. ၄:၁၃။

သင် ဘယ်လို ဖြေမလဲ

  • ဆုတောင်းတဲ့အခါ၊ ကျမ်းစာဖတ်တဲ့အခါ ယေဟောဝါ ဘယ်လိုနည်းနဲ့ ခံနိုင်ရည် ရှိစေသလဲ။

  • ညီအစ်ကို/မတွေကတစ်ဆင့် ယေဟောဝါ ဘယ်လိုနည်းနဲ့ ခံနိုင်ရည် ရှိစေသလဲ။

  • အနာဂတ်မျှော်လင့်ချက်ကတစ်ဆင့် ယေဟောဝါ ဘယ်လိုနည်းနဲ့ ခံနိုင်ရည် ရှိစေသလဲ။

သီချင်း ၃၃ သင့်ရဲ့ဝန်ကို ယေဟောဝါဆီ ပုံအပ်ပါ

a အမည်လွှဲများ။

b ပုံအညွှန်း– ရက်လရာသီတွေ ပြောင်းသွားပေမဲ့ သက်ကြီးညီအစ်ကိုတစ်ယောက် သစ္စာရှိရှိ ခံရပ်နေ။

c ပုံအညွှန်း– ရက်လရာသီတွေ ပြောင်းသွားပေမဲ့ သက်ကြီးညီအစ်ကိုတစ်ယောက် သစ္စာရှိရှိ ခံရပ်နေ။

d ပုံအညွှန်း– ရက်လရာသီတွေ ပြောင်းသွားပေမဲ့ သက်ကြီးညီအစ်ကိုတစ်ယောက် သစ္စာရှိရှိ ခံရပ်နေ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ