လေ့လာရန် ဆောင်းပါး ၃၄
သီချင်း ၃ တို့မျှော်လင့်ကိုးစားရာ
သင့်ကို ယေဟောဝါ ခွင့်လွှတ်တယ်ဆိုတာ စိတ်ချပါ
“အမှားတွေ၊ အပြစ်တွေကို ကိုယ်တော် ခွင့်လွှတ်ပေးတယ်။”—ဆာ. ၃၂:၅။
အာရုံစိုက်ရာ
သင့်ကို ယေဟောဝါ ခွင့်လွှတ်တယ်ဆိုတာ ဘာကြောင့် စိတ်ချဖို့ လိုသလဲ။ နောင်တရရင် ယေဟောဝါ ခွင့်လွှတ်တယ်ဆိုတာ ကျမ်းစာက ဘယ်လို စိတ်ချစေသလဲ။
၁-၂။ အပြစ်လုပ်မိပေမဲ့ နောင်တရရင် ဘယ်လို ခံစားရနိုင်သလဲ။ (ရုပ်ပုံကိုလည်း ကြည့်ပါ။)
အပြစ်ရှိတယ်ဆိုတဲ့ ခံစားချက်ဟာ ဘယ်လိုမျိုးလဲဆိုတာ ဘုရင်ဒါဝိဒ် သိတယ်။ (ဆာ. ၄၀:၁၂။ ၅၁:၃။ ထိပ်စီးစာသား) ကြီးလေးတဲ့အပြစ်တချို့ လုပ်မိလို့ပဲ။ ဒါပေမဲ့ နောင်တစစ် ရတဲ့အတွက် ယေဟောဝါဘုရား ခွင့်လွှတ်ပေးတယ်။ (၂ ရှ. ၁၂:၁၃) ဒါကြောင့် ခွင့်လွှတ်ခံရတဲ့အခါ ဘယ်လောက် စိတ်ပေါ့ပါးရသလဲဆိုတာလည်း ဒါဝိဒ် သိတယ်။—ဆာ. ၃၂:၁။
၂ ကျွန်တော်တို့လည်း ကိုယ့်ကို ယေဟောဝါ ကရုဏာထား ခွင့်လွှတ်ပေးလိုက်ပြီလို့ ခံစားရရင် ဒါဝိဒ်လိုပဲ စိတ်ပေါ့ပါးသွားနိုင်တယ်။ နောင်တစစ် ရတယ်၊ အပြစ်ဝန်ချတောင်းပန်တယ်၊ အပြစ်ထပ်မလုပ်မိဖို့ အတတ်နိုင်ဆုံး ကြိုးစားတယ်ဆိုရင် ကြီးလေးတဲ့အပြစ် ဖြစ်နေပါစေ ယေဟောဝါ လိုလိုလားလား ခွင့်လွှတ်ပေးကြောင်း သိရတာ နှစ်သိမ့်မှု ဖြစ်စရာပါပဲ။ (ပညာ. ၂၈:၁၃။ တ. ၂၆:၂၀။ ၁ ယော. ၁:၉) ဒါ့အပြင် တစ်ခါမှ အပြစ်မလုပ်ခဲ့တဲ့အလား ယေဟောဝါ အကြွင်းမဲ့ ခွင့်လွှတ်ပေးကြောင်း သိရတာလည်း အားရှိစရာပါပဲ။—ယေဇ. ၃၃:၁၆။
ယေဟောဝါရဲ့ ခွင့်လွှတ်မှုအကြောင်း ဘုရင်ဒါဝိဒ် ဆာလံသီချင်းများစွာ ဖွဲ့ဆို (စာပိုဒ် ၁-၂ ကို ကြည့်ပါ)
၃-၄။ (က) နှစ်ခြင်းခံပြီးနောက်မှာတောင် ညီအစ်မတစ်ယောက် ဘယ်လို ခံစားရသလဲ။ (ခ) ဒီဆောင်းပါးမှာ ဘာအကြောင်း ဆွေးနွေးမလဲ။
၃ ကိုယ့်ကို ယေဟောဝါ ခွင့်လွှတ်ရဲ့လားလို့ လူတချို့ တစ်ခါတလေ သံသယဝင်ကြတယ်။ သက်သေခံမိဘလက်ထဲ ကြီးပြင်းလာတဲ့ ညီအစ်မ ဂျနီဖာအကြောင်း စဉ်းစားကြည့်ပါ။ ဆယ်ကျော်သက်အရွယ် ရောက်တော့ မိဘရှေ့တစ်မျိုး ကွယ်ရာတစ်မျိုး နေလာတယ်။ “လိင်အကျင့်ယိုယွင်းတယ်၊ သောက်စားမူးရူးတယ်၊ ဒေါသကြီးတယ်၊ သဲသဲမဲမဲ ငွေရှာတယ်” လို့ ဂျနီဖာ ပြောတယ်။ နှစ်အနည်းငယ်အကြာမှာ ယေဟောဝါဆီ ပြန်လှည့်လာတယ်။ အပြောင်းအလဲတွေ လုပ်ပြီး နှစ်ခြင်းခံတယ်။ “ခွင့်လွှတ်မှု တောင်းခံပြီး နောင်တယူရင် ရွေးဖိုးကို အခြေခံပြီး ယေဟောဝါ ခွင့်လွှတ်တယ်လို့ ကျမ်းစာမှာ ပြောထားမှန်းတော့ သိပါတယ်။ ဒါပေမဲ့ ကျွန်မကို ယေဟောဝါ တကယ် ခွင့်လွှတ်ရဲ့လားလို့ သံသယဝင်မိတယ်” လို့ ပြောတယ်။
၄ အရင်က အပြစ်တွေကို ယေဟောဝါ ခွင့်လွှတ်ရဲ့လားလို့ သင်ကော တစ်ခါတလေ သံသယဝင်မိသလား။ ယေဟောဝါက မိမိ ကရုဏာကြီးမားကြောင်း ဒါဝိဒ် စိတ်ချသလို သင့်ကို စိတ်ချစေချင်တယ်။ ဘာကြောင့် စိတ်ချဖို့ လိုသလဲ၊ စိတ်ချလာဖို့ ဘာလုပ်နိုင်သလဲဆိုတာ ဒီဆောင်းပါးမှာ ဆွေးနွေးကြရအောင်။
ယေဟောဝါ ခွင့်လွှတ်တယ်ဆိုတာ ဘာကြောင့် စိတ်ချဖို့ လိုသလဲ
၅။ ကျွန်တော်တို့ကို စာတန် ဘယ်လို ခံစားစေချင်သလဲ။ ဥပမာပေးပါ။
၅ ယေဟောဝါ ခွင့်လွှတ်တယ်ဆိုတာ စိတ်ချရင် စာတန့်ထောင်ချောက်တစ်ခုကို ရှောင်နိုင်မယ်။ ယေဟောဝါကို ကျွန်တော်တို့ ဝတ်မပြုတော့ဖို့ စာတန် ဘယ်နည်းမဆို သုံးမယ်။ တစ်နည်းကတော့ ကျွန်တော်တို့ ခွင့်လွှတ်မခံထိုက်ဘူးလို့ ခံစားသွားအောင် လုပ်တာပဲ။ လိင်အကျင့်ယိုယွင်းလို့ ကောရိန္သုအသင်းတော်ကနေ ဖယ်ရှားခံရသူအကြောင်း သတိရပါ။ (၁ ကော. ၅:၁၊ ၅၊ ၁၃) နောက်ပိုင်းမှာ သူ နောင်တရလာတယ်။ ဒါပေမဲ့ သူ့ကို ခွင့်မလွှတ်ထိုက်ဘူးလို့ အသင်းတော်မှာ ရှိသူတွေကို စာတန် ထင်စေချင်တယ်။ အသင်းတော်ထဲ ပြန်မကြိုဆိုနိုင်တဲ့အထိ ဖြစ်စေချင်တယ်။ တစ်ဖက်မှာလည်း နောင်တရသူကို ကိုယ့်ကိုယ်ကိုယ် ခွင့်လွှတ်မခံထိုက်ဘူးလို့ ခံစားစေချင်တယ်။ “ဖြေမဆည်နိုင်အောင် ဝမ်းနည်း” ပြီး ယေဟောဝါကို ဝတ်မပြုတော့တဲ့အထိ ဖြစ်စေချင်တယ်။ စာတန့်ရည်ရွယ်ချက်ကော နည်းစနစ်တွေပါ ဒီနေ့အထိ မပြောင်းလဲဘူး။ ဒါပေမဲ့ “စာတန်ရဲ့ အကြံအစည်တွေကို” ကျွန်တော်တို့ သိနေတဲ့အတွက် ခုခံတွန်းလှန်နိုင်ပါတယ်။—၂ ကော. ၂:၅-၁၁။
၆။ အပြစ်ရှိတယ်လို့ ခံစားနေရတုန်းပဲဆိုရင် ဘာလုပ်နိုင်သလဲ။
၆ ယေဟောဝါ ခွင့်လွှတ်တယ်ဆိုတာ စိတ်ချရင် အပြစ်ရှိတယ်ဆိုတဲ့ ဝန်ထုပ်ကြီး ထမ်းထားစရာ မလိုတော့ဘူး။ အပြစ်လုပ်ရင် အပြစ်ရှိတယ်လို့ ခံစားရတာ သဘာဝပါပဲ။ (ဆာ. ၅၁:၁၇) အပြစ်ရှိတယ်လို့ ခံစားရမှလည်း ပြုပြင်ပြောင်းလဲချင်မှာ ဖြစ်လို့ အကျိုးရှိပါတယ်။ (၂ ကော. ၇:၁၀၊ ၁၁) ဒါပေမဲ့ နောင်တယူပြီးသွားတာတောင် အပြစ်ရှိတယ်လို့ ခံစားနေရတုန်းပဲဆိုရင် စိတ်ဓာတ်ကျပြီး ယေဟောဝါကို ဝတ်မပြုတော့တဲ့အထိ ဖြစ်သွားနိုင်တယ်။ ယေဟောဝါ ခွင့်လွှတ်လိုက်ပြီဆိုတာ စိတ်ချရင်တော့ အတိတ်ကို အတိတ်မှာ ထားခဲ့နိုင်မယ်။ ယေဟောဝါကို အမှားအမှန်သိစိတ် ကြည်ကြည်၊ ဝမ်းမြောက်ဝမ်းသာ ဝတ်ပြုနိုင်မယ်။ ဒါ ယေဟောဝါရဲ့ ဆန္ဒပဲ။ (ကော. ၁:၁၀၊ ၁၁။ ၂ တိ. ၁:၃) ဒါဆိုရင် ယေဟောဝါ ခွင့်လွှတ်တယ်ဆိုတာ စိတ်ချလာဖို့ ဘာလုပ်နိုင်သလဲ။
ယေဟောဝါ ခွင့်လွှတ်တယ်ဆိုတာ စိတ်ချလာဖို့ ဘာလုပ်နိုင်သလဲ
၇-၈။ မောရှေကို မိမိအကြောင်း ယေဟောဝါ ဘယ်လို ဖော်ပြသလဲ။ ကျွန်တော်တို့ကို ဘာယုံကြည်စိတ်ချစေသလဲ။ (ထွက်မြောက်ရာ ၃၄:၆၊ ၇)
၇ မိမိအကြောင်း ယေဟောဝါ ဘယ်လို ဖော်ပြသလဲ စဉ်းစားပါ။ ဥပမာ၊ ဆိုင်းနိုင်းတောင်မှာ မောရှေကို မိမိအကြောင်း ယေဟောဝါ ဘယ်လို ဖော်ပြသလဲ။a (ထွက်မြောက်ရာ ၃၄:၆၊ ၇ ကို ဖတ်ပါ။) ဂုဏ်ရည်တော် အများကြီး ရှိတဲ့အထဲကမှ မိမိဟာ “ကရုဏာရှိပြီး သနားစာနာတတ်တဲ့” အကြောင်း အရင်ဆုံး ဖော်ပြတယ်။ ကရုဏာရှိပြီး သနားစာနာတတ်တဲ့ဘုရားက တကယ် နောင်တရတဲ့ ဝတ်ပြုသူတစ်ယောက်ကို ခွင့်မလွှတ်ဘဲ နေပါ့မလား။ ခွင့်မလွှတ်ရင် ကရုဏာ၊ သနားစာနာမှု မရှိရာရောက်သွားမယ်။ ယေဟောဝါဟာ အဲဒီလိုဘုရားမျိုး မဟုတ်ဘူး။
၈ ယေဟောဝါဟာ အမှန်တရားရဲ့ဘုရား ဖြစ်လို့ မိမိအကြောင်း မဟုတ်မမှန် ဖော်ပြမှာ မဟုတ်ဘူး။ (ဆာ. ၃၁:၅) ဒါကြောင့် ယေဟောဝါရဲ့ စကားတွေကို ယုံကြည်စိတ်ချနိုင်တယ်။ အရင်က အပြစ်တွေအတွက် တနုံ့နုံ့ ခံစားနေရတုန်းပဲဆိုရင် ဒီလိုစဉ်းစားလိုက်ပါ– ‘ယေဟောဝါ တကယ် ကရုဏာရှိပြီး သနားစာနာတတ်တယ်၊ နောင်တရသူ ဘယ်သူ့ကိုမဆို ခွင့်လွှတ်တယ်ဆိုတာ ငါ ယုံသလား။ ယုံတယ်ဆိုရင် ငါ့ကိုလည်း ခွင့်လွှတ်လိုက်ပြီဆိုတာ စိတ်ချသင့်တာပေါ့။’
၉။ ယေဟောဝါ ခွင့်လွှတ်ပေးပုံနဲ့ပတ်သက်ပြီး ဆာလံ ၃၂:၅ ကနေ ဘာသိရသလဲ။
၉ မိမိရဲ့ ခွင့်လွှတ်မှုအကြောင်း ကျမ်းရေးသူတွေကို ယေဟောဝါ ဘယ်လို ဖော်ပြစေသလဲ တွေးတောပါ။ ဥပမာ၊ ယေဟောဝါ ခွင့်လွှတ်ပေးပုံအကြောင်း ကျမ်းရေးသူ ဒါဝိဒ် ဘယ်လို ဖော်ပြသလဲ။ (ဆာလံ ၃၂:၅ ကို ဖတ်ပါ။) “အမှားတွေ၊ အပြစ်တွေကို ကိုယ်တော် ခွင့်လွှတ်ပေးတယ်” လို့ ပြောတယ်။ “ခွင့်လွှတ်” လို့ ပြန်ဆိုထားတဲ့ ဟီဘရူး စကားလုံးဟာ “ချီမ၊” “ယူသွား၊” “သယ်သွား” လို့ အဓိပ္ပာယ်ရတယ်။ ဒါဝိဒ်ကို ယေဟောဝါ ခွင့်လွှတ်ပေးတဲ့အခါ အပြစ်ဝန်ထုပ်ကို ချီမပြီး အဝေးကို ယူသွားပေးသလိုပါပဲ။ ဒါဝိဒ် ထမ်းထားရတဲ့ အပြစ်ဝန်ထုပ် ပေါ့သွားတယ်။ (ဆာ. ၃၂:၂-၄) အဲဒီလိုပဲ ကျွန်တော်တို့ နောင်တစစ် ရတယ်ဆိုရင် အပြစ်ဝန်ထုပ်ကို ယေဟောဝါ ချီမပြီး အဝေးကို ယူသွားပေးတယ်။ ဒါဝိဒ်လိုပဲ ကျွန်တော်တို့ အပြစ်ဝန်ထုပ် ပေါ့သွားတယ်။
၁၀-၁၁။ “ခွင့်လွှတ်ဖို့ အသင့်ရှိတယ်” ဆိုတဲ့ ဖော်ပြချက်ကနေ ယေဟောဝါအကြောင်း ဘာသိရသလဲ။ (ဆာလံ ၈၆:၅)
၁၀ ဆာလံ ၈၆:၅ ကို ဖတ်ပါ။ ယေဟောဝါဟာ “ခွင့်လွှတ်ဖို့ အသင့်ရှိတယ်” လို့ ဒါဝိဒ် ပြောတယ်။ “ခွင့်လွှတ်တတ်တာဟာ ယေဟောဝါရဲ့ သဘောသဘာဝ ဖြစ်တယ်” လို့ ဒီအသုံးအနှုန်းနဲ့ပတ်သက်ပြီး အကိုးအကားကျမ်းတစ်အုပ်က ဆိုတယ်။ ခွင့်လွှတ်တတ်တာဟာ ဘာကြောင့် ယေဟောဝါရဲ့ သဘောသဘာဝ ဖြစ်နေသလဲ။ “ဆုတောင်းသူ အားလုံးအပေါ် ခိုင်မြဲတဲ့မေတ္တာတော် ကြီးမားလှပါတယ်” လို့ ကျမ်းပိုဒ်ရဲ့ ဒုတိယဝါကျမှာ ဖော်ပြထားတယ်။ ရှေ့ဆောင်းပါးမှာ သိခဲ့ရတဲ့အတိုင်း ယေဟောဝါဟာ ခိုင်မြဲတဲ့မေတ္တာရှင် ဖြစ်တဲ့အတွက် သစ္စာရှိကျေးကျွန်တွေကို နက်နက်ရှိုင်းရှိုင်း၊ မပြောင်းမလဲ ချစ်တယ်။ အပြစ်လုပ်ရင်တောင် နောင်တရတယ်ဆိုရင် “အကြွင်းမဲ့” ခွင့်လွှတ်ပေးတယ်။ (ဟေရှာ. ၅၅:၇) အရင်က အပြစ်တွေအတွက် တနုံ့နုံ့ ခံစားနေရတုန်းပဲဆိုရင် ဒီလိုစဉ်းစားလိုက်ပါ– ‘ကရုဏာပြဖို့ ဆုတောင်းတဲ့ နောင်တရသူအားလုံးကို ယေဟောဝါ ခွင့်လွှတ်တယ်ဆိုတာ ငါ ယုံသလား။ ယုံတယ်ဆိုရင် ကရုဏာပြဖို့ ငါ ဆုတောင်းတုန်းက ငါ့ကိုလည်း ခွင့်လွှတ်လိုက်ပြီဆိုတာ စိတ်ချသင့်တာပေါ့။’
၁၁ ကျွန်တော်တို့ မစုံလင်ဘူးဆိုတာ ယေဟောဝါ အပြည့်အဝ နားလည်ကြောင်း သိရတာ နှစ်သိမ့်မှု ဖြစ်စရာပါပဲ။ (ဆာ. ၁၃၉:၁၊ ၂) ဆာလံ ၁၀၃ မှာ ပါတဲ့ ဒါဝိဒ်ရဲ့ စကားတွေကို သုံးသပ်တဲ့အခါ ယေဟောဝါရဲ့ ခွင့်လွှတ်မှုကို ပိုစိတ်ချလာနိုင်တယ်။
ယေဟောဝါ မမေ့တာကို သင်လည်း မမေ့ပါနဲ့
၁၂-၁၃။ ဆာလံ ၁၀၃:၁၄ အရ ယေဟောဝါ ဘာကို မမေ့သလဲ။ မမေ့တဲ့အတွက် ကျွန်တော်တို့ကို ဘယ်လို ဆက်ဆံသလဲ။
၁၂ ဆာလံ ၁၀၃:၁၄ ကို ဖတ်ပါ။ နောင်တရသူတွေကို ယေဟောဝါ ခွင့်လွှတ်ဖို့ အသင့်ရှိရတဲ့ အကြောင်းရင်းတစ်ခုကို ဒါဝိဒ်ရဲ့ စကားတွေကနေ သိရတယ်။ အကြောင်းရင်းက ဘာလဲ။ ကျွန်တော်တို့ဟာ “မြေမှုန့်” ဆိုတာ ယေဟောဝါ မမေ့လို့ပဲ။ ဒီအချက်ကို ပိုနားလည်နိုင်ဖို့ အသေးစိတ် ဆွေးနွေးကြရအောင်။
၁၃ “ငါတို့ရဲ့ ဖွဲ့စည်းတည်ဆောက်ပုံကို [ယေဟောဝါ] ကောင်းကောင်းသိတယ်” လို့ ဒါဝိဒ် ပြောတယ်။ အာဒံကို “မြေမှုန့်နဲ့” ယေဟောဝါ ဖန်ဆင်းခဲ့တယ်။ စုံလင်သူ ဖြစ်နေရင်တောင် မြေမှုန့်နဲ့ ဖန်ဆင်းခံထားရလို့ စားမှ၊ အိပ်မှ၊ အသက်ရှူမှပဲ အသက်ဆက်ရှင်နိုင်မယ်ဆိုတာ ယေဟောဝါ သိတယ်။ (က. ၂:၇) ဒါပေမဲ့ အာဒံနဲ့ ဧဝ အပြစ်လုပ်လိုက်ချိန်မှာတော့ လူတွေဟာ အဓိပ္ပာယ် နောက်တစ်မျိုးနဲ့ မြေမှုန့် ဖြစ်လာတယ်။ မွေးကတည်းက အပြစ်ပါလာတယ်၊ အပြစ်လုပ်ချင်စိတ် များတယ်ဆိုတဲ့ အဓိပ္ပာယ်ပါ။ ယေဟောဝါက ဒါကို သိရုံသာမက “မမေ့ဘူး။” မမေ့တဲ့အတွက် ကျွန်တော်တို့ကို ကရုဏာနဲ့ အမြဲဆက်ဆံပေးတယ်။ ရံဖန်ရံခါ အပြစ်လုပ်မိမယ်ဆိုတာ နားလည်ပေးတယ်။ နောင်တစစ် ရတယ်ဆိုရင် ကရုဏာထား ခွင့်လွှတ်ပေးတယ်။—ဆာ. ၇၈:၃၈၊ ၃၉။
၁၄။ (က) ယေဟောဝါ ခွင့်လွှတ်ပေးပုံနဲ့ပတ်သက်ပြီး ဆာလံ ၁၀၃:၁၂ ကနေ ဘာသိရသလဲ။ (ခ) ဒါဝိဒ်ကို ယေဟောဝါ အကြွင်းမဲ့ ခွင့်လွှတ်ပေးပုံကနေ ဘာသိရသလဲ။ (“ယေဟောဝါ ခွင့်လွှတ်ပြီး မေ့လိုက်တယ်” လေးထောင့်ကွက်ကို ကြည့်ပါ။)
၁၄ ယေဟောဝါ ခွင့်လွှတ်ပေးပုံနဲ့ပတ်သက်ပြီး ဆာလံ ၁၀၃:၁၂ ကနေ ဘာသိရသလဲ။ (ဖတ်ပါ။) “နေထွက်ရာအရပ်နဲ့ နေဝင်ရာအရပ် အလှမ်းဝေးသလို အပြစ်တွေကို ငါတို့နဲ့ အလှမ်းဝေးစေတယ်” လို့ ဒါဝိဒ် ပြောတယ်။ နေထွက်ရာအရှေ့အရပ်ဟာ နေဝင်ရာအနောက်အရပ်ရဲ့ အဝေးဆုံးမှာ ရှိတယ်။ ဘယ်တော့မှ မဆုံဘူး။ “အပြစ်တွေ အဲဒီလောက်အလှမ်းဝေးသွားမှတော့ အနံ့ခံလို့၊ ခြေရာခံလို့တောင် ရတော့မှာ မဟုတ်ဘူး။ အမှတ်ရစရာ အစအနလေးတောင် ရှိတော့မှာ မဟုတ်ဘူး” လို့ အကိုးအကားကျမ်းတစ်အုပ်မှာ တင်စားဖော်ပြထားတယ်။ စဉ်းစားကြည့်ပါ– အနံ့လေး ရလိုက်တာနဲ့ တစ်ခုခုကို ကျွန်တော်တို့ အမှတ်ရသွားတတ်တယ် မဟုတ်လား။ ဒါပေမဲ့ ယေဟောဝါ ခွင့်လွှတ်လိုက်တဲ့အခါ အပြစ်ကို အမှတ်ရစေမယ့် အနံ့အသက်လေးတောင် မကျန်တော့တဲ့အလား ဖြစ်သွားတယ်။ အပြစ်ကို အမှတ်မရတော့လို့ နောင်တစ်ချိန်မှာ အစပြန်ဖော်တာမျိုး၊ အပြစ်ပေးတာမျိုး မလုပ်ဘူး။—ယေဇ. ၁၈:၂၁၊ ၂၂။ တ. ၃:၁၉။
၁၅။ အရင်က အပြစ်တွေအတွက် တနုံ့နုံ့ ခံစားနေရတုန်းပဲဆိုရင် ဘာလုပ်နိုင်သလဲ။
၁၅ ယေဟောဝါရဲ့ ခွင့်လွှတ်မှုကို စိတ်ချဖို့ ဆာလံ ၁၀၃ မှာ ပါတဲ့ ဒါဝိဒ်ရဲ့ စကားတွေက ဘယ်လို ကူညီပေးသလဲ။ အရင်က အပြစ်တွေအတွက် တနုံ့နုံ့ ခံစားနေရတုန်းပဲဆိုရင် ဒီလိုစဉ်းစားလိုက်ပါ– ‘ငါ မစုံလင်ဘူးဆိုတာ ယေဟောဝါ မမေ့ဘူး။ ငါ့လို နောင်တရတဲ့ အပြစ်သားတွေကို ခွင့်လွှတ်ပေးတယ်။ ဒါပေမဲ့ ယေဟောဝါ မမေ့တာကို ငါ မေ့နေမိသလား။ ယေဟောဝါက အပြစ်ခွင့်လွှတ်ပြီးရင် မေ့လိုက်တယ်။ နောင်တစ်ချိန်မှာ အစပြန်ဖော်တာမျိုး၊ အပြစ်ပေးတာမျိုး မလုပ်ဘူး။ ဒါပေမဲ့ ယေဟောဝါ မေ့လိုက်တာကို ငါ မမေ့နိုင်ဖြစ်နေသလား။’ သင့်အပြစ်တွေကို ယေဟောဝါ မေ့လိုက်သလို သင်လည်း မေ့လိုက်သင့်တယ်။ (ဆာ. ၁၃၀:၃) ယေဟောဝါရဲ့ ခွင့်လွှတ်မှုကို စိတ်ချရင် ကိုယ့်ကိုယ်ကိုယ်လည်း ခွင့်လွှတ်ပြီး ရှေ့ဆက်နိုင်လာမယ်။
၁၆။ အတိတ်က အပြစ်တွေကို အာရုံစိုက်လွန်းတာ ဘာကြောင့် အန္တရာယ်များကြောင်း ဥပမာပေးပါ။ (ရုပ်ပုံကိုလည်း ကြည့်ပါ။)
၁၆ ဥပမာတစ်ခု စဉ်းစားကြည့်ပါ။ ကားမောင်းတဲ့အခါ နောက်ကနေ ဘာပါလာသလဲ သိရဖို့ နောက်ကြည့်မှန်ကို တစ်ချက်တစ်ချက် ကြည့်ပေးရတယ်။ ဒါပေမဲ့ နောက်ကြည့်မှန်ကိုပဲ တစ်ချိန်လုံး ကြည့်နေရင် အန္တရာယ်များတယ်။ ဘေးကင်းဖို့ဆိုရင် ရှေ့ကို အာရုံစိုက်ရမယ်။ အဲဒီလိုပဲ ကမ္ဘာသစ် သွားတဲ့လမ်းမှာ ကျွန်တော်တို့ ရောက်နေတယ်။ သွားရင်းနဲ့ အတိတ်က အပြစ်တွေကို တစ်ခါတလေ လှည့်ကြည့်တာ ကောင်းပါတယ်။ သင်ခန်းစာ ယူနိုင်လို့၊ အပြစ်ထပ်မလုပ်ဘူးဆိုတဲ့ ဆုံးဖြတ်ချက် ခိုင်မာစေနိုင်လို့ပါ။ ဒါပေမဲ့ အတိတ်ကိုပဲ အာရုံစိုက်နေရင် အပြစ်ရှိတယ်ဆိုတဲ့ ခံစားချက်ကြောင့် အမှုတော်မှာ ရှေ့မဆက်နိုင်ဘဲ ဖြစ်သွားမယ်။ ဒါကြောင့် ရှေ့တည့်တည့်ကိုပဲ စူးစိုက်ကြည့်ပါ။ ကမ္ဘာသစ် ရောက်သွားပြီဆိုရင်တော့ အမှတ်တရဆိုးတွေကို “သတိရတော့မှာ မဟုတ်ဘူး။”—ဟေရှာ. ၆၅:၁၇။ ပညာ. ၄:၂၅။
ကားမောင်းတဲ့အခါ အရှေ့ကို ပိုအာရုံစိုက်ဖို့ လိုသလိုပဲ ကျွန်တော်တို့လည်း အတိတ်က အပြစ်တွေထက် အနာဂတ်ကောင်းချီးတွေကို ပိုအာရုံစိုက်ဖို့ လို (စာပိုဒ် ၁၆ ကို ကြည့်ပါ)
စိတ်ချလက်ချ ဖြစ်နေပါ
၁၇။ ယေဟောဝါရဲ့ မေတ္တာ၊ ခွင့်လွှတ်မှုကို ဘာကြောင့် စိတ်ချလက်ချ ဖြစ်နေဖို့ လိုသလဲ။
၁၇ ယေဟောဝါရဲ့ မေတ္တာ၊ ခွင့်လွှတ်မှုကို စိတ်ချလက်ချ ဖြစ်နေဖို့ လိုတယ်။ (၁ ယော. ၃:၁၉) ဘာကြောင့်လဲ။ ကျွန်တော်တို့ အချစ်မခံထိုက်ဘူး၊ ခွင့်လွှတ်မခံထိုက်ဘူးလို့ ခံစားရအောင် စာတန် မပြတ်ကြိုးစားနေလို့ပါ။ ဘယ်နည်းပဲ သုံးသုံး စာတန့်ရည်ရွယ်ချက်က တစ်ခုတည်းပဲ။ ရည်ရွယ်ချက်ကတော့ ယေဟောဝါကို ကျွန်တော်တို့ ဝတ်မပြုတော့ဖို့ ဖြစ်တယ်။ မိမိအတွက် အချိန်နည်းနည်းပဲ ကျန်တော့မှန်း စာတန် သိလို့ အရှိန်အဟုန်မြှင့် ကြိုးစားလာမှာ။ (ဗျာ. ၁၂:၁၂) စာတန်ကို အရှုံးပေးလို့ မဖြစ်ဘူး။
၁၈။ ယေဟောဝါရဲ့ ခွင့်လွှတ်မှုကို စိတ်ချဖို့ ဘာလုပ်နိုင်သလဲ။
၁၈ ယေဟောဝါရဲ့ မေတ္တာကို စိတ်ချနေဖို့ ရှေ့ဆောင်းပါးမှာ ပါတဲ့ အကြံပြုချက်တွေအတိုင်း လုပ်ပါ။ ယေဟောဝါရဲ့ ခွင့်လွှတ်မှုကို စိတ်ချဖို့ကော။ မိမိအကြောင်း ယေဟောဝါ ဘယ်လို ဖော်ပြသလဲ စဉ်းစားပါ။ မိမိရဲ့ ခွင့်လွှတ်မှုအကြောင်း ကျမ်းရေးသူတွေကို ဘယ်လို ဖော်ပြစေသလဲ တွေးတောပါ။ သင် မစုံလင်ဘူးဆိုတာ ယေဟောဝါ သိတယ်၊ သင့်ကို ကရုဏာနဲ့ အမြဲဆက်ဆံမယ်ဆိုတာ မမေ့ပါနဲ့။ ဒါ့အပြင် အကြွင်းမဲ့ ခွင့်လွှတ်ပေးကြောင်း သတိရပါ။ ဒါဆိုရင် ယေဟောဝါ ကရုဏာကြီးမားကြောင်း ဒါဝိဒ်လိုပဲ စိတ်ချလာမယ်။ “‘အမှားတွေ၊ အပြစ်တွေကို’ ခွင့်လွှတ်ပေးလို့ ကျေးဇူးတင်ပါတယ်၊ ယေဟောဝါဘုရား” လို့ ပြောနိုင်ပါလိမ့်မယ်။—ဆာ. ၃၂:၅။
သီချင်း ၁ ယေဟောဝါရဲ့ ဂုဏ်ရည်တော်များ
a ၂၀၀၉၊ မေ ၁ ကင်းမျှော်စင် မှာ ပါတဲ့ “ဘုရားသခင်၌ ချဉ်းကပ်ကြလော့—ယေဟောဝါသည် မိမိ၏အရည်အသွေးများ အကြောင်း ဖော်ပြခဲ့” ဆောင်းပါးကို ကြည့်ပါ။