လေ့လာရန် ဆောင်းပါး ၃၈
သီချင်း ၁၂၀ ခရစ်တော်ရဲ့ နူးညံ့မှုကို တုပကြ
တခြားသူတွေကို လေးစားပါ
“ရွှေငွေတွေ ရတာထက် ရိုသေလေးစားခံရတာ ပိုကောင်းတယ်။”—ပညာ. ၂၂:၁။
အာရုံစိုက်ရာ
တခြားသူတွေကို ဘာကြောင့် လေးစားရမလဲ။ လေးစားရခက်ရင်တောင် လေးစားမှု ဘယ်လို ပြနိုင်သလဲ။
၁။ လေးစားခံရတဲ့အခါ လူတွေ ဘာကြောင့် သဘောကျကြသလဲ။ (ပညာအလိမ္မာ ၂၂:၁)
ကိုယ့်ကို တခြားသူတွေ လေးလေးစားစား ဆက်ဆံတာ သဘောကျသလား။ သဘောကျမှာ သေချာတယ်။ လေးစားခံချင်တာ လူ့သဘာဝပါပဲ။ လေးစားခံရတဲ့အခါ လူတိုင်း ပျော်ကြတယ်။ ဒါကြောင့်လည်း “ရွှေငွေတွေ ရတာထက် ရိုသေလေးစားခံရတာ ပိုကောင်းတယ်” လို့ ကျမ်းစာ ဆိုထားတာ။—ပညာအလိမ္မာ ၂၂:၁ ကို ဖတ်ပါ။
၂-၃။ (က) တခြားသူတွေကို လေးစားဖို့ ဘာကြောင့် အမြဲ မလွယ်သလဲ။ (ခ) ဒီဆောင်းပါးမှာ ဘာဆွေးနွေးမလဲ။
၂ တခြားသူတွေကို လေးစားဖို့ အမြဲတော့ မလွယ်ဘူး။ ဘာကြောင့်လဲ။ တခြားသူတွေရဲ့ အားနည်းချက်ကို ကျွန်တော်တို့ မြင်တတ်လို့ပဲ။ ဒါ့အပြင် ဒီနေ့ခေတ်မှာ လေးစားမှု မရှိသူတွေ များလာတယ်။ ဒါပေမဲ့ “လူအမျိုးမျိုးကို လေးစားကြပါ” လို့ ကျွန်တော်တို့ကို ယေဟောဝါဘုရား တောင်းဆိုထားတယ်။—၁ ပေ. ၂:၁၇။
၃ လေးစားမှု ရှိတယ်ဆိုတာ ဘာကို ဆိုလိုသလဲ။ (၁) မိသားစုဝင်တွေ၊ (၂) ယုံကြည်သူချင်းတွေ၊ (၃) အသင်းတော်ပြင်ပက လူတွေကို လေးစားမှု ဘယ်လို ပြနိုင်သလဲ။ ဒီမေးခွန်းတွေကို ဒီဆောင်းပါးမှာ ဆွေးနွေးသွားပါမယ်။ လေးစားရခက်ရင်တောင် လေးစားမှု ဘယ်လို ပြနိုင်သလဲဆိုတာလည်း အာရုံစိုက်သွားပါမယ်။
လေးစားမှု ရှိတယ်ဆိုတာ ဘာကို ဆိုလိုသလဲ
၄။ လေးစားမှု ရှိတယ်ဆိုတာ ဘာကို ဆိုလိုသလဲ။
၄ လေးစားမှုဆိုတာကို ဘယ်လို အဓိပ္ပာယ်ဖွင့်မလဲ။ ဘာသာစကားတချို့မှာ “လေးစားမှု” နဲ့ “ဂုဏ်တင်မှု” ဆိုတဲ့ စကားလုံးတွေဟာ ဆက်စပ်နေတယ်။ “လေးစားမှု” ဆိုတာ သဘောထားကို အဓိက ရည်ညွှန်းတယ်။ လူတစ်ယောက်ရဲ့ အရည်အသွေးကောင်း၊ ပြီးမြောက်အောင်မြင်မှု၊ အခွင့်အာဏာကြောင့် အရေးတယူ ဆက်ဆံထိုက်သူ၊ မျက်နှာထောက်သင့်သူလို့ သဘောထားတာဟာ လေးစားမှု ဖြစ်တယ်။ “ဂုဏ်တင်မှု” ဆိုတာကျတော့ ဆက်ဆံပုံကို ရည်ညွှန်းတယ်။ လူတစ်ယောက်ကို တန်ဖိုးထားတယ်၊ အသိအမှတ်ပြုတယ်၊ အလေးထားတယ်လို့ ခံစားရစေမယ့်နည်းနဲ့ ဆက်ဆံတာဟာ ဂုဏ်တင်မှု ဖြစ်တယ်။ စိတ်ထဲကနေ လေးစားမှ စိတ်ရင်းမှန်နဲ့ ဂုဏ်တင်နိုင်မယ်။—မ. ၁၅:၈။
၅။ တခြားသူတွေကို ကျွန်တော်တို့ ဘာကြောင့် လေးစားသလဲ။
၅ ယေဟောဝါက ကျွန်တော်တို့ကို လေးစားမှု ရှိသူတွေ ဖြစ်စေချင်တယ်။ ဥပမာ၊ “အထက်အာဏာပိုင်တွေ” ကို ရိုသေလေးစားဖို့ တောင်းဆိုထားတယ်။ (ရော. ၁၃:၁၊ ၇) ဒါပေမဲ့ တချို့က “လေးစားအောင် နေရင် လေးစားမှာပေါ့” လို့ တွေးကြတယ်။ အဲဒီလိုတွေးတာ မှန်သလား။ ယေဟောဝါရဲ့ ကျေးကျွန်တွေကတော့ တခြားသူတွေရဲ့ လုပ်ရပ်ကို ကြည့်ပြီး လေးစားကြတာ မဟုတ်ဘူး။ လေးစားမှု ရှိဖို့ တောင်းဆိုထားတဲ့ ယေဟောဝါကို ချစ်လို့၊ စိတ်တော်ရွှင်လန်းစေချင်လို့ပါ။—ယောရှု ၄:၁၄။ ၁ ပေ. ၃:၁၅။
၆။ ကိုယ့်ကို မလေးစားသူကို လေးစားဖို့ တကယ် ဖြစ်နိုင်ပါ့မလား။ ဥပမာပေးပါ။ (ရုပ်ပုံကိုလည်း ကြည့်ပါ။)
၆ ‘ကိုယ့်ကို မလေးစားသူကို လေးစားဖို့ တကယ် ဖြစ်နိုင်ပါ့မလား’ လို့ တချို့ တွေးမိနိုင်တယ်။ လေးစားဖို့ ဖြစ်နိုင်ပါတယ်။ ဥပမာ၊ သားတော် ယောနသန်ကို လူရှေ့သူရှေ့မှာ ဘုရင်ရှောလု အရှက်ခွဲတယ်။ (၁ ရှ. ၂၀:၃၀-၃၄) ဒါပေမဲ့ ခမည်းတော်ရဲ့ ဘုရင်အခွင့်အာဏာကို ယောနသန် ဆက်လေးစားပြီး ခမည်းတော်နဲ့ သေအတူရှင်မကွာ တိုက်ပွဲဝင်တယ်။ (ထွ. ၂၀:၁၂။ ၂ ရှ. ၁:၂၃) ဝိုင်မူးနေတယ်လို့ ဟန္နကို ပုရောဟိတ်မင်း ဧလိ စွပ်စွဲတယ်။ (၁ ရှ. ၁:၁၂-၁၄) တကယ်တော့ ဖခင်အနေနဲ့ကော ပုရောဟိတ်မင်းအနေနဲ့ပါ သားတွေကို ဧလိ နိုင်နိုင်နင်းနင်း မဆုံးမတာ တိုင်းသိပြည်သိပဲ။ ဒါတောင် ဧလိကို ဟန္န လေးလေးစားစား ပြောဆိုတယ်။ (၁ ရှ. ၁:၁၅-၁၈။ ၂:၂၂-၂၄) တမန်တော် ပေါလုကို “စကားအိုး” လို့ အေသင်မြို့သားတွေ ရှုတ်ချခေါ်ဝေါ်ကြတယ်။ (တ. ၁၇:၁၈) ဒါပေမဲ့ သူတို့ကို ပေါလု လေးလေးစားစား ပြောဆိုတယ်။ (တ. ၁၇:၂၂) ယေဟောဝါကို နှစ်နှစ်ကာကာ ချစ်ရင်၊ စိတ်ရွှင်လန်းစေချင်ရင် လွယ်သည်ဖြစ်စေ၊ ခက်သည်ဖြစ်စေ တခြားသူတွေကို လေးစားနိုင်တယ်ဆိုတဲ့ နမူနာတွေပါပဲ။ ဘယ်သူတွေကို ဘာကြောင့် လေးစားသင့်ကြောင်း ဆက်ဆွေးနွေးကြရအောင်။
အရှက်ခွဲခံရပေမဲ့ ခမည်းတော်ရဲ့ ဘုရင်အခွင့်အာဏာကို ယောနသန် ဆက်လေးစားပြီး ခမည်းတော်နဲ့ သေအတူရှင်မကွာ တိုက်ပွဲဝင် (စာပိုဒ် ၆ ကို ကြည့်ပါ)
မိသားစုဝင်တွေကို လေးစားပါ
၇။ မိသားစုဝင်တွေကို လေးစားဖို့ ဘာကြောင့် ခက်နိုင်သလဲ။
၇ လေးစားဖို့ ဘာကြောင့် ခက်နိုင်သလဲ။ မိသားစုဝင်တွေဟာ အရင်းနှီးဆုံးသူတွေ ဖြစ်လို့ ကောင်းတာကော ဆိုးတာပါ အချင်းချင်း သိကြတယ်။ တချို့က ပြုစုပေးရခက်တဲ့ ကျန်းမာရေးပြဿနာ ရှိတာ ဖြစ်နိုင်တယ်။ ဒါမှမဟုတ် အစိုးရိမ်လွန်ဝေဒနာ ခံစားနေရတာ ဖြစ်နိုင်တယ်။ တချို့ကျတော့ စိတ်မဆိုးဆိုးအောင် ပြောတတ်လုပ်တတ်ကြတယ်။ အချင်းချင်း မလေးစားတဲ့အခါ အိမ်ဟာ အေးချမ်းတဲ့ နားခိုရာ မဖြစ်တော့ဘဲ အိမ်ပူလာတယ်။ မိသားစုဝင်တွေ အစေးမကပ်ကြတော့ဘူး။ အဆစ်ရောင်နာရောဂါက ခန္ဓာကိုယ်အစိတ်အပိုင်းတွေ အချိတ်အဆက်မိဖို့ ခက်စေသလိုပဲ လေးစားမှု မရှိတာက မိသားစု စည်းလုံးဖို့ ခက်စေတယ်။ အဆစ်ရောင်နာရောဂါကို အရှင်းပျောက်အောင် ကုသလို့မရပေမဲ့ လေးစားမှု မရှိတဲ့ သဘောထားကိုတော့ ကုစားလို့ရပါတယ်။
၈။ မိသားစုဝင်တွေကို ဘာကြောင့် လေးစားရမလဲ။ (၁ တိမောသေ ၅:၄၊ ၈)
၈ ဘာကြောင့် လေးစားရမလဲ။ (၁ တိမောသေ ၅:၄၊ ၈ ကို ဖတ်ပါ။) မိသားစုဝင် အချင်းချင်း ဘယ်လို ဂရုစိုက်သင့်ကြောင်း တိမောသေဆီ ရေးတဲ့ ပထမစာမှာ ပေါလု ဆွေးနွေးထားတယ်။ တာဝန်ရှိလို့ မဟုတ်ဘဲ “ဘုရားတရားကိုင်းရှိုင်း” လို့ ဂုဏ်တင်တာ ဖြစ်သင့်ကြောင်း ပြောတယ်။ မိသားစုဝင်တွေကို ဂုဏ်တင်တာဟာ ဘုရားတရားကိုင်းရှိုင်းတဲ့ လုပ်ရပ် ဖြစ်ကြောင်း ဒီကနေ သိရတယ်။ ဒါ့အပြင် ယေဟောဝါဟာ မိသားစုအစီအစဉ် အစပြုရှင် ဖြစ်လို့ မိသားစုဝင်တွေကို လေးစားတာဟာ ယေဟောဝါကို ဂုဏ်တင်ရာရောက်တယ်။ (ဧ. ၃:၁၄၊ ၁၅) မိသားစုဝင်တွေကို လေးစားသင့်တဲ့ အကြောင်းကောင်းပါပဲ။
၉။ ဇနီးမောင်နှံအချင်းချင်း လေးစားကြောင်း ဘယ်လို ပြနိုင်သလဲ။ (ရုပ်ပုံကိုလည်း ကြည့်ပါ။)
၉ လေးစားကြောင်း ဘယ်လို ပြရမလဲ။ ဂုဏ်တင်တတ်တဲ့ ခင်ပွန်းဟာ ဇနီးကို လူရှေ့မှာကော လူကွယ်ရာမှာပါ တန်ဖိုးထားတယ်။ (ပညာ. ၃၁:၂၈။ ၁ ပေ. ၃:၇) ဇနီးကို ဘယ်တော့မှ မရိုက်ဘူး။ အရှက်မခွဲဘူး။ မနှိမ်ဘူး။ အာဂျင်တီးနားနိုင်ငံမှာ နေတဲ့ ညီအစ်ကို အေရီယယ်a ဒီလိုပြောတယ်– “ကျွန်တော့်မိန်းမက ကျန်းမာရေး မကောင်းတော့ တစ်ခါတလေ ကျွန်တော် စိတ်ထိခိုက်အောင် ပြောတတ်တယ်။ သူ့စိတ်ထဲ ရှိလို့ ပြောတာ မဟုတ်ဘူးဆိုပြီး ကျွန်တော် ကိုယ့်ကိုယ်ကိုယ် သတိပေးရတယ်။ ပြီးတော့ ၁ ကောရိန္သု ၁၃:၅ ကို ပြန်စဉ်းစားတယ်။ အဲဒီအခါ သူ့ကို နစ်နစ်နာနာ မဟုတ်ဘဲ လေးလေးစားစား ပြောဆိုနိုင်သွားတယ်။” (ပညာ. ၁၉:၁၁) ဂုဏ်တင်တတ်တဲ့ ဇနီးဟာ တခြားသူတွေရှေ့မှာ ခင်ပွန်းကောင်းကြောင်းပဲ ပြောတယ်။ (ဧ. ၅:၃၃) ရွဲ့တဲ့တဲ့၊ ချိုးချိုးနှိမ်နှိမ် မပြောဘူး။ ခင်ပွန်းကို ဟာသမလုပ်ဘူး။ အဲဒီလိုအပြောအဆို၊ လုပ်ရပ်က အိမ်ထောင်ကို ပြိုပျက်စေနိုင်မှန်း သိတယ်။ (ပညာ. ၁၄:၁) အီတလီနိုင်ငံက ညီအစ်မတစ်ယောက်ရဲ့ ခင်ပွန်းမှာ အစိုးရိမ်လွန်ဝေဒနာ ရှိတယ်။ “ကျွန်မယောက်ျားက တစ်ခါတလေ တစ်ဆိတ်ကိုတစ်အိတ် သိပ်လုပ်သလိုပဲ။ အရင်ကဆိုရင် သူ့ကို မလေးစားဘူးဆိုတာ ကျွန်မရဲ့ အပြောအဆိုမှာကော မျက်နှာမှာပါ ပေါ်တယ်။ ဒါပေမဲ့ တခြားသူတွေအကြောင်း လေးလေးစားစား ပြောဆိုတတ်သူတွေနဲ့ အပေါင်းများလာတာနဲ့အမျှ ကျွန်မလည်း သူ့ကို လေးစားတတ်လာတယ်” လို့ ညီအစ်မ ပြောတယ်။
မိသားစုဝင်တွေကို လေးစားတာဟာ မိသားစုအစီအစဉ် အစပြုရှင် ယေဟောဝါကို ဂုဏ်တင်ရာရောက် (စာပိုဒ် ၉ ကို ကြည့်ပါ)
၁၀။ မိဘကို လေးစားကြောင်း သားသမီးတွေ ဘယ်လို ပြနိုင်သလဲ။
၁၀ သားသမီးတို့၊ မိဘ ထုတ်ထားတဲ့ စည်းကမ်းတွေ လိုက်နာပါ။ (ဧ. ၆:၁-၃) မိဘကို ရိုရိုသေသေ ပြောဆိုပါ။ (ထွ. ၂၁:၁၇) သူတို့ အသက်ကြီးလာတာနဲ့အမျှ ပိုဂရုစိုက်ပေးဖို့ လိုလာနိုင်တယ်။ အတတ်နိုင်ဆုံး ပြုစုပေးပါ။ ညီအစ်မ မာရီယာအကြောင်း စဉ်းစားကြည့်ပါ။ မယုံကြည်သူအဖေ နေထိုင်မကောင်းဖြစ်တော့ မာရီယာ ပြုစုပေးရတယ်။ ဒါပေမဲ့ အဖေက ပြုစုပေးရသိပ်ခက်တယ်။ “အဖေ့ကို လေးစားဖို့သာမက လေးစားကြောင်း ပြနိုင်ဖို့ ကျွန်မ ဆုတောင်းတယ်။ မိဘကို ဂုဏ်တင်ဖို့ ယေဟောဝါ တောင်းဆိုထားမှတော့ ဂုဏ်တင်နိုင်ဖို့လည်း ကူညီပေးမှာပဲ။ အဖေ့ဘက်က မပြောင်းလဲလည်း ကိုယ့်ဘက်က လေးစားရမယ်ဆိုတာ တဖြည်းဖြည်း သဘောပေါက်လာတယ်” လို့ မာရီယာ ပြောတယ်။ မိသားစုဝင်တွေမှာ အားနည်းချက်လေးတွေ ရှိရင်တောင် သူတို့ကို လေးစားတာဟာ မိသားစုအစီအစဉ် အစပြုရှင် ယေဟောဝါကို လေးစားတာပဲ။
ယုံကြည်သူချင်းတွေကို လေးစားပါ
၁၁။ ယုံကြည်သူချင်းတွေကို လေးစားဖို့ ဘာကြောင့် ခက်နိုင်သလဲ။
၁၁ လေးစားဖို့ ဘာကြောင့် ခက်နိုင်သလဲ။ ညီအစ်ကို/မတွေဟာ ကျမ်းစာစံနှုန်းတွေအတိုင်း အတတ်နိုင်ဆုံး နေထိုင်ကြတယ်။ ဒါပေမဲ့ ကျွန်တော်တို့ကို တစ်ခါတလေ မစာမနာ ဆက်ဆံမိနိုင်တယ်။ တလွဲဝေဖန်မိနိုင်တယ်။ စိတ်အနှောင့်အယှက်ဖြစ်အောင် လုပ်မိနိုင်တယ်။ ယုံကြည်သူချင်းတစ်ယောက်ကို “မကျေနပ်စရာ” ရှိနေရင် လေးစားဖို့ ခက်နိုင်တယ်။ (ကော. ၃:၁၃) လေးစားဖို့ ဘာက ကူညီပေးနိုင်သလဲ။
၁၂။ ယုံကြည်သူချင်းတွေကို ဘာကြောင့် လေးစားရမလဲ။ (၂ ပေတရု ၂:၁၀၊ ၁၁)
၁၂ ဘာကြောင့် လေးစားရမလဲ။ (၂ ပေတရု ၂:၁၀၊ ၁၁ ကို ဖတ်ပါ။) ပထမရာစုမှာ “ဂုဏ်အသရေရှိသူတွေ၊” တစ်နည်းအားဖြင့် အသင်းတော်အကြီးအကဲတွေအကြောင်း ခရစ်ယာန်တချို့ ရင့်ရင့်သီးသီး ပြောဆိုကြတယ်လို့ ပေတရု ပြောတယ်။ အဲဒီလိုလူတွေကို မြင်တဲ့အခါ သစ္စာရှိ ကောင်းကင်တမန်တွေ ဘယ်လို တုံ့ပြန်ကြသလဲ။ “ယေဟောဝါကို လေးစားတဲ့အတွက်” သူတို့ကို ရင့်ရင့်သီးသီး တစ်ခွန်းမှ မပြောကြဘူး။ စဉ်းစားကြည့်ပါ– ကောင်းကင်တမန်တွေဟာ လူတွေထက် တန်ခိုးခွန်အား အဆမတန် ပိုကြီးမားကြတယ်။ ဒါတောင် မထီလေးစားလုပ်သူတွေကို ရင့်ရင့်သီးသီး မပြောကြဘူး။ သူတို့ကို ပြစ်ဒဏ်စီရင်ဖို့ ယေဟောဝါလက်ထဲ အပ်ထားကြတယ်။ (ရော. ၁၄:၁၀-၁၂။ ယုဒ ၉ နဲ့ နှိုင်းယှဉ်ပါ။) အတုယူစရာပါပဲ။ ဆန့်ကျင်သူတွေကို ကောင်းကင်တမန်တွေ မလေးမစားမလုပ်ဘူးဆိုရင် ယုံကြည်သူချင်းတွေကို ကျွန်တော်တို့ ပိုလို့တောင် မလေးမစားမလုပ်သင့်ဘူး။ “ကိုယ်တိုင် အစပြုပြီး” ဂုဏ်တင်သင့်တယ်။ (ရော. ၁၂:၁၀) ဒါ ယေဟောဝါကို လေးစားကြောင်း ပြတာပဲ။
၁၃-၁၄။ ယုံကြည်သူချင်းတွေကို လေးစားကြောင်း ဘယ်လို ပြနိုင်သလဲ။ တွေ့ကြုံမှု ပြောပြပါ။ (ရုပ်ပုံကိုလည်း ကြည့်ပါ။)
၁၃ လေးစားကြောင်း ဘယ်လို ပြရမလဲ။ အကြီးအကဲတို့၊ မေတ္တာအရင်းခံပြီး သွန်သင်ပေးတတ်ဖို့ ကြိုးစားပါ။ (ဖိလေ. ၈၊ ၉) တစ်ယောက်ယောက်ကို အကြံပေးဆုံးမဖို့ လိုလာတဲ့အခါ မေတ္တာနဲ့ ဆုံးမပါ။ စိတ်အဆင်မပြေ ဖြစ်နေတဲ့အချိန် မဆုံးမပါနဲ့။ ညီအစ်မတို့၊ အတင်းအဖျင်း၊ သွားပုပ်လေလွင့် မပြောခြင်းအားဖြင့် အသင်းတော်ကို လေးစားမှု ရှိတဲ့ ဝန်းကျင် ဖြစ်အောင် ဖန်တီးပြီး ကာကွယ်ပေးပါ။ (တိ. ၂:၃-၅) ကျွန်တော်တို့အားလုံးကော အကြီးအကဲတွေကို လေးစားကြောင်း ဘယ်လို ပြနိုင်သလဲ။ သူတို့နဲ့ ပူးပေါင်းလုပ်ဆောင်နိုင်တယ်။ အစည်းအဝေးတွေ ကျင်းပဖို့၊ ဟောပြောခြင်းလုပ်ငန်းကို ဦးဆောင်ပေးဖို့၊ ‘ခြေလှမ်းမှားသူတွေ’ ကို ကူညီပေးဖို့ သူတို့ရဲ့ ကြိုးစားအားထုတ်မှုတွေအတွက် ကျေးဇူးတင်ကြောင်း ပြောနိုင်တယ်။—ဂလ. ၆:၁။ ၁ တိ. ၅:၁၇။
၁၄ ညီအစ်မ ရိုစီယိုအကြောင်း စဉ်းစားကြည့်ပါ။ မိမိကို အကြံပေးလာတဲ့ အကြီးအကဲကို လေးစားဖို့ ခက်ခဲ့တယ်။ “ကျွန်မကို အဲဒီအကြီးအကဲ ပြောတာတွေ လွန်တယ်လို့ ခံစားရတယ်။ ကျွန်မခံစားချက်ကို ထုတ်တော့ မပြပါဘူး။ ဒါပေမဲ့ သူ့အကြောင်း အိမ်မှာ မကျေမနပ် ပြောတယ်။ စေတနာနဲ့ အကြံပေးတာ ဟုတ်ရဲ့လားလို့ သံသယဝင်ပြီး သူ့အကြံပေးချက်ကို လျစ်လျူရှုလိုက်တယ်” လို့ ရိုစီယို ပြောတယ်။ ဒါပေမဲ့ “ကျမ်းစာဖတ်ရင်း ၁ သက်သာလောနိတ် ၅:၁၂၊ ၁၃ ကို ရောက်လာတယ်။ ‘အကြီးအကဲတစ်ယောက်ကို ငါ လေးစားမှု ပြမနေပါလား’ ဆိုပြီး သိစိတ် အနှောင့်အယှက်ဖြစ်လာတယ်။ ဒါနဲ့ ယေဟောဝါဆီ ဆုတောင်းတယ်။ သဘောထား ပြောင်းလဲနိုင်ဖို့ အကူအညီ ဖြစ်စေမယ့် အကြောင်းအရာတွေ အဖွဲ့အစည်းစာပေတွေမှာ ရှာဖွေလေ့လာတယ်။ ပြဿနာက အဲဒီအကြီးအကဲ မဟုတ်ဘဲ ကျွန်မရဲ့မာန ဖြစ်နေမှန်း သိလိုက်ရတယ်။ လေးစားမှု ရှိမရှိဆိုတာ ကိုယ့်ရဲ့ နှိမ့်ချမှုနဲ့ ဆက်စပ်နေမှန်း သဘောပေါက်လာတယ်။ တခြားသူတွေကို လေးစားတတ်ဖို့ အခုထိလည်း ကြိုးစားနေရတုန်းပါပဲ။ ဒါပေမဲ့ အတတ်နိုင်ဆုံး ကြိုးစားနေလို့ ယေဟောဝါ ဝမ်းသာမယ်ဆိုတာ ကျွန်မ စိတ်ချတယ်” လို့ ဆက်ပြောတယ်။
အကြီးအကဲတွေနဲ့ ပူးပေါင်းလုပ်ဆောင်ခြင်း၊ သူတို့ရဲ့ ကြိုးစားအားထုတ်မှုတွေအတွက် ကျေးဇူးတင်ကြောင်း ပြောခြင်းအားဖြင့် လေးစားမှု ပြနိုင် (စာပိုဒ် ၁၃-၁၄ ကို ကြည့်ပါ)
အသင်းတော်ပြင်ပက လူတွေကို လေးစားပါ
၁၅။ အသင်းတော်ပြင်ပက လူတွေကို လေးစားဖို့ ဘာကြောင့် ခက်နိုင်သလဲ။
၁၅ လေးစားဖို့ ဘာကြောင့် ခက်နိုင်သလဲ။ ကျမ်းစာအမှန်တရား စိတ်မဝင်စားသူတွေကို အမှုဆောင်မှာ တွေ့ရတတ်တယ်။ (ဧ. ၄:၁၈) တချို့က ငယ်ငယ်က သွန်သင်ခံထားရသလောက်နဲ့ပဲ ကျေနပ်နေကြတာ။ ဒါ့အပြင် ကျွန်တော်တို့ရဲ့ အလုပ်ရှင်တွေ၊ ကျောင်းဆရာ/မတွေဟာ ဘာကိုမှ စိတ်အလိုမကျသူတွေ ဖြစ်နိုင်တယ်။ အလုပ်ဖော်တွေ၊ အတန်းဖော်တွေဟာ ပေါင်းသင်းရခက်သူတွေ ဖြစ်နိုင်တယ်။ ကြာလာတော့ သူတို့ကို လေးစားဖို့ ခက်နိုင်တယ်။
၁၆။ အသင်းတော်ပြင်ပက လူတွေကို ဘာကြောင့် လေးစားရမလဲ။ (၁ ပေတရု ၂:၁၂။ ၃:၁၅)
၁၆ ဘာကြောင့် လေးစားရမလဲ။ မယုံကြည်သူတွေကို ကျွန်တော်တို့ ဘယ်လို ဆက်ဆံသလဲဆိုတာ ယေဟောဝါ အာရုံစိုက်တယ်။ ခရစ်ယာန်တွေရဲ့ အမူအကျင့်ကောင်းကို မြင်ပြီး လူတချို့ “ဘုရားကို ဂုဏ်တင်ချီးမွမ်း” လာနိုင်တယ်လို့ တမန်တော် ပေတရု ပြောတယ်။ ကိုယ့်ယုံကြည်ချက်အကြောင်း မေးမြန်းသူတိုင်းကို “နူးညံ့တဲ့သဘော၊ အလွန်လေးစားတဲ့သဘောနဲ့” ဖြေရှင်းပြောပြဖို့ တိုက်တွန်းတယ်။ (၁ ပေတရု ၂:၁၂။ ၃:၁၅ ကို ဖတ်ပါ။) ဒါကြောင့် ခရစ်ယာန်တွေဟာ ကိုယ့်ယုံကြည်ချက်အကြောင်း တစ်ယောက်ယောက်ကို ရှင်းပြတဲ့အချိန်ဖြစ်ဖြစ်၊ တရားရုံးမှာ ခုခံပြောဆိုတဲ့အချိန်ဖြစ်ဖြစ် ဘုရားရှေ့တော်မှာ ရှိနေသလို သဘောထားပြီး တခြားသူတွေကို လေးစားမှု ပြရမယ်။ ပြောတဲ့စကားကိုသာမက ပြောဆိုပုံကိုပါ ယေဟောဝါ အာရုံစိုက်ပြီး ကြည့်နေလို့၊ နားထောင်နေလို့ ဖြစ်တယ်။ အသင်းတော်ပြင်ပက လူတွေကို လေးစားသင့်တဲ့ အကြောင်းကောင်းပါပဲ။
၁၇။ အသင်းတော်ပြင်ပက လူတွေကို လေးစားကြောင်း ဘယ်လို ပြနိုင်သလဲ။
၁၇ လေးစားကြောင်း ဘယ်လို ပြရမလဲ။ အမှုဆောင်မှာ ကျမ်းစာအသိပညာ သိပ်မရှိသူ၊ လုံးဝမရှိသူတွေကို အထင်သေးသလို မပြောမိမလုပ်မိဖို့ အမြဲသတိထားပါ။ ယေဟောဝါအတွက် သူတို့ တန်ဖိုးရှိတယ်၊ ကိုယ့်ထက် သာတယ်လို့ သဘောထားပါ။ (ဟဂ္ဂဲ ၂:၇။ ဖိ. ၂:၃) ကိုယ့်ယုံကြည်ချက်ကို တစ်ယောက်ယောက် ပုတ်ခတ်လာတဲ့အခါ သာသာနဲ့ နာနာနှက်လိုက်တာမျိုး၊ ရယ်စရာ ပြောသလိုနဲ့ နှိပ်ကွပ်လိုက်တာမျိုး မလုပ်ပါနဲ့။ (၁ ပေ. ၂:၂၃) စကားမှားသွားရင် ချက်ချင်း တောင်းပန်ပါ။ အလုပ်ခွင်မှာကော လေးစားမှု ဘယ်လို ပြနိုင်သလဲ။ အလုပ်ကြိုးစားပါ။ အလုပ်ရှင်နဲ့ အလုပ်ဖော်တွေအပေါ် အကောင်းမြင်စိတ် ထားပါ။ (တိ. ၂:၉၊ ၁၀) သင် ရိုးသားကြိုးစားတာကို လူတွေ အမြဲ အသိအမှတ်ပြုချင်မှ ပြုမယ်။ ဒါပေမဲ့ ယေဟောဝါ အသိအမှတ်ပြုမယ်ဆိုတာတော့ လုံးဝသေချာတယ်။—ကော. ၃:၂၂၊ ၂၃။
၁၈။ တခြားသူတွေကို လေးစားတာ ဘာကြောင့် အရှုံး မရှိသလဲ။
၁၈ တခြားသူတွေကို လေးစားဖို့၊ လေးစားကြောင်း ပြဖို့ အကြောင်းကောင်းတွေ ရှိပါတယ်။ မိသားစုဝင်တွေကို လေးစားတာဟာ မိသားစုအစီအစဉ် အစပြုရှင် ယေဟောဝါကို ဂုဏ်တင်ရာရောက်တယ်။ ယုံကြည်သူချင်းတွေကို လေးစားတာကလည်း ကောင်းကင်ဘုံစံအဖကို ဂုဏ်တင်ရာရောက်တယ်။ အသင်းတော်ပြင်ပက လူတွေကို လေးစားတဲ့အခါ တစ်နေ့နေ့တစ်ချိန်ချိန်မှာ ကျွန်တော်တို့ရဲ့ဘုရား ယေဟောဝါကို သူတို့ ဂုဏ်တင်ချီးမွမ်းလာနိုင်တယ်။ ကျွန်တော်တို့ လေးစားပေမဲ့ လူတချို့ ပြန်မလေးစားရင်လည်း အရှုံး မရှိပါဘူး။ ကျွန်တော်တို့ကို ယေဟောဝါ ကောင်းချီးပေးမှာ ဖြစ်လို့ပဲ။ ယေဟောဝါက “ငါ့ကို ချီးမြှောက်သူတွေကို ငါချီးမြှောက်မယ်” လို့ ကတိပေးထားတယ်။—၁ ရှ. ၂:၃၀။
သီချင်း ၁၂၉ ခံရပ်နေမယ်
a အမည်လွှဲများ။