ရုတ်တရက် ကျန်းမာရေး ထိခိုက်သွားရင် ဘယ်လိုလုပ်ရပါ့မလဲ
သင့်ကျန်းမာရေး မမျှော်လင့်ဘဲ ပိုဆိုးလာသလား။ ဒါဆိုရင် ကျန်းမာရေး ထိခိုက်တဲ့အခါ ဘယ်လောက် စိတ်ညစ်ရမှန်း၊ ငွေကုန်ကြေးကျ များမှန်း နားလည်မှာပါ။ ရင်ဆိုင်ဖြေရှင်းဖို့ ဘာက ကူညီပေးနိုင်သလဲ။ ကျန်းမာရေး ထိခိုက်သွားတဲ့ မိသားစုဝင် ဒါမှမဟုတ် မိတ်ဆွေတစ်ယောက်ကို ဘယ်လို ကူညီပေးနိုင်သလဲ။ ကျမ်းစာက ဆေးစာအုပ်တော့ မဟုတ်ပေမဲ့ ခက်ခဲတဲ့ အခြေအနေတွေကို အကောင်းဆုံး ရင်ဆိုင်ဖြေရှင်းနိုင်အောင် ကူညီပေးတဲ့ လက်တွေ့ကျ အကြံပြုချက်တွေ ဖော်ပြထားပါတယ်။
ကျန်းမာရေးပြဿနာကို ရင်ဆိုင်ဖြေရှင်းဖို့ ကူညီပေးတဲ့ အကြံပြုချက်များ
ဆေးကုသမှု ခံယူပါ
ကျမ်းစာအဆို။ “ကျန်းမာသူတွေအတွက် သမားတော် မလိုဘူး။ ဖျားနာနေသူတွေအတွက်ပဲ လိုတာ။”—မဿဲ ၉:၁၂။
သက်ဆိုင်ပုံ။ လိုအပ်လာရင် ဆေးဘက်ဆိုင်ရာ ပညာရှင်တွေရဲ့ အကူအညီကို ရယူပါ။
စမ်းကြည့်ပါ။ ရနိုင်တဲ့ အကောင်းဆုံး ကျန်းမာရေးစောင့်ရှောက်မှုကို ခံယူပါ။ ဆရာဝန် နှစ်ယောက်၊ သုံးယောက်နဲ့ ပြကြည့်တာ ကောင်းတယ်။ (ပညာအလိမ္မာ ၁၄:၁၅) ဆရာဝန်တွေနဲ့ ပွင့်ပွင့်လင်းလင်း တိုင်ပင်ပါ။ ဆရာဝန်ရဲ့ ရှင်းပြချက်ကို ကိုယ် ကောင်းကောင်း နားလည်သလား၊ ကိုယ့်ရောဂါလက္ခဏာတွေကို ဆရာဝန် ကောင်းကောင်း သိသလားဆိုတာ သေချာစေပါ။ (ပညာအလိမ္မာ ၁၅:၂၂) ကိုယ့်ရောဂါအကြောင်းသာမက ရွေးချယ်နိုင်တဲ့ ကုသနည်းတွေကိုပါ လေ့လာပါ။ ဘာဖြစ်လာနိုင်တယ်ဆိုတာ နားလည်ထားရင် ရင်ဆိုင်ဖို့ စိတ်ကိုပြင်ဆင်ထားနိုင်မယ်။ မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်မယ်။
အလေ့အကျင့်ကောင်းတွေကို ထိန်းသိမ်းပါ
ကျမ်းစာအဆို။ ‘ကာယလေ့ကျင့်ခန်း လုပ်တာက [ခန္ဓာကိုယ်အတွက်] အကျိုးရှိတယ်။’—၁ တိမောသေ ၄:၈။
သက်ဆိုင်ပုံ။ ကိုယ်လက်လေ့ကျင့်ခန်း ပုံမှန်လုပ်တဲ့အကျင့် ရှိတာ သိပ်ကောင်းတယ်။
စမ်းကြည့်ပါ။ လေ့ကျင့်ခန်း မှန်မှန်လုပ်ပါ။ ကျန်းမာရေးနဲ့ညီတဲ့ အစားအစာတွေ စားပါ။ အိပ်ရေးဝဝ အိပ်ပါ။ လက်ရှိကျန်းမာရေးကြောင့် နေထိုင်စားသောက်မှုပုံစံ ပြောင်းလိုက်ရရင်တောင် အလေ့အကျင့်ကောင်းတွေအတွက် အချိန်နဲ့ ခွန်အား ကုန်ရကျိုးနပ်တယ်လို့ ပညာရှင်တွေ ပြောကြတယ်။ ဒါပေမဲ့ ကိုယ့်ကျန်းမာရေး ပိုမဆိုးစေတဲ့၊ ခံယူနေတဲ့ ဆေးကုသမှုနဲ့ ကိုက်ညီတဲ့ အလေ့အကျင့်တွေ ဖြစ်ဖို့တော့ လိုတယ်။
တခြားသူတွေဆီက အကူအညီ ရယူပါ
ကျမ်းစာအဆို။ “မိတ်ဆွေစစ်ဆိုတာ အချိန်အခါမရွေး မေတ္တာပြတတ်တယ်။ သူဟာ ဒုက္ခရောက်ချိန်မှာ အားကိုးရတဲ့ ညီအစ်ကိုပဲ။”—ပညာအလိမ္မာ ၁၇:၁၇။
သက်ဆိုင်ပုံ။ ခက်ခဲတဲ့အခြေအနေတွေကို ခံရပ်နိုင်အောင် မိတ်ဆွေတွေ ကူညီပေးနိုင်တယ်။
စမ်းကြည့်ပါ။ ကိုယ့်ခံစားချက်ကို လွတ်လွတ်လပ်လပ် ရင်ဖွင့်လို့ရတဲ့၊ စိတ်ချရတဲ့ မိတ်ဆွေနဲ့ စကားပြောကြည့်ပါ။ ဒါက သောကနဲ့ ဖိစီးမှုတွေကို ခံရပ်နိုင်ဖို့ ကူညီပေးတယ်။ မိတ်ဆွေတွေ၊ မိသားစုဝင်တွေက ကူညီချင်ပေမဲ့ ဘယ်လို ကူညီပေးရမှန်းမသိ ဖြစ်နေတတ်တယ်။ ဒါကြောင့် ကိုယ်လိုအပ်တာကို ပွင့်ပွင့်လင်းလင်း ပြောပြီး အကူအညီ တောင်းပါ။ တအားကြီးတော့ မျှော်လင့်မထားပါနဲ့။ ပေးလာတဲ့ ဘယ်အကူအညီကိုမဆို ကျေးဇူးတင်စွာ လက်ခံပါ။ စိတ်ရင်းနဲ့ သတင်းလာမေးတဲ့ မိတ်ဆွေတွေကြောင့် လူပန်းစိတ်ပန်း မဖြစ်ရအောင် ဧည့်တွေ့ချိန်တွေ သတ်မှတ်ထားဖို့ လိုအပ်နိုင်တယ်။
အပြုသဘောထား ရှိပါ
ကျမ်းစာအဆို။ “ရွှင်လန်းတဲ့စိတ်ဟာ ဆေးစွမ်းကောင်းတစ်လက်ပဲ။ ကြေကွဲတဲ့စိတ်ကတော့ ခွန်အား ဆုတ်ယုတ်စေတယ်။”—ပညာအလိမ္မာ ၁၇:၂၂။
သက်ဆိုင်ပုံ။ အပြုသဘောထား၊ အကောင်းမြင်စိတ် ရှိတာက ကြုံနေရတဲ့ ကျန်းမာရေးပြဿနာကို တည်တည်ငြိမ်ငြိမ် ရင်ဆိုင်နိုင်စေတယ်။
စမ်းကြည့်ပါ။ အခြေအနေသစ်နဲ့အညီ နေသားကျအောင် ကြိုးစားတဲ့အခါ ကိုယ်မလုပ်နိုင်တာတွေကို မတွေးဘဲ လုပ်နိုင်တာတွေကို အာရုံစိုက်ပါ။ ကိုယ့်အခြေအနေကို တခြားသူတွေနဲ့ နှိုင်းယှဉ်တာ၊ ကျန်းမာရေးကောင်းတုန်းက အခြေအနေနဲ့ နှိုင်းယှဉ်တာမျိုး မလုပ်ပါနဲ့။ (ဂလာတိ ၆:၄) လက်တွေ့ကျတဲ့၊ လက်လှမ်းမီနိုင်တဲ့ ပန်းတိုင်တွေ ထားပါ။ ဒါက အနာဂတ်ကို အကောင်းမြင်စိတ် ရှိစေတယ်။ (ပညာအလိမ္မာ ၂၄:၁၀) အခြေအနေ ခွင့်ပြုသရွေ့ တခြားသူတွေအတွက် လုပ်ဆောင်ပေးပါ။ ပေးကမ်းခြင်းကြောင့် ရတဲ့ ပျော်ရွှင်မှုက ကိုယ့်ပြဿနာကိုပဲ အာရုံမရောက်အောင် ကူညီပေးတယ်။—တမန်တော် ၂၀:၃၅။
ကျန်းမာရေးပြဿနာကို ရင်ဆိုင်ဖြေရှင်းနိုင်အောင် ဘုရား ကူညီပေးသလား
ကျန်းမာရေးပြဿနာကို ရင်ဆိုင်ဖြေရှင်းနိုင်အောင် ယေဟောဝါဘုရားa ကူညီပေးနိုင်တယ်လို့ ကျမ်းစာမှာ ဖော်ပြထားတယ်။ ဘုရားကို ဝတ်ပြုသူတွေဟာ အံ့ဖွယ်နည်းနဲ့ ရောဂါပျောက်သွားဖို့ မမျှော်လင့်နိုင်ပေမဲ့ အောက်ပါနည်းတွေနဲ့ အကူအညီ ရနိုင်တယ်။
ငြိမ်သက်မှု။ ယေဟောဝါက “လူ့ဉာဏ်နဲ့ မမီနိုင်တဲ့ ဘုရားသခင့်ငြိမ်သက်ခြင်း” ကို ပေးနိုင်တယ်။ (ဖိလိပ္ပိ ၄:၆၊ ၇) ဒီငြိမ်သက်ခြင်း၊ စိတ်တည်ငြိမ်ခြင်းက အစိုးရိမ်မလွန်ဖို့ ကူညီပေးတယ်။ ဘုရားသခင်က မိမိဆီ ဆုတောင်းပြီး စိုးရိမ်ပူပန်စရာတွေ ရင်ဖွင့်သူတွေကို စိတ်ငြိမ်သက်မှု ပေးနိုင်တယ်။—၁ ပေတရု ၅:၇။
ဉာဏ်ပညာ။ ဆုံးဖြတ်ချက်ကောင်းတွေ ချနိုင်ဖို့ ဉာဏ်ပညာကိုလည်း ယေဟောဝါဘုရား ပေးနိုင်တယ်။ (ယာကုပ် ၁:၅) ဒီနေ့အထိ အသုံးဝင်နေဆဲ ကျမ်းစာအခြေခံမူတွေကို လေ့လာသင်ယူပြီး လိုက်နာကျင့်သုံးတဲ့အခါ အဲဒီဉာဏ်ပညာ ရလာမယ်။
အားရှိစရာ အနာဂတ် မျှော်လင့်ချက်။ နောင်တစ်ချိန်ကျရင် “ပြည်သူပြည်သားတွေက ‘နေမကောင်းဘူး’ လို့ မညည်းရတော့ဘူး” ဆိုပြီး ယေဟောဝါဘုရား ကတိပြုထားတယ်။ (ဟေရှာယ ၃၃:၂၄) ဒီမျှော်လင့်ချက်က ဆိုးရွားလွန်းတဲ့ ကျန်းမာရေးပြဿနာ ကြုံရချိန်မှာတောင် အပြုသဘောဆက်ရှိဖို့ လူများစွာကို ကူညီပေးတယ်။—ယေရမိ ၂၉:၁၁၊ ၁၂။
a ယေဟောဝါဆိုတာ ကျမ်းစာမှာပါတဲ့ ဘုရားသခင့်နာမည် ဖြစ်တယ်။—ဆာလံ ၈၃:၁၈။