fcafotodigital/E+ via Getty Images
သက်သတ်လွတ် စားသောက်နေထိုင်မှု ဘဝပုံစံ—ကျမ်းစာအဆိုက ဘာလဲ
သက်သတ်လွတ်ကျင့်စဉ်ကို ကမ္ဘာတစ်ဝန်း တစ်စထက်တစ်စ ပိုစိတ်ဝင်စားလာကြတယ်။
“သက်သတ်လွတ်ကျင့်စဉ်ဆိုတာ တိရစ္ဆာန်ထွက် အစားအစာ၊ အဝတ်အထည်၊ အသုံးအဆောင်တွေ အသုံးပြုခြင်း၊ စားသုံးခြင်းကို အတတ်နိုင်ဆုံး ရှောင်ကြဉ်တဲ့၊ တိရစ္ဆာန်တွေအပေါ် ရက်စက်မှုကို လက်မခံတဲ့ ခံယူချက်၊ ဘဝပုံစံပါ။”—သက်သတ်လွတ် အဖွဲ့အစည်း။
တိရစ္ဆာန်တွေကို သနားလို့ သက်သတ်လွတ် ဘဝပုံစံကို ရွေးချယ်ကြသူတွေရှိသလို သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ ကျန်းမာရေး၊ ဘာသာရေးကြောင့် ရွေးချယ်ကြသူတွေလည်း ရှိတယ်။
“တခြားစားသောက်နေထိုင်မှုဘဝပုံစံတွေနဲ့ မတူဘဲ သက်သတ်လွတ်ကျင့်စဉ်ကို တစ်မူထူးခြားစေတဲ့အချက်က ကမ္ဘာကြီးပိုကောင်းလာဖို့ လူတစ်ဦးစီ ပါဝင်လှုပ်ရှားဆောင်ရွက်နိုင်တဲ့ နည်းလမ်း၊ ခံယူချက်၊ ကျင့်ဝတ်အဖြစ် ဒီကျင့်စဉ်ကို ရှုမြင်ကြတာပါပဲ။”—ဗြိတိန် စွယ်စုံကျမ်း။
သက်သတ်လွတ်ကျင့်စဉ်က ကမ္ဘာ့အနာဂတ်ကို ပိုကောင်းစေသလား။ ကျမ်းစာအဆိုက ဘာလဲ။
လူတွေနဲ့ တိရစ္ဆာန်တွေအပေါ် ဖန်ဆင်းရှင် ရှုမြင်ပုံ
ကျွန်တော်တို့ကို ဖန်ဆင်းတဲ့အရှင် ယေဟောဝါဘုရားaက လူတွေကို တိရစ္ဆာန်တွေထက် သာလွန်မြင့်မြတ်သူတွေအဖြစ် ရှုမြင်သလို တိရစ္ဆာန်တွေအပေါ် အုပ်စိုးခွင့်လည်း ပေးထားတယ်လို့ ကျမ်းစာဆိုတယ်။ (ကမ္ဘာဦး ၁:၂၇၊ ၂၈) နောက်ပိုင်းမှာ တိရစ္ဆာန်တွေကို အစားအစာအဖြစ် စားခွင့်ပြုလိုက်တယ်။ (ကမ္ဘာဦး ၉:၃) ဒါပေမဲ့ တိရစ္ဆာန်တွေအပေါ် ရက်စက်တာကိုတော့ လက်မခံဘူး။—ပညာအလိမ္မာ ၁၂:၁၀။
ကျမ်းစာအဆိုအရ အသားစားမစားဆိုတာ လူတစ်ဦးစီရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်ပါ။b အသားစားတာ၊ မစားတာက ကျွန်တော်တို့ကို ဘုရားရဲ့အမြင်မှာ ပိုကောင်းတဲ့လူ မဖြစ်စေဘူး။ (၁ ကောရိန္သု ၈:၈) တခြားသူတွေရဲ့ အစားအသောက်ရွေးချယ်မှုကိုလည်း အပြစ်မတင်သင့်ဘူး။—ရောမ ၁၄:၃။
ပိုကောင်းတဲ့အနာဂတ်အတွက် နည်းလမ်း
ကျွန်တော်တို့ရဲ့ စားသောက်နေထိုင်မှုဘဝပုံစံကြောင့် ကမ္ဘာ့ပြဿနာတွေ ပြေလည်သွားမှာမဟုတ်ဘူးလို့ ကျမ်းစာဆိုတယ်။ ပြဿနာအများစုရဲ့ ရင်းမြစ်ဟာ ကမ္ဘာ့နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးစနစ်တွေကြောင့်ပါ။ ဒါတွေကို ဘယ်လူသားမှ မဖြေရှင်းနိုင်ဘူး။ ကျမ်းစာ အခုလိုဆိုတယ်–
“ကောက်တဲ့အရာကို ဖြောင့်အောင် မလုပ်နိုင်ဘူး။”—ဒေသနာ ၁:၁၅။
ဖန်ဆင်းရှင်က လူ့ပြဿနာတွေကို ဖြေရှင်းပေးပါမယ်။ ဘယ်လိုဖြေရှင်းပေးမယ်ဆိုတာကို ကျမ်းစာမှာ ဥပစာစကားတွေနဲ့ အခုလို ရေးသားထားတယ်–
“ကောင်းကင်သစ်နဲ့ မြေကြီးသစ်ကို ကျွန်တော် မြင်တယ်။ အရင်ကောင်းကင်နဲ့ အရင်မြေကြီးဟာ ကွယ်ပျောက်ပြီး ပင်လယ်လည်း မရှိတော့ဘူး။”—ဗျာဒိတ် ၂၁:၁။
“အရင်ကောင်းကင်” ဖြစ်တဲ့ လူ့အုပ်ချုပ်မှုနေရာမှာ “ကောင်းကင်သစ်” ဖြစ်တဲ့ ဘုရားသခင့် အုပ်ချုပ်မှု နဲ့ အစားထိုးပါတော့မယ်။ ဘုရားသခင့်နိုင်ငံတော်က “အရင်မြေကြီး” ဖြစ်တဲ့ ဆိုးညစ်သူတွေကို ဖယ်ရှားပြီး “မြေကြီးသစ်” ဖြစ်တဲ့ ဘုရားအုပ်ချုပ်မှုအောက် နေချင်သူတွေကို အုပ်ချုပ်ပါမယ်။
ဘုရားသခင့်နိုင်ငံတော်ရဲ့ အုပ်ချုပ်မှု အောက်မှာ လူသားတွေက သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းဖို့၊ တိရစ္ဆာန်တွေနဲ့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ဖို့ သင်ယူပါလိမ့်မယ်။—ဟေရှာယ ၁၁:၆-၉။
a ယေဟောဝါဆိုတာ ဘုရားသခင်ရဲ့ကိုယ်ပိုင်နာမည် ဖြစ်တယ်။—ဆာလံ ၈၃:၁၈။
b “သွေး . . . ကို အမြဲရှောင်ကြဉ်” ဖို့ ကျမ်းစာ ပညတ်ထားတယ်။ (တမန်တော် ၁၅:၂၈၊ ၂၉) ဆိုလိုတာက သွေးကို မသောက်ရဘူး၊ သွေးမထုတ်ထားတဲ့ အသား ဒါမှမဟုတ် သွေးပါတဲ့ အစားအစာ မစားရဘူး။