ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • mrt ဆောင်းပါး ၁၁၁
  • နျူကလီးယားစစ်နဲ့ပတ်သက်ပြီး ကျမ်းစာအဆိုက ဘာလဲ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • နျူကလီးယားစစ်နဲ့ပတ်သက်ပြီး ကျမ်းစာအဆိုက ဘာလဲ
  • ထပ်ဆင့် အကြောင်းအရာများ
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • နျူကလီးယားစစ်ပွဲအကြောင်း ကျမ်းစာမှာ ကြိုပြောထားသလား
  • နျူကလီးယားစစ်ဖြစ်ဖို့ ဘုရား ခွင့်ပြုမလား
  • ကမ္ဘာဂြိုဟ် ဆက်ရှင်သန်နိုင်မလား
  • နျူကလီးယားစစ်ဖြစ်မှာ စိုးရိမ်ပူပန်နေတဲ့ စိတ်ကို ဘယ်လို ဖြေဖျောက်မလဲ
  • အာမဂေဒုန် နျူကလီးယားစစ်အကြောင်း ကျမ်းစာမှာ ကြိုဟောထားသလား
  • စစ်ပွဲတွေနဲ့ပတ်သက်တဲ့ ဖြေရှင်းနည်းကို ကျမ်းစာမှာ ဘယ်လို ဖော်ပြထားသလဲ
  • နျူကလီးယားခြိမ်းခြောက်မှု ထာဝစဉ်ဖယ်ရှားခံရ!
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
  • နျူကလီးယားခြိမ်းခြောက်မှု—နောက်ဆုံးတွင်ဇာတ်သိမ်းမည်လော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
  • အာမဂေဒုန်ဖြစ်တော့မယ်လို့ နိုင်ငံ့ခေါင်းဆောင်တွေ သတိပေး—ကျမ်းစာအဆိုက ဘာလဲ
    ထပ်ဆင့် အကြောင်းအရာများ
ထပ်ဆင့် အကြောင်းအရာများ
mrt ဆောင်းပါး ၁၁၁
ကမ္ဘာမြေပေါ် နျူကလီးယားဗုံး ပေါက်ကွဲနေတဲ့ မှိုပုံသဏ္ဍာန် မီးခိုးလုံးတွေကို အာကာသကနေ တွေ့ရစဉ်။

နျူကလီးယားစစ်နဲ့ပတ်သက်ပြီး ကျမ်းစာအဆိုက ဘာလဲ

ကမ္ဘာ့အင်အားကြီးနိုင်ငံတွေဟာ နျူကလီးယားလက်နက်တွေ ဆက်လက်ပိုင်ဆိုင်ထားပြီး လက်နက်တွေကို ဆက်ထုတ်လုပ်နေတဲ့အတွက် ကမ္ဘာကြီးဟာ နျူကလီးယား စစ်ဖြစ်မယ့် အန္တရာယ်နဲ့ ရင်ဆိုင်နေရပါတယ်။ နျူကလီးယား လက်နက်အရေအတွက် ပိုထုတ်လုပ်လာလို့ နျူကလီးယားစစ်ဖြစ်မှာကို စိုးရိမ်တာဟာ သဘာဝကျပါတယ်။ နိုင်ငံတစ်နိုင်ငံက နျူကလီးယားဗုံးငယ်လေး တစ်လုံး စသုံးလိုက်ရာကနေ နျူကလီးယားစစ်ကြီးဖြစ်ပြီး ကမ္ဘာကြီး ပျက်စီးသွားမှာကို လူတွေ စိုးရိမ်နေကြတယ်။ “အချိန်မရွေး နျူကလီးယားစစ် ဖြစ်နိုင်တဲ့” အချိန်မှာ ကျွန်တော်တို့ အသက်ရှင်နေရပါတယ်။—အဏုမြူစွမ်းအင် သိပ္ပံပညာရှင်များရဲ့ ထုတ်ပြန်ချက်။

နျူကလီးယားစစ် တကယ်ပဲ ဖြစ်လာနိုင်သလား။ ဖြစ်လာခဲ့ရင် ဒီကမ္ဘာဂြိုဟ် ပျက်စီးသွားမလား။ နျူကလီးယားစစ် ဖြစ်လာမှာကို စိုးရိမ်ပူပန်နေတဲ့စိတ်ကို ဘယ်လို ဖြေဖျောက်နိုင်သလဲ။ ကျမ်းစာအဆိုက ဘာလဲ။

ဒီဆောင်းပါးမှာ သိရမှာက

  • နျူကလီးယားစစ်ပွဲအကြောင်း ကျမ်းစာမှာ ကြိုပြောထားသလား

  • နျူကလီးယားစစ်ဖြစ်ဖို့ ဘုရား ခွင့်ပြုမလား

  • ကမ္ဘာဂြိုဟ် ဆက်ရှင်သန်နိုင်မလား

  • နျူကလီးယားစစ်ဖြစ်မှာ စိုးရိမ်ပူပန်နေတဲ့ စိတ်ကို ဘယ်လို ဖြေဖျောက်မလဲ

  • အာမဂေဒုန် နျူကလီးယားစစ်အကြောင်း ကျမ်းစာမှာ ကြိုဟောထားသလား

  • စစ်ပွဲတွေနဲ့ပတ်သက်တဲ့ ဖြေရှင်းနည်းကို ကျမ်းစာမှာ ဘယ်လို ဖော်ပြထားသလဲ

  • ကျမ်းစာထဲက ဗျာဒိတ်ကျမ်းမှာ နျူကလီးယားစစ်ပွဲအကြောင်း ဖော်ပြထားသလား

နျူကလီးယားစစ်ပွဲအကြောင်း ကျမ်းစာမှာ ကြိုပြောထားသလား

ကျမ်းစာမှာ နျူကလီးယား စစ်ပွဲအကြောင်း သတ်သတ်မှတ်မှတ် ဖော်ပြထားတာတော့ မရှိပါဘူး။ ဒါပေမဲ့ နျူကလီးယားစစ်ကို ဦးတည်စေနိုင်တဲ့ လူတွေရဲ့သဘောထား၊ ကမ္ဘာ့ဖြစ်ရပ်တွေကိုတော့ ကျမ်းစာမှာ ကြိုဟောထားတယ်။

အောက်ဖော်ပြပါ ကျမ်းချက်တွေနဲ့ လက်ရှိကမ္ဘာ့ဖြစ်ရပ်တွေကို နှိုင်းယှဉ်ကြည့်ပါ။

ကျမ်းချက်– “သခင် ရောက်ရှိနေပြီ၊ လောကစနစ် နိဂုံးပိုင်းကို ရောက်နေပြီဆိုတဲ့ နိမိတ်ဟာ ဘာလဲ” လို့ တပည့်တွေမေးတော့ ယေရှုက “လူတစ်မျိုးနဲ့ တစ်မျိုး၊ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ တိုက်ခိုက်ကြလိမ့်မယ်” လို့ ဖြေတယ်။—မဿဲ ၂၄:၃၊ ၇။

ကမ္ဘာ့ဖြစ်ရပ်များ– နျူကလီးယားလက်နက် ပိုင်ဆိုင်ထားတဲ့နိုင်ငံတွေ အပါအဝင် နိုင်ငံအတော်များများ စစ်ပွဲမှာ ပါဝင်လာကြတယ်။

“မကြာသေးခင်နှစ်တွေအတွင်း ကမ္ဘာပေါ်မှာ အကြမ်းဖက်မှုတွေ၊ လက်နက်ကိုင်ပဋိပက္ခတွေ ပိုများလာတယ်။”—လက်နက်ကိုင်ပဋိပက္ခ တည်နေရာနဲ့ ဖြစ်စဉ်အချက်အလက်စောင့်ကြည့်ရေးအဖွဲ့။

ကျမ်းချက်– “အဆုံးပိုင်းကာလမှာ တောင်ဘုရင်က သူ[မြောက်ဘုရင်]နဲ့ အပြန်အလှန် တွန်းထိုးကြမယ်။”—ဒံယေလ ၁၁:၄၀။

ကမ္ဘာ့ဖြစ်ရပ်များ– ကျမ်းစာမှာ ကြိုဟောထားတဲ့အတိုင်း မဟာမိတ်နိုင်ငံတွေနဲ့ပေါင်းပြီး ပြိုင်ဘက်နိုင်ငံတွေဟာ အချင်းချင်း တွန်းထိုးနေကြပါတယ်။ နျူကလီးယားလက်နက် အများဆုံး ပိုင်ဆိုင်ထားတဲ့ နိုင်ငံတွေဟာ အခုအချိန်မှာ ထိပ်တိုက် တိုက်ခိုက်နေတာတော့ မရှိပေမဲ့ နျူကလီးယားလက်နက် အင်အား ပိုတောင့်တင်းအောင် ဆက်လုပ်နေကြတယ်။

“လွန်ခဲ့တဲ့ ဆယ်နှစ်အတွင်း နိုင်ငံအချင်းချင်း တိုက်ခိုက်မှုတွေ အများအပြားဖြစ်ပွားခဲ့ပြီး အင်အားကြီးနိုင်ငံတွေက တစ်ဖက်ဖက်ကို ထောက်ခံအားပေးနေတာကို တွေ့ရတယ်။”—အုဆာလာမြို့မှာ ပြုလုပ်တဲ့ ပဋိပက္ခ အချက်အလက် အစီရင်ခံစာ။

ကျမ်းချက်– “နောက်ဆုံးကာလဟာ အလွန် ခက်ခဲကျပ်တည်းမယ်ဆိုတာ သိထားပါ။ ဘာလို့လဲဆိုတော့ လူတွေဟာ . . . ညှိနှိုင်းလို့မရသူ၊ သွားပုပ်လေလွင့်ပြောသူ၊ မချုပ်တည်းနိုင်သူ၊ ကြမ်းကြုတ်သူ” တွေ ဖြစ်ကြလိမ့်မယ်။—၂ တိမောသေ ၃:၁-၃။

ကမ္ဘာ့ဖြစ်ရပ်များ– ကမ္ဘာ့ခေါင်းဆောင်တွေဟာ ယနေ့ခေတ်လူများစွာလိုပဲ ညှိနှိုင်းလို့ မရသူတွေ ဖြစ်နေကြတယ်။ သဘောထားကွဲလွဲမှုတွေကို ငြိမ်းချမ်းစွာ ဆွေးနွေး အဖြေရှာမယ့်အစား လက်နက်ကိုင်ဖြေရှင်းဖို့ ကြိုးစားလာကြတယ်။ ဒါတွေကြောင့် နျူကလီးယားစစ်ပွဲ ဖြစ်လာနိုင်ချေ ရှိနေတာပါ။

“အပြန်အလှန် ပူးပေါင်းဆောင်ရွက်တဲ့နည်းနဲ့ အဖြေမရှာကြတဲ့အတွက် ပဋိပက္ခတွေ ပိုပိုများလာတယ်။”—အက်စ်. စာရန်နဲ့ ဂျေ. ဟာမန်၊ ကမ္ဘာ့စီးပွားရေး ဖိုရမ်။

နျူကလီးယားစစ်ဖြစ်ဖို့ ဘုရား ခွင့်ပြုမလား

ကျမ်းစာမှာ မဖော်ပြထားပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ခေတ်မှာ “ကြောက်လန့်စရာ မြင်ကွင်းတွေ မြင်ရလိမ့်မယ်” လို့တော့ ဆိုထားတယ်။ (လုကာ ၂၁:၁၁) ဒုတိယကမ္ဘာစစ်တုန်းက အနုမြူဗုံး ချခဲ့တဲ့ အဖြစ်အပျက်ဟာ ဥပမာတစ်ခုပါ။ စစ်ပွဲတွေဖြစ်ဖို့ ဘုရား ခွင့်ပြုရတဲ့အကြောင်းရင်းကို ကျမ်းစာမှာ ရှင်းပြထားတယ်။ ပိုသိချင်ရင် ဆင်းရဲဒုက္ခတွေကို ဘုရားသခင် ဘာကြောင့် ဖြစ်ခွင့်ပြုထားတာလဲ ဗီဒီယိုကို ကြည့်ပါ။

ကမ္ဘာဂြိုဟ် ဆက်ရှင်သန်နိုင်မလား

ဆက်ရှင်သန်ပါမယ်။ လူသားတွေ နျူကလီးယားလက်နက်တွေကို အသုံးပြုမယ်ဆိုရင်တောင် ကမ္ဘာတစ်ခုလုံး အစတုံး ပျက်စီးသွားတဲ့အထိတော့ ဘုရား ခွင့်ပြုမှာ မဟုတ်ဘူး။ ကမ္ဘာဂြိုဟ် မပျက်စီးဘဲ ကျန်ရစ်ရုံလောက်ပဲ မဟုတ်ဘူး။ ကမ္ဘာပေါ်မှာ လူသားတွေ ထာဝစဉ် အသက်ရှင်နေထိုင်သွားမယ်လို့ ကျမ်းစာမှာ ဖော်ပြထားတယ်။

“ကမ္ဘာမြေကတော့ ထာဝစဉ်တည်တယ်။”—ဒေသနာ ၁:၄။

“ကမ္ဘာမြေကို ပုံသွင်းတဲ့အရှင် . . . ကမ္ဘာမြေကို အကြောင်းမဲ့ ဖန်ဆင်းတာ မဟုတ်ဘဲ သတ္တဝါတွေ နေထိုင်ဖို့ ဖန်ဆင်းခဲ့တဲ့အရှင်ပဲ။”—ဟေရှာယ ၄၅:၁၈။

အနာဂတ်မှာ လက်တစ်ဆုပ်စာ လူနည်းစုလေးဟာ နျူကလီးယားစစ်ကြောင့် အဆိပ်သင့်နေတဲ့ အပျက်အစီးပုံတွေကြားမှာ အသက်ရှင်သန်ဖို့ ရုန်းကန်နေရမယ်လို့ လူတချို့ ထင်မြင်ယူဆကြတယ်။ ဒါပေမဲ့ စစ်ကြောင့်ဖြစ်တဲ့ ဘယ်အပျက်အစီးမဆိုဟာ အကောင်းပကတိ ပြန်ဖြစ်လာမယ်လို့ ကျမ်းစာ ဆိုတယ်။

“တောကန္တာရနဲ့ ပူပြင်းခြောက်သွေ့တဲ့ မြေဟာ ပျော်မြူးလိမ့်မယ်။ ကန္တာရလွင်ပြင်လည်း ရွှင်လန်းပြီး ကုံကုမံပန်းတွေလို ဝေဆာလိမ့်မယ်။”—ဟေရှာယ ၃၅:၁။

မြေကြီး ပရဒိသုမှာ လူတွေ ပျော်ရွှင်စွာ ပူးပေါင်းလုပ်ဆောင်နေကြစဉ်။

ဘုရားသခင်က လူသားတွေကို သာယာလှပတဲ့ ကမ္ဘာမြေမှာ ပျော်ရွှင်စွာ အသက်ရှင်စေချင်

ဖန်ဆင်းရှင်က ကမ္ဘာမြေကို သူ့အလိုလို ပြန်လည်ကောင်းမွန်အောင် လုပ်ဆောင်နိုင်တဲ့ အစွမ်းနဲ့ ဖန်ဆင်းထားတာပါ။ ဒါ့အပြင် ဘုရားသခင်က မိမိတန်ခိုးကိုသုံးပြီး ပြန်ပြုပြင်မှာဖြစ်လို့ ကမ္ဘာမြေဟာ လူသားတွေအတွက် အလွန်ကောင်းမွန်တဲ့ နေစရာစံအိမ် ထာဝစဉ် ဖြစ်နေပါလိမ့်မယ်။—ဆာလံ ၃၇:၁၁၊ ၂၉။ ဗျာဒိတ် ၂၁:၅။

နျူကလီးယားစစ်ဖြစ်မှာ စိုးရိမ်ပူပန်နေတဲ့ စိတ်ကို ဘယ်လို ဖြေဖျောက်မလဲ

နျူကလီးယားစစ်ကြီးဖြစ်ပြီး စစ်ရဲ့အကျိုးဆက် ခံရမှာကို တွေးကြောက်နေသူ တချို့ရှိနိုင်တယ်။ ကျမ်းစာမှာပါတဲ့ ကတိတွေနဲ့ အကြံပြုချက်တွေက အဲဒီလို တွေးပူကြောက်ရွံ့နေသူတွေရဲ့ စိုးရိမ်စိတ်ကို လျော့နည်းအောင် ကူညီပေးနိုင်ပါတယ်။ ဘယ်လိုနည်းနဲ့လဲ။

ကျမ်းစာထဲမှာ ကမ္ဘာမြေကြီးနဲ့ ကမ္ဘာသူကမ္ဘာသားတွေအတွက် သိပ်ကောင်းတဲ့ အနာဂတ်အကြောင်း ဖော်ပြထားတယ်။ ကျမ်းစာမျှော်လင့်ချက်အကြောင်း လေ့လာပြီး အဲဒီမျှော်လင့်ချက်ကို “ကျွန်တော်တို့အသက်အတွက် ကျောက်ဆူးလို ခိုင်ခံ့မြဲမြံ” အောင်လုပ်ဆောင်မယ်ဆိုရင် စိုးရိမ်ပူပန်စိတ် လျော့နည်းလာနိုင်တယ်။ (ဟီဘရူး ၆:၁၉၊ အောက်ခြေမှတ်ချက်) အနာဂတ်မှာ ဘာဖြစ်လာမလဲဆိုတာကို အလွန်အမင်း စိုးရိမ်နေမယ့်အစား လက်ရှိတစ်ရက်အတွက်ပဲ အာရုံစိုက်မယ်ဆိုရင်လည်း စိုးရိမ်စိတ် လျော့နည်းနိုင်တယ်။ “ဒီနေ့ကြုံရတဲ့ အခက်အခဲကိုပဲ စဉ်းစားပါ” လို့ ယေရှု အကြံပေးခဲ့တယ်။—မဿဲ ၆:၃၄။

ကျွန်တော်တို့အားလုံးဟာ စိတ်ပိုင်း၊ စိတ်လှုပ်ရှားမှုပိုင်း တည်တည်ငြိမ်ငြိမ်ရှိဖို့ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ဖို့လည်း လိုတယ်။ ဒါကြောင့် နျူကလီးယားနဲ့ပတ်သက်တဲ့ နောက်ဆုံးရ အချက်အလက်တွေအကြောင်း ဆွေးနွေးခန်းတွေ၊ ခန့်မှန်းချက်တွေ၊ သုံးသပ်ချက်တွေလိုမျိုး စိုးရိမ်စိတ် ပိုတိုးစေနိုင်တဲ့ အကြောင်းအရာတွေ ဖတ်တာ၊ ကြည့်တာ၊ နားထောင်တာတွေကို ကန့်သတ်ထားဖို့လိုတယ်။ ဒီလိုပြောလို့ အဖြစ်မှန်ကို လျစ်လျူရှုထားရမယ်လို့တော့ မဆိုလိုပါဘူး။ ကျွန်တော်တို့ မထိန်းချုပ်နိုင်တဲ့အရာ၊ ဘယ်တော့မှလည်း ဖြစ်မလာနိုင်တဲ့ အရာတွေအတွက် တစ်ချိန်လုံး စိုးရိမ်စိတ်မများအောင် ကိုယ့်ဘက်က လုပ်နိုင်တာကို လုပ်သင့်ပါတယ်။

“စိုးရိမ်ပူပန်မှုဟာ စိတ်ဓာတ်ကျစေတယ်။ ကောင်းတဲ့စကားကတော့ စိတ်အားတက်စေတယ်။”—ပညာအလိမ္မာ ၁၂:၂၅။

သတင်းဆိုးတွေနဲ့ ခဏတာ အဆက်ဖြတ်ပြီး ကိုယ့်ဘဝမှာ ခံစားနေရတဲ့ ကောင်းတဲ့အရာတွေကို အာရုံစိုက်ဖို့ အချိန်ပေးကြည့်ပါ။

“မျှော်လင့်ချက်ပေးတဲ့အရှင် ဘုရားသခင်က မိမိကို ယုံကြည်အားထားတဲ့ ခင်ဗျားတို့ကို ရွှင်လန်းခြင်း၊ ငြိမ်သက်ခြင်းတွေ ကြွယ်ဝစွာ ပေးသနားပါစေ။”—ရောမ ၁၅:၁၃။

ရုပ်ပုံများ– အမျိုးသားတစ်ယောက် အရှေ့ကို ယုံကြည်စိတ်ချမှုအပြည့်နဲ့ ကြည့်နေ။ ၁။ သူ့အနောက်မှာ တိုက်လေယာဉ်တွေ၊ နျူကလီးယား ဒုံးကျည်တွေနဲ့ စစ်တိုက်နေကြ။ ၂။ သူ့အရှေ့မှာ တောင်တန်းတွေ၊ ချိုင့်ဝှမ်းတွေ၊ မြစ်တစ်စင်းနဲ့ ငှက်ကလေးတွေ ပျံသန်းနေတဲ့ ငြိမ်းချမ်းသာယာတဲ့ ကမ္ဘာမြေကို တွေ့ရ။

ယုံကြည်စိတ်ချနိုင်တဲ့၊ သိပ်ကောင်းတဲ့ အနာဂတ် မျှော်လင့်ချက်အကြောင်း သမ္မာကျမ်းစာမှာ ဖော်ပြထား

ဘုရားပေးကတိတွေက သင့်ကို မျှော်လင့်ချက်ရှိစေပြီး အတွင်းစိတ် ငြိမ်သက်စေနိုင်ပုံအကြောင်း ထပ်လေ့လာကြည့်ပါ။

အာမဂေဒုန် နျူကလီးယားစစ်အကြောင်း ကျမ်းစာမှာ ကြိုဟောထားသလား

အာမဂေဒုန်ဆိုတာ ကမ္ဘာချီဖြစ်မယ့် နျူကလီးယားစစ်ပွဲလို့ တချို့ ယူဆကြတယ်။ အကြောင်းရင်းက ကျမ်းစာမှာ အာမဂေဒုန်ကို ရုတ်တရက်ဖြစ်မယ့် ကပ်ဘေး၊ အပျက်အစီးများတဲ့ ဘေးဆိုးကြီးအဖြစ် ပုံဖော်ထားလို့ပါ။

ဒါပေမဲ့ ကျမ်းစာမှာ အသုံးပြုထားတဲ့ “အာမဂေဒုန်” ဆိုတဲ့ စကားလုံးဟာ “လူနေထိုင်ရာ မြေတစ်ပြင်လုံးမှာရှိတဲ့ ဘုရင်တွေ” ဒါမှမဟုတ် လူ့အစိုးရတွေနဲ့ ဘုရားသခင် တိုက်ခိုက်မယ့် စစ်ပွဲကို ဆိုလိုတယ်။a (ဗျာဒိတ် ၁၆:၁၄၊ ၁၆) လူသားတွေ တီထွင်ထားတဲ့ နျူကလီးယားဗုံးက ကမ္ဘာနဲ့ ကမ္ဘာသူကမ္ဘာသားတွေကို သိမ်းရုံးဖျက်ဆီးနိုင်ပေမဲ့ အာမဂေဒုန်ကတော့ အဲဒီလို ပျက်စီးမှုမျိုးကို ဖြစ်စေမှာ မဟုတ်ဘူး။ အာမဂေဒုန်စစ်ပွဲမှာ ဘုရားသခင်က လူဆိုးတွေကိုပဲ ဖျက်ဆီးမှာဖြစ်လို့ စစ်မှန်တဲ့ ငြိမ်သက်မှုနဲ့ လုံခြုံမှုကို ဖြစ်စေပါမယ်။—ဆာလံ ၃၇:၉၊ ၁၀။ ဟေရှာယ ၃၂:၁၇၊ ၁၈။ မဿဲ ၆:၁၀။

စစ်ပွဲတွေနဲ့ပတ်သက်တဲ့ ဖြေရှင်းနည်းကို ကျမ်းစာမှာ ဘယ်လို ဖော်ပြထားသလဲ

“ဘုရားက မြေတစ်ခွင်လုံးမှာ စစ်မှုကို ငြိမ်းစေတယ်။ လေးတွေကို ချိုးပြီး လှံတွေကို အပိုင်းပိုင်းဖြတ်ပစ်တယ်။ စစ်မြင်းရထားတွေကို မီးရှို့ပစ်တယ်။”—ဆာလံ ၄၆:၉။

ယေဟောဝါb ဘုရားသခင်က တိုက်ခိုက်နေတဲ့နိုင်ငံတွေ စစ်တိုက်တာရပ်တန့်သွားအောင် လုပ်မယ်၊ စစ်တိုက်ရာမှာ အသုံးပြုတဲ့ လက်နက်တွေကို ဖျက်ဆီးပစ်ပါလိမ့်မယ်။ ဒီလိုဖြစ်အောင် ဘုရားသခင်က မိမိတည်ထောင်ထားတဲ့ နိုင်ငံတော်ကို အသုံးပြုမယ်။ ဘုရားသခင့် နိုင်ငံတော်ဆိုတာ ကောင်းကင်ကနေ ကမ္ဘာမြေကို အုပ်ချုပ်မယ့် အစိုးရတစ်ခုပါ။—ဒံယေလ ၂:၄၄။

ဘုရားသခင့်နိုင်ငံတော်က လူသားတွေ ငြိမ်သက်အေးချမ်းစွာ အတူယှဉ်တွဲနေထိုင်နိုင်ပုံကို သင်ကြားပေးမယ်။ ကမ္ဘာတစ်ခုလုံးကို အစိုးရတစ်ခုတည်းကပဲ အုပ်ချုပ်မှာဖြစ်လို့ နိုင်ငံအချင်းချင်းကြား သဘောထားမတိုက်ဆိုင်မှုတွေ မရှိတော့ဘူး။ စစ်အတတ်ပညာကို ဘယ်တော့မှ သင်စရာမလိုတော့ဘူး။ (မိက္ခာ ၄:၁-၃) ဒါဆို ဘယ်လိုဖြစ်လာမလဲ။ ‘လူတိုင်းဟာ မိမိတို့ရဲ့ စပျစ်ဥယျာဉ်၊ မိမိတို့ရဲ့ သဖန်းခြံထဲမှာ မကြောက်လန့်ရဘဲ၊ အေးချမ်းသာယာစွာ နေထိုင်ရပါလိမ့်မယ်။’—မိက္ခာ ၄:၄၊ ခေတ်သုံးမြန်မာ သမ္မာကျမ်း။

a “အာမဂေဒုန်စစ်ပွဲဆိုတာ ဘာကိုပြောတာလဲ” ဆောင်းပါးကို ကြည့်ပါ။

b ယေဟောဝါဆိုတာ ဘုရားသခင်ရဲ့ နာမည် ဖြစ်တယ်။ (ဆာလံ ၈၃:၁၈) “ယေဟောဝါဆိုတာ ဘယ်သူလဲ” ဆောင်းပါးကို ကြည့်ပါ။

ကျမ်းစာထဲက ဗျာဒိတ်ကျမ်းမှာ နျူကလီးယားစစ်ပွဲအကြောင်း ဖော်ပြထားသလား

ဗျာဒိတ်ကျမ်းထဲမှာ နျူကလီးယား မီးလောင်တိုက်သွင်းမှုအကြောင်း အရိပ်အမြွက် ဖော်ပြထားတယ်လို့ တချို့ ထင်ကြတယ်။ (ဗျာဒိတ် ၆:၁၄။ ၈:၇-၁၂။ ၁၆:၁-၂၁) ဥပမာ၊ “လူသားတွေရှေ့မှာ ကောင်းကင်ကနေ မြေကြီးပေါ် မီးကျလာတဲ့အထိတောင် လုပ်ပြတယ်” ဆိုတဲ့ ဖော်ပြချက် ကျမ်းစာမှာ ပါတယ်။ (ဗျာဒိတ် ၁၃:၁၁-၁၃) ဒီဖော်ပြချက်က နျူကလီးယားစစ်ကို ပြောနေတာမဟုတ်ဘဲ ဒုတိယကမ္ဘာစစ်အတွင်း အဏုမြူဗုံး အသုံးပြုခဲ့ခြင်းကို ပြောတာဖြစ်ကြောင်း ယေဟောဝါသက်သေတွေ သဘောပေါက်ထားတယ်။

အနုမြူဗုံးအသုံးပြုခဲ့တဲ့ အဲဒီအဖြစ်အပျက်အကြောင်း ဗျာဒိတ်ကျမ်းမှာ ဖော်ပြထားပေမဲ့ ရည်ရွယ်ချက် အသေးစိတ်ကိုတော့ ဖော်ပြမထားပါဘူး။ ဗျာဒိတ်ကျမ်းကို ဖတ်တဲ့အခါ ဒီအချက်တွေကို သတိရပါ–

  • ဗျာဒိတ်ကျမ်းမှာ ဖော်ပြထားတဲ့ အမှတ်သင်္ကေတတွေကို ပကတိအနေနဲ့ ယူမှတ်လို့ မရပါ။—ဗျာဒိတ် ၁:၁။

  • ဗျာဒိတ်ကျမ်းက စာဖတ်သူကို ထိတ်လန့်ကြောက်ရွံ့စေဖို့ မဟုတ်ပါဘူး။ ဗျာဒိတ်ကျမ်းမှာပါတဲ့ သတင်းစကားတွေကို နားလည်သဘောပေါက်ပြီး လိုက်နာတဲ့သူဟာ ပျော်ရွှင်ချမ်းမြေ့ပါလိမ့်မယ်။—ဗျာဒိတ် ၁:၃။

ထပ်သိချင်ရင် “ဗျာဒိတ်ကျမ်းရဲ့ အဓိပ္ပာယ်က ဘာလဲ” ဆောင်းပါးကို ကြည့်ပါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ