ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ijwyp ဆောင်းပါး ၁၉
  • ဘာကြောင့် ကိုယ့်ကိုယ်ကိုယ် အနာတရဖြစ်အောင် လုပ်တာလဲ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဘာကြောင့် ကိုယ့်ကိုယ်ကိုယ် အနာတရဖြစ်အောင် လုပ်တာလဲ
  • လူငယ်များအမေး
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကိုယ့်ကိုယ်ကိုယ် အနာတရဖြစ်အောင်လုပ်တယ်ဆိုတာ ဘာလဲ
  • ဘာကြောင့် လူတွေ အဲဒီလိုလုပ်ကြတာလဲ
  • သင့်မှာ အဲဒီလိုလုပ်တဲ့အကျင့်ရှိနေရင် ဘယ်လိုဖြတ်နိုင်မလဲ
  • ငါ ဘာကြောင့် ကိုယ့်ကိုယ်ကိုအနာတရဖြစ်အောင် လုပ်ရတာလဲ
    နိုးလော့!—၂၀၀၆
  • ကိုယ့်ကိုယ်ကို အနာတရဖြစ်အောင်လုပ်တဲ့အကျင့်ကို ဘယ်လို ဖျောက်ရမလဲ
    နိုးလော့!—၂၀၀၆
  • သင့်ဆယ်ကျော်သက်ကလေး ကိုယ့်ကိုယ်ကိုယ် အနာတရ ဖြစ်အောင်လုပ်တဲ့အခါ
    နိုးလော့!—၂၀၁၃
  • ဘာကြောင့် အသက်ဆက်ရှင်ဖို့လိုတာလဲ
    နိုးလော့!—၂၀၁၄
နောက်ထပ် ကြည့်ပါ
လူငယ်များအမေး
ijwyp ဆောင်းပါး ၁၉

လူငယ်များအမေး

ဘာကြောင့် ကိုယ့်ကိုယ်ကိုယ် အနာတရဖြစ်အောင် လုပ်တာလဲ

  • ကိုယ့်ကိုယ်ကိုယ် အနာတရဖြစ်အောင်လုပ်တယ်ဆိုတာ ဘာလဲ

  • ဘာကြောင့် လူတွေ အဲဒီလိုလုပ်ကြတာလဲ

  • သင့်မှာ အဲဒီလိုလုပ်တဲ့အကျင့်ရှိနေရင် ဘယ်လိုဖြတ်နိုင်မလဲ

  • တွေ့ဆုံမေးမြန်းခန်း

  • အသေအချာစဉ်းစားထားရမယ့် မေးခွန်းများ

  • ကျွန်ုပ်၏ ကျမ်းစာမှတ်စု

ကိုယ့်ကိုယ်ကိုယ် အနာတရဖြစ်အောင်လုပ်တယ်ဆိုတာ ဘာလဲ

ကိုယ့်ကိုယ်ကိုယ် အနာတရဖြစ်အောင်လုပ်တဲ့ပုံစံ အမျိုးမျိုးရှိပါတယ်။ ကိုယ့်ကိုယ်ကိုယ် အနာတရဖြစ်အောင်လုပ်တဲ့အထဲမှာ ကိုယ့်အသားကို မီးနဲ့တို့တာ၊ ထုတာ၊ ရိုက်နှက်တာနဲ့ ထက်တဲ့အရာတစ်ခုခုနဲ့ ကိုယ့်အသားကို ရှအောင်လှီးတာတွေ ပါဝင်တယ်။ ဒီဆောင်းပါးမှာ ကိုယ့်အသားကို ရှအောင်လှီးတဲ့အကြောင်း ဆွေးနွေးထားပေမဲ့ ဖော်ပြထားတဲ့ အကြံပြုချက်တွေက ကိုယ့်ကိုယ်ကိုယ် အနာတရဖြစ်အောင်လုပ်တဲ့ ပုံစံအားလုံးနဲ့ သက်ဆိုင်တယ်။

ဖြေကြည့်ပါ– မှန်သလား၊ မှားသလား။

  1. ၁။ မိန်းကလေးတွေပဲ ကိုယ့်အသားကို ရှအောင်လှီးပြီး အနာတရဖြစ်အောင် လုပ်ကြတယ်။

  2. ၂။ ကိုယ့်အသားကို ရှအောင်လှီးတာက “ကိုယ့်အသားကို မခုတ်မရှရ” လို့ ပြောထားတဲ့ ဝတ်ပြုရာ ၁၉:၂၈ ပါ ကျမ်းစာပညတ်ကို ချိုးဖောက်ရာရောက်တယ်။

အဖြေမှန်–

  1. ၁။ မှား။ ကိုယ့်အသားကို ရှအောင်လှီးတာက မိန်းကလေးတွေ ပိုလုပ်ကြပုံပေါက်ပေမဲ့ တချို့ယောက်ျားလေးတွေလည်း ကိုယ့်အသားကို ရှအောင်လှီးတာအပြင် တခြားနည်းတွေနဲ့လည်း ကိုယ့်ကိုယ်ကိုယ် အနာတရဖြစ်အောင် လုပ်တတ်ကြတယ်။

  2. ၂။ မှား။ ဝတ်ပြုရာ ၁၉:၂၈ ကရှေးခေတ် အယူမှားထုံးတမ်းတစ်ခုကို ပြောတာ ဖြစ်တယ်။ ဒီဆောင်းပါးမှာ ဆွေးနွေးတဲ့ ကိုယ့်ကိုယ်ကိုယ် အနာတရဖြစ်အောင် လုပ်တဲ့အကျင့်ကို ပြောတာမဟုတ်ဘူး။ ဒါပေမဲ့ မေတ္တာပြည့်ဝတဲ့ ဖန်ဆင်းရှင်က ကိုယ့်ကိုယ်ကိုယ် အနာတရဖြစ်အောင် မလုပ်စေချင်ဘူးလို့ ကောက်ချက်ချတာ ယုတ္တိရှိပါတယ်။—၁ ကောရိန္သု ၆:၁၂; ၂ ကောရိန္သု ၇:၁; ၁ ယောဟန် ၄:၈။

ဘာကြောင့် လူတွေ အဲဒီလိုလုပ်ကြတာလဲ

ဖြေကြည့်ပါ– ဘယ်ဖော်ပြချက်က ပိုမှန်မယ်လို့ သင်ထင်သလဲ။

လူတွေ မိမိကိုယ်ကိုယ် အနာတရဖြစ်အောင်လုပ်ရတာက . . .

  1. က။ စိတ်ခံစားချက်ကို ဖြေဖို့ ကြိုးစားတာ ဖြစ်တယ်။

  2. ခ။ ကိုယ့်ကိုယ်ကိုယ်သတ်သေဖို့ ကြိုးစားနေတာ ဖြစ်တယ်။

အဖြေမှန်– က။ ကိုယ့်အသားကို ရှအောင်လှီးတဲ့သူ အများစုက မသေချင်ကြဘူး။ စိတ်ထဲမှာ ဖြစ်ပေါ်နေတဲ့ ခံစားချက်ကို ပြေစေချင်လို့သာ ဖြစ်တယ်။

ကိုယ်အသားကို ရှအောင်လှီးတဲ့ အကျင့်နဲ့ပတ်သက်ပြီး လူငယ်တချို့ ပြောတာကို သတိပြုကြည့်ပါ။

စယ်လီယာ– “အဲဒီလိုလုပ်တာက စိတ်သက်သာရာရစေတယ်။”

တာမရာ– “ထွက်ပေါက်ရသွားသလိုပဲ။ အသားနာတာက စိတ်နာကျင်တာထက် ခံရတာသက်သာတယ်။”

ကာရီ– “စိတ်ထဲမှာ နာကျင်နေတာမျိုး မကြိုက်ဘူး။ ကိုယ့်အသားကို ရှအောင်လှီးလိုက်တဲ့အခါ စိတ်ခံစားချက်ပေါ် အာရုံမရောက်တော့ဘဲ အသားနာတာဘက် ရောက်သွားတယ်။”

ဂျရင်း– “ကျွန်မကိုယ်ကျွန်မ အနာတရဖြစ်အောင်လုပ်တိုင်း ပတ်ဝန်းကျင်မှာ ဘာဖြစ်နေတယ်ဆိုတာ မသိတော့ဘူး။ ကျွန်မရဲ့ ပြဿနာကို မဖြေရှင်းနိုင်ဘူးလို့ ကျွန်မထင်တယ်။ ကျွန်မကိုယ်ကျွန်မ အနာတရဖြစ်အောင်လုပ်ပြီး အာရုံပြောင်းလိုက်တော့မှပဲ စိတ်သက်သာသွားတော့တယ်။”

သင့်မှာ အဲဒီလိုလုပ်တဲ့အကျင့်ရှိနေရင် ဘယ်လိုဖြတ်နိုင်မလဲ

ယေဟောဝါဘုရားသခင်ကို ဆုတောင်းတာက အဲဒီအကျင့်ကို ဖြတ်ဖို့ အရေးကြီးတဲ့ ခြေလှမ်းတစ်ခု ဖြစ်တယ်။ “ကိုယ်တော်သည် သင်တို့ကို ဂရုစိုက်တော်မူသောကြောင့် စိုးရိမ်စရာရှိသမျှကို ကိုယ်တော့်ထံ ပုံအပ်ထားလော့” လို့ သမ္မာကျမ်းစာမှာ ဖော်ပြထားတယ်။—၁ ပေတရု ၅:၇။

အကြံပြုချက်– “ယေဟောဝါဘုရားသခင်၊ ကူညီပေးပါ” ဆိုပြီး ရိုးရိုးရှင်းရှင်း၊ တိုတိုတုတ်တုတ် စဆုတောင်းပါ။ နောက်ပိုင်းမှာ “နှစ်သိမ့်ခြင်းရှိသမျှတို့၏ ဘုရားသခင်” ထံ သင့်ရဲ့ ခံစားချက်တွေကို ပွင့်ပွင့်လင်းလင်းနဲ့ အရှိကိုအရှိအတိုင်း ဆုတောင်းတတ်လာပါလိမ့်မယ်။—၂ ကောရိန္သု ၁:၃၊ ၄။

ဆုတောင်းခြင်းက သင့်ရဲ့ စိတ်ခံစားချက်တွေကို သက်သာစေရုံလောက်ပဲ မဟုတ်ဘူး။ “သင့်ကိုစောင့်မမည်။ ငါ့သစ္စာလက်ယာလက်ဖြင့် ထောက်ပင့်မည်” လို့ ကတိပြုထားတဲ့ မေတ္တာရှင်ဘုရားသခင်နဲ့ စကားပြောခြင်း ဖြစ်တယ်။—ဟေရှာယ ၄၁:၁၀။

မိမိကိုယ်ကိုယ် အနာတရဖြစ်အောင်လုပ်တဲ့အကျင့်ကို ဖြတ်ချင်တဲ့သူများစွာဟာ မိဘ ဒါမှမဟုတ် ယုံကြည်စိတ်ချရတဲ့ လူကြီးတစ်ဦးဦးကို ရင်ဖွင့်ခြင်းကနေလည်း နှစ်သိမ့်မှုရရှိကြတယ်။ အဲဒီလိုလုပ်ခဲ့ကြတဲ့ လူငယ်သုံးယောက်ရဲ့ စကားတွေကို သုံးသပ်ကြည့်ပါ။

တွေ့ဆုံမေးမြန်းခန်း

  • ဒိုင်ယာနာ၊ ၂၁

  • ကက်သီ၊ ၁၅

  • လိုရီးနာ၊ ၁၇

ဘယ်အသက်အရွယ်မှာစပြီး ကိုယ့်ကိုယ်ကိုယ် အနာတရဖြစ်အောင် လုပ်ခဲ့တာလဲ။

လိုရီးနာ– အသက် ၁၄ နှစ်လောက်မှာ စလုပ်ခဲ့တယ်။

ဒိုင်ယာနာ– အသက် ၁၈ နှစ်မှာပါ။ လုပ်တဲ့အကြိမ်ရေတော့မတူဘူး။ တစ်ပတ် ဒါမှမဟုတ် နှစ်ပတ်ဆက်ပြီး ရက်တိုင်း လုပ်ဖြစ်သလို လုံးဝမလုပ်ဘဲနဲ့လည်း လနဲ့ချီနေပြန်ရော။

ကက်သီ– ကျွန်မက အသက် ၁၄ နှစ်မှာ စလုပ်ခဲ့တာ။ အခုထိ တစ်ခါတစ်ခါ ပြန်လုပ်မိနေတုန်းပဲ။

ကိုယ့်ကိုယ်ကိုယ် အနာတရဖြစ်အောင် ဘာကြောင့်လုပ်ချင်တာလဲ။

ကက်သီ– ကိုယ့်ကိုယ်ကိုယ် အလိုမကျနိုင်လို့ပါ။ ငါ့လိုလူမျိုးကို ဘယ်သူမှ ခင်ချင်မှာ မဟုတ်ဘူးလို့ ခံစားခဲ့ရတယ်။

ဒိုင်ယာနာ– တစ်ခါတလေ စိတ်မကောင်းဖြစ်ရာကနေ အသုံးမကျတဲ့သူလို့ ခံစားလာရတယ်။ အသုံးမကျဘူးလို့ ခံစားရာကနေ စိတ်ဓာတ်ကျလာရော။ စိတ်ဓာတ်ကျတာ ပိုပိုဆိုးလာရင် ကျွန်မရဲ့ စိတ်က သားရိုင်းတစ်ကောင်လို ဖြစ်လာပြီး ကိုယ့်အသားကို ရှအောင်လှီးလိုက်မှပဲ ပြေသွားတော့တယ်။

လိုရီးနာ– စိတ်ဓာတ်ကျတာ၊ ကိုယ့်ကိုယ်ကိုယ် အလိုမကျတာ၊ ဒေါသထွက်တာတွေ ဖြစ်တတ်တယ်။ ငါဟာ အမှိုက်ပဲလို့ ခံစားရပြီး အဲဒီလိုခံစားနေရတာကို ထုတ်ပစ်လိုက်ချင်တယ်။ အသားနာမှပဲအေးမယ်လို့ ခံစားရပြီး လုပ်ဖြစ်သွားတာ။

ကိုယ့်ကိုယ်ကိုယ် အနာတရဖြစ်အောင် လုပ်လိုက်တော့ စိတ်သက်သာရာရသွားသလား။

ဒိုင်ယာနာ– သက်သာသွားပါတယ်။ ကျွန်မထမ်းထားရတဲ့ ဝန်ထုပ်ကြီးကို အောက်ချလိုက်ရသလိုမျိုး စိတ်ပေါ့ပါးသွားတယ်။

ကက်သီ– ငိုချလိုက်တာနဲ့တူတယ်။ တချို့သူတွေဟာ ငိုချလိုက်တဲ့အခါ စိတ်ထဲပေါ့သွားသလိုပဲ ကိုယ့်အသားကို ရှအောင်လှီးလိုက်တဲ့အခါမှာ စိတ်ထဲပေါ့သွားတယ်။

လိုရီးနာ– ပူဖောင်းမှာ အပေါက်သေးသေးလေး ဖောက်လိုက်သလိုပဲ ကိုယ့်ကိုယ်ကိုယ် အနာတရဖြစ်အောင် လုပ်လိုက်တဲ့အခါ ကျွန်မစိတ်ထဲမှာ ခံစားနေရတဲ့ ခံစားချက်တွေကို ထွက်ပေါက်ပေးလိုက်တာနဲ့တူတယ်။ တစ်ခါတည်း ကန်ထွက်သွားတာမျိုး မဟုတ်ဘဲ အပျက်သဘောခံစားချက်တွေ တဖြည်းဖြည်းချင်း သက်သာသွားတာနဲ့တူတယ်။

ကိုယ့်ရဲ့လုပ်ရပ်ကို တစ်ယောက်ယောက်ကို ဖွင့်ပြောပြဖို့ အခက်တွေ့ခဲ့သလား။

လိုရီးနာ– ခက်ပါတယ်။ ကျွန်မကို လူထူးလူဆန်းလို့ မြင်သွားမှာကို ကြောက်တယ်။ ပြီးတော့ ကျွန်မရဲ့ ကိုယ်ရေးကိုယ်တာအကြောင်း တခြားသူတွေကို မသိစေချင်ဘူး။

ဒိုင်ယာနာ– လူတွေက ကျွန်မကို ထက်မြက်တယ်လို့ ပြောကြတယ်၊ အဲဒီလိုပဲ ဆက်မြင်စေချင်တယ်။ အကူအညီတောင်းလိုက်ရင် ပျော့ညံ့တယ်လို့ ထင်သွားကြမှာ။

ကက်သီ– ကျွန်မကို ယဉ်ယဉ်လေးရူးနေတဲ့သူလို့ လူတွေထင်သွားမှာ အရမ်းစိုးရိမ်တယ်။ အဲဒီလိုသာဖြစ်သွားရင် အခုခံစားနေရတာထက် ပိုဆိုးသွားနိုင်တယ်။ ပြီးတော့ ကျွန်မဟာ အသားနာထိုက်တယ်လို့ ခံယူထားတာ။

ဒီအကျင့်ကို ဘယ်လို ဖြတ်နိုင်ခဲ့တာလဲ။

လိုရီးနာ– ကျွန်မရဲ့ လုပ်ရပ်ကို အမေ့ကိုပြောပြလိုက်တယ်။ ဆရာဝန်ကိုလည်း ပြကြည့်တော့ သူက ကျွန်မရဲ့ အပျက်သဘော စိတ်ခံစားချက်တွေကို ထိန်းချုပ်နိုင်အောင် ကူညီပေးခဲ့တယ်။ တစ်ခါတစ်ခါ ပြန်လုပ်မိပေမဲ့လည်း ကျမ်းစာလေ့လာမှုဘက်မှာ တိုးတက်လာတဲ့အတွက် အကူအညီရခဲ့တယ်။ အမှုဆောင်လုပ်ငန်းမှာလည်း တက်တက်ကြွကြွ ပြန်ပါဝင်နေပြီ။ ငါဟာ အသုံးမကျဘူးဆိုတဲ့ ခံစားချက်ကိုတော့ မပြတ် တိုက်ထုတ်နေရတုန်းပဲ။ အဲဒီစိတ်ပေါ်လာခဲ့ရင်လည်း အဲဒီစိတ်ကို အနိုင်မပေးတော့ဘူး။

ကက်သီ– ကျွန်မထက် ဆယ်နှစ်လောက်ကြီးတဲ့ ခရစ်ယာန်ညီအစ်မတစ်ယောက်က ကျွန်မ တစ်ခုခု ဖြစ်နေတယ်ဆိုတာကို ရိပ်မိတယ်။ ဒါနဲ့ ကျွန်မလည်း သူ့ကို ဖွင့်ပြောပြလိုက်တယ်။ သူလည်း တစ်ချိန်က ကိုယ့်အသားကို ရှအောင်လှီးတဲ့ အကျင့် ရှိခဲ့တယ်ဆိုတာ သိလိုက်ရတော့ ကျွန်မအံ့သြသွားတယ်။ သူနဲ့ ကျွန်မက ဘဝတူတွေဆိုတော့ သူ့ကို ဖွင့်ပြောရတာ ကျွန်မအတွက် မခက်ခဲတော့ဘူး။ ဆရာဝန်နဲ့လည်း ပြခဲ့တယ်၊ အဲဒါကြောင့် အများကြီး တိုးတက်လာတယ်။ ကျွန်မရဲ့ မိဘတွေကလည်း နားလည်ပေးခဲ့တယ်။

ဒိုင်ယာနာ– တစ်ရက်မှာ ကျွန်မ ယုံကြည်စိတ်ချရတဲ့ ဇနီးမောင်နှံရဲ့ အိမ်မှာ ရှိနေတုန်း ညီအစ်ကိုဖြစ်သူက ကျွန်မ မူမမှန်တာကို သတိထားမိတယ်။ ကျွန်မခံစားနေရတာကို ရင်ဖွင့်နိုင်တယ်လို့ ကြင်နာစွာအားပေးတယ်။ ညီအစ်မဖြစ်သူကလည်း ကျွန်မကလေးအရွယ်တုန်းက အမေလုပ်သလို ကျွန်မကို လက်နှစ်ဖက်နဲ့သိုင်းဖက်ပြီး မေးတယ်။ ကျွန်မ ငိုချလိုက်တော့ သူပါ လိုက်ငိုတယ်။ ကျွန်မရဲ့ လုပ်ရပ်ကို သူတို့ကို ပြောပြဖို့ ကျွန်မအတွက် အရမ်းခက်ပေမဲ့ ပြောပြခွင့်ရခဲ့လို့ ကျွန်မအရမ်းပျော်ပါတယ်။

သမ္မာကျမ်းစာကရော ဘယ်လိုကူညီပေးခဲ့သလဲ။

ဒိုင်ယာနာ– ဒီပြဿနာကို ကျွန်မဘာသာမဖြေရှင်းနိုင်ဘူး၊ ယေဟောဝါဘုရားသခင်ရဲ့ အကူအညီနဲ့ပဲ ဖြေရှင်းနိုင်တယ်ဆိုတာ နားလည်လာအောင် သမ္မာကျမ်းစာက ကူညီပေးခဲ့တယ်။—သုတ္တံ ၃:၅၊ ၆။

ကက်သီ– ကျမ်းစာဖတ်တယ်၊ ကျမ်းစာမှာပါတဲ့အရာတွေက ဘုရားသခင်ဆီက ဖြစ်တယ်ဆိုတာ သိထားတာက အရမ်းနှစ်သိမ့်မှုရတယ်။—၂ တိမောသေ ၃:၁၆။

လိုရီးနာ– ကျွန်မနဲ့ သက်ဆိုင်တဲ့ ကျမ်းချက်တွေတွေ့ရင် နောက်ပိုင်း အဲဒါကို ပြန်စဉ်းစားသုံးသပ်နိုင်ဖို့အတွက် မှတ်စုစာအုပ်မှာ ချရေးထားလိုက်တယ်။—၁ တိမောသေ ၄:၁၅။

ကိုယ့်ကို အထူးအထောက်အကူဖြစ်စေတဲ့ ကျမ်းချက်တစ်ချက်တလေ ရှိသလား။

ဒိုင်ယာနာ– သုတ္တံ ၁၈:၁ [သမ္မာ] ပါ။ ဒီလိုပြောထားတယ်– “သူတစ်ပါးနှင့်မရောနှောသောသူသည် မိမိအလိုဆန္ဒ ပြည့်စုံစေရန်သာ ရှာဖွေ၍ ပညာလမ်းအတိုင်း မလိုက်ဘဲ မကောင်းကြံစည်ပြုလုပ်တတ်၏။” လူတွေနဲ့အတူ မနေချင်တဲ့စိတ်တွေ ပေါ်လာတဲ့အခါ ဒီကျမ်းချက်က ကျွန်မတစ်ယောက်တည်းနေတာ အန္တရာယ်ရှိတယ်ဆိုတာ သတိရစေတယ်။

ကက်သီ– ကျွန်မကြိုက်တဲ့ကျမ်းချက်က မဿဲ ၁၀:၂၉ နဲ့ ၃၁ ဖြစ်တယ်။ အဲဒီမှာ ယေရှုက စာငှက်တစ်ကောင်တောင် ယေဟောဝါဘုရားသခင် သတိမပြုမိဘဲ မြေပေါ်မကျဘူးလို့ပြောပြီး “မကြောက်ကြနှင့်။ သင်တို့သည် စာငှက်အများထက် သာ၍မြတ်ကြ၏” လို့ ထပ်ပြောထားတယ်။ အခုအချိန်အထိ အဲဒီကျမ်းစကားတွေကို ဖတ်တဲ့အခါတိုင်း ကျွန်မကို ယေဟောဝါ တန်ဖိုးထားတယ်ဆိုတာ သတိရသွားတယ်။

လိုရီးနာ– ဟေရှာယ ၄၁:၉၊ ၁၀ မှာပါတဲ့စကားကို ကျွန်မ ကြိုက်တယ်။ အဲဒီမှာ ယေဟောဝါက ‘သင့်ကိုမပစ်မပယ်။ ငါသည် သင့်ဘက်မှာရှိ၏။ မကြောက်နှင့်။ သင့်ကိုခိုင်ခံ့စေမည်’ လို့ ပြောထားတယ်။ ခိုင်ခံ့တဲ့အရာတစ်ခုခုကို စဉ်းစားလိုက်တဲ့အခါ ကျောက်တုံးတွေနဲ့ ဆောက်လုပ်ထားတဲ့ ခိုင်ခံ့တဲ့အဆောက်အအုံကို စဉ်းစားမိတယ်။ ဒီကျမ်းချက်ကြောင့် ကျွန်မကို ယေဟောဝါ ချစ်တယ်၊ ကျွန်မအနားမှာ ကိုယ်တော် အမြဲရှိတယ်ဆိုတဲ့ အသိနဲ့ ပြန်အားတက်လာတယ်။

အသေအချာစဉ်းစားထားရမယ့် မေးခွန်းများ

  • သင်အကူအညီ လိုအပ်တဲ့အချိန်မှာ သင် ယုံကြည်စိတ်ချစွာ ရင်ဖွင့်နိုင်တဲ့သူက ဘယ်သူလဲ။

  • ဒီကိစ္စနဲ့ပတ်သက်ပြီး ယေဟောဝါဘုရားသခင်ထံ ဆုတောင်းမယ်ဆိုရင် ဘာတွေပြောမလဲ။

  • သင့်ရဲ့ စိတ်ဖိစီးမှု၊ စိုးရိမ်ပူပန်မှုတွေကို (ကိုယ့်ကိုယ်ကိုယ်အနာတရ ဖြစ်အောင် မလုပ်ဘဲ) ဖြေလျှော့နိုင်တဲ့ နည်းနှစ်နည်းက ဘာလဲ။

ကျွန်ုပ်၏ ကျမ်းစာမှတ်စု

အကြံပြုချက်– သင်ကျမ်းစာဖတ်ရင်း သင့်ကို ယေဟောဝါ ချစ်တယ်ဆိုတာ စိတ်ချစေတဲ့ ကျမ်းချက်နဲ့ သင့်ကိုယ်သင် ရှုမြင်ရာမှာ ဒါမှမဟုတ် သင့်ရဲ့ ချို့ယွင်းချက်တွေကို ရှုမြင်ရာမှာ မျှတတဲ့အမြင် ရှိအောင် အထောက်အကူပြုနိုင်တဲ့ ကျမ်းချက်တွေ တွေ့ရင် သင့်ရဲ့ ကျမ်းစာမှတ်စုမှာ ချရေးထားပါ။ ဒီကျမ်းချက်က သင့်အတွက် ဘာကြောင့် အဓိပ္ပာယ်ရှိတယ်ဆိုတာ ဖော်ပြတဲ့ စာကြောင်း တစ်ကြောင်းနှစ်ကြောင်းကိုပါ ရေးမှတ်ထားပါ။ သင်စပြီးလုပ်ဆောင်နိုင်ဖို့ ဒိုင်ယာနာ၊ ကက်သီနဲ့ လိုရီးနာတို့ကို အကူအညီ ဖြစ်စေခဲ့တဲ့ ကျမ်းချက်တချို့ကို ဖော်ပြပေးထားပါတယ်။

  • ရောမ ၈:၃၈၊ ၃၉

    “အခြေအနေ အရမ်းဆိုးနေတဲ့အခါမှာတောင် ဒီကျမ်းချက်က ယေဟောဝါ ကျွန်မကို ချစ်တယ်ဆိုတာ တွေ့မြင်ဖို့ ကူညီပေးတယ်။”—ဒိုင်ယာနာ။

  • ဆာလံ ၇၃:၂၃

    “ဒီကျမ်းချက်လိုမျိုး ကျမ်းချက်တွေက ကျွန်မဟာ တစ်ယောက်တည်း မဟုတ်ဘူး။ ကျွန်မဘေးမှာ ယေဟောဝါ ရှိတယ်ဆိုတာကို စိတ်ချစေတယ်။”—ကက်သီ။

  • ၁ ပေတရု ၅:၁၀

    “ချက်ချင်းကြီးတော့ သက်သာသွားမှာမဟုတ်ဘူး၊ ‘ခဏ’ တော့ခံရမယ်။ ဒါပေမဲ့ ယေဟောဝါက ကျွန်မ ခံနိုင်ရည်ရှိအောင် ခွန်အားပေးနိုင်ပါတယ်။”—လိုရီးနာ။

သုံးသပ်နိုင်တဲ့ နောက်ထပ်ကျမ်းချက်များ

  • ဆာလံ ၃၄:၁၈

  • ဆာလံ ၅၄:၄

  • ဆာလံ ၅၅:၂၂

  • ဟေရှာယ ၅၇:၁၅

  • မဿဲ ၁၁:၂၈၊ ၂၉

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ