ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ijwyp ဆောင်းပါး ၉၅
  • ငါ ဘယ်လောက် စိတ်ဓာတ်ကြံ့ခိုင်သလဲ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ငါ ဘယ်လောက် စိတ်ဓာတ်ကြံ့ခိုင်သလဲ
  • လူငယ်များအမေး
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • စိတ်ဓာတ်ကြံ့ခိုင်တယ်ဆိုတာ ဘာလဲ
  • ဘာကြောင့် စိတ်ဓာတ်ကြံ့ခိုင်ဖို့ လိုသလဲ
  • စိတ်ဓာတ်ကြံ့ခိုင်အောင် ဘာလုပ်နိုင်သလဲ
  • စိတ်ဓာတ်ကြံ့ခိုင်သူ ဖြစ်နိုင်ပုံ
    နိုးလော့!—၂၀၁၉
  • မာတိကာ
    နိုးလော့!—၂၀၁၈
  • အပြောင်းအလဲတွေနဲ့အညီ လိုက်လျောညီထွေနေနိုင်ပုံ
    နိုးလော့!—၂၀၁၆
  • ရှုံးနိမ့်မှုကို လက်ခံတတ်အောင် သားသမီးတွေကို လေ့ကျင့်ပေးနိုင်ပုံ
    မိသားစုအတွက် အကူအညီ
နောက်ထပ် ကြည့်ပါ
လူငယ်များအမေး
ijwyp ဆောင်းပါး ၉၅
ဆယ်ကျော်သက် ယောက်ျားလေးတစ်ယောက် မှိုင်တွေနေရာကနေ စိတ်ဓာတ်ကြံ့ခိုင်မှုနဲ့ မတ်မတ်ပြန်ရပ်နိုင်အောင် စိတ်ပြောင်းလဲလိုက်စဉ်။

လူငယ်များအမေး

ငါ ဘယ်လောက် စိတ်ဓာတ်ကြံ့ခိုင်သလဲ

သင် ဘယ်လောက် စိတ်ဓာတ်ကြံ့ခိုင်သလဲ။ သင်ဟာ

  • ချစ်ရသူ ဆုံးပါးသွားလို့ စိတ်ထိခိုက်ကြေကွဲခဲ့ရသလား။

  • နာတာရှည်ရောဂါ ခံစားနေရသလား။

  • သဘာဝဘေးကြောင့် ဒုက္ခရောက်ခဲ့သလား။

အခက်အခဲ ကြီးကြီးမားမား ကြုံရမှ စိတ်ဓာတ်ကြံ့ခိုင်ဖို့ လိုတာမဟုတ်ဘူးလို့ ပညာရှင်တွေက ပြောကြတယ်။ နေ့စဉ်ကြုံတွေ့နေရတဲ့ ဖိစီးမှု အသေးအမွှားတွေကလည်း သင့်ကို ဖျားနာစေနိုင်တယ်။ အဲဒါကြောင့် ပြဿနာက သေးသေးမွှားမွှားဖြစ်စေ၊ ကြီးကြီးမားမားဖြစ်စေ စိတ်ဓာတ်ကြံ့ခိုင်ဖို့ အရေးကြီးတယ်။

  • စိတ်ဓာတ်ကြံ့ခိုင်တယ်ဆိုတာ ဘာလဲ

  • ဘာကြောင့် စိတ်ဓာတ်ကြံ့ခိုင်ဖို့ လိုသလဲ

  • စိတ်ဓာတ်ကြံ့ခိုင်အောင် ဘာလုပ်နိုင်သလဲ

  • ရွယ်တူတွေ အဆို

စိတ်ဓာတ်ကြံ့ခိုင်တယ်ဆိုတာ ဘာလဲ

စိတ်ဓာတ်ကြံ့ခိုင်တယ်ဆိုတာ ဘဝရဲ့ အပြောင်းအလဲတွေ၊ အခက်အခဲတွေကို အောင်မြင်စွာ ဖြေရှင်းနိုင်စွမ်း ဖြစ်တယ်။ စိတ်ဓာတ်ကြံ့ခိုင်သူတွေလည်း အခက်အခဲတွေနဲ့ မလွတ်ကင်းကြဘူး။ ဒါပေမဲ့ အခက်အခဲတွေကြားမှာ ကြံ့ကြံ့ခံပြီး ရုန်းထွက်နိုင်ကြသူတွေဖြစ်တယ်။

အပင်တစ်ပင်ကို ပုံနှစ်ပုံနဲ့ နှိုင်းယှဉ်ဖော်ပြထားစဉ်။ ၁။ မုန်တိုင်းတိုက်စဉ် ကိုင်းညွတ်နေပုံ။ ၂။ မုန်တိုင်းပြီးတဲ့နောက် ပြန်ထောင်မတ်လာပုံ။

တချို့အပင်တွေဟာ မုန်တိုင်းတိုက်နေချိန်မှာ ကိုင်းနေတတ်ပေမဲ့ လေငြိမ်သွားတဲ့အခါ ပြန်မတ်သွားကြသလိုပါပဲ သင်လည်း အခက်အခဲတွေကို ကျော်လွှားနိုင်

ဘာကြောင့် စိတ်ဓာတ်ကြံ့ခိုင်ဖို့ လိုသလဲ

  • အကြောင်းကတော့ လူတိုင်းမှာ အခက်အခဲတွေ ရှိလို့ပဲ။ “အပြေးသန်တယ်ဆိုတိုင်း ပြေးပွဲမှာ အမြဲအနိုင်ရတာ မဟုတ်ဘူး။ . . . ဗဟုသုတကြွယ်တယ်ဆိုတိုင်း အမြဲအောင်မြင်တာ မဟုတ်ဘူး။ လူအားလုံးဟာ မျှော်လင့်မထားတဲ့ အချိန်မှာ မျှော်လင့်မထားတဲ့ ဖြစ်ရပ်တွေ ကြုံရတတ်လို့ပဲ” ဆိုပြီး ကျမ်းစာ ပြောတယ်။ (ဒေသနာ ၉:၁၁) သင်ခန်းစာက ဘာလဲ။ လူကောင်းတွေတောင် ကိုယ်ကိုယ်တိုင်ရဲ့ အမှားကြောင့်မဟုတ်ဘဲ ဒုက္ခရောက်တတ်ကြတယ်။

  • စိတ်ဓာတ်ကြံ့ခိုင်မှုက သင့်ကို ကာကွယ်ပေးတယ်။ အထက်တန်းကျောင်း အကြံပေးတစ်ဦး ဒီလို ပြောတယ်– “စာမေးပွဲမှာ အဆင့်မကောင်းလို့၊ လူမှုမီဒီယာမှာ မကောင်း ပြောခံရလို့ စိတ်ပျက်လက်ပျက်ဖြစ်နေတဲ့၊ ခံစားချက်ကို မထိန်းနိုင်တဲ့ ကျောင်းသားတွေ ကျွန်တော့်ရုံးခန်းထဲ ရောက်လာကြတာ မနည်းဘူး။” အဲဒါတွေက အသေးအဖွဲကိစ္စလို့ ထင်ရပေမဲ့ ပြဿနာကို ဘယ်လို ကိုင်တွယ်ရမှန်း မသိရင် “စိတ်ပိုင်းဆိုင်ရာ ရောဂါတွေ ရလာနိုင်တယ်” လို့ သူပြောတယ်။a

  • စိတ်ဓာတ်ကြံ့ခိုင်တာက လူငယ်ဘဝမှာရော လူကြီးဘဝမှာပါ အထောက်အကူ ဖြစ်တယ်။ ဘဝရဲ့ စိတ်ပျက်စရာတွေနဲ့ပတ်သက်ပြီး ဒေါက်တာ ရစ်ချက် လာနာ ဒီလို ရေးတယ်– “ထွန်းပေါက်အောင်မြင်တဲ့ လူတစ်ဦးရဲ့ ဘဝမှာ စိတ်ပျက်စရာတွေကို အောင်မြင်ကျော်လွှားခြင်း၊ ပန်းတိုင်သစ်တွေချပြီး အောင်မြင်အောင်လုပ်နိုင်တဲ့ တခြားနည်းလမ်းတွေ ရှာဖွေခြင်း ပါဝင်တယ်။”b

စိတ်ဓာတ်ကြံ့ခိုင်အောင် ဘာလုပ်နိုင်သလဲ

  • ပြဿနာရဲ့ အတိမ်အနက်ကို ပိုင်းဖြတ်ပါ။ ပြဿနာကြီးလား၊ ပြဿနာ အသေးအဖွဲလားဆိုတာ ခွဲခြားတတ်အောင် လုပ်ပါ။ “လူမိုက်က စိတ်အနှောင့်အယှက်ဖြစ်တာကို ချက်ချင်းဖော်ပြတတ်တယ်။ အမြော်အမြင်ရှိသူကတော့ စော်ကားမှုကို ဗွေမယူတတ်ဘူး” လို့ ကျမ်းစာ ပြောတယ်။ (ပညာအလိမ္မာ ၁၂:၁၆) ပြဿနာအားလုံးက သင့်ကို အလွန်အမင်း ထိခိုက်စေတာ မဟုတ်ပါဘူး။

    “ကျောင်းနေဖက်တွေက ဘာမဟုတ်တဲ့ပြဿနာတွေကို အကြီးကြီးဖြစ်အောင် ချဲ့တတ်ကြတယ်။ လူမှုမီဒီယာမှာ သူငယ်ချင်းတွေက ပြန်တုံ့ပြန်လိုက်ရင် အခြေအနေ ပိုဆိုးသွားပြီး ပြဿနာကို ဝေဖန်ပိုင်းခြားနိုင်စွမ်း မရှိကြတော့ဘူး။”—ဂျိုအန်း။

  • တခြားသူတွေဆီက သင်ယူပါ။ “သံကို သံချင်း ထက်စေသလို လူက သူ့မိတ်ဆွေကို ထက်မြက်စေတယ်” လို့ ကျမ်းစာ ပြောတယ်။ (ပညာအလိမ္မာ ၂၇:၁၇) အခက်အခဲပြဿနာတွေကို အောင်အောင်မြင်မြင် ကျော်ဖြတ်ခဲ့သူတွေဆီကနေ အဖိုးတန်သင်ခန်းစာတွေ သင်ယူနိုင်ပါတယ်။

    “တခြားသူတွေနဲ့ စကားပြောကြည့်တဲ့အခါ သူတို့လည်း အခက်အခဲများစွာကို ကျော်ဖြတ်ခဲ့ရပေမဲ့ အခု အဆင်ပြေနေတာကို သိရပါလိမ့်မယ်။ သူတို့ရဲ့အခြေအနေကို ဖြေရှင်းဖို့ ဘာလုပ်ခဲ့တယ်၊ ဘာမလုပ်ခဲ့ဘူးဆိုတာ သိရအောင် သူတို့နဲ့ စကားပြောပါ။”—ဂျူလီယာ။

  • စိတ်ရှည်ပါ။ “ဖြောင့်မတ်သူက ခုနစ်ကြိမ် လဲရင်တောင် ပြန်ထလိမ့်မယ်” လို့ ကျမ်းစာ ပြောတယ်။ (ပညာအလိမ္မာ ၂၄:၁၆) ကိုယ် မကြိုက်မနှစ်သက်တဲ့အရာတွေကို လက်ခံနိုင်ဖို့ အချိန်လိုတယ်။ ဒါကြောင့် အဆင်မပြေတဲ့နေ့တွေကြုံရရင် အထူးအဆန်း မဖြစ်ပါနဲ့။ အရေးကြီးတာက “ပြန်ထ” ဖို့ပဲ။

    “အခက်အခဲတွေကနေ ပြန်ရုန်းထတဲ့အခါ ကိုယ့်စိတ်ခံစားချက်တွေ ကုစားရတယ်။ အဲဒီအတွက် အချိန်အတိုင်းအတာတစ်ခုတော့ လိုအပ်တယ်။ အဲဒီအချိန်အတောအတွင်း တဖြည်းဖြည်း ပိုအဆင်ပြေလာ၊ ပိုလွယ်ကူလာတာကို ကျွန်မ တွေ့ခဲ့ရတယ်။”—အန်ဒရီယာ။

  • ကျေးဇူးတင်စိတ် ရှိပါ။ “ကျေးဇူးသိတတ်ကြပါ” လို့ ကျမ်းစာ ပြောတယ်။ (ကောလောသဲ ၃:၁၅) ကြုံနေရတဲ့ပြဿနာက ဘယ်လောက်ပဲ ကြီးနေပါစေ ကျေးဇူးတင်စရာတွေ အမြဲရှိပါတယ်။ အသက်ရှင်ရကျိုးနပ်စေတဲ့ အချက် ၃ ချက်ကို စဉ်းစားပါ။

    “အခက်အခဲတွေ ကြုံရတဲ့အခါ ‘ဘာလို့ ငါ့ကျမှ ဖြစ်ရတာလဲ’ လို့ ပြောတတ်ကြတယ်။ ပြဿနာအကြောင်းပဲ တွေးနေမယ့်အစား အကောင်းမြင်သဘောထားရှိပြီး ကိုယ့်မှာရှိတာ၊ ကိုယ်လုပ်နိုင်တာတွေအတွက် ကျေးဇူးတင်စိတ်ရှိတာက စိတ်ဓာတ်ကြံ့ခိုင်မှုရဲ့ အရေးပါတဲ့အချက်ပဲ။”—ဆာမန်သာ။

  • ရောင့်ရဲတတ်ပါ။ တမန်တော်ပေါလုက “ဘယ်အခြေအနေမှာမဆို ရောင့်ရဲတတ်ဖို့ သင်ယူထားပြီးပြီ” လို့ ပြောတယ်။ (ဖိလိပ္ပိ ၄:၁၁) ပေါလုရဲ့ အခက်အခဲတွေက သူကိုယ်တိုင် မထိန်းချုပ်နိုင်တာတွေ ဖြစ်နေတယ်။ သူ့ရဲ့ တုံ့ပြန်ပုံကိုတော့ ထိန်းချုပ်နိုင်တယ်။ ရောင့်ရဲဖို့ ပေါလု ဆုံးဖြတ်ခဲ့တယ်။

    “ပြဿနာဖြစ်ဖြစ်ချင်း ကိုယ့်ရဲ့တုံ့ပြန်ခဲ့ပုံက အမြဲတမ်း အကောင်းဆုံးမဟုတ်ဘူးဆိုတာ ကျွန်တော် သိလိုက်ရတယ်။ ကျွန်တော့်ပန်းတိုင်က ဘယ်အခြေအနေကိုမဆို အကောင်းမြင်သဘောထား ရှိဖို့ပဲ။ အဲဒါက ကျွန်တော့်ကိုသာမက ပတ်ဝန်းကျင်က လူတွေကိုပါ အကျိုးရရှိစေတယ်။”—မက်သရူး။

  • ဆုတောင်းပါ။ “ထမ်းထားရတဲ့ဝန်ကို ယေဟောဝါဆီ ပုံအပ်လိုက်ပါ။ ကိုယ်တော် ဖေးမလိမ့်မယ်။ ဖြောင့်မတ်သူကို ဘယ်တော့မှ လဲကျခွင့်ပြုမှာ မဟုတ်ဘူး” လို့ ကျမ်းစာ ပြောတယ်။ (ဆာလံ ၅၅:၂၂) ဆုတောင်းတယ်ဆိုတာ စိတ်ဖြေဆေးတစ်ခု မဟုတ်ဘူး။ “ခင်ဗျားတို့ကို ဂရုစိုက်တဲ့” ဖန်ဆင်းရှင်နဲ့ တကယ် ဆက်သွယ်စကားပြောနေတာဖြစ်တယ်။—၁ ပေတရု ၅:၇။

    “ကျွန်တော်တစ်ယောက်တည်း ရုန်းကန်နေရတာ မဟုတ်ဘူး။ ကျွန်တော့်ရဲ့ ပြဿနာတွေအကြောင်း ပွင့်ပွင့်လင်းလင်း ရိုးရိုးသားသား ဆုတောင်း ပြောပြတယ်။ ပြီးတဲ့နောက် ကောင်းချီးတွေအတွက် ဘုရားကို ကျေးဇူးတင်တယ်။ ယေဟောဝါဘုရားပေးထားတဲ့ ကောင်းချီးတွေကို အာရုံစိုက်တဲ့အခါ အပျက်သဘော စိတ်ခံစားချက်တွေကို ဖယ်ရှားနိုင်ခဲ့တယ်။ ဆုတောင်းဖို့ သိပ်အရေးကြီးတယ်။”—ကားလို့စ်။

ရွယ်တူတွေ အဆို

ဆာရာအိ။

“ကျွန်မတို့က မစုံလင်ကြဘူး။ အားလုံး အမှား လုပ်တတ်ကြတယ်။ တစ်ခါတည်း မဟုတ်ဘူး နေ့တိုင်းပဲ။ အဲဒါကို ကျွန်မတို့ မပြောင်းလဲနိုင်ဘူး။ ဒါကြောင့် အကောင်းဆုံးကတော့ အမှားတွေကနေ စိတ်ဓာတ်ကြံ့ခိုင်ဖို့ သင်ယူတာပဲ။ နဂိုအခြေအနေမျိုး ထပ်ကြုံရရင် ‘အရင်တစ်ခါလိုမဟုတ်ဘဲ ဒီတစ်ခါ ငါ ဘာလုပ်သင့်သလဲ’ လို့ ကိုယ့်ကိုယ်ကိုယ် မေးနိုင်ပါတယ်။”—ဆာရာအိ။

အစ္စဘယ်လာ။

“ကျွန်မအကြိုက်ဆုံးကျမ်းချက်က မဿဲ ၆:၂၇။ အဲဒီမှာ ယေရှုက “စိုးရိမ်ပူပန်နေလို့ကော ခင်ဗျားတို့သက်တမ်း တစ်တောင်လောက် ပိုရှည်လာလို့လား” လို့ မေးခဲ့တယ်။ တစ်ခါတလေ အတွေးလွန်ပြီး အစိုးရိမ်တွေ လွန်လာတယ်။ အဲဒါကြောင့် လက်ရှိဖြစ်နေတာကိုပဲ ကျွန်မ အာရုံစိုက်တယ်။ ကိုယ်မထိန်းချုပ်နိုင်တဲ့ အရာအတွက် ပူပန်နေတာက ကိုယ့်အတွက် မကောင်းဘူး။”—အစ္စဘယ်လာ။

ပြန်လည်သုံးသပ်ချက်။ စိတ်ဓာတ်ကြံ့ခိုင်အောင် ဘာလုပ်နိုင်သလဲ

  1. ၁။ ပြဿနာရဲ့ အတိမ်အနက်ကို ပိုင်းဖြတ်ပါ။ ပြဿနာကြီးလား၊ ပြဿနာ အသေးအဖွဲလားဆိုတာ ခွဲခြားတတ်အောင် လုပ်ပါ။

  2. ၂။ တခြားသူတွေဆီက သင်ယူပါ။ အခက်အခဲပြဿနာတွေကို အောင်မြင်ကျော်ဖြတ်ခဲ့သူ မိဘ ဒါမှမဟုတ် ယုံကြည်စိတ်ချရတဲ့ လူကြီးတစ်ယောက်ယောက်နဲ့ စကားပြောပါ။

  3. ၃။ စိတ်ရှည်ပါ။ ကိုယ် မကြိုက်မနှစ်သက်တဲ့အရာတွေကို လက်ခံနိုင်ဖို့ အချိန်လိုတယ်။ အဲဒါကြောင့် အဆင်ပြေလာဖို့ ထင်ထားတာထက် အချိန်ပိုကြာနေတယ်လို့ ခံစားရရင် စိတ်ဓာတ်မကျပါနဲ့။

  4. ၄။ ကျေးဇူးတင်စိတ် ရှိပါ။ ကြီးမားတဲ့အခက်အခဲတွေ ရင်ဆိုင်နေရတယ်ဆိုရင်တောင် ကျေးဇူးတင်စရာတွေတော့ အမြဲ ရှိနေတတ်တယ်။

  5. ၅။ ရောင့်ရဲတတ်ပါ။ ကိုယ့်ဘဝအခြေအနေကို ကိုယ်တိုင် ရွေးချယ်လို့ မရတဲ့အခါတွေ ရှိနိုင်တယ်။ ဒါပေမဲ့ ဘယ်လိုတုံ့ပြန်မလဲဆိုတာကိုတော့ ရွေးချယ်နိုင်ပါတယ်။

  6. ၆။ ဆုတောင်းပါ။ ဆုတောင်းတာက “ခင်ဗျားတို့ကို ဂရုစိုက်တဲ့” ဖန်ဆင်းရှင်နဲ့ တကယ် ဆက်သွယ်စကားပြောနေတာဖြစ်တယ်။—၁ ပေတရု ၅:၇။

a သောမတ်စ် ကာစတန်ရဲ့ Disconnected စာအုပ်မှ။

b The Good Teen—Rescuing Adolescence From the Myths of the Storm and Stress Years စာအုပ်မှ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ