အင်္ဂါနေ့၊ အောက်တိုဘာ ၂၈
ဘုရားသခင်ဟာ မင်းတို့ရဲ့ ခေတ်ကာလကို တည်ငြိမ်အေးချမ်းစေတဲ့ အရှင်ပဲ။—ဟေရှာ. ၃၃:၆။
ယေဟောဝါရဲ့ သစ္စာရှိ ကျေးကျွန်တွေဟာ လောက,က လူတွေလိုပဲ အခက်အခဲတွေ ကြုံကြရတယ်။ ဖျားကြနာကြတယ်။ ဒါ့အပြင် ဘုရားလူမျိုးကို မုန်းသူတွေ ဆန့်ကျင်တာ၊ နှိပ်စက်ညှဉ်းပန်းတာ ကြုံရနိုင်တယ်။ အခက်အခဲ မှန်သမျှကနေ ကျွန်တော်တို့ကို ယေဟောဝါ လိုက်ကာကွယ်မပေးဘူး။ ဒါပေမဲ့ ကူညီမယ်လို့ ကတိပေးတယ်။ (ဟေရှာ. ၄၁:၁၀) ဘုရား ကူညီလို့ အခက်ဆုံး ကာလမှာတောင် ဆက်ဝမ်းမြောက်နိုင်တယ်။ ဆုံးဖြတ်ချက်ကောင်းတွေ ချနိုင်တယ်။ ဆက်သစ္စာရှိနိုင်တယ်။ ဒါ့အပြင် ယေဟောဝါက “ဘုရားသခင့်ငြိမ်သက်ခြင်း” ပေးတယ်။ (ဖိ. ၄:၆၊ ၇) ဘုရားနဲ့ ဆက်ဆံရေးကောင်း ရှိလို့ ခံစားရတဲ့ စိတ်တည်ငြိမ်အေးချမ်းမှုကို ဆိုလိုတာပါ။ အဲဒီငြိမ်သက်ခြင်းဟာ “လူ့ဉာဏ်နဲ့ မမီနိုင်” ဘူး။ ကျွန်တော်တို့ စိတ်ကူးကြည့်နိုင်တာထက် အများကြီး သာတယ်။ ယေဟောဝါဆီ ပြင်းပြင်းပြပြ ဆုတောင်းပြီးနောက် အံ့ဩစရာကောင်းလောက်အောင် စိတ်ငြိမ်သက်သွားဖူးသလား။ အဲဒါ ဘုရားသခင့်ငြိမ်သက်ခြင်းပဲ။ w24.01 ၂၀ ¶၂။ ၂၁ ¶၄
ဗုဒ္ဓဟူးနေ့၊ အောက်တိုဘာ ၂၉
ယေဟောဝါကို ချီးမွမ်းပါရစေ။ သန့်ရှင်းမြင့်မြတ်တဲ့ နာမတော်ကို စိတ်ရော ကိုယ်ပါ ချီးမွမ်းပါရစေ။—ဆာ. ၁၀၃:၁။
ဘုရားကို ချစ်သူတွေဟာ ဘုရားနာမည်ကို စိတ်နှလုံး အကြွင်းမဲ့ ချီးမွမ်းချင်ကြတယ်။ နာမတော်ကို ချီးမွမ်းတာဟာ ယေဟောဝါကို ချီးမွမ်းတာ ဖြစ်ကြောင်း ဘုရင် ဒါဝိဒ် သဘောပေါက်တယ်။ နာမတော် ကြားတာနဲ့ ယေဟောဝါ ဘယ်လို ဘုရားမျိုးလဲ၊ ဘာအရည်အသွေးတွေ ရှိသလဲ၊ ဘာအံ့ဩစရာကောင်းတာတွေ လုပ်သလဲ တစ်တွဲတည်း ပါလာလို့ပဲ။ အဖဘုရားရဲ့ နာမည် သန့်ရှင်းမြင့်မြတ်တယ်လို့ ဒါဝိဒ် သဘောထားတယ်။ “စိတ်ရော ကိုယ်ပါ ချီးမွမ်း” ချင်တယ်။ လေဝိအမျိုးသားတွေလည်း ယေဟောဝါကို ချီးမွမ်းရာမှာ ဦးဆောင်ကြတယ်။ နာမတော် သန့်ရှင်းမြင့်မြတ်လွန်းလို့ ထိုက်သင့်သလောက် ချီးမွမ်းဂုဏ်တင်နိုင်မှာ မဟုတ်ကြောင်း နှိမ့်ချမှုရှိရှိ အသိအမှတ်ပြုကြတယ်။ (နေ. ၉:၅) နှိမ့်ချမှုရှိရှိ၊ စိတ်နှလုံး အကြွင်းမဲ့ ချီးမွမ်းကြလို့ ယေဟောဝါ သိပ်ဝမ်းသာမှာပဲ။ w24.02 ၉ ¶၆
ကြာသပတေးနေ့၊ အောက်တိုဘာ ၃၀
ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ ဒီလောက်ထိ တိုးတက်လာပြီဖြစ်လို့ ဒီလမ်းစဉ်အတိုင်းပဲ ဆက်ပြီး စနစ်တကျ ကျင့်ကြံနေကြစို့။—ဖိ. ၃:၁၆။
သင်နဲ့ မကိုက်လို့ ပန်းတိုင် မရောက်တာကို ကျရှုံးတာလို့ ယေဟောဝါ မသတ်မှတ်ဘူး။ (၂ ကော. ၈:၁၂) ကိုယ့်ကို လဲကျစေတဲ့အရာကနေ သင်ခန်းစာ ယူပါ။ ကိုယ် အရောက်လှမ်းနိုင်ခဲ့တဲ့ ပန်းတိုင်တွေကို သတိရပါ။ ‘ဘုရားသခင်ဟာ ဖြောင့်မတ်တဲ့ ဘုရား ဖြစ်လို့ ခင်ဗျားတို့ရဲ့ လုပ်ရပ်ကို ဘယ်တော့မှ မမေ့ဘူး’ လို့ ကျမ်းစာမှာ ပြောထားတယ်။ (ဟီ. ၆:၁၀) သင်လည်း မမေ့ပါနဲ့။ ယေဟောဝါနဲ့ ဆက်ဆံရေးကောင်း ရှိတာ၊ တခြားသူတွေကို ဟောပြောတာ၊ နှစ်ခြင်းခံတာလိုမျိုး သင် အရောက်လှမ်းနိုင်ခဲ့တဲ့ ပန်းတိုင်တွေကို ပြန်စဉ်းစားပါ။ အဲဒီလို ဘုရားရေးရာ ပန်းတိုင်တွေဆီ အရောက်လှမ်းနိုင်ခဲ့သလို လက်ရှိ ပန်းတိုင်တွေဆီလည်း အရောက်လှမ်းနိုင်ပါလိမ့်မယ်။ ယေဟောဝါရဲ့ အကူအညီကြောင့် ပန်းတိုင် ရောက်နိုင်ပါတယ်။ ဘုရားရေးရာ ပန်းတိုင်တွေဆီ အရောက်သွားနေတုန်းမှာ ကိုယ့်ကို ယေဟောဝါ ကူညီပေးနေတာတွေ၊ ကောင်းချီးပေးတာတွေကို ကြည့်ဖို့ သတိရပါ။ လမ်းခရီးမှာ ပျော်ရပါလိမ့်မယ်။ (၂ ကော. ၄:၇) လက်မလျှော့ဘူးဆိုရင် ပိုကောင်းတဲ့ ကောင်းချီးတွေတောင် ခံစားရပါလိမ့်မယ်။—ဂလ. ၆:၉။ w23.05 ၃၁ ¶၁၆-၁၈