ဝတ်ပြုရာ
၆ ယေဟောဝါက မောရှေကို မိန့်မှာတယ်– ၂ “လူတစ်ယောက်က တခြားသူ လာအပ်ထားတာ တစ်ခုခုကို ပြန်မပေးဘဲ လှည့်စားရင်၊+ ခိုးယူထားရင်၊ ကလိမ်ကျရင် ယေဟောဝါအပေါ် သစ္စာမဲ့တာပဲ။+ ၃ ပျောက်သွားတဲ့ပစ္စည်းကို ကောက်ရထားပါလျက်နဲ့ မတွေ့ဘူးလို့ လိမ်ပြောရင်၊ အဲဒီအပြစ်တစ်ခုခုကို လုပ်ထားပါလျက်နဲ့ မလုပ်ဘူးလို့ ကျိန်ဆိုရင်+ ဘုရားသခင်ကို သစ္စာမဲ့တာပဲ။ သူ့မှာ အပြစ်ရှိတယ်။ ၄ အဲဒီအပြစ်တစ်ခုခုကို ကျူးလွန်မိရင်– ခိုးရာပါပစ္စည်း၊ မတရားယူထားတဲ့ပစ္စည်း၊ လိမ်ညာယူထားတဲ့ပစ္စည်း၊ အပ်ထားတဲ့ပစ္စည်း၊ ကောက်ရတဲ့ပစ္စည်း၊ ၅ လိမ်ညာကျိန်ဆိုပြီး ယူထားတဲ့ပစ္စည်းကို ဒါမှမဟုတ် တန်ရာတန်ကြေးကို ပြန်ပေးရမယ်။+ ပစ္စည်းတန်ဖိုးရဲ့ ငါးပုံတစ်ပုံကိုလည်း ပေးရမယ်။ ပြစ်မှုထင်ရှားတဲ့နေ့မှာ အဲဒါကို ပိုင်ရှင်ဆီ ပြန်ပေးရမယ်။ ၆ သတ်မှတ်တန်ဖိုးနဲ့ညီပြီး အနာအဆာမရှိတဲ့ သိုးထီးကို ဒုစရိုက်ဖြေရာအလှူအဖြစ် ယေဟောဝါဆီ ပူဇော်ဖို့ ပုရောဟိတ်ဆီ ယူလာရမယ်။+ ၇ သူ့အတွက် ပုရောဟိတ်က ယေဟောဝါရှေ့မှာ အပြစ်ဖြေပေးရမယ်။ ဒါဆိုရင် သူလုပ်မိတဲ့အပြစ် ခွင့်လွှတ်ခံရမယ်။”+
၈ ယေဟောဝါက မောရှေကို မိန့်မှာတယ်– ၉ “အာရုန်နဲ့ သူ့သားတွေကို ပြောပါ။ ‘မီးရှို့ရာအလှူနဲ့ဆိုင်တဲ့ ပညတ်ကတော့–+ မီးရှို့ရာအလှူက ပူဇော်ရာပလ္လင်မီးဖိုပေါ်မှာ တစ်ညလုံး၊ မနက်အထိ ရှိနေရမယ်။ ပူဇော်ရာပလ္လင်ပေါ်မှာ အမြဲ မီးတောက်လောင်နေရမယ်။ ၁၀ ပုရောဟိတ်က ဝတ်လုံနဲ့+ ပိတ်ဘောင်းဘီကို ဝတ်ဆင်ရမယ်။+ ပြီးတော့ ပူဇော်ရာပလ္လင်ပေါ်မှာ မီးရှို့လိုက်တဲ့ ပူဇော်သက္ကာရဲ့ပြာကို ဖယ်ထုတ်ပြီး+ ပူဇော်ရာပလ္လင်ဘေးမှာ ထားရမယ်။ ၁၁ အဲဒီနောက် အဝတ်လဲပြီး+ ပြာကို စခန်းအပြင်ဘက် သန့်ရှင်းတဲ့နေရာကို ယူသွားရမယ်။+ ၁၂ ပူဇော်ရာပလ္လင်ပေါ်မှာ အမြဲ မီးတောက်လောင်နေရမယ်။ မီးမငြိမ်းစေရဘူး။ ပုရောဟိတ်က မနက်တိုင်း ပူဇော်ရာပလ္လင်မှာ ထင်းထည့်ပြီး+ ထင်းမီးပေါ်မှာ မီးရှို့ရာအလှူကို စီထားရမယ်။ မိတ်သဟာယ ပူဇော်သက္ကာတွေရဲ့ အဆီကို ထင်းမီးပေါ်မှာ မီးရှို့ပူဇော်ရမယ်။+ ၁၃ ပူဇော်ရာပလ္လင်ပေါ်မှာ အမြဲ မီးတောက်လောင်နေရမယ်။ မီးမငြိမ်းစေရဘူး။
၁၄ “‘ကောက်နှံအလှူနဲ့ဆိုင်တဲ့ ပညတ်ကတော့–+ အာရုန်ရဲ့သားတွေက ပူဇော်ရာပလ္လင်ရှေ့၊ ယေဟောဝါရှေ့မှာ ကောက်နှံအလှူကို ဆက်သရမယ်။ ၁၅ ကောက်နှံအလှူဖြစ်တဲ့ ဆီလောင်းထားတဲ့ဂျုံနု လက်တစ်ဆုပ်စာနဲ့ လောဗန်ရှိသမျှကိုယူပြီး ကိုယ်စားပြုအလှူအဖြစ်၊ ယေဟောဝါအတွက် မွှေးကြိုင်တဲ့ရနံ့အဖြစ် ပူဇော်ရာပလ္လင်ပေါ်မှာ မီးရှို့ပူဇော်ရမယ်။+ ၁၆ ကျန်တဲ့ဂျုံနုကို အာရုန်နဲ့သူ့သားတွေ စားရမယ်။+ တဆေးမဲ့မုန့်လုပ်ပြီး သန့်ရှင်းရာဌာနတော်ဖြစ်တဲ့ တွေ့ဆုံရာတဲတော်ဝင်း အတွင်းမှာ စားရမယ်။+ ၁၇ မုန့်ကို တဆေးထည့်ပြီး မဖုတ်ရဘူး။+ ငါ့ဆီ မီးရှို့ဆက်သတဲ့ အလှူတွေထဲက အဲဒါကို သူတို့ရဲ့ဝေစုအဖြစ် ငါပေးတယ်။+ ဒါဟာ အပြစ်ဖြေရာအလှူနဲ့ ဒုစရိုက်ဖြေရာအလှူလိုပဲ အသန့်ရှင်းဆုံးအလှူဖြစ်တယ်။+ ၁၈ ဒါကို အာရုန်ရဲ့သားမြေး ယောက်ျားအားလုံး စားရမယ်။+ ဒါဟာ မင်းတို့လူမျိုး အစဉ်အဆက် ယေဟောဝါအတွက် မီးရှို့ဆက်သတဲ့ အလှူတွေထဲက သူတို့အမြဲရမယ့်ဝေစုပဲ။+ မီးရှို့ဆက်သတဲ့အလှူတွေကို ထိတဲ့အရာမှန်သမျှ သန့်ရှင်းမြင့်မြတ်တယ်။’”
၁၉ ယေဟောဝါက မောရှေကို မိန့်မှာတယ်– ၂၀ “အာရုန်ကို ဘိသိက်ပေးတဲ့နေ့မှာ+ အာရုန်နဲ့ သူ့သားတွေက ဂျုံနုတစ်ဧဖာရဲ့*+ ဆယ်ပုံတစ်ပုံကို ပုံမှန်ကောက်နှံအလှူအဖြစ်+ ယေဟောဝါဆီ ပူဇော်ရမယ်။ မနက်မှာ တစ်ဝက်၊ ညဦးပိုင်းမှာ တစ်ဝက် ပူဇော်ရမယ်။ ၂၁ ဂျုံနုကို ဆီနယ်ပြီး ဒယ်ပြားပေါ်မှာ မုန့်ဖုတ်ရမယ်။+ မုန့်ကို ဖဲ့၊ ဆီရွှဲအောင် လောင်းပြီး ယေဟောဝါအတွက် မွှေးကြိုင်တဲ့ရနံ့အဖြစ် ပူဇော်ရမယ်။ ၂၂ အာရုန်ရဲ့သားမြေးတွေထဲက ဘိသိက်ခံပုရောဟိတ်က+ အဲဒီမုန့်ကို ပူဇော်ရမယ်။ အကုန်အစင် မီးရှို့ပူဇော်တဲ့အလှူအဖြစ် ယေဟောဝါဆီ ပူဇော်ရမယ်။ ဒါဟာ အမြဲတည်တဲ့စည်းမျဉ်းပဲ။ ၂၃ ပုရောဟိတ်ရဲ့ ကောက်နှံအလှူတိုင်းကို အကုန်အစင် မီးရှို့ပူဇော်ရမယ်။ မစားရဘူး။”
၂၄ ယေဟောဝါက မောရှေကို မိန့်မှာတယ်– ၂၅ “အာရုန်နဲ့ သားတွေကို ပြောပါ။ ‘အပြစ်ဖြေရာအလှူနဲ့ဆိုင်တဲ့ ပညတ်ကတော့–+ အပြစ်ဖြေရာအလှူဖြစ်တဲ့ တိရစ္ဆာန်ကို မီးရှို့ရာအလှူကို သတ်တဲ့နေရာမှာ+ ယေဟောဝါရှေ့ သတ်ရမယ်။ ဒါဟာ အသန့်ရှင်းဆုံးအလှူပဲ။ ၂၆ အပြစ်ဖြေဖို့ပူဇော်တဲ့ ပုရောဟိတ်က အဲဒီအသားကို သန့်ရှင်းရာဌာနတော်ဖြစ်တဲ့ တွေ့ဆုံရာတဲတော်ဝင်း အတွင်းမှာ စားရမယ်။+
၂၇ “အဲဒီအသားကို ထိမိတဲ့အရာမှန်သမျှ သန့်ရှင်းမြင့်မြတ်တယ်။ အဝတ်ကို အဲဒီတိရစ္ဆာန်ရဲ့သွေး စွန်းသွားရင် သန့်ရှင်းရာဌာနတော်မှာ ဆေးကြောရမယ်။ ၂၈ အသားကို မြေအိုးထဲမှာ ပြုတ်ရင် မြေအိုးကို ခွဲပစ်ရမယ်။ ကြေးနီအိုးထဲမှာ ပြုတ်ရင်တော့ ကြေးနီအိုးကို တိုက်ချွတ်ပြီး ရေဆေးရမယ်။
၂၉ “‘အဲဒီအသားကို ပုရောဟိတ်တွေပဲ စားရမယ်။+ ဒါဟာ အသန့်ရှင်းဆုံးအရာပဲ။+ ၃၀ သွေးကို သန့်ရှင်းရာဌာနတော်ဖြစ်တဲ့ တွေ့ဆုံရာတဲတော်ထဲ ယူသွားပြီး အပြစ်ဖြေရင်တော့ အဲဒီအသားကို မစားရဘူး။+ မီးရှို့ရမယ်။