တရားသူကြီး
၉ နောက်ပိုင်းမှာ ယေရုဗာလရဲ့သား အဘိမလက်က+ ရှေခင်မြို့ကိုသွားပြီး ဦးလေးတွေ၊ မိခင်ဘက်က အဖိုးရဲ့ ဆွေမျိုးတွေကို၊ ၂ “‘ယေရုဗာလရဲ့သား ၇၀ စလုံး+ အုပ်ချုပ်တာ ပိုကောင်းသလား။ ဒါမှမဟုတ် တစ်ယောက်တည်း အုပ်ချုပ်တာ ပိုကောင်းသလား။ ကျုပ်ဟာ ခင်ဗျားတို့ရဲ့ သွေးသားရင်းချာပဲဆိုတာ သတိရပါဦး’ လို့ ရှေခင်မြို့ရဲ့ ခေါင်းဆောင်တွေကို* ပြောပေးပါ” ဆိုပြီး ပြောတယ်။
၃ ဒါနဲ့ ဦးလေးတွေက ရှေခင်မြို့ရဲ့ ခေါင်းဆောင်တွေကို အဲဒီအတိုင်း ပြောတဲ့အခါ အဘိမလက်ဘက် သူတို့စိတ်ပါသွားပြီး “ဟုတ်တာပေါ့၊ သူက ငါတို့ညီအစ်ကိုပဲ” လို့ပြောကြတယ်။ ၄ ပြီးတော့ ဗာလဗေရိတ်ရဲ့+ ဘုရားကျောင်းကနေ ငွေစ ၇၀ ယူပြီး ပေးလိုက်တော့ အဘိမလက်က အလုပ်လက်မဲ့ဖြစ်နေတဲ့ လူရမ်းကားတွေကို အဲဒီငွေနဲ့ငှားပြီး သူ့နောက် လိုက်ခိုင်းတယ်။ ၅ အဲဒီနောက် သြဖရမြို့က+ ဖခင်ယေရုဗာလရဲ့အိမ်ကို သွားပြီး သူ့ညီအစ်ကို ၇၀ ကို ကျောက်ဖျာပေါ်မှာ သတ်ပစ်တယ်။+ ယေရုဗာလရဲ့ သားထွေး ယောသံတစ်ယောက်ပဲ ပုန်းနေလို့ လွတ်သွားတယ်။
၆ ရှေခင်မြို့ရဲ့ခေါင်းဆောင်တွေ၊ ဗက်မိလောခံတပ်မှာ နေထိုင်သူတွေက ရှေခင်မြို့မှာရှိတဲ့ အပင်ကြီးနားက ကျောက်တိုင်မှာ စုရုံးပြီး အဘိမလက်ကို မင်းမြှောက်ကြတယ်။+
၇ ဒီသတင်းကို ယောသံကြားတာနဲ့ ဂေရဇိမ်တောင်ပေါ်+ တက်သွားပြီး အားလုံးကြားအောင် ပြောတယ်– “ရှေခင်မြို့ရဲ့ခေါင်းဆောင်တို့၊ ကျွန်တော်ပြောတာ နားထောင်ကြပါ။ ဒါဆိုရင် ခင်ဗျားတို့ပြောတာကို ဘုရားသခင် နားထောင်လိမ့်မယ်။
၈ “တစ်ခါတုန်းက သစ်ပင်တွေဟာ ဘုရင်တစ်ပါးကို ဘိသိက်ပေးဖို့ သွားကြတယ်။ အရင်ဆုံး၊ သံလွင်ပင်ဆီ သွားပြီး ‘ငါတို့ကို အုပ်ချုပ်ပါ’+ လို့တောင်းဆိုတယ်။ ၉ သံလွင်ပင်က ‘ဘုရားသခင်နဲ့ လူတွေကို ဂုဏ်တင်ရာမှာသုံးတဲ့ ဆီကို မထုတ်ပေးတော့ဘဲ တခြားသစ်ပင်တွေကို ငါလွှမ်းမိုးရမှာလား’ လို့ပြန်ပြောတယ်။ ၁၀ အဲဒီအခါ သစ်ပင်တွေက သဖန်းပင်ဆီ သွားပြီး ‘ငါတို့ကို လာအုပ်ချုပ်ပါကွာ’ လို့ပြောတော့၊ ၁၁ သဖန်းပင်ကလည်း ‘ငါက ချိုရဲနေတဲ့ အသီးတွေကို မသီးပေးတော့ဘဲ တခြားသစ်ပင်တွေကို လွှမ်းမိုးရမှာလား’ လို့ပြန်ပြောတယ်။ ၁၂ ဒါနဲ့ သစ်ပင်တွေက စပျစ်ပင်ဆီ သွားပြီး ‘ငါတို့ကို လာအုပ်ချုပ်ပါ’ လို့ပြောတယ်။ ၁၃ စပျစ်ပင်ကလည်း ‘ငါက ဘုရားသခင်နဲ့ လူတွေကို ရွှင်လန်းစေတဲ့ စပျစ်ဝိုင်အသစ်ကို မထုတ်ပေးတော့ဘဲ သစ်ပင်တွေကို လွှမ်းမိုးရမှာလား’ လို့ပြန်ပြောတယ်။ ၁၄ နောက်ဆုံး၊ သစ်ပင်တွေကဆူးပင်ဆီ သွားပြီး ‘ငါတို့ကို လာအုပ်ချုပ်ပါ’+ လို့ပြောတယ်။ ၁၅ ဆူးပင်က ‘ငါ့ကို ဘိသိက်ပေးပြီး မင်းမြှောက်ချင်ရင် ငါ့အရိပ်ကို လာခိုကြ။ လာမခိုရင်တော့ ငါ့ဆီက မီးထွက်ပြီး လက်ဘနွန်တောင်က သစ်ကတိုးပင်တွေကို လောင်ကျွမ်းလိမ့်မယ်’ လို့ ပြန်ပြောတယ်။
၁၆ “အခုလည်း အဘိမလက်ကို ခင်ဗျားတို့ မင်းမြှောက်တာ+ စိတ်ရင်းမှန်လှပြီ၊ ရိုးသားလှပြီလို့ ထင်နေတာလား။ ယေရုဗာလနဲ့ အိမ်သားတွေကို ဒီနည်းနဲ့ ကောင်းမှုပြုပြီး သူလုပ်ပေးခဲ့တာတွေအတွက် ထိုက်ထိုက်တန်တန် ကျေးဇူးဆပ်နေတာလား။ ၁၇ ကျွန်တော့်အဖေက ခင်ဗျားတို့ကို မိဒျန်လူတွေလက်ထဲကနေကယ်ဖို့ အသက်ကိုရင်းပြီး တိုက်ခိုက်ခဲ့တယ်။+ ၁၈ ခင်ဗျားတို့ကတော့ ကျွန်တော့်အဖေရဲ့ အိမ်သားတွေကို ဆန့်ကျင်တယ်။ သူ့သား ၇၀ ကို ကျောက်ဖျာပေါ်မှာ သတ်လိုက်တယ်။+ သူ့ကျွန်မရဲ့သား အဘိမလက်ကိုတော့+ ကိုယ့်ညီအစ်ကိုဖြစ်ရုံနဲ့ပဲ ရှေခင်မြို့ရဲ့ ခေါင်းဆောင်တွေကို အုပ်ချုပ်ဖို့ မင်းမြှောက်ကြတယ်။ ၁၉ ဒီနေ့ ယေရုဗာလနဲ့ အိမ်သားတွေကို ခင်ဗျားတို့ဆက်ဆံတာ စိတ်ရင်းမှန်တယ်၊ ရိုးသားတယ်ဆိုရင် အဘိမလက်ကြောင့် စိတ်ချမ်းသာရပါစေ။ သူလည်း ခင်ဗျားတို့ကြောင့် စိတ်ချမ်းသာရပါစေ။ ၂၀ အဲဒီလိုမှမဟုတ်ရင်တော့ အဘိမလက်ဆီက မီးထွက်လာပြီး ရှေခင်မြို့ရဲ့ ခေါင်းဆောင်တွေနဲ့ ဗက်မိလောခံတပ်မှာ နေထိုင်သူတွေကို လောင်ကျွမ်းပါစေ။+ ရှေခင်မြို့ရဲ့ခေါင်းဆောင်တွေနဲ့ ဗက်မိလောခံတပ်မှာ နေထိုင်သူတွေဆီကလည်း မီးထွက်လာပြီး အဘိမလက်ကို လောင်ကျွမ်းပါစေ။”+
၂၁ အဲဒီလိုပြောပြီးနောက် ယောသံက+ အစ်ကိုအဘိမလက်ကို ကြောက်လို့ ထွက်ပြေးပြီး ဗေရမြို့မှာ သွားနေတယ်။
၂၂ အဘိမလက်က အစ္စရေးတွေကို သုံးနှစ်အုပ်ချုပ်တယ်။ ၂၃ အဘိမလက်နဲ့ ရှေခင်မြို့ရဲ့ ခေါင်းဆောင်တွေကြားမှာ ရန်လိုစိတ်ဝင်လာတာကို ဘုရားသခင် ခွင့်ပြုတဲ့အတွက် ရှေခင်မြို့ရဲ့ ခေါင်းဆောင်တွေက အဘိမလက်ကို သစ္စာဖောက်ကြတယ်။ ၂၄ အဲဒီလိုဖြစ်တာက ယေရုဗာလရဲ့သား ၇၀ ကို ရက်ရက်စက်စက် သတ်တဲ့အပြစ်အတွက် ပြန်ခံရဖို့ပဲ။ ကိုယ့်ညီအစ်ကိုတွေကို သတ်ခဲ့တဲ့ အဘိမလက်နဲ့+ အဲဒီလိုသတ်ဖို့ အားပေးအားမြှောက် လုပ်ခဲ့တဲ့ ရှေခင်မြို့ရဲ့ ခေါင်းဆောင်တွေ ကိုယ့်လုပ်ရပ်အတွက် ပြစ်ဒဏ်ခံရဖို့ပဲ။ ၂၅ ရှေခင်မြို့ရဲ့ ခေါင်းဆောင်တွေက အဘိမလက်ကို တိုက်ဖို့ ချုံခိုတိုက်ခိုက်မယ့်သူတွေကို တောင်ထိပ်မှာ ချထားတယ်။ အဲဒီလူတွေက ဖြတ်သန်းသွားလာသူတွေကို လုယက်ကြတယ်။ ဒီသတင်းကို အဘိမလက် ကြားသွားတယ်။
၂၆ အဲဒီအချိန်မှာ ဧဗက်ရဲ့သားဂါလက ညီအစ်ကိုတွေနဲ့အတူ ရှေခင်မြို့မှာ လာနေတယ်။+ ရှေခင်မြို့ရဲ့ခေါင်းဆောင်တွေလည်း သူ့ကို အားကိုးလာကြတယ်။ ၂၇ သူတို့က စပျစ်ခြံတွေဆီ သွား၊ စပျစ်သီးတွေကို ဆွတ်ခူးနင်းနယ်ပြီး ပွဲလုပ်ကြတယ်။ အဲဒီနောက် သူတို့ဘုရားရဲ့ ဗိမာန်ထဲဝင်ပြီး+ စားသောက်ရင်း အဘိမလက်ကို ကျိန်ဆဲကြတယ်။ ၂၈ ဧဗက်ရဲ့သားဂါလက “အဘိမလက်ဟာ ဘယ်သူမို့လို့လဲ။ ဇေဗုလကရော ဘယ်သူမို့လို့လဲ။ သူတို့ဆီမှာ ဘာလို့ အမှုထမ်းရမှာလဲ။ အဘိမလက်က ယေရုဗာလရဲ့သားပဲ။+ ဇေဗုလက သူခန့်ထားတဲ့ မြို့အုပ်ပဲ။ ရှေခင့်အဖေ ဟာမော်ရဲ့ သားမြေးတွေဆီမှာပဲ အမှုထမ်းကြပါ။ အဘိမလက်ဆီမှာ အမှုမထမ်းကြနဲ့။ ၂၉ ဒီလူတွေသာ ငါ့အမိန့်ကို နာခံမယ်ဆိုရင် အဘိမလက်ကို ငါဖြုတ်ချပစ်မယ်” လို့ပြောတယ်။ အဘိမလက်ကိုလည်း “မင်းရဲ့တပ်ကို အင်အားဖြည့်ပြီး ငါ့ကို ထွက်တိုက်စမ်းပါ” လို့စိန်ခေါ်တယ်။
၃၀ ဧဗက်ရဲ့သား ဂါလပြောတာကို မြို့အုပ်ဇေဗုလ ကြားတဲ့အခါ ဒေါသပေါက်ကွဲတော့တယ်။ ၃၁ ဒါနဲ့ အဘိမလက်ဆီ တမန်တွေ တိတ်တဆိတ်စေလွှတ်ပြီး “အခု ဧဗက်ရဲ့သားဂါလနဲ့ ညီအစ်ကိုတစ်စု ရှေခင်မြို့မှာ ရောက်နေပြီ။ သခင့်ကိုပုန်ကန်ဖို့ မြို့သားတွေကို သွေးထိုးလှုံ့ဆော်နေတယ်။ ၃၂ ဒါကြောင့် သခင့်လူတွေနဲ့အတူ ညဘက်မှာ လာပြီး မြို့ပြင်မှာ စောင့်နေပါ။ ၃၃ မနက် နေထွက်တာနဲ့ မြို့ကိုဝင်တိုက်ပါ။ ဂါလနဲ့ လူတွေ သခင့်ကို ထွက်တိုက်တဲ့အခါ ဖြစ်တဲ့နည်းနဲ့ အနိုင်ရအောင်လုပ်ပါ” ဆိုပြီး သတင်းပို့တယ်။
၃၄ အဘိမလက်နဲ့ လူတွေလည်း ညအချိန်မှာ ချီတက်လာတယ်။ ရှေခင်မြို့ပြင်မှာ အုပ်စုလေးစုခွဲပြီး ပုန်းနေကြတယ်။ ၃၅ ဧဗက်ရဲ့သား ဂါလက မြို့တံခါးမှာ ထွက်ရပ်တဲ့အခါ အဘိမလက်နဲ့ သူ့လူတွေလည်း ပုန်းနေရာကနေ ထွက်လာတယ်။ ၃၆ သူတို့ကိုမြင်တာနဲ့ ဂါလက “ဟိုမှာကြည့်စမ်း၊ တောင်ပေါ်ကနေ လူတွေဆင်းလာပါလား” လို့ပြောတော့ ဇေဗုလက “တောင်အရိပ်တွေကို လူတွေလို့ မြင်တာနေမှာပါ” ဆိုပြီးပြန်ပြောတယ်။
၃၇ ဂါလက “ဟိုမှာ ကြည့်၊ အလယ်ပိုင်း တောင်ကြောကနေ လူတွေ ဆင်းလာတယ်။ တစ်ဖွဲ့က မောနေနိမ် အပင်ကြီးလမ်းအတိုင်း လာနေတာ” လို့ပြောပြန်တယ်။ ၃၈ အဲဒီအခါ ဇေဗုလက “‘အဘိမလက်ဟာ ဘယ်သူမို့လို့ သူ့ဆီမှာ အမှုထမ်းရမှာလဲ’+ ဆိုပြီး မင်းအပြောကြီးခဲ့တာ မေ့သွားပြီလား။ မင်းမကောင်းပြောခဲ့တာ ဒီလူတွေပဲ။ အခု ထွက်တိုက်ပေတော့” လို့ပြောတယ်။
၃၉ ဂါလလည်း ရှေခင်မြို့ရဲ့ ခေါင်းဆောင်တွေကို ဦးဆောင်ပြီး အဘိမလက်ကို ထွက်တိုက်တယ်။ ၄၀ အဘိမလက်က ပြန်တိုက်တော့ ဂါလထွက်ပြေးရတယ်။ ကျရှုံးသူတွေ များလွန်းလို့ အလောင်းတွေ မြို့တံခါးအထိ ရောက်တယ်။
၄၁ အဘိမလက်က အရုမာမြို့မှာ ဆက်နေတယ်။ ဇေဗုလက+ ဂါလနဲ့ ညီအစ်ကိုတွေကို ရှေခင်မြို့ကနေ နှင်ထုတ်လိုက်တယ်။ ၄၂ နောက်တစ်နေ့မှာ လူတွေ မြို့ပြင်ကို ထွက်ကြတယ်။ အဲဒီသတင်းကို အဘိမလက် ရတော့၊ ၄၃ သူ့လူတွေကို အုပ်စုသုံးစု ခွဲပြီး မြို့ပြင်မှာ စောင့်နေတယ်။ မြို့ထဲကနေ လူတွေထွက်လာတာနဲ့ တိုက်ခိုက်တော့တယ်။ ၄၄ အဘိမလက်နဲ့ သူ့အုပ်စုက တစ်ဟုန်ထိုးချီတက်ပြီး မြို့တံခါးမှာ နေရာယူကြတယ်။ ကျန်တဲ့နှစ်ဖွဲ့က မြို့ပြင်မှာရှိနေသူတွေကို တိုက်ခိုက်ကြတယ်။ ၄၅ အဘိမလက်က ရှေခင်မြို့ကို တစ်နေကုန် တိုက်ခိုက်ပြီး သိမ်းပိုက်လိုက်တယ်။ မြို့သားတွေကို ကွပ်မျက်တယ်။ မြို့ကိုဖြိုချပြီး+ ဆားတွေကြဲလိုက်တယ်။
၄၆ ဒီအကြောင်းကို ရှေခင်ရဲတိုက်မှာရှိတဲ့ ခေါင်းဆောင်တွေ ကြားတဲ့အခါ ဧလဗေရိတ်ဗိမာန်ရဲ့ မြေအောက်ခန်းထဲ ချက်ချင်းဝင်သွားကြတယ်။+ ၄၇ ရှေခင်ရဲတိုက်မှာရှိတဲ့ ခေါင်းဆောင်တွေ စုရုံးနေတဲ့အကြောင်း အဘိမလက် သတင်းရတဲ့အခါ၊ ၄၈ သူ့လူတွေနဲ့အတူ ဇာလမုန်တောင်ပေါ် တက်သွားတယ်။ အဘိမလက်က သစ်ကိုင်းတစ်ကိုင်းကို ပုဆိန်နဲ့ခုတ်၊ ပခုံးပေါ်ထမ်းပြီး သူ့လူတွေကိုလည်း “ငါလုပ်တဲ့အတိုင်း မြန်မြန်လိုက်လုပ်” လို့ပြောတယ်။ ၄၉ သူ့လူတွေလည်း သစ်ကိုင်းတစ်ကိုင်းစီ ခုတ်ပြီး အဘိမလက်နောက် လိုက်သွားတယ်။ ပြီးတော့ မြေအောက်ခန်းပတ်လည်မှာ သစ်ကိုင်းတွေစီထားပြီး မြေအောက်ခန်းကို မီးရှို့လိုက်တယ်။ ဒါကြောင့် ရှေခင်ရဲတိုက်မှာရှိနေတဲ့ ယောက်ျားမိန်းမ ၁,၀၀၀ လောက် သေဆုံးသွားတယ်။
၅၀ အဲဒီနောက် အဘိမလက်က သေဗက်မြို့ဆီ ချီတက်၊ တပ်ချပြီး မြို့ကို သိမ်းလိုက်တယ်။ ၅၁ ယောက်ျားမိန်းမတွေ၊ မြို့ခေါင်းဆောင်တွေက မြို့လယ်မှာရှိတဲ့ ခိုင်ခံ့တဲ့ရဲတိုက်ထဲ ပြေးဝင်ကြတယ်။ တံခါးကိုပိတ်ပြီး ရဲတိုက်အမိုးပေါ် တက်သွားကြတယ်။ ၅၂ အဘိမလက်လည်း ရဲတိုက်နားသွားပြီး တိုက်ခိုက်တယ်။ ရဲတိုက်တံခါးကို မီးရှို့ဖို့လုပ်တဲ့အခါ၊ ၅၃ မိန်းမတစ်ယောက်က အပေါ်ကြိတ်ဆုံကျောက်ကို ပစ်ချလိုက်တော့ အဘိမလက် ခေါင်းကွဲသွားတယ်။+ ၅၄ ဒါနဲ့ သူ့လက်နက်ကိုင်နောက်လိုက်ကို အမြန်ခေါ်ပြီး “‘မိန်းမတစ်ယောက်ရဲ့ လက်ချက်နဲ့ သူသေသွားတာ’ လို့ လူတွေမပြောနိုင်အောင် ဓားကိုဆွဲထုတ်ပြီး ငါ့ကိုသတ်လိုက်စမ်း” လို့ပြောတယ်။ နောက်လိုက်ကလည်း ဓားနဲ့ထိုးသတ်လိုက်တယ်။
၅၅ အဘိမလက်သေသွားပြီဆိုတာ အစ္စရေးတွေ ကြားတဲ့အခါ ကိုယ့်အိမ်ကိုယ် ပြန်သွားကြတယ်။ ၅၆ ညီအစ်ကို ၇၀ ကိုသတ်ပြီး ဖခင်အပေါ် ကျူးလွန်ခဲ့တဲ့ အပြစ်အတွက် အဘိမလက်ကို ဘုရားသခင် ပြန်ဆပ်ပေးလိုက်တာပဲ။+ ၅၇ ဘုရားသခင်က ရှေခင်မြို့သားတွေကိုလည်း သူတို့လုပ်ခဲ့အပြစ်အတွက် ပြစ်ဒဏ်ခံစေတယ်။ ယေရုဗာလရဲ့သား+ ယောသံပြောခဲ့တဲ့ ကျိန်စာအတိုင်း+ သူတို့ခံခဲ့ရတယ်။