ရုသ
၃ နောက်တော့ ယောက္ခမနောမိက ရုသကို “ငါ့သမီး ကောင်းစားဖို့ နားခိုစရာအိမ်ကို အမေ ရှာပေးရမှာပေါ့။+ ၂ တကယ်တော့ ငါ့သမီးနဲ့အတူ အလုပ်လုပ်ခဲ့တဲ့ အလုပ်သမတွေရဲ့သခင် ဗောဇဟာ ငါတို့အမျိုးပဲ။+ ဒီည ကောက်နယ်တလင်းမှာ သူ မုယောစပါးလှေ့လိမ့်မယ်။ ၃ ဒီတော့ ရေမိုးချိုး၊ ဆီမွှေးလိမ်း၊ ကောင်းကောင်းမွန်မွန် ဝတ်ဆင်ပြီး ကောက်နယ်တလင်းကို သွားပါ။ သူစားသောက်လို့ မပြီးမချင်း သမီးရောက်နေတာကို မသိစေနဲ့။ ၄ သူအိပ်သွားပြီဆိုရင် အဲဒီနေရာကို မှတ်ထားပြီးတော့ သွားပါ။ သူ့ခြေထောက်မှာ ဖုံးထားတဲ့ အဝတ်ကို ဖယ်ပြီး အိပ်နေလိုက်ပါ။ သမီး ဘာဆက်လုပ်ရမယ်ဆိုတာ သူပြောလိမ့်မယ်” လို့မှာတယ်။
၅ ဒါနဲ့ ရုသက “အမေမှာတဲ့အတိုင်းလုပ်ပါ့မယ်” လို့ပြောပြီး၊ ၆ ကောက်နယ်တလင်းကို သွား၊ ယောက္ခမမှာတဲ့အတိုင်း လုပ်တယ်။ ၇ အဲဒီအချိန်မှာ ဗောဇက စားသောက်ပြီး ရွှင်ရွှင်ပျပျဖြစ်နေတယ်။ ပြီးတော့ စပါးပုံနားမှာ သွားအိပ်တယ်။ ရုသက တိတ်တိတ်လေးလာပြီး ဗောဇခြေထောက်မှာ ဖုံးထားတဲ့ အဝတ်ကို ဖယ်ပြီးတော့ အိပ်နေလိုက်တယ်။ ၈ သန်းခေါင်အချိန်မှာ ဗောဇ လန့်နိုးလာတယ်။ ထထိုင်ပြီး ခြေရင်းဘက်ကို ကြည့်လိုက်တော့ အမျိုးသမီးတစ်ယောက် လှဲအိပ်နေတာကို တွေ့လိုက်ရတယ်။ ၉ “မင်းဘယ်သူလဲ” လို့မေးတဲ့အခါ “သခင်ရဲ့ကျွန်မ ရုသပါ။ သခင်ဟာ ပြန်ဝယ်ခွင့်ရှိသူ ဖြစ်တဲ့အတွက်+ ကျွန်မကို ကာကွယ်စောင့်ရှောက်ပေးပါ”* လို့ ဖြေတယ်။ ၁၀ ဗောဇက “ငါ့သမီး၊ မင်းကို ယေဟောဝါဘုရား ကောင်းချီးပေးပါစေ။ မင်းက ဆင်းရဲတဲ့လူငယ်၊ ချမ်းသာတဲ့ လူရွယ်ကို မရှာဘူး။ ဒီနည်းနဲ့ပြတဲ့ ခိုင်မြဲတဲ့မေတ္တာဟာ အရင်ကပြခဲ့တဲ့ မေတ္တာထက် သာတယ်။+ ၁၁ ဒီတော့ မစိုးရိမ်ပါနဲ့ ငါ့သမီး။ မင်းပြောတဲ့အတိုင်း ငါလုပ်ပေးမယ်။+ မင်းဟာ မွန်မြတ်တဲ့ အမျိုးသမီးဆိုတာ တစ်မြို့လုံး သိပါတယ်။ ၁၂ ငါ့မှာ ပြန်ဝယ်ခွင့်ရှိတာမှန်ပေမဲ့+ ငါ့ထက် အမျိုးပိုနီးစပ်တဲ့ ပြန်ဝယ်ခွင့်ရှိသူတစ်ယောက် ရှိသေးတယ်။+ ၁၃ ဒီညတော့ ဒီမှာပဲ နေလိုက်ပါ။ မနက်ကျရင် မင်းကို သူပြန်ဝယ်မယ်ဆိုရင် ဝယ်ပါစေ။+ ကောင်းတာပေါ့။ သူ မဝယ်ချင်ဘူး ဆိုရင်တော့ ငါကိုယ်တိုင် မင်းကိုပြန်ဝယ်မယ်။ အသက်ရှင်နေတဲ့ဘုရား ယေဟောဝါကို တိုင်တည်ပြီး ငါပြောမယ်။ ဒီတော့ မနက်အထိ ဆက်အိပ်လိုက်ပါဦး” လို့ပြောတယ်။
၁၄ ရုသက သူ့ခြေရင်းမှာ မနက်အထိ ဆက်အိပ်ပြီးတဲ့နောက် ဘယ်သူဘယ်ဝါမှန်း မသိနိုင်တဲ့ ဝေလီဝေလင်းအချိန်မှာ အိပ်ရာထတယ်။ ဗောဇက “ကောက်နယ်တလင်းကို အမျိုးသမီးတစ်ယောက် လာသွားတယ်ဆိုတာ ဘယ်သူမှ မသိစေနဲ့။ ၁၅ မင်းရဲ့ခြုံထည်ကို ယူလာပြီး ဖြန့်လိုက်” လို့ပြောတယ်။ ရုသလည်း ခြုံထည်ကို ဖြန့်လိုက်တော့ သူက မုယောစပါး ခြောက်တောင်း* ထည့်ပေးတယ်။ အထုပ်ကို ရုသပေါ် ပင့်တင်ပေးပြီးနောက် မြို့ထဲဝင်သွားတယ်။
၁၆ ရုသပြန်ရောက်လာတဲ့အခါ ယောက္ခမက “ငါ့သမီး၊ အဆင်ပြေရဲ့လား” လို့မေးတယ်။ ရုသလည်း ဗောဇ လုပ်ပေးခဲ့သမျှကို ပြန်ပြောပြတယ်။ ၁၇ “သူက ‘ယောက္ခမဆီလက်ချည်းသက်သက် ပြန်မသွားနဲ့’ လို့ပြောပြီး ဒီမုယောစပါး ခြောက်တောင်းကို ထည့်ပေးလိုက်တယ်” လို့ ပြောပြတယ်။ ၁၈ ဒါနဲ့ နောမိက “ဘာတွေဖြစ်လာမယ်ဆိုတာ မသိရသေးခင် စိတ်အေးအေးထားပြီး စောင့်နေပါ။ ဒီနေ့ ဒီကိစ္စမပြီးပြတ်မချင်း ဗောဇ အေးအေးဆေးဆေး နေမှာမဟုတ်ဘူး” လို့ပြောတယ်။