၂ ဘုရင်များ
၁၀ ရှမာရိမြို့မှာ အာဟပ်ရဲ့+ သားတော် ၇၀ ရှိနေတဲ့အတွက် ယေဟုက ယေဇရေလမြို့ခေါင်းဆောင်တွေ၊ အကြီးအကဲတွေ၊+ အာဟပ်ရဲ့ သားသမီးတွေကို အုပ်ထိန်းတဲ့သူတွေရှိရာ ရှမာရိမြို့ဆီ စာရေးပို့လိုက်တယ်။ ၂ စာထဲမှာ “ခင်ဗျားတို့ဆီမှာ ဘုရင့်သားတော်တွေ၊ စစ်မြင်းရထားတွေ၊ မြင်းတွေ၊ ခံတပ်မြို့နဲ့ လက်နက်တွေရှိတယ်ဆိုတော့ ဒီစာကို ရတဲ့အခါ၊ ၃ ဘုရင့်သားတော်တွေထဲက အသင့်တော်ဆုံး တစ်ယောက်ကို ရွေးပြီး ခမည်းတော်ရဲ့ ရာဇပလ္လင်ပေါ် နန်းတင်လိုက်ပါ။ ပြီးရင် ဘုရင့်အမျိုးအတွက် ကာကွယ်တိုက်ခိုက်ပါ” ဆိုပြီး ရေးထားတယ်။
၄ သူတို့ ကြောက်လန့်သွားပြီး “ဘုရင်နှစ်ပါးတောင် သူ့ကို မခုခံနိုင်တာ၊+ ငါတို့ ဘယ်လိုခုခံနိုင်မှာလဲ” လို့ပြောကြတယ်။ ၅ ဒါကြောင့် နန်းတော်အုပ်၊ မြို့ဝန်၊ အကြီးအကဲတွေ၊ အုပ်ထိန်းသူတွေက “ကျွန်တော်တို့ဟာ ခင်ဗျားရဲ့ကျွန်တွေပါ။ ခင်ဗျားပြောတဲ့အတိုင်း လုပ်ပါ့မယ်။ ဘယ်သူ့ကိုမှ မင်းမမြှောက်ပါဘူး။ ကောင်းမယ်ထင်သလိုသာ လုပ်ပါ” ဆိုပြီး ယေဟုဆီအကြောင်းပြန်တယ်။
၆ ဒါနဲ့ ယေဟုက “ခင်ဗျားတို့သာ ကျုပ်ဘက်မှာ နေမယ်၊ ကျုပ်စကားကို နားထောင်မယ်ဆိုရင် ဘုရင့်သားတော်တွေကို ခေါင်းဖြတ်ပြီး မနက်ဖြန် ဒီအချိန် ကျုပ်ရှိနေတဲ့ ယေဇရေလမြို့ဆီ ယူလာခဲ့” ဆိုပြီး စာတစ်စောင် ထပ်ရေးလိုက်တယ်။
အဲဒီသားတော် ၇၀ က အထိန်းတော်တွေဖြစ်တဲ့ မြို့မိမြို့ဖတွေနဲ့အတူ ရှိနေတယ်။ ၇ သူတို့ အဲဒီစာကိုလည်းရရော သားတော် ၇၀ ကို ကွပ်မျက်၊+ ခေါင်းတွေကို တောင်းတွေထဲထည့်ပြီး ယေဇရေလမြို့မှာရှိတဲ့ ယေဟုဆီ ပို့လိုက်ကြတယ်။ ၈ အဲဒီအခါ တမန်က “ဘုရင့်သားတော်တွေရဲ့ခေါင်းကို ယူလာပါပြီ” လို့ပြောတော့ ယေဟုက “အဲဒီခေါင်းတွေကို မြို့တံခါးမှာ နှစ်ပုံပုံပြီး မနက်အထိ ထားလိုက်” လို့အမိန့်ပေးတယ်။ ၉ မနက်ကျတော့ ယေဟုက လူတွေရှေ့ ထွက်ပြီး “ခင်ဗျားတို့ အပြစ်ကင်းပါတယ်။ ကျုပ်က ဘုရင်ကိုပုန်ကန်ဖို့ လျှို့ဝှက်ကြံစည်ပြီး သတ်ပစ်ခဲ့တယ်။+ ဒီလူတွေကိုတော့ ဘယ်သူသတ်တာလဲ။ ၁၀ အာဟပ်အမျိုးနဲ့ပတ်သက်ပြီး ယေဟောဝါဘုရား ပြောခဲ့တဲ့ ယေဟောဝါရဲ့စကား တစ်ခွန်းမကျန် ပြည့်စုံလာတယ်ဆိုတာ+ သိထားကြပါ။ ယေဟောဝါက မိမိရဲ့ကျွန် ဧလိယကတစ်ဆင့် ပြောခဲ့တဲ့အတိုင်း လုပ်ဆောင်ခဲ့ပြီ”+ လို့ပြောတယ်။ ၁၁ ယေဟုက ယေဇရေလမြို့မှာ ကျန်နေသေးတဲ့ အာဟပ်ရဲ့အမျိုးတွေ၊ အာဟပ်နဲ့ပတ်သက်တဲ့ မြို့မိမြို့ဖတွေ၊ အသိအကျွမ်းတွေ၊ ပုရောဟိတ်တွေကိုလည်း+ တစ်ယောက်မကျန် ကွပ်မျက်တယ်။+
၁၂ အဲဒီနောက် ယေဟုက ရှမာရိမြို့ကို ထွက်သွားတယ်။ လမ်းမှာ သိုးထိန်းတွေရဲ့ သိုးမွေးညှပ်ရုံ ရှိတယ်။ ၁၃ အဲဒီမှာ ယုဒဘုရင်အာခဇိရဲ့+ ဆွေမျိုးတွေနဲ့တွေ့တော့ ယေဟုက “ခင်ဗျားတို့ ဘယ်သူတွေလဲ” လို့မေးတယ်။ “ကျွန်တော်တို့ဟာ အာခဇိမင်းရဲ့ ဆွေတော်မျိုးတော်တွေပါ။ ဘုရင့်သားတော်တွေ၊ မယ်တော်ရဲ့သားမြေးတွေ ကျန်းမာရဲ့လားဆိုတာ သွားမေးမလို့ ဆင်းလာတာ” ဆိုပြီးဖြေကြတယ်။ ၁၄ ယေဟုက ချက်ချင်းပဲ “အရှင်ဖမ်းကြ” လို့ အမိန့်ပေးတဲ့အတွက် ၄၂ ယောက်စလုံးကို ဖမ်းပြီး သိုးမွေးညှပ်ရုံနားက ရေတွင်းဘေးမှာ တစ်ယောက်မကျန် ကွပ်မျက်လိုက်တယ်။+
၁၅ ယေဟုက ဆက်သွားတဲ့အခါ ခရီးဦးကြိုပြုဖို့ ထွက်လာတဲ့ ရေခပ်ရဲ့+ သား ယောနဒပ်နဲ့+ ဆုံတယ်။ သူ့ကို နှုတ်ဆက်စကားပြောပြီး “ခင်ဗျားက ကျွန်တော်နဲ့ စိတ်သဘောထားချင်း တစ်ထပ်တည်းဖြစ်ရဲ့လား” လို့မေးတယ်။
ယောနဒပ်က “ဖြစ်တာပေါ့” လို့ဖြေတယ်။
“ဒါဆိုရင် လက်ကမ်းပေးပါ။”
ယောနဒပ် လက်ကမ်းပေးတော့ ယေဟုက မြင်းရထားပေါ် ဆွဲတင်လိုက်ပြီး၊ ၁၆ “ယေဟောဝါဘုရားအပေါ် သစ္စာမဲ့တဲ့လုပ်ရပ်ကို ကျွန်တော် လုံးဝသည်းမခံဘူးဆိုတာ ကိုယ်တိုင်လိုက်ကြည့်ပါ”+ လို့ဖိတ်ခေါ်တဲ့အတွက် ယောနဒပ်က ယေဟုရဲ့ စစ်မြင်းရထားနဲ့ လိုက်သွားတယ်။ ၁၇ ရှမာရိမြို့ကို ရောက်တဲ့အခါ ရှမာရိမြို့မှာကျန်နေသေးတဲ့ အာဟပ်ရဲ့ ဆွေတော်မျိုးတော်တွေကို ကွပ်မျက်တယ်။+ ဧလိယကို ယေဟောဝါ ပြောခဲ့တဲ့အတိုင်း သူတို့ကို ပယ်ရှင်းပစ်တယ်။+
၁၈ အဲဒီနောက် ယေဟုက လူတွေကို စုရုံးပြီး “အာဟပ်မင်းက ဗာလဝတ်ပြုရေးအတွက် မဖြစ်စလောက်ပဲ လုပ်ခဲ့တာ။+ ကျုပ်ကတော့ အကြီးအကျယ် လုပ်ဆောင်မယ်။ ၁၉ ဒီတော့ ဗာလရဲ့ပရောဖက်တွေ၊+ ဗာလဝတ်ပြုသူတွေ၊ ပုရောဟိတ်တွေကို+ ကျုပ်ဆီ ခေါ်လာကြ။ ကျုပ်က ဗာလအတွက် ယဇ်ပူဇော်ပွဲကြီး လုပ်မှာဖြစ်လို့ တစ်ယောက်မကျန် လာရမယ်။ မလာတဲ့သူကို အရှင်မထားဘူး” ဆိုပြီးပြောလိုက်တယ်။ တကယ်တော့ ဗာလဝတ်ပြုသူတွေကို ဖျက်ဆီးပစ်ဖို့အကြံနဲ့ ပရိယာယ်သုံးလိုက်တာပဲ။
၂၀ ယေဟုက “ဗာလအတွက်အထူးအစည်းအဝေးပွဲရှိတယ်လို့ ကြေညာလိုက်” ဆိုပြီး အမိန့်ပေးတော့ ကြေညာကြတယ်။ ၂၁ အစ္စရေး တစ်ပြည်လုံးကိုလည်း သတင်းပို့တဲ့အတွက် ဗာလဝတ်ပြုသူ တစ်ယောက်မကျန် ရောက်လာတယ်။ ဗာလဘုရားကျောင်းထဲ+ တဖွဲဖွဲ ဝင်လာကြတာ ပြည့်လျှံတဲ့အထိပဲ။ ၂၂ ယေဟုက အဝတ်ခန်းတာဝန်ခံကို “ဗာလဝတ်ပြုသူတွေအတွက် ဝတ်စုံတွေ ယူလာပေး” လို့ပြောတော့ ဝတ်စုံတွေ ယူလာပေးတယ်။ ၂၃ ပြီးတော့ ရေခပ်ရဲ့သား ယောနဒပ်နဲ့အတူ+ ဘုရားကျောင်းထဲ ဝင်လာပြီး “ဒီထဲမှာ ယေဟောဝါဘုရားကို ဝတ်ပြုသူတွေ မရှိစေနဲ့။ ဗာလဝတ်ပြုသူတွေပဲ ရှိနေပါစေ၊ အသေအချာ ကြည့်ထားကြ” လို့ သူတို့ကိုမှာတယ်။ ၂၄ ဗာလဝတ်ပြုသူတွေက ယဇ်တွေ၊ မီးရှို့ရာအလှူတွေ ပူဇော်ဖို့ ဝင်လာကြတယ်။ ယေဟုက ဗာလဘုရားကျောင်းရဲ့ အပြင်ဘက်မှာ လူ ၈၀ ကို တာဝန်ချထားပြီး “တစ်ယောက်ယောက် လွတ်သွားခဲ့ရင် အဲဒီလူအစား ခင်ဗျားတို့ သေရမယ်” လို့မှာထားတယ်။
၂၅ မီးရှို့ရာအလှူကို ပူဇော်ပြီးတာနဲ့ ယေဟုက “ဝင်ပြီး သတ်ပစ်။ တစ်ယောက်မှ မလွတ်စေနဲ့”+ လို့အစောင့်တွေ၊ တပ်မှူးတွေကို အမိန့်ပေးတယ်။ အစောင့်တွေ၊ တပ်မှူးတွေလည်း သူတို့ကိုသတ်ပြီး အလောင်းတွေကို အပြင်ဆွဲထုတ်တယ်။ ဘုရားကျောင်းရဲ့ အတွင်းခန်းအထိ ဝင်သွားကြတယ်။ ၂၆ ဘုရားကျောင်းထဲမှာရှိတဲ့ ကိုးကွယ်ရာကျောက်တိုင်တွေကို+ ထုတ်ယူလာပြီး မီးရှို့ပစ်တယ်။+ ၂၇ ဗာလရဲ့ ကိုးကွယ်ရာကျောက်တိုင်ကို ဖြိုချပြီး+ ဘုရားကျောင်းကိုလည်း ဖြိုဖျက်လိုက်တယ်။+ အဲဒီနေရာကို လူတွေ မစင်စွန့်တဲ့နေရာအဖြစ် အခုအထိ သုံးနေတုန်းပဲ။
၂၈ ဒီလိုနဲ့ ယေဟုက ဗာလဝတ်ပြုရေးကို အစ္စရေးပြည်ကနေ ပယ်ရှင်းလိုက်တယ်။ ၂၉ ဒါပေမဲ့ အစ္စရေးတွေကို အပြစ်ကျူးလွန်စေတဲ့ နေဗတ်သား ယေရောဗောင်ရဲ့ လမ်းစဉ်အတိုင်း ဆက်လိုက်တယ်။ ဗေသလမြို့နဲ့ ဒန်မြို့မှာရှိတဲ့ ရွှေနွားငယ်ရုပ်တွေကို မဖျက်ဆီးဘဲ ဆက်ထားတယ်။+ ၃၀ ယေဟောဝါက “အာဟပ်အမျိုးနဲ့ပတ်သက်ပြီး ငါဖြစ်စေချင်တာတွေကို မင်း ကောင်းကောင်း လုပ်ဆောင်ခဲ့တယ်။+ ဒီနည်းနဲ့ ငါ့အမြင်မှာ မှန်ရာကိုလုပ်ဆောင်တဲ့အတွက် မင်းရဲ့သားမြေး လေးဆက်အထိ အစ္စရေးရာဇပလ္လင်ပေါ်မှာ နန်းထိုင်ရမယ်”+ လို့ပြောတယ်။ ၃၁ ဒါပေမဲ့ ယေဟုက အစ္စရေးတို့ရဲ့ဘုရား ယေဟောဝါရဲ့ ပညတ်တရားအတိုင်း စိတ်နှလုံးအကြွင်းမဲ့ လိုက်လျှောက်ဖို့ ဂရုမစိုက်ခဲ့ဘူး။+ အစ္စရေးတွေကို အပြစ်ကျူးလွန်စေတဲ့ ယေရောဗောင်ရဲ့ လမ်းစဉ်ကို မစွန့်လွှတ်ဘူး။+
၃၂ အဲဒီတုန်းက ယေဟောဝါခွင့်ပြုတဲ့အတွက် ရန်သူတွေ သိမ်းယူလိုက်လို့ အစ္စရေးနယ်မြေတွေ တဖြည်းဖြည်း ကျဉ်းသွားတယ်။ ဟာဇေလကလည်း အစ္စရေးနယ်မြေတစ်လျှောက်လုံး၊+ ၃၃ ဂျော်ဒန်မြစ်အရှေ့ဘက်ကနေ ဂဒ်အနွယ်၊ ရုဗင်အနွယ်၊ မနာရှေအနွယ်နေထိုင်ရာ ဂိလဒ်တစ်ပြည်လုံးကို တိုက်ခိုက်တယ်။+ အာနုန်သဲချောင်းနားက အာရော်မြို့ကနေ ဂိလဒ်ပြည်၊ ဗာရှန်ပြည်အထိ+ ပါဝင်တယ်။
၃၄ ယေဟုရဲ့ ကျန်တဲ့သမိုင်းကြောင်းတွေ၊ လုပ်ဆောင်ခဲ့တာတွေ၊ စွမ်းဆောင်ချက်တွေကို အစ္စရေးဘုရင်တွေရဲ့ ရာဇဝင်မှတ်တမ်းမှာ ရေးထားတယ်။ ၃၅ နောက်ပိုင်းမှာ ယေဟု ကွယ်လွန်သွားတဲ့အတွက် ရှမာရိမြို့မှာ သင်္ဂြိုဟ်လိုက်တယ်။ သားတော်ယောခတ်က+ ထီးနန်းဆက်ခံတယ်။ ၃၆ ယေဟုက ရှမာရိမြို့မှာ အစ္စရေးတွေကို ၂၈ နှစ်ကြာ အုပ်ချုပ်ခဲ့တယ်။