၂ ဘုရင်များ
၁၅ အစ္စရေးဘုရင် ယေရောဗောင်* နန်းစံ ၂၇ နှစ်မှာ ယုဒဘုရင် အာမဇိရဲ့သား+ အာဇရိ*+ နန်းတက်လာတယ်။+ ၂ အာဇရိ နန်းတက်ချိန်မှာ အသက် ၁၆ နှစ်ရှိပြီ။ ဂျေရုဆလင်မြို့မှာ ၅၂ နှစ်စိုးစံတယ်။ မယ်တော်က ဂျေရုဆလင်မြို့သူ ယေခေါလိလို့ ခေါ်တယ်။ ၃ အာဇရိမင်းက ခမည်းတော်အာမဇိလိုပဲ ယေဟောဝါရှေ့မှာ မှန်ရာကို ဆက်လုပ်တယ်။+ ၄ အထွတ်အမြတ်နေရာတွေ ရှိနေဆဲဖြစ်လို့+ လူတွေက အဲဒီမှာ ယဇ်တွေဆက်သပြီး မီးရှို့ပူဇော်နေတုန်းပဲ။+ ၅ ယေဟောဝါ ဒဏ်ခတ်တဲ့အတွက် အာဇရိဟာ သေတဲ့အထိ အနာကြီးရောဂါစွဲပြီး+ သီးခြားနန်းဆောင်မှာပဲ နေရတယ်။+ အဲဒီအချိန်မှာ သားတော်ယောသံက+ နန်းတော်ကို တာဝန်ယူပြီး ပြည်သူပြည်သားတွေကို စီမံအုပ်ချုပ်တယ်။+ ၆ အာဇရိရဲ့ ကျန်တဲ့သမိုင်းကြောင်းတွေ၊+ လုပ်ဆောင်ခဲ့တာတွေကို ယုဒဘုရင်တွေရဲ့ ရာဇဝင်မှတ်တမ်းမှာ ရေးထားတယ်။ ၇ နောက်ပိုင်းမှာ အာဇရိ ကွယ်လွန်သွားတဲ့အတွက်+ ဒါဝိဒ်မြို့မှာ ဘိုးဘေးတွေနဲ့အတူ သင်္ဂြိုဟ်လိုက်တယ်။ သားတော်ယောသံက ထီးနန်းဆက်ခံတယ်။
၈ ယုဒဘုရင် အာဇရိ နန်းစံ ၃၈ နှစ်မှာ+ ယေရောဗောင်ရဲ့သား ဇာခရိက+ အစ္စရေးပြည်မှာ နန်းတက်လာပြီး ရှမာရိမြို့မှာ ခြောက်လစိုးစံတယ်။ ၉ ဇာခရိက ဘိုးဘေးတွေလိုပဲ ယေဟောဝါရှေ့မှာ မကောင်းတာ လုပ်တယ်။ အစ္စရေးတွေကို အပြစ်ကျူးလွန်စေတဲ့ နေဗတ်သား ယေရောဗောင်ရဲ့ လမ်းစဉ်ကို မစွန့်ဘူး။+ ၁၀ နောက်ပိုင်းမှာ ယာဗက်ရဲ့သား ရှလုံက ပုန်ကန်ဖို့ လျှို့ဝှက်ကြံစည်ပြီး+ အိဗလံမြို့မှာ+ ဇာခရိမင်းကို လုပ်ကြံလိုက်တယ်။ အဲဒီနောက် ရှလုံ နန်းတက်လာတယ်။ ၁၁ ဇာခရိမင်းရဲ့ ကျန်တဲ့သမိုင်းကြောင်းကို အစ္စရေးဘုရင်တွေရဲ့ ရာဇဝင်မှတ်တမ်းမှာ ရေးထားတယ်။ ၁၂ ဒီလိုနဲ့ “မင်းရဲ့သားမြေး လေးဆက်အထိ+ အစ္စရေးရာဇပလ္လင်ပေါ်မှာ နန်းထိုင်ရမယ်”+ လို့ ယေဟုကို ယေဟောဝါ ပြောခဲ့တဲ့စကား ပြည့်စုံလာတယ်။ အဲဒီအတိုင်းပဲ ဖြစ်ပျက်လာတယ်။
၁၃ ယုဒဘုရင် ဩဇိ နန်းစံ ၃၉ နှစ်မှာ ယာဗက်ရဲ့သား ရှလုံ နန်းတက်လာပြီး+ ရှမာရိမြို့မှာ တစ်လ စိုးစံတယ်။ ၁၄ အဲဒီနောက် ဂါဒိရဲ့သား မေနဟင်ဟာ တိရဇာမြို့ကနေ+ ရှမာရိမြို့ကို ချီတက်လာပြီး ယာဗက်ရဲ့သား ရှလုံကို လုပ်ကြံလိုက်တယ်။+ အဲဒီနောက် မေနဟင် နန်းတက်လာတယ်။ ၁၅ ရှလုံရဲ့ ကျန်တဲ့သမိုင်းကြောင်းတွေ၊ ဘုရင်ကိုလုပ်ကြံဖို့ လျှို့ဝှက်ကြံစည်တာတွေကို အစ္စရေးဘုရင်တွေရဲ့ ရာဇဝင်မှတ်တမ်းမှာ ရေးထားတယ်။ ၁၆ နောက်ပိုင်းမှာ မေနဟင်က တိဖသမြို့နဲ့ ပတ်ဝန်းကျင်နယ်မြေကို တိုက်ခိုက်ဖို့ တိရဇာမြို့ကနေ ချီတက်လာတယ်။ မြို့တံခါးမဖွင့်ပေးတဲ့အတွက် တိဖသမြို့ကို တိုက်ခိုက်ချေမှုန်းပစ်တယ်။ ကိုယ်ဝန်ဆောင်တွေရဲ့ ဗိုက်ကိုလည်း ခွဲပစ်တယ်။
၁၇ ယုဒဘုရင် အာဇရိ နန်းစံ ၃၉ နှစ်မှာ ဂါဒိရဲ့သား မေနဟင်က အစ္စရေးပြည်မှာ နန်းတက်လာပြီး ရှမာရိမြို့မှာ ၁၀ နှစ် စိုးစံတယ်။ ၁၈ မေနဟင်က ယေဟောဝါရှေ့မှာ မကောင်းတာကို တစ်သက်လုံး လုပ်တယ်။ အစ္စရေးတွေကို အပြစ်ကျူးလွန်စေတဲ့ နေဗတ်သား ယေရောဗောင်ရဲ့ လမ်းစဉ်ကို မစွန့်ဘဲ လိုက်မြဲလိုက်တယ်။+ ၁၉ အဆီးရီးယားဘုရင် ပုလက+ အစ္စရေးပြည်ကို လာတိုက်တဲ့အခါ မေနဟင်က နိုင်ငံတော်အာဏာ တည်မြဲရေးအတွက် ပုလရဲ့အကူအညီကိုရဖို့ ငွေတဲလင့်* ၁,၀၀၀ ပေးတယ်။+ ၂၀ မေနဟင်က အစ္စရေး သူဌေးသူကြွယ်တွေဆီကနေ+ တစ်ယောက်ကို ငွေ ရှယ်ကယ်* ၅၀ စီ ကောက်ခံပြီး အဆီးရီးယားဘုရင်ကို ပေးတယ်။ အဆီးရီးယားဘုရင်လည်း တပ်ကို ဆုတ်ခွာပြီး ပြန်သွားတယ်။ ၂၁ မေနဟင်ရဲ့ ကျန်တဲ့သမိုင်းကြောင်းတွေ၊+ လုပ်ဆောင်ခဲ့တာတွေကို အစ္စရေးဘုရင်တွေရဲ့ ရာဇဝင်မှတ်တမ်းမှာ ရေးထားတယ်။ ၂၂ နောက်ပိုင်းမှာ မေနဟင် ကွယ်လွန်သွားတဲ့အတွက် သားတော်ပေကဟိ ထီးနန်းဆက်ခံတယ်။
၂၃ ယုဒဘုရင် အာဇရိ နန်းစံ အနှစ် ၅၀ မြောက်မှာ မေနဟင်ရဲ့သား ပေကဟိက အစ္စရေးပြည်မှာ နန်းတက်လာပြီး ရှမာရိမြို့မှာ ၂ နှစ် စိုးစံတယ်။ ၂၄ ပေကဟိက ယေဟောဝါရှေ့မှာ မကောင်းတာကို ဆက်လုပ်တယ်။ အစ္စရေးတွေကို အပြစ်ကျူးလွန်စေတဲ့ နေဗတ်သား ယေရောဗောင်ရဲ့လမ်းစဉ်ကို မစွန့်ဘူး။+ ၂၅ နောက်ပိုင်းမှာ ရေမလိရဲ့သား တပ်မှူးပေကာက+ လျှို့ဝှက်ကြံစည်ပြီး ရှမာရိမြို့၊ နန်းတော်ရဲ့ခံတပ်မျှော်စင်မှာ ပေကဟိကို အာဂေါဘ၊ အရေဟနဲ့အတူ လုပ်ကြံလိုက်တယ်။ ဂိလဒ်ပြည်သား အယောက် ၅၀ က သူနဲ့ပူးပေါင်းတယ်။ အဲဒီနောက် ပေကာ နန်းတက်လာတယ်။ ၂၆ ပေကဟိရဲ့ ကျန်တဲ့သမိုင်းကြောင်းတွေ၊ လုပ်ဆောင်ခဲ့တာတွေကို အစ္စရေးဘုရင်တွေရဲ့ ရာဇဝင်မှတ်တမ်းမှာ ရေးထားတယ်။
၂၇ ယုဒဘုရင် အာဇရိ နန်းစံ ၅၂ နှစ်မှာ ရေမလိရဲ့သား ပေကာက+ အစ္စရေးပြည်မှာ နန်းတက်လာပြီး ရှမာရိမြို့မှာ အနှစ် ၂၀ စိုးစံတယ်။ ၂၈ ပေကာက ယေဟောဝါရှေ့မှာ မကောင်းတာကို ဆက်လုပ်တယ်။ အစ္စရေးတွေကို အပြစ်ကျူးလွန်စေတဲ့ နေဗတ်သား ယေရောဗောင်ရဲ့လမ်းစဉ်ကို မစွန့်ဘူး။+ ၂၉ အစ္စရေးဘုရင် ပေကာလက်ထက်မှာ အဆီးရီးယားဘုရင် တိဂလတ် ပိလေသာက+ ကျူးကျော်လာပြီး အိယုန်မြို့၊ အာဗေလဗက်မာခါမြို့၊+ ယာနောမြို့၊ ကေဒေရှမြို့၊+ ဟာဇော်မြို့၊ ဂိလဒ်ပြည်၊+ ဂါလိလဲနယ်ဖြစ်တဲ့ နဿလိနယ်မြေတစ်ခုလုံးကို+ သိမ်းယူပြီးနောက် ပြည်သူပြည်သားတွေကို အဆီးရီးယားပြည်ဆီ ဖမ်းခေါ်သွားတယ်။+ ၃၀ နောက်ပိုင်းမှာ ဧလာရဲ့သား ဟောရှာက+ ရေမလိရဲ့သား ပေကာမင်းကို ပုန်ကန်ဖို့ လျှို့ဝှက်ကြံစည်ပြီး လုပ်ကြံလိုက်တယ်။ သြဇိရဲ့သား ယောသံနန်းစံ အနှစ် ၂၀ မှာ+ ဟောရှာ နန်းတက်လာတယ်။ ၃၁ ပေကာရဲ့ ကျန်တဲ့သမိုင်းကြောင်းတွေ၊ လုပ်ဆောင်ခဲ့တာတွေကို အစ္စရေးဘုရင်တွေရဲ့ ရာဇဝင်မှတ်တမ်းမှာ ရေးထားတယ်။
၃၂ အစ္စရေးဘုရင် ရေမလိရဲ့သား ပေကာနန်းစံ ဒုတိယနှစ်မှာ ယုဒဘုရင် သြဇိရဲ့သား+ ယောသံက+ နန်းတက်လာတယ်။ ၃၃ သူနန်းတက်ချိန်မှာ အသက် ၂၅ နှစ်ရှိပြီ။ ဂျေရုဆလင်မြို့မှာ ၁၆ နှစ်စိုးစံတယ်။ မယ်တော်က ဇာဒုတ်ရဲ့သမီး ယေရုရှလို့ခေါ်တယ်။+ ၃၄ ယောသံက ခမည်းတော်သြဇိလိုပဲ ယေဟောဝါရှေ့မှာ မှန်ရာကို ဆက်လုပ်တယ်။+ ၃၅ ဒါပေမဲ့ အထွတ်အမြတ်နေရာတွေ ရှိနေဆဲဖြစ်လို့ လူတွေက အဲဒီမှာ ယဇ်တွေဆက်သပြီး မီးရှို့ပူဇော်နေကြတုန်းပဲ။+ ယောသံဟာ ယေဟောဝါရဲ့အိမ်တော် အထက်တံခါးကို တည်ဆောက်ခဲ့တယ်။+ ၃၆ ယောသံရဲ့ ကျန်တဲ့သမိုင်းကြောင်းတွေ၊ လုပ်ဆောင်ခဲ့တာတွေကို ယုဒဘုရင်တွေရဲ့ ရာဇဝင်မှတ်တမ်းမှာ ရေးထားတယ်။ ၃၇ အဲဒီအချိန်မှာ ယေဟောဝါက ဆီးရီးယားဘုရင် ရေဇိန်နဲ့ ရေမလိရဲ့သား ပေကာကို+ ယုဒပြည်ကို တိုက်ခိုက်ဖို့ စေလွှတ်လိုက်တယ်။+ ၃၈ နောက်ပိုင်းမှာ ယောသံ ကွယ်လွန်သွားတဲ့အတွက် သူ့ကို ဒါဝိဒ်မြို့မှာ ဘိုးဘေးတွေနဲ့အတူ သင်္ဂြိုဟ်လိုက်တယ်။ သားတော်အာခတ်က ထီးနန်းဆက်ခံတယ်။