အခန်း ၂၉
ဥပုသ်နေ့တွင် ကောင်းသော အမှုများပြုခြင်း
စီအီး ၃၁ နွေဦးကာလဖြစ်သည်။ ယုဒမှဂါလိလဲသို့အသွား ရှမာရိနယ်ရှိရေတွင်း၌ အမျိုးသမီးတစ်ဦးနှင့် ယေရှုစကားပြောခဲ့ချိန်မှဆိုလျှင် လအနည်းငယ်ရှိပေပြီ။
ယခုဂါလိလဲအနှံ့ဟောပြောပြီးနောက် ယုဒပြည်သို့ယေရှုပြန်သွားကာ တရားဇရပ်များတွင်ဟောပြောလေသည်။ ဂါလိလဲနယ်တွင် ဓမ္မအမှုဆောင်ခြင်းနှင့်နှိုင်းယှဉ်လျှင် ပြီးခဲ့သည့်ပသခါပွဲအလွန် လအနည်းငယ်နှင့် ဤအကြိမ်ယုဒနယ်တွင် ယေရှုနေထိုင်လုပ်ကိုင်ခဲ့သောလုပ်ငန်းအကြောင်း ကျမ်းစာကမဆိုစလောက်သာတင်ပြသည်။ ကိုယ်တော်၏ဓမ္မအမှုကို ဂါလိလဲနယ်၌ကဲ့သို့ ယုဒနယ်တွင်လက်မခံကြောင်းထင်ရှားသည်။
စီအီး ၃၁ ခုပသခါပွဲအတွက် ယုဒပြည်၏မြို့တော် ယေရုရှလင်မြို့သို့ မကြာမီယေရှုသွားလိုက်သည်။ မြို့တော်၏သိုးတံခါးနားတွင် ဗေသေသဒအမည်ရှိရေကန်သို့ ဖျားနာသူ၊ မျက်မမြင်သူ၊ ခြေမစွမ်းသူတို့ လာလေ့ရှိသည်။ ရေလှုပ်ရှားစဉ် ရေကန်သို့ဆင်းလျှင် ရောဂါပျောက်ကင်းနိုင်သည်ဟု သူတို့ယုံကြည်ကြသည်။
ဥပုသ်နေ့ဖြစ်သည်။ ၃၈ နှစ်တိုင်ဖျားနာသူတစ်ဦးကိုယေရှုမြင်လျှင် ယေရှုက “သင်သည်ကျန်းမာခြင်းသို့ ရောက်လိုသလော” ဟုမေး၏။
“သခင်၊ ရေလှုပ်ရှားသောအခါ ရေကန်ထဲသို့ အကျွန်ုပ်ကိုသွင်းထားမည့်သူမရှိပါ။ အကျွန်ုပ်သွားစဉ်တွင် အခြားသောသူသည်အကျွန်ုပ်ရှေ့မှာဝင်တတ်ပါသည်” ဟုဖြေသည်။
သူ့အားယေရှုက “ထလော့၊ ကိုယ့်အိပ်ရာကိုဆောင်၍ လှမ်းသွားလော့” ဟုမိန့်တော်မူသည်။ သို့နှင့်ထိုသူသည် အကောင်းပကတိဖြစ်လာကာ အိပ်ရာကိုဆောင်၍ လှမ်းသွားလေသည်။
သို့သော်ဂျူးတို့သည် ထိုသူကိုမြင်သော် သူတို့က “ဥပုသ်နေ့ဖြစ်၏။ အိပ်ရာကိုမဆောင်အပ်” ဟုဆိုသည်။
ထိုသူက “အကျွန်ုပ်ကိုကျန်းမာစေသောသူက ‘ကိုယ့်အိပ်ရာကိုဆောင်၍ လှမ်းသွားလော့’ ဆိုသည်” ဟုဖြေသည်။
“‘ကိုယ့်အိပ်ရာကိုဆောင်၍လှမ်းသွားလော့’ ဟု သင့်အားဆိုသူကား မည်သူနည်း” ဟုမေးကြသည်။ လူအုပ်ကြောင့်ယေရှုထွက်ခွာခဲ့၍ ကုသခံရသူသည်ယေရှုအမည်ကိုမသိပါ။ နောင်တွင် ဗိမာန်တော်၌ယေရှုနှင့်တစ်ဖန်ပြန်တွေ့ဆုံ၍ မိမိကိုမည်သူရောဂါကုသပေးကြောင်း သိလာသည်။
ထိုအခါရောဂါကုသခံရသူသည် ဂျူးများကိုရှာပြီး မိမိအားကျန်းမာစေသူကား ယေရှုဖြစ်သည်ဟုပြောသည်နှင့် ဂျူးများယေရှုထံသွား၏။ အဘယ်ကြောင့်နည်း။ ဤအံ့ဖွယ်ရာများကို မည်သို့ပြုလုပ်နိုင်တော်မူကြောင်းကို မေးမြန်းရန်လော။ မဟုတ်ပါ။ ဥပုသ်နေ့တွင် ဤကောင်းမြတ်သောအလုပ်ကိုပြုလုပ်သဖြင့် ကိုယ်တော်ကိုအပြစ်တင်ရန်ဖြစ်သည်။ ကိုယ်တော်ကိုစ၍ပင် နှိပ်စက်ညှဉ်းဆဲလေသည်။ လုကာ ၄:၄၄။ ယောဟန် ၅:၁-၁၆
▪ ယုဒနယ်သို့ယေရှုမရောက်သည်မှာ မည်မျှကြာပြီနည်း။
▪ ဗေသေသဒရေကန်သည် အဘယ်ကြောင့်ဤမျှနာမည်ကြီးရသနည်း။
▪ ရေကန်တွင် အဘယ်အံ့ဖွယ်ရာကိုယေရှုပြု၍ ဂျူးတို့မည်သို့တုံ့ပြန်သနည်း။